ဖရိုဖရဲ အခြေအနေ အပိုင်း(၄)
Vol. 50 Ch. 695
ထုံရို့ပင်းက သူမကို တိုက်ခိုက်လာသည့်သူများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ဒေါသလက်ထဲ ရှုံးနိမ့်ပြီးသည့်နောက်တွင် အသားအရည်က ဖြူဖျော့နေဆဲ ဖြစ်၏။ သူမက တခြားသူများကို ဂရုမစိုက်သော်လည်း ထိုအဖွဲ့၏ ခေါင်းဆောင်က သူမအား အန္တရာယ်အငွေ့အသက် ခံစားချက်ကို ပေးစွမ်းနေသည်။ သူမက အကောင်းအတိုင်း ရှိနေလျှင်ပင် ထိုသူနှင့် ရင်ဆိုင်ဖို့ စိန်ခေါ်မှုတစ်ခုဖြစ်မည်မှန်း ခန့်မှန်းမိ၏။
သူမက ခြေထောက်နှင့် မြေပြင်ပေါ် အသာထိလိုက်သည့်အခါ ကောင်းကင်အထက် ဧရာမအစီအရင်တစ်ခု ထွက်ပေါ်လာသည်။ သူမက ဒေါသထံ ရှုံးနိမ့်ပြီးသည့်နောက်တွင် အမှားမှ သင်ယူပြီး အားကောင်းသည့် ပြိုင်ဘက်များကို တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားကာ လွတ်မြောက်မည့် အခွင့်အရေးများကိုပင် ဖန်တီးထားခဲ့သည်။
ထိုအစီအရင်ဖြင့် သူမသည် ထိုအဖွဲ့ခေါင်းဆောင်ကို ချုပ်နှောင်ထားနိုင်လိမ့်မည်။ ထုံရို့ပင်းအနေဖြင့် ထိုသူကို မသတ်နိုင်ကြောင်း သိထားသော်လည်း ထိုသူက အစီအရင်မှ ထွက်နိုင်ဖို့အတွက် အချိန်တစ်ခု ယူရလိမ့်မည်။
ထူးကဲသည့် သင်္ကေတရုပ်ခန္ဓာရှိထားပြီး အဆောင်ဆရာသခင် တစ်ယောက်အနေဖြင့် အစီအရင်အပေါ် သူမ၏ စွမ်းဆောင်ရည်က အဆောင်ပါရမီလောက် မြင့်မား၏။ သူမက လက်ကို ဝှေ့လိုက်ပြီး အဆောင်နှစ်ခုကို ထုတ်ဖော်လိုက်သည်။ ဖိနှိပ်ရေးအဆောင်နှင့် ဝိညာဉ်ရှာဖွေရေးအဆောင်တို့ ဖြစ်၏။
သားရဲသခင်ကမ္ဘာက လူတွေလား…
ထိုကောင်းကင်ကမ္ဘာက သားရဲများ သို့မဟုတ် နတ်ဆိုးများကို ထိန်းချုပ်ပြီး တိုက်ခိုက်ဖို့ရာ အလေးထားကြသည်။ သူတို့၏ ကျင့်ကြံဆင့်တွင် သားရဲများစွာကို ထိန်းချုပ်ပြီး သူတို့၏ သွေးမျိုးဆက်ကို ဆင့်ကဲပြောင်းလဲခြင်းပင် ပါဝင်၏။
ထို့အပြင် သားရဲသခင်များက သူတို့၏ သားရဲနှင့် ချုပ်နှောင်မှုများမှ တန်ပြန်သက်ရောက်မှုကို လက်ခံရနိုင်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအားတို့ကို တိုးမြှင့်နိုင်သည်။ အားကောင်းသည့် ပါရမီရှင်တချို့အတွက်မူ အဖော်သားရဲနှင့်အတူ မွေးဖွားလာကြ၏။ ထိုသားရဲများက ပင်ကို သို့မဟုတ် ဟွင်သွမ်းသွေးမျိုးဆက် ရှိနေနိုင်သည်။
သူတို့သာ သူတို့၏ သားရဲသွေးမျိုးဆက်ကို သန့်စင်နိုင်သရွေ့ ပင်ကိုနတ်ဆိုးနတ်ဘုရား၏ စွမ်းအားကို ရယူနိုင်လိမ့်မည်။
တစ်ယောက်ယောက်က အသင်္ချေအင်ပါယာကမ္ဘာကို အကွက်ကျကျ စီစဉ်နေတာလား…
ထိုစဉ် ထုံရို့ပင်းက ကိစ္စများစွာကို တွေးမိသွားသည်။ သူမ၏ ကမ္ဘာက အဆုံးမဲ့လေဟာနယ်မှ ဖြတ်တောက်ထားသည်မှာ အချိန်တစ်ခုကြာမြင့်နေမှန်း သိထားသော်လည်း နာမည်ကျော်ကြားနေဆဲ ဖြစ်၏။ လှည့်ဖျားရေးစစ်ဆေးမှုအပြီးတွင် အသင်္ချေအင်ပါယာကမ္ဘာက တခြားကမ္ဘာ့အသိုက်အဝန်းများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ဟန်ပေါ်သည်။
လှည့်ဖျားရေးစစ်ဆေးမှု၊ ဒိုင်မေးရှင်းအနိမ့် ပိတ်ဆို့သွားမှုနဲ့ ဒီဖြစ်ရပ်။ ဒါတွေအားလုံးက တစ်ခုမဟုတ်တစ်ခု ဆက်နွယ်နေတယ်။ ဝမ်ဝေ့က ဒီဖြစ်ရပ်တွေအားလုံးနဲ့ ဆက်နွယ်နေတယ်လို့ ခံစားချက်ရနေတယ်….
သူမက မျက်မှောင်ကြုတ်လိုက်၏။
ပြီးပြည့်စုံတဲ့ ခေတ်ကာလရဲ့ သားတော် ခေတ်ကာလကို ဖွင့်လှစ်ဖို့ ကံကြမ္မာပါလာတဲ့သူ
ခေတ်ကာလတင် မဟုတ်ဘဲနဲ့ ကမ္ဘာရဲ့လက်ရှိအခြေအနေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မဲ့သူ။ ဒါပေမဲ့ တခြားကမ္ဘာ့အသိုက်အဝန်းက လူတချို့က ငါတို့ပြန်လည်အားပြည့်လာမှာကို မလိုချင်ကြဘူးပဲ…
သူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။ သူမရှေ့တွင် အဆောင်တချို့ ပေါ်ထွက်လာကာ ဦးနှောက်နှင့် ဝိညာဉ်ကို ကောင်းချီးပေးလိုက်ပြီး သူမ၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ကာ အခြေအနေကို ကောင်းကောင်းမွန်မွန် သုံးသပ်လိုက်၏။
ဒီပြဿနာရဲ့အရင်းအမြစ်က လှည့်ဖျားရေး စစ်ဆေးမှုပဲ။ ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်ရဲ့ တိုက်ခိုက်မှုထဲမှာ ကြားညပ်သွားပုံပဲ။ အဲဒီလူတွေ ထွက်သွားပြီးတဲ့နောက်မှာ ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ခံလိုက်ရတယ်။ ဘိုးဘေးတွေဆီက သိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ပိတ်ဆို့နိုင်တဲ့ တစ်ခုတည်းသော အရာက အစစ်အမှန်ကောင်းကင်တာအိုပဲ။ ဒါပေမဲ့ အဲဒါက ဘာလို့ ဒိုင်မေးရှင်းအနိမ့်ကို ပိတ်ဆို့ပစ်ရတာလဲ…
ထုံရို့ပင်းက သူမသည် အမှန်တရားနှင့် နီးကပ်လာပြီဟု ခံစားမိသောကြောင့် ဦးနှောက်ကို ထပ်မံ အလုပ်ပေးလိုက်သည်။
အစစ်အမှန်ကောင်းကင်တာအိုက ဝမ်ဝေ့ကို ကာကွယ်ချင်နေတာပဲ။ ကြည့်ရတာ သူက ဒိုင်မေးရှင်းအနိမ့်ရဲ့ ပါရမီထူးကဲတဲ့ သေမျိုးတစ်ယောက်ပဲဆိုတော့ ကြည့်ရတာ အဓိပ္ပာယ်မရှိဘူး။ ဒါပေမဲ့ သူ ဖွင့်လှစ်မဲ့ ခေတ်ကာလက ဒိုင်မေးရှင်းအမြင့်အတွက် အကျိုးကျေးဇူးရှိမယ်ဆိုတာကို ထည့်စဉ်းစားမယ်ဆိုရင်တော့ ဖြစ်လာနိုင်ချေရှိတယ်…
သူမက ဝမ်ဝေ့နှင့် ရှောင်ထျန်းတိတို့၏ စကားဝိုင်းကို ပြန်လည်အမှတ်ရလိုက်၏။
ငါထင်တာ မှန်နေတာပဲ။ သူက လမင်းခုနစ်စင်းနဲ့ နေမင်းနှစ်စင်းအကြောင်းကို ပြောခဲ့တယ်။ တကယ်လို့ အဲဒီလူတွေက ဒိုင်မေးရှင်းအမြင့်ကို အတင်းအကြပ် လွှမ်းမိုးထားလို့ ကမ္ဘာကို ဒီလိုအခြေအနေမျိုး ဖြစ်စေတယ်ဆိုရင် အစစ်အမှန်ကောင်းကင်တာအိုက ဒီလိုအရာမျိုးကို လက်ခံမှာမဟုတ်ဘူး။
ဒါပေမဲ့ ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်မှာ အပြောင်းအလဲဖြစ်စေမဲ့ ခေတ်သစ်ကို ဆောင်ကျဉ်းပေးလာခဲ့မယ်ဆိုရင်တော့ သူ့ကို ကာကွယ်ဖို့ ဒိုင်မေးရှင်းအနိမ့်ဆီ ပိတ်ဆို့ပစ်လိုက်တာကို ရှင်းပြပြီးသားဖြစ်သွားပြီ…
ထုံရို့ပင်းက သူမတွင် သတင်းအချက်အလက် လိုအပ်နေသော်လည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်း သိလိုက်သည်။ ထို့နောက် ရုတ်ချည်းဆိုသလို သူမက တစ်စုံတစ်ခုကို တွေးမိကာ အကြည့်များတောက်ပလာ၏။
နောက်ဆုံးတော့ ဝမ်ဝေ့နှင့် ယွီကျူးကြားက စကားဝိုင်းကို နားလည်သွားလေပြီ။ ဒိုင်မေးရှင်းအမြင့်က လူတချို့က အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ စေလွှတ်လိုက်တာပဲ ဖြစ်ရမည်။
ဝမ်ဝေ့က ခေတ်ကာလရဲ့ သားတော်ဆိုတော့ သူတို့ကို အမဲလိုက်နေခဲ့တာ…
ထုံရို့ပင်းက ရုတ်ချည်း ပြုံးလိုက်၏။
တကယ်လို့ ငါသာ မှန်မှန်ကန်ကန် ကစားနိုင်ရင် တာအိုသက်သေပြနိုင်မဲ့ အခွင့်အရေး အနည်းငယ် ရလာနိုင်တယ်။
သူမ၏ အခွင့်အရေးက သေးငယ်နေသော်လည်း ထိုအတွေးဖြင့် အနည်းငယ် တိုးမြင့်လာနိုင်သည်။
တကယ်လို့ ကျရှုံးသွားရင်တောင် ငါကအကောင်းအတိုင်း တိုက်ပွဲကနေ ထွက်လာနိုင်မယ်လို့ သေချာတယ်။ ဒါပေမဲ့ လိုအပ်လာတဲ့အခါ ဆုံးဖြတ်ချက် ပြတ်သားဖို့တော့ လိုလိမ့်မယ်…
သူမက ပုန်းအောင်းနေရာမှ ပျောက်ကွယ်မသွားခင် အကြည့်များ တောက်ပလာ၏။ ထုံရို့ပင်းက ဆက်လက် မကုသတော့ဘဲ တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်သည်။
“ကိုယ့်ရဲ့ဘုရင်မလေး .. ကိုယ့်နှလုံးသားရဲ့အလင်းရောင်လေး ဘာတွေများ လုပ်နေလဲ” မူလိန်က ထိုစကားများပြောသည်ကို ရှက်ရွံ့ခြင်းမရှိ ပြောလိုက်၏။
“ရှင်က ဘယ်လိုတောင် အပြောချိုလာရတာတုန်း”
“မင်းက မကြိုက်ဘူးလား။ ကိုယ်က အမျိုးသမီးတွေ ချီးကျူးရတာ ကြိုက်တယ်ဆိုတဲ့ သေမျိုးစာအုပ်တချို့ကို ဖတ်ထားတာလေ”
“ချီးကျူးတာကို မကြိုက်တဲ့အမျိုးသမီးရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ အများကြီး ချီးကျူးတာတော့ တစ်မျိုးပေါ့”
“အဲဒါက အဓိပ္ပာယ်တော့ရှိသား။ ဒါနဲ့ ဘာလို့ဆက်သွယ်လိုက်တာလဲ။ အခုရှင်းလင်းရေးထဲ ရောက်နေတာ မဟုတ်ဘူးလား”
“ဟုတ်တယ်။ ဒါပေမဲ့ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လို့” သူမက အခြေအနေကို ရှင်းပြလိုက်၏။
“ဘာ” မူလိန်ကအော်ပြောလိုက်သည်။
“မင်း အဆင်ပြေရဲ့လား။ ဘယ်သူက မင်းကို တိုက်ခိုက်ရဲတာလဲ။ မင်း ဘယ်မှာလဲဆိုတာကိုပြော။ ကိုယ် သူတို့ကို လာပြီးတော့ သတ်ပစ်မယ်”
သူ့နဖူးအထက် ကြယ်တာရာကိုးစင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ အဆောင်မှတဆင့် ဆက်သွယ်နေသော်လည်း ထုံရို့ပင်းက ထိုအရာကို ခံစားမိ၏။
“စိတ်ငြိမ်ငြိမ်ထားပါ။ ကျွန်မအတွက် လက်စားချေဖို့ ခေါ်လိုက်တာ မဟုတ်ဘူး” သူမက သူသည် ထိုလူများကို အမှန်တကယ် လာရောက်သတ်ဖြတ်မည်ကို သိနေ၍ အလျင်အမြန် ပြောလိုက်ရသည်။
ဘာဖြစ်ဖြစ် ရှင် သူမကို မနိုင်ဘူးလေ…
ထုံရို့ပင်းက ထိုစကားများသည် အမှန်ဖြစ်နေမှန်း သိသော်လည်း ထည့်မပြောလိုက်ပေ။ စစ်ဆေးမှုအပြီးတွင် မူလိန်က ခန္ဓာကိုယ်သန့်စင်ရေး ဆက်လက်လုပ်ဆောင်စဉ် ချီနှင့် စည်းမျဉ်းထိန်းချုပ်နိုင်သည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ လက်ရှိ သူက ပွင့်ချပ်ခုနစ်လွှာအဆင့်သို့ ရောက်ရှိဖို့ အခွင့်အရေး မြင့်မားလာသည်။ သို့သော်လည်း သူက ထိုမိစ္ဆာအတွက် ပြိုင်ဘက် မဟုတ်သေးကြောင်း စဉ်းစားမိ၏။
“အသင်္ချေအင်ပါယာကမ္ဘာကို တိုက်ခိုက်တဲ့လူတွေရဲ့ အလွှာက သတင်းအချက်အလက်များ သိလားလို့ မေးချင်လို့ပါ”
“မသိဘူး။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ ကိုယ် ခန့်မှန်းမိတယ်။ အဲဒီလူတွေက ဒီလိုနောက်ကွယ်ကနေ လှုပ်ရှားရတာ သဘောကျတယ်။”
“အိုး ဘယ်သူများလဲ”
“တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကလေ”
ထုံရို့ပင်းက သူ ရှင်းပြသည်ကို စောင့်နေသော်လည်း သူက တိတ်ဆိတ်ကာ သူမအား ကြည့်နေလေသည်။
“ကျွန်မက သူတို့ဘယ်သူလဲဆိုတာကို မသိဘူးဆိုတာ ရှင်လည်း သိမှာပါ”
“ကိုယ်သိတာပေါ့။ ဒါပေမဲ့ မင်းရဲ့အသံလေးကို ကြားချင်လို့လေ”
“အတည်ပြောစမ်းပါ” သူမက အနည်းငယ် ရှက်သွေးဖြာလာမိ၏။ သို့သော် ခတ္တမျှသာကြာမြင့်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်။
“သူတို့က အဆုံးမဲ့လေဟာနယ်ထဲမှာ အားအကောင်းဆုံး အင်အားစုတစ်ခုပဲ။ သူတို့က လျှို့ဝှက်ဆန်းကြယ်ဆုံး အင်အားစုတစ်ခုလည်းဟုတ်တယ်”
“ရှင်က ဘာလို့ အဲ့လို ပြောရတာလဲ”
“သူတို့ လှုပ်ရှားတာက အမြဲတမ်း နောက်ကွယ်ကနေပဲလေ။ ပြီးတော့ သေချာတဲ့ အင်အားစုတွေရဲ့ မြင့်တက်လာမှုကို ပစ်မှတ်ထားတဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်။ လူတော်တော်များများက သူတို့လက်ချက်လို့ ယုံကြည်ထားကြတယ်။ ဒါပေမဲ့ မင်းတို့ကမ္ဘာအပေါ် အသုံးပြုတဲ့ နည်းလမ်းကတော့ အတော်လေး အလျင်လိုနေတဲ့ပုံပဲ”
“ရှင့်ဆီမှာ သက်သေရော ရှိလား” ထုံရို့ပင်းက ထိုဂိုဏ်းကို သံသယဝင်ဖို့ရာ မလုံလောက်သေးကြောင်း ခံစားမိလိုက်၏။
“တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက ထာဝရဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ ကောင်းကင်တာအိုကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောတယ်မလား”
“ဟုတ်တယ်”
“ထာဝရဦးသျှောင်တွေကပဲ အဲ့လိုစွမ်းအားမျိုးရှိတာ။ ဒါပေမဲ့ အများစုက သူတို့ဘာသာသူတို့ စည်းပိတ်နေကြပြီးတော့ အစစ်အမှန်ကောင်းကင်တာအိုဆီကနေ ပုန်းအောင်းနေကြတာ။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲပြီးမှပဲ ထွက်ပေါ်လာလေ့ရှိတယ်။
တခြားကမ္ဘာ့အသိုက်အဝန်းမှာ ဝင်ရောက်စွက်ဖက်တာက အဲဒီလူတွေအတွက် တားမြစ်ချက်တစ်ခုပဲ။ သူတို့တွေ ဒိုင်မေးရှင်းအနိမ့်က ထွက်သွားပြီး တက်လှမ်းရမယ်ဆိုတာကို သိထားရလိမ့်မယ်။ ဒါပေမဲ့ ကောလဟာလတွေအရတော့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှာ အစစ်အမှန်ကောင်းကင်တာအိုကနေ ပုန်းအောင်းနိုင်မဲ့ နည်းလမ်း ရှိတယ်တဲ့။ ပြောရမယ်ဆိုရင်တော့ သူတို့ဂိုဏ်းရဲ့ ဂိုဏ်းသားတွေအပေါ် ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက်ကို လျှော့ချထားတယ်ဆိုတဲ့ ပုံလိုမျိုးပဲ။ အဲဒါကြောင့် လတ်တလောလေးက အသင်္ချေအင်ပါယာကမ္ဘာကို တိုက်ခိုက်တဲ့သူတွေကလည်း သူတို့ပဲ နေမှာပဲ”
“ခဏ ကျွန်မတို့တွေ တိုက်ခိုက်ခံခဲ့ရတာလား”
“မင်းမသိသေးဘူးလား။ အော် ဒါနဲ့ ဟုတ်သား။ အခုထိ မင်းက အိမ်ပြန်မရောက်သေးဘူးဆိုတော့။ ဟုတ်တယ်လေ လူတချို့က မင်းတို့ရဲ့အလွှာကို တိုက်ခိုက်ခဲ့တာ။ ကံကောင်းတာက ဝမ်ဝေ့က ကြိုတင်ပြင်ဆင်ထားပြီးတော့ ကာကွယ်ရေးအစီအရင်တွေ အသက်သွင်းထားခဲ့လို့ပဲ။ တာအိုအခွင့်အလမ်းဂိုဏ်းကလည်း ထာဝရဧကရာဇ်အဆင့် ဆန့်ကျင်ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်လာတယ်လေ”
“သူတို့ကလား”
“မင်းမသိသေးဘူးလား”
“မသိသေးဘူး။ ဒါက တစ်ကမ္ဘာလုံးရဲ့ စွမ်းအားမျှခြေကို အပြောင်းအလဲ ဖြစ်သွားစေမှာပဲ” ထုံရို့ပင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အဲလိုဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် ကိုယ်ပြောတာကို မင်း စဉ်းစားပြီးသွားပြီလား။ လက်ရှိအခြေအနေအရဆိုရင် ဝမ်ဝေ့ကပဲ တာအိုကို သက်သေပြနိုင်ချေ ရှိတယ်။ တခြားကမ္ဘာမှာ ယှဉ်ပြိုင်တာ ပိုကောင်းလိမ့်မယ် တူတယ်”
“ကျွန်မရဲ့ ဆုံးဖြတ်ချက်က အတူတူပဲ။ ဘယ်တော့မှ မပြောင်းဘူး”
ထုံရို့ပင်းက ထွက်မသွားရသည့် အကြောင်းအရင်းများစွာ ရှိလေသည်။ ပထမဦးစွာ ကျင့်ကြံသူအများစုကဲ့သို့ သူမသည် အသင်္ချေအင်ပါယာကမ္ဘာအတွက် ရင်းနှီးမှုရှိပြီး လွယ်လွယ်ကူကူ ထွက်မသွားနိုင်ပေ။ ကျင့်ကြံသူများက အရာအားလုