← Chapters

စကားဝိုင်း

Vol. 50 Ch. 689

စကားဝိုင်း

Vol. 50 Ch. 689

နှစ်ဦးသားက အကွာအဝေးတစ်ခုမှ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ကြားမှ တိုက်ရိုက်မဟုတ်သည့် တင်းမာမှုက အားနည်းသည့် စိတ်စွမ်းအား ရှိထားသော ထာဝရအရှင်များကိုပင် ဝေဒနာခံစားရစေနိုင်သည်။

“အစားကြူးသူကို ကယ်ပေးပါဦး” ဒေါသက လေထုကို ဖြိုခွင်းလိုက်၏။

ဝမ်ဝေ့က သူမအား ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “မရဘူး”

“ဒါပေမဲ့ ရှင် ပြောတာ…”

“မရဘူးလို့ ပြောနေတယ်”

“မင်း သူမကို မသိဘူးလို့ ထင်နေတာ” တိထျန်းက ပြောလိုက်သည်။

“သူမစကားကို နားထောင်မနေပါနဲ့။ မင်းရဲ့ တိုက်ကွက်က သူမရဲ့ စိတ်ကို သက်ရောက်မှု ရှိသွားပြီးတော့ အခုနေမကောင်းတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ မိစ္ဆာတစ်ယောက်ရဲ့ စကားကို ယုံလို့ မဖြစ်ဘူး” ဝမ်ဝေ့က သဘောထား အပြောင်းအလဲမရှိ ပြောလိုက်သည်။

“လူပါးဝတဲ့ကောင်ပဲ။ မင်းရဲ့ အရင်ဇဝဏဉာဏ်ရွှင်တာက ငယ်ငယ်တုန်းကတော့ လက်ခံနိုင်တယ်ဆိုပေမဲ့ မင်း အခု အသက်ကြီးလာပြီဆိုတော့ ရင့်ကျက်သင့်ပြီ မဟုတ်ဘူးလား”

ဝမ်ဝေ့က တိထျန်းသည် တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူက ပြောင်းလဲသွားခဲ့၏။ အကယ်၍ ယခင်သူသာ ဖြစ်နေပါက လုပ်နေကျအတိုင်း တစ်သတ်မတ်တည်း လုပ်မည်ဖြစ်သော်လည်း လက်ရှိ သူက ထိုအရာထက် ကျော်လွန်၍ စဉ်းစားတတ်လာသည်။

သူ့ကို ဘယ်အရာကများ ပြောင်းလဲစေလိုက်ပါလိမ့်။ ဒါမှမဟုတ် နဝမအဆုံးစွန်အုတ်မြစ် ကျော်လွန်စေမဲ့ နည်းလမ်းကို ရှာတွေ့သွားလို့များလား။ ခဏနေပါဦး။ သူ အောင်မြင်တယ်ဆိုတာကို တစ်ခါမှ မသိခဲ့ရဘူးပဲ

သူက စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး တိထျန်းသည် ယခင်မှတ်သားထားသည်ထက်ပင် ပိုမိုခန့်မှန်းရခက်လာကြောင်း မှတ်သားထားလိုက်သည်။

“မင်းနဲ့ တူလာတာလား။” သူက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏ “အချိန်ကနေ တိုက်စားခံရပြီး ပြောင်းလဲသွားရမှာလား။ ဒီလိုမျိုး လူတိုင်းက မင်းအပေါ် အကြွေးတင်ထားသလိုမျိုး အေးစက်စက် မျက်နှာထားမျိုး ရှိတဲ့သူအဖြစ် ပြောင်းလဲလိုက်ရမှာလား။ အဲလိုဆိုရင်တော့ မရင့်ကျက်ပြီးတော့ဘဲ နေတော့မယ်”

ဝမ်ဝေ့က အချိန်သည် ကျင့်ကြံသူများအတွက် အဆိုးရွားဆုံးရန်သူ ဖြစ်လိမ့်မည်ဟု အမြဲတမ်း ယုံကြည်ထားခဲ့သည်။ အထူးသဖြင့် အဆင့်မြင့် ကျင့်ကြံသူများအတွက် ဖြစ်၏။ သူတို့က အတားအဆီး အချုပ်အနှောင်များမှ လွတ်မြောက်သွားသော်လည်း သူတို့၏ မသေနိုင်စွမ်းက သူတို့၏ တိုက်စားကာ သူတို့၏ အကျင့်စရိုက်နှင့် စိတ်ခံစားချက်များကို ဖြည်းဖြည်းချင်း ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် သူက ယွမ်ခေတ်ကာလ မည်မျှပင် ကြာမြင့်စေကာမူ သူ့ကိုယ်သူ ဘယ်တော့မှ မပြောင်းလဲဘူးဟု ကတိပေးထားခဲ့သည်။

အချိန်က ငါ့ကို ပြောင်းလဲစေခဲ့တာလား…

တိထျန်းက တွေးလိုက်မိသည်။ သူ့စိတ်ထဲတွင်လည်း အဖြေက ရှိနေလေ၏။ တစ်ခါက သူသည် ပင်ကို - ဟော်သဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ရည်မှန်းချက်ရှိထားသည့် စိတ်ဓာတ်တက်ကြွသော လူငယ်လေးတစ်ဦး ဖြစ်ခဲ့သည်။ သူ့စိတ်ထဲတွင် လူသားမျိုးနွယ်၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကိုသာ ဆောင်ကျဉ်းဖို့ တွေးထားခဲ့၏။ ကံဆိုးစွာဖြင့် သူ့အိပ်မက်များက ဆိုးရွားသည့် ခရီးစဉ်တစ်ခုကို အစပြုပေးခဲ့သည်။

“ရှင် တကယ်မကူညီဘူးလား” ဒေါသက မေးလိုက်သော်လည်း ဝမ်ဝေ့က လျစ်လျူရှုထားသည်။ သူက အကြောင်းအရင်းများစွာကြောင့် တိထျန်းနှင့် တိုက်ခိုက်ဖို့ အခြေအနေ မဟုတ်ပေ။ ပထမတစ်ခုက သူ့အင်အားသည် အဆင့်၄ တာအိုဘိုးဘေးအဆင့်သာ ရှိနေသေး၏။

သူ့ပင်မခန္ဓာကိုယ်က မြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားသည့်အတွက် သူ့အင်အားက အနည်းငယ်မျှသာ တိုးတက်လာသည်။ ထိုအကြောင်းအရင်းက သူသည် ကံကြမ္မာနန်းဆောင်၏ နောက်ဆုံးသော ကံကြမ္မာဆေးကြောမှုကို မဖြတ်ကျော်ရသေး၍ ဖြစ်သည်။ သို့သော်လည်း အဆင့်၅ တာအိုဘိုးဘေးစွမ်းအားကို ရယူဖို့ နည်းလမ်း ရှိနေသည်။ သူက ကံကြမ္မာဆေးကြောမှု ခံယူပြီးသည့်နောက် သူ့အနာဂတ်ကိုယ်၏ စွမ်းအားကို ငှားယူဖို့ အနာဂတ်ဗုဒ္ဓကိုယ်နှင့် သူ့အချိန်တာအိုကို ပေါင်းစပ်၍ အသုံးပြုနိုင်သည်။

ဤနည်းလမ်းက လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း ဟာကွက်ကြီး ရှိနေလေသည်။ အကယ်၍ သူသာ တိထျန်းနှင့် တိုက်ခိုက်ပါက သံသရာစည်းမျဉ်းမှတဆင့် အချိန်တာအိုအပေါ် ထိုလူ၏ နားလည်နိုင်စွမ်းအရ သူ့နည်းစနစ်ကို ပယ်ဖျက်ကာ သူ့အင်အားကို မူလအဆင့်အထိ ရောက်အောင် လျှော့ချပစ်လိမ့်မည်။

ဒုတိယအကြောင်းအရင်းကမူ ခေါင်းမာနေသည့် ဒေါသက တိုက်ပွဲအတွင်း ကြားညှပ်ကာ သေဆုံးသွားနိုင်သည်။ သူက သူ့ကတိကို စောင့်ထိန်းလိုသော်လည်း တိထျန်းနှင့် တိုက်ခိုက်ပြီး သူမကို ဆက်တိုက် ကာကွယ်ပေးစရာအကြောင်း မရှိပေ။

ဤတိုတောင်းလှသည့် ပြောဆိုမှုအတွင်း မာန၏ တာအိုကို အသုံးပြု၍ တိထျန်းကို သတ်ပစ်နိုင်ချေကိုလည်း တွက်ချက်ကြည့်ခဲ့သည်။ သို့သော်လည်း သူ့တွက်ချက်မှုအပြီးတွင် ထိုအရာက မဖြစ်နိုင်ကြောင်း သိခဲ့ရ၏။ ထိုသူက ထွက်ပြေးနိုင်ချေ သို့မဟုတ် ကြောက်ရွံ့ကာ ထိုနည်းစနစ်ကို ပယ်ဖျက်ပြီး ဤနေရာတွင် သတ်ဖြတ်ပစ်လိုက်နိုင်ချေလည်း ရှိနေသည်။

နောက်ဆုံးတွင် အရေးကြီးဆုံးအကြောင်းအရာက သတင်းအချက်အလက် ဖြစ်၏။ သူတို့ ပထမတိုက်ပွဲတွင် သူ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းက တိထျန်း၏ အင်အားက သူ့ထက် သာလွန်နေသည့် အချက်အပြင် သတင်းအချက်အလက် အရေးသာနေမှုကြောင့်လည်း ဖြစ်၏။

တိထျန်းက သူ့ဝှက်ဖဲများနှင့် အသက်ရှင်နိုင်မည့် နည်းလမ်းများကို ကောင်းမွန်စွာ သိထားလေသည်။ သူက တန်ပြန်နည်းလမ်းများကို ပြင်ဆင်ထားခဲ့ပြီး သူ့အား ကူကယ်ရာမဲ့ကာ အသုံးမဝင်ဖြစ်သွားစေသည်။

သို့သော် ယခုတွင် သူက နိမိတ်ကြေးမုံကြောင့် အရေးသာချက်ရှိလာသူ ဖြစ်လာသည်။ ထိုကြေးမုံက တိထျန်း၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအလိုက် အဆင့်မြှင့် မပေးနိုင်သော်လည်း သိသာသည့် အရေးသာချက် ပေးနိုင်ဖို့ သတင်းအချက်အလက် လုံလုံလောက်လောက် ထောက်ပံ့ပေးထားသည်။

သူက လက်ရှိအင်အားအကြောင်း သတင်းအချက်အလက်များစွာဖြင့် တိထျန်းကို သူက လက်ရှိအခွင့်အရေးကို လက်မလွှတ်လိုပေ။

ဝမ်ဝေ့က တိုက်ပွဲသည် ထိုက်တန်ရဲ့လားဟု စဉ်းစားနေစဉ် တိထျန်းကလည်း ထိုသို့ လုပ်ဆောင်နေ၏။ သူက ဝမ်ဝေ့ကဲ့သို့ များများစားစား စိုးရိမ်စရာ မရှိပေ။ ခြွင်းချက်တစ်ခုသာ ရှိ၏။

နောက်ဆုံး ငါတို့တိုက်ပွဲအပြီးမှာ သူက သမာသမတ်မကျတဲ့ နဝမအဆုံးစွန်အုတ်မြစ်ကို သိသွားပြီးတော့ ငါနဲ့အမှီလိုက်နိုင်ခဲ့တယ်။ တကယ်လို့ အခုသာ တိုက်ခိုက်လိုက်မယ်ဆိုရင် ငါ့ရဲ့ ဒဿမအဆုံးစွန်အုတ်မြစ်အကြောင်း သိသွားပြီးတော့ သူလည်းအတူတူ လိုက်လုပ်နိုင်ချေ ရှိတယ်။

ဝမ်ဝေ့က အကန့်အသတ် ချိုးဖောက်ရေး ကိရိယာမရှိဘဲ ဒဿမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိနိုင်မည့် နည်းလမ်း ရှာတွေ့နိုင်ချေ ရှိသည်။ တိထျန်းက နယ်ရှင်တစ်ယောက်၏ လျှို့ဝှက်ဆန်းကြယ် ဖန်တီးနိုင်စွမ်းကို လျှော့မတွက်ပေ။ ထို့ကြောင့် သူက ထိုမိစ္ဆာများအတွက် ဝမ်ဝေ့နှင့် တိုက်ခိုက်ဖို့ရာ အကောင်းအဆိုးကို ချင့်ချိန်နေ၏။

ဒဿမအဆုံးစွန်အုတ်မြစ်က တာအိုကို သက်သေပြဖို့အတွက် သော့ချက်ပဲ။ မိစ္ဆာတွေအတွက်ကတော့ အစားထိုးလို့ ရတယ်။ မျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို သုံးပြီးတော့ အာဏာရှင်နဲ့ အရင်တာအိုကို သုံးတဲ့ ကောင်းကင်ရွေးချယ်ခံအချို့ကို လေ့ကျင့်ပေးလို့ရတယ်…

သူ အိမ်ပြန်ရောက်သည့်အခါ စည်းပိတ်ခံ ကောင်းကင်ရွေးချယ်ခံတချို့ကို နိုးထစေပြီး ထိုတာအိုများဖြင့် ကျင့်ပေးနိုင်သည်။ အာဏာရှင်တာအိုက အသုံးများသည့်အတွက် လူတချို့က တူညီသည့်အရာ ရှိပြီးသား ဖြစ်နေနိုင်သည်။ သို့သော်လည်း သူက အရံတာအိုအတွက်မူ မှန်ကန်သည့်အရာ ရှာဖို့ရာ လိုအပ်နေသည်။

“သွားကြစို့” သူက အရိပ်ကို ပြောလိုက်သည်။

“ခဏ” ဝမ်ဝေ့က ပြောလိုက်၏။

“ဘာလဲ။ မင်းက တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ကြတာပေါ့” တိထျန်းက အေးစက်စက်ပြောလိုက်သည်။

“ပထမတစ်ခေါက်နဲ့ ဘာမှကွဲပြားမှုမရှိစေရပါဘူးဆိုတာ အာမခံတယ်”

“အဲလိုမဟုတ်ဘူးဆိုတာကို မင်းလည်း သိပါတယ်။ ဘာဖြစ်ဖြစ် ငါက ဒီကို တိုက်ခိုက်ဖို့ ရောက်နေတာ မဟုတ်ဘူး။ စကားပြောချင်ရုံပဲ” ဝမ်ဝေ့က ဒေါသ၏ စကားပြောနိုင်စွမ်းကို တိတ်တဆိတ် စည်းပိတ်ထားလိုက်သည်။

“စကားပြောမှာ … ဘာပြောချင်တာလဲ”

“တခြားကမ္ဘာအသိုက်အဝန်းမှာ တာအို သက်သေမပြနိုင်ဘူးလား”

“လာနောက်နေတာလား”

“မဟုတ်ဘူး။ မင်းနဲ့ငါက အဲ့လောက် ရန်ကြွေးမရှိဘူး။ နှစ်ယောက်လုံးကလည်း တာအိုကို သက်သေပြချင်တယ်။ ငါတို့သာ သဘောတူညီချက်ရမယ်ဆိုရင် တိုက်ခိုက်နေစရာ မလိုဘူး”

“ရန်ကြွေး မရှိဘူးတဲ့လား။ ငါ့အိပ်စက်သူတွေကို လုပ်ခဲ့တာက မလုံလောက်သေးဘူးလား”

“မင်းလည်း ငါ့ကို သတ်ခဲ့လုနီးပါး ဖြစ်တာပဲ။ မင်းရဲ့ သတင်းပေးကို ဖျက်ဆီးလိုက်တာက ငါတို့အတွက် မျှတတယ်လေ။ ဘာမှအမုန်းပွားနေစရာ မလိုပါဘူး”

“ဒါပေမဲ့ ငါ မုန်းတယ်။ မင်း သတ်လိုက်တဲ့လူတွေ အများကြီးက ငါဂရုစိုက်ပြီးတော့ ငါနဲ့ အချိန်အများကြီး ကျော်ဖြတ်လာရတဲ့သူတွေ။ ငါ့ရဲ့ အနိမ့်ဆုံးအနေအထားမှာတောင် အတူတူရှိပေးခဲ့တဲ့သူတွေ။”

“အဲလိုချည်း လုပ်မနေစမ်းပါနဲ့။ တကယ်လို့ မင်းသာ တခြားနေရာမှာ ဧကရာဇ်ဖြစ်လာမယ်ဆိုရင် မင်းဇနီးရဲ့ အသက်ပြန်သွင်းတဲ့ ကိစ္စကို ဝင်ရောက်မစွက်ဖက်ပါဘူးလို့ ကျိန်ဆိုရဲတယ်” ဝမ်ဝေ့က ပြောလိုက်၏။

“ဒီလိုမျိုးအရေးကြီးတဲ့ကိစ္စကို မင်းဆီ ပုံအပ်ဖို့ ယုံမယ်များ ထင်နေလား” တိထျန်းက နှာခေါင်းရှုံ့လိုက်၏။ သူက နဉ်အာ၏ သေဆုံးမှုကို ဖြစ်စေခဲ့သောကြောင့် သူမကို အသက်ပြန်သွင်းဖို့ သူ့ဘာသာသာ တာဝန်ရှိသည်။

“မဟာတာအိုကို တိုင်တည်ပြီးတော့ မချိုးဖောက်နိုင်တဲ့ ကျမ်းသစ္စာကို ကျိန်ဆိုနိုင်တယ်”

“မချိုးဖောက်နိုင်တဲ့ ကျမ်းသစ္စာတဲ့လား” တိထျန်း၏ လေသံတွင် လှောင်ပြောင်လိုသည့်အရိပ်အယောင်များ ပါဝင်နေ၏။ ယခင်ကမူ သူက ထိုကိစ္စမျိုးကို ယုံကြည်နိုင်လောက်ပေသည်။ သို့သော်လည်း အကန့်အသတ် ချိုးဖောက်ရေး ကိရိယာကဲ့သို့ တည်ရှိမှုမျိုးကို သိပြီးသည့်နောက်တွင် ကမ္ဘာတွင် အကြွင်းမဲ့ဆိုသည့်အရာ မရှိကြောင်း သိလိုက်၏။

“ကျမ်းသစ္စာတွေ၊ ကတိစကားတွေထဲက ဟာကွက်ကို ရှာနိုင်တဲ့သူဆိုတာ ရှိမယ်ဆိုရင် မင်းပဲ ဖြစ်လိမ့်မယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုအဖြေမျိုးကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ထိုသူသည် ခေါင်းကြောမာကာ တွေးပင်တွေးမကြည့်လောက်ဖူးဟု ထင်မထားမိပေ။

မည်သို့ပင်ဆိုစေကာမူ သူက စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက လက်ဝှေ့ပြီးသည့်နောက်တွင် တိထျန်းထံ စာရွက်တစ်ခုသာ ရှိသည့် စာအုပ်တစ်ခု ရောက်ရှိသွားသည်။

ကုသိုလ် သက်သေပြ တာအိုနည်းလမ်း

တိထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် ယခင်အတိတ်မှ မှတ်ဉာဏ်တချို့က သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။ သူ့ပထမဘဝတွင် ဧကရာဇ်များ၏ စွမ်းအား သို့မဟုတ် ဧကရာဇ်များကို ဖန်တီးနိုင်မည့် နည်းလမ်းကို ပြောင်းလဲပစ်မည့် အတွေးမျိုးကို ဆွေးနွေးခဲ့ကြသည်။ ယခင်က ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်သည် လူသားများအတွက်သာ ဖြစ်သော်လည်း ဉာဏ်ရှိသည့် ဝိဇ္ဇာပညာရှင်များနှင့် ဧကရာဇ်များက တခြားနည်းလမ်းများကို သုံးသပ်ခဲ့ကြသည်။

“ငါ သဘောမတူဘူး”

“ဘာလို့လဲ။ ငါတို့နှစ်ယောက်လုံး ဒီနည်းလမ်းကနေ တာအိုကို သက်သေပြနိုင်တယ်”

“ငါတို့ရဲ့ လက်ရှိအုတ်မြစ်နဲ့ဆိုရင်တောင် ကောင်းကင်အလိုဆန္ဒကို ငါတို့လက်ထဲ တိုက်ရိုက် ထည့်ပေးမယ်ဆိုရင်တောင် ထာဝရဧကရာဇ်ဖြစ်လာဖို့ ၉၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ နည်းလမ်းအသုံးပြုလိုက်တာက ၉၀ ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်။ ငါက ဘယ်လိုစွန့်စားမှုမျိုးမှ မလုပ်ချင်ဘူး”

ဝမ်ဝေ့က တိထျန်းသည် အပိုလုပ်နေကြောင်း သိလိုက်သည်။ သို့သော်လည်း တခြားနည်းလမ်းအပေါ် သူ့စိုးရိမ်မှုက ဖြစ်ပေါ်လာခဲ့၏။ သူ စိုးရိမ်မိသည်က သူ့အမေ၊ လီကျွင်းနှင့် ယန်းလီလင်းတို့ကို ဧကရာဇ်ဖြစ်လာအောင် ကူညီဖို့ အသုံးပြုမည့် နည်းလမ်းသည် ထာဝရဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေးကို လျှော့ချစေနိုင်သည့်အကြောင်းကို စိုးရိမ်နေခဲ့မိသည်။

“ဒုတိယအနေနဲ့ ဒီနည်းလမ်းနဲ့ဆိုရင်တောင် ကုသိုလ်ရမှတ် အလုံအလောက် ဘယ်မှာသွားရှာရမှာလဲ။ အဲဒါက ပမာဏအမြောက်အများဖြစ်မှာပဲ”

“မင်းက ခေါင်းမာလွန်းနေတာပဲ။ ဖြစ်နိုင်ချေတွေလို့ပဲ စဉ်းစားလို့မရဘူးလား”

“မင်းကသာ ကိုယ့်ဘာသာကိုယ် စိတ်ကြီးဝင်လွန်းနေတာပဲ။ ငါက ဘာလို့ ထွက်သွားတဲ့သူ ဖြစ်ရမှာလဲ။ မင်းရော တခြားနေရာမှာ တာအိုကို သက်သေပြလို့မရဘူးလား”

“ငါက ဒီမှာ ငါ့မိသားစုနဲ့ ဂိုဏ်းကို ထည့်စဉ်းစားရမယ်လေ” ဝမ်ဝေ့က ပြန်လည်ချေပလိုက်၏။

“ပြီးတော့ ဦးဆောင်ရမဲ့ ခေတ်သစ်ကိုရောပဲ”

“ငါကလည်း တိမျိုးနွယ်ကို ပြန်ပေးဆပ်ရမဲ့ ကံကြွေးရှိတယ်” တိထျန်းက ပြန်ပြောလိုက်သည်။ တိမျိုးနွယ်၏ ကံကြမ္မာက သူ့ ပြန်လည်ဝင်စားခြင်း အစောပိုင်းအဆင့်များတွင် ကောင်းကင်တာအို၏ စီစဉ်မှုများဆီမှ ကာကွယ်ပေးထားခဲ့သည်။ ထို့ကြောင့် သူ တတ်နိုင်သည်နှင့် ထိုကံကြွေးကို ပြန်လည်ပေးဆပ်ရမည်။

ထို့အပြင် သူက ရောက်ရှိလာမည့် ကာလကို ဂရုမစိုက်သော်လည်း အသင်္ချေအင်ပါယာကမ္ဘာထံ တစ်စုံတစ်ခု ဖြစ်ပျက်လာမည်ကို ရှောင်ရှားလိုမိသည်။ သူ့အနေနှင့် သူ့နဉ်အာကို ငြိမ်းချမ်းကာ အေးဆေးသည့် ကမ္ဘာတစ်ခုဆီ ပြန်ရောက်လာသည်ကိုသာ လိုချင်မိ၏။

တိထျန်းက စကားပြောချင်စိတ် မရှိတော့ဘဲ ထွက်သွားကာ ပျောက်ကွယ်သွားလေ၏။

***

All Chapters