ဒဏ်ရာရရှိခြင်း
Vol. 50 Ch. 690
ဝမ်ဝေ့က ထိုရလဒ်ကို မျှော်မှန်းထားပြီးသားဖြစ်သော်လည်း အနည်းငယ် စိတ်ပျက်မိသွားသည်။ သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲထက် အင်ပါယာကမ္ဘာတွင် တိုက်လိုသည်။ ထိုအရာက သူ့အနေနှင့် အရေးသာချက် ပိုမိုရရှိစေနိုင်၏။ သူတို့က မဟာမိတ်ဖြစ်လာနိုင်ချေ မရှိသည့်အတွက် သူ့အစီအစဉ်က အကျိုးများစွာ သက်ရောက်မှု ရှိလိမ့်မည်။
ဒါက လုံးဝ မဖြစ်နိုင်ဘူးပဲ…
သူက ခေါင်းခါလိုက်၏။ သူ့အစီအစဉ်အတွက် အကြွင်းမဲ့အာဏာကို လိုအပ်ပြီး တိထျန်းလိုမျိုး အားကောင်းသည့်လူတစ်ယောက်၏ တည်ရှိမှုက သူ၏ အစီအစဉ်ကျမှုကို သက်ရောက်မှု ရှိလာစေနိုင်သည်။ ထို့ကြောင့် သူတို့၏ အတ္တများက ငြိမ်းချမ်းစွာ ပေါင်းစည်းမှု ဖြစ်လာဖို့ အခွင့်အရေး မရှိပေ။
နောက်ဆုံးတွင် သူက ဒေါသကို ကြည့်ကာ စည်းဖြေပေးလိုက်၏။
“အံ့ဖွယ်အသိစိတ်ကနေပဲ ဆက်သွယ်” သူက သူတို့နှစ်ယောက်ထဲကြားအောင် အသံကူးပြောင်းကာ ပြောလိုက်၏။ သူမက နားမလည်နိုင်ဖြစ်နေသော်လည်း သဘောတူလိုက်သည်။
“အစားကြူးသူကို ဘာလို့ မကယ်ပေးရတာလဲ” ဒေါသက မေးခွန်းထုတ်လိုက်သည်။
“ငါက မင်းကို စောင့်ရှောက်ဖို့ပဲ ကတိပေးထားတာ။ ကျန်တဲ့သူတွေဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး”
“ရှင်” သူမ၏ ဒေါသများက ပေါက်ကွဲလုနီးပါးဖြစ်လာသည်။
“ဒီလိုဟာမျိုးလုပ်နိုင်တယ် မဟုတ်ဘူးလား”
“မရဘူး။ လက်ရှိ သူက ငါ့ထက် အားကောင်းတယ်။ တကယ်လို့ သူကသာ မင်းကို သတ်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ငါက ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”
“ရှင်က ဂရုမစိုက်တာပါ” သူမက ပြောလိုက်သည်။
“အဲဒီအတွက်ကလည်း အကြောင်းအရင်း ရှိတယ်”
“ကျွန်မဘာသာကျွန်မ အန္တရာယ်ထဲ ခုန်ဆင်းရင်ရော ဘယ်လိုလုပ်မလဲ”
“အဲဒါဆိုရင်တော့ သေရမှာပေါ့။ ဘာဖြစ်ဖြစ် မင်းနဲ့ငါက စာချုပ်တွေ ဘာတွေချုပ်ဆိုထားတာ မဟုတ်ဘူး။ တကယ်လို့ ဒီလိုအရာမျိုး လုပ်ရအောင် တုံးအနေတယ်ဆိုရင်တော့ မင်းနဲ့ ဆရာနဲ့ပဲ သွားပြီး တွေ့ဆုံလိုက်တော့ပေါ့”
ဒေါသက သူ့ကို ခက်ထန်စွာ ကြည့်နေသည်။ အကယ်၍ သူမဆီသာ အင်အားရှိနေပါက ထိုသူ့ကို အနာကျင်ဆုံးသော နည်းလမ်းဖြင့် သတ်မိလောက်သည်။
“အမှန်ဆိုတာကို စမ်းသပ်ချင်လား” သူမက ပြန်ပြောလိုက်သည်။
“မိန်းကလေး ငါ့ရှေ့မှာလာပြီးတော့ ဟန်ဆောင်မနေနဲ့။ မင်းက တိထျန်းကို တိုက်လိုက်တာက ငါ လာပြီး ကယ်မယ်ဆိုတာ သိနေလို့ဆိုတာကို ငါ မသိဘူးလို့များ ထင်မနေနဲ့။” ဝမ်ဝေ့က ညင်ညင်သာသာ ပြုံးကာ ပြောလိုက်၏။
သို့သော် ဒေါသ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်လာကာ အကြောက်တရားက သူမ၏ ဝိညာဉ်ထဲ ကိန်းအောင်းလာသည်။
“ငါက အမြဲလိုလို စိတ်ရှည်တတ်တဲ့သူ … ဒါပေမဲ့ လာပြီးတော့ မစမ်းနဲ့။ နားလည်လား”
ဒေါသက ခပ်တောင့်တောင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ စိတ်က အကြောက်တရားဖြင့် လွှမ်းခြုံခံထားရသည့်အတွက် ခန္ဓာကိုယ်က အလိုလို လှုပ်ရှားသွားခြင်းဖြစ်သည်။
“ကောင်းပြီ။ မင်းရဲ့ မိတ်ဆွေတွေကို ကယ်ချင်ရင် သူ့လက်ထဲကနေ လုယူနိုင်လောက်အောင် အားကောင်းလာအောင် လုပ်”
“ကျွန်မ လုပ်မှာပါ” ဒေါသက ပြန်ဖြေလိုက်သည်။ သူမက အကြောက်တရားကို ကျော်လွှားဖို့ လျှာဖျားကို ကိုက်လိုက်၏။ ထို့နောက် သူမအတွက် ရည်မှန်းချက်အသစ် တစ်ခု ရရှိသွားသည်။ ပြောရလျှင် နှစ်ခု ဖြစ်၏။ သို့သော် သူမက ကျန်တစ်ခုကို ပြီးမြောက်လာမလား မသေချာပေ။
ငါ မအောင်မြင်နိုင်ရင်တောင် ကိစ္စမရှိဘူး။ ဒီမကောင်းဆိုးဝါးရဲ့ ခြေလှမ်းအတိုင်း လိုက်တာက ကျင့်ကြံရေးလမ်းစဉ်ကို ဝေးဝေးလျှောက်လှမ်းနိုင်လိမ့်မယ်…
သူမ၏ မျက်ဝန်းအထက် ခိုင်မာသည့် ဆုံးဖြတ်ချက် အရိပ်အယောင်မျိုး ပေါ်ထွက်လာသည်။
ဝမ်ဝေ့က သူမ၏ မျက်ဝန်းအကြည့်နှင့် သဘောထားပြောင်းလဲသွားသည်ကို မြင်တွေ့ရသော်လည်း စဉ်းစားနေလောက်အောင် ဂရုမစိုက်ပေ။
“ငါတို့ရဲ့ အပေးအယူကို မြန်မြန်အဆုံးသတ်မယ်”
“ကောင်းပါပြီ”
“နောက်ဆုံးအနေနဲ့ ငါ မင်းတို့ကို တိုက်မယ်။ မင်းရဲ့ အပေါင်းအပါတွေနဲ့ ထွက်မပြေးခင် ခုခံလိုက်”
ဒေါသက တစ်စုံတစ်ခု ဖြစ်ပျက်နေမှန်း မှန်းဆမိလိုက်သည်။ သို့သော်လည်း သူမက မေးခွန်းမထုတ်တော့ပေ။ ဝမ်ဝေ့က သူမအား အားပြင်းပြင်းဖြင့် တိုက်ခိုက်လိုက်သည်။ သူမက ဓားဖြင့် ကာဆီးလိုက်၏။ သို့သော်လည်း သူမက သူမအပေါင်းအပါ နှစ်ဦးနှင့်အတူ လေဟာနယ်ကို ဖြိုခွင်းပြီး ထွက်ပြေးဖို့ တုံ့ဆိုင်းမနေပေ။
ဝမ်ဝေ့က သူမ ထွက်သွားသည်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေလိုက်၏။
သူမ၏ ဉာဏ်များမှုနဲ့ အကွက်ကျကျ စွမ်းဆောင်နိုင်စွမ်းက မဆိုးဘူးပဲ…
သူက စိတ်ထဲမှ ပြုံးလိုက်မိသည်။
ဒေါသတွင် တိထျန်းကို တိုက်ခိုက်ဖို့ရာအတွက် အစီအစဉ် နှစ်ခုရှိထားကြောင်း သိလေသည်။ ပထမတစ်ခုက သူ့အပေါ်မှီခိုဖို့ ဖြစ်ပြီး ကျန်တစ်ခုကမူ ထိုသူ့အား အကျပ်ကိုင်ခြိမ်းခြောက်ဖို့ ဖြစ်သည်။ ထို့ကြောင့် သူမက ပျင်းရိခြင်းနှင့် မနာလိုခြင်းကို အစားကြူးသူ၏ ပိုင်နက်အတွင်း စေလွှတ်ကာ လိုအပ်လာသည့်အခါ တိထျန်း၏ တပ်ဖွဲ့များကို ဓားစာခံအဖြစ် ဖမ်းဆီးခိုင်းခဲ့၏။
သို့သော်လည်း ဝမ်ဝေ့က သူမသည် ထိုသူ၏ အင်အားနှင့် ရက်စက်မှုကို လျှော့တွက်ခဲ့သည်ဟု ထင်မိသည်။ သူက သူ့လူများကို ကယ်တင်ကာ သူမကို လွယ်လွယ်ကူကူပင် ဖမ်းဆီးနိုင်လေသည်။ ပို၍ဆိုးရွားသည်က ထိုမိစ္ဆာများကို သတ်ဖို့ရာ တပ်သားများကိုပင် စတေးပစ်နိုင်၏။
ဘာမှမရှိဘူးလား…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ ရောက်ရှိလာစဉ်အခါက သူ့အလိုလိုသိစိတ်သည် အနီးနားတွင် သူ့ကို စောင့်ကြည့်နေသူရှိကြောင်း ပြောပြနေ၏။ သို့သော်လည်း သူမည်မျှပင် ကြိုးစားရှာဖွေစေကာမူ အာရုံမခံမိပေ။
ဝုန်း
ဝမ်ဝေ့က လေဟုန်ထဲ လက်သီးချက် ပစ်ခွင်းလိုက်၏။ ဖျက်ဆီးစွမ်းအားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မီတာရာချီပတ်လည်အတွင်း အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ သစ်ပင်၊ တောင်၊ မြေကြီး၊ တိရစ္ဆာန်နှင့် အက်တမ်များပင် ထိုတိုက်ကွက်အောက် ပျက်စီးသွားလေသည်။ သူက ကာလံဒေသံကိုပင် ဖျက်ဆီးခဲ့ပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုနေရာသို့ ရောက်လာပါက ဤကုန်းမြေ၏ အတော်များသည် ကမ္ဘာမှအပြီးတိုင် ဖယ်ရှားခံလိုက်ရသည်ကို မြင်တွေ့လိမ့်မည်။
ဘာမှမရှိဘူးလား…
ဝမ်ဝေ့က တွေးလိုက်မိ၏။ သူက သူ့အလိုလိုသိစိတ်ကို ယုံကြည်ထားသည်။ ထို့ကြောင့် သူက ထိုသူသည် ထွက်သွားပြီးသားဖြစ်ကြောင်း သို့မဟုတ် သူတို့အသုံးပြုထားသော နည်းလမ်းက သူ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်းသာ ဆိုလိုနေသည်။
“ဘာပဲဖြစ်ဖြစ်ပါလေ …”
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကိစ္စများကို နဂိုအခြေအနေအတိုင်း ပြန်လည်ပြောင်းလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုခံစားမိသည့်အခါ သူ့ကျင့်ကြံရေးဆီ ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေခြင်း ဖြစ်၏။ ကုန်းမြေ၏ အပြောင်းအလဲများအပြီးတွင် မိစ္ဆာကုန်းမြေ၏ ထွက်လမ်း၏ အာကာပြင်လှိုဏ်ခေါင်းကိုပင် ပိတ်ဆို့ထားလေသည်။ သို့သော်လည်း သူက ထိုအတားအဆီးသည် သိသိသာသာ လျော့ကျသွားကြောင်း ခံစားမိလိုက်၏။
ဒါက တိုက်ဆိုင်မှု မဟုတ်ဘူးပဲ။ တစ်ယောက်ယောက်က ဒီမှာရောက်လာခဲ့တယ်။ ကြည့်ရတာ သူတို့က ရုတ်တရက် ကျူးကျော်လာတဲ့သူတွေပဲ ဖြစ်ရမယ်…
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ရပေ။ အဆုံးသတ်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် ထွက်လာလိုက်၏။
မြေအောက်ထဲ မီတာသိန်းချီအဝေးတွင် ဟယ်ရှစ်ယီ၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူက ဆိုးဆိုးရွားရွားအခြေအနေဖြစ်နေပြီး သူ့အောက်ပိုင်းက မရှိတော့ပေ။ သူက ထိုလက်သီးချက်ကို အမှတ်ရသည့်အခါ သူ့စိတ်ထဲ အကြောက်တရား ဖုံးလွှမ်းသွား၏။ ထိုအရာက သူ ဘိုးဘေးတစ်ယောက်ထံ မသေမျိုးတစ်ယောက်၏ စွမ်းအားကို တွေ့ကြုံခံစားဖို့ တောင်းဆိုခဲ့သည့် ပထမဆုံးအကြိမ်ကို ပြန်လည်အမှတ်ရသွားစေသည်။
သူက တုံ့ဆိုင်းမနေဘဲ ဆေးများကိုထုတ်ကာ ဒဏ်ရာများကို ကုသဖို့ မျိုချလိုက်သည်။ ကံကောင်းစွာဖြင့် သူသည် နဝမအဆင့် တုယီနယ်ပယ်ကို ကျင့်ကြံထားသည့်အတွက် တစ်ဖက်သူ၏ စွမ်းအားကို ဖယ်ရှားပစ်နိုင်၏။ သို့သော် ဖြစ်စဉ်က နှေးကွေးနေလေသည်။ သူ့တုယီနယ်ပယ်က ဝမ်ဝေ့နှင့် ယှဉ်လိုက်လျှင် အနည်းငယ် လိုအပ်နေသေး၏။
သူက အလျင်အမြန် သုံးသပ်ပြီးသည့်နောက်တွင် အကြောင်းအရင်းကို သိရှိလိုက်သည်။ တစ်ဖက်လူက ကျင့်ကြံဆင့် ၉ ဆင့်လုံးကို ထူးကဲအောင် လုပ်ထားခဲ့စဉ် သူကမူ တုယီနယ်ပယ် မြင့်မားသည့်အဆင့်သို့ မရောက်ရှိခင် တချို့တလေကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။
“ဖူး”
ဟယ်ရှစ်ယင်က အသက်ရှူထုတ်လိုက်၏။ သူက သူ့အခြေအနေသည် ဆက်လက် မဆိုးရွားတော့ပေ။
“သင်္ကေတလေးသွယ် ပစ္စည်းရဲ့ ကျန်ရှိနေတဲ့ စွမ်းအားကြောင့်သာ မဟုတ်ရင် ငါတော့ သေသွားလောက်ပြီ”
သူ့ ကျင့်ကြံရေးခရီးစဉ် တစ်လျှောက်အတွင်း သူသည် အတက်အကျ မြောက်များစွာကို ရင်ဆိုင်ခဲ့ဖူးပြီး စိန်ခေါ်မှုများကိုပင် ကျော်လွှားခဲ့သည်။ သို့သော် သူ သေလုနီးပါးဖြစ်သွားသည်က ပထမဦးဆုံးအကြိမ် ဖြစ်၏။
“ငါ့ ကျင့်ကြံရေးခရီးလမ်းက အတော်လေးကို ချောမွေ့နေခဲ့တာပဲ။ ငါက ငါ့မျိုးဆက်အတွင်းက ရွယ်တူတွေအားလုံးကို ဖိနှိပ်ထားနိုင်တဲ့အတွက် စိတ်ကြီးဝင်လာခဲ့တယ်။ တောင်တစ်လုံးအလွန်မှာ တောင်တစ်လုံး ထပ်ရှိနေသေးတယ်ဆိုတဲ့စကားက အမှန်ပါပဲလား”
သူ့အကြည့်များက တောက်ပလာကာ စိတ်အခြေအနေက သိမ်မွေ့သွားပြီး ငြိမ်းအေးသည့် အငွေ့အသက်က သူ့ကို လွှမ်းခြုံသွားသည်။
အခု ငါ နောက်ကျကောင်းနောက်ကျနေပေမဲ့ တာအိုကို သက်သေပြပြီးရင်တော့ ဒီလိုမဖြစ်နိုင်တော့ဘူး…
ဟယ်ရှစ်ယင်၏ အကြည့်များက တောက်ပကာ နက်နဲလာသည်။
ထို့နောက် သူက သူ သိထားခဲ့သမျှ အရာအပေါ် အာရုံစိုက်လိုက်သည်။
ဝမ်ဝေ့နဲ့ အဲဒီတိထျန်းလို့ခေါ်တဲ့လူကြားက ဆက်ဆံရေးက အတော်လေးကို ဆိုးရွားနေတာပဲ။ ဒါပေမဲ့ နားလည်လို့ရပါတယ်။ ဒါနဲ့ ဝမ်ဝေ့နဲ့ အဲဒီမိစ္ဆာအမျိုးသမီးရဲ့ ဆက်ဆံရေးက တစ်ခုခုတော့ ထူးဆန်းနေတယ်…
သူက နက်နက်နဲနဲ သုံးသပ်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူက သူမကို တိုက်ခိုက်လိုက်သော်လည်း အရာအားလုံးက ထူးဆန်းနေသည်။
သူက ငါ့တည်ရှိမှုကို သံသယရှိသွားပြီးတော့ တမင်လုပ်ပြလိုက်တာလည်း ဖြစ်နေနိုင်တယ်…
ဤသတင်းအချက်အလက်က ထင်ထားသည်ထက် အသုံးမဝင်ပေ။ သူ့ဂိုဏ်းအနေဖြင့် ဝမ်ဝေ့သည် မိစ္ဆာမျိုးနွယ်နှင့် ပတ်သက်နေသည့် သက်သေအခိုင်အမာ မရှိသည့်အတွက် သူတို့အကျိုးအမြတ်ရရှိဖို့ အသုံးမချနိုင်ပေ။ အသင်္ချေအင်ပါယာကမ္ဘာက မိစ္ဆာမျိုးနွယ်အုပ်စိုးမှုကို အဆုံးသတ်ခဲ့ပြီး နှစ်များစွာကြာ အမဲလိုက်ခဲ့၏။
ထို့ကြောင့် သူတို့က မိစ္ဆာမျိုးနွယ်နှင့် ပူးပေါင်းနေသည်ဟု သူ့သံသယမျှဖြင့် ယုံကြည်ဖို့ရာ ခက်ခဲလာသည်။ သူက သက်သေအခိုင်အမာ လိုအပ်၏။
ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် သူ့အကြည့်များက ခက်ထန်လာ၏။
“ဂိုဏ်းကို နောက်ဆုံးအနေနဲ့ ကြိုးစားကြည့်ဖို့ ပြောရမယ်”
သူက လူတွေကို ဒီကုန်းမြေကနေ ထွက်မသွားနိုင်အောင် တားဆီးထားသည့်အကာအရံကို စွမ်းအားပေးထားသူ ဖြစ်၏။ သို့သော်လည်း သူ့ဒဏ်ရာဖြင့် သင်္ကေတလေးသွယ် ကြေးမုံ၏ စွမ်းအားကို ဖြုန်းတီးမှုတို့ကြောင့် စည်းတံဆိပ်က ကြာရှည်ခံမည် မဟုတ်ပေ။
ထို့ကြောင့် သူက ဂိုဏ်းကို ဆက်သွယ်ကာ ထိုသူနှစ်ဦးကို နောက်ဆုံးနည်းလမ်းဖြင့် သတ်စေချင်ခဲ့သည်။ အကယ်၍ ကျရှုံးသွားလျှင်ပင် တန်ကြေးနည်းနည်းသာ ဖြစ်၏။ ဟယ်ရှစ်ယီက လျှို့ဝှက်နည်းစနစ်ဖြင့် သတင်းအချက်အလက်များနှင့် သူ့တောင်းဆိုချက်ကို ပြန်လည်ပို့ဆောင်လိုက်၏။
………………
တဏှာပိုင်နက်
တိထျန်းက သူစခန်းသို့ ပြန်ရောက်လာကာ နောက်အဆင့်အတွက် ပြင်ဆင်နေသည်။ အကယ်၍ ပါရမီရှင်များ ရှိမည်လားဟု သိချင်မိသည်။ ရုတ်ချည်းဆိုသလို သူက တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး သေခြင်းရှင်ခြင်းစွမ်းအားက သူ့မျက်ဝန်းအထက် ဖြတ်ပြေးသွားသည်။
“သေခြင်း နိမိတ်ဆိုးလား” သူက သေဆုံးနိုင်ချေကို ခံစားမိလိုက်သည်။ ထိုအရာက အလွန်နည်းပါးသော်လည်း ထူးဆန်းနေသည်။ သူ့လက်ရှိအင်အားဖြင့်ပင် ထူးဆန်းနေသည်။ သူက အဝေးတစ်နေရာကို အမူအရာ လေးနက်စွာဖြင့် လှမ်းကြည့်လိုက်၏။
“သခင် ပြဿနာတစ်ခုခုများ ရှိလို့လား” အရိပ်က မေးခွန်းထုတ်မည် မဟုတ်ပေ။ သူက အမိန့်ပေးသည့်အတိုင်းသာ လုပ်ဆောင်လေ့ရှိ၏။ သို့သော်လည်း သူ့သခင်က စကားကောင်းများ မပြောသော်လည်း ဆက်ဆံရပိုလွယ်ကူလာသည်ကို သတိပြုမိလိုက်သည်။
“မလိုလားတဲ့ အန္တရာယ်တွေကို ခံစားမိလို့ပါ” တိထျန်းက ပြောလိုက်၏။ သူ့ ရှည်ကြာလှသည့်ဘဝအတွင်း အန္တရာယ်ကို ခံစားနိုင်သည့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုအရာက ကောင်းကင်တာအိုလိုမျိုး စွမ်းအားကြီးအင်အားဖြင့် အသုံးမဝင်သော်လည်း ရံဖန်ရံခါတွင် အကူအညီပေးလေသည်။
“ငါတို့တွေ ခွဲတမ်းသန်းတစ်ရာ ပြည့်ပြီလား”
“ဟုတ်ကဲ့။ ပြည့်လုနီးပါး ဖြစ်နေပါပြီ”
“အဲဒါဆို ဒီနေရာက ထွက်သွားကြစို့”
သူက ဤကုန်းမြေ၏ အကာအရံကို အတင်းအကြပ် မချိုးဖောက်ခင် သူ့တပ်ဖွဲ့ကို နေရာလွတ်ထဲ ထည့်ထားလိုက်သည်။ ယခင်က သူ မလုပ်ဆောင်နိုင်သော်လည်း ယခုအခါ ထိုအရာက အတော်လေး အားနည်းသွားပြီ ဖြစ်၏။
***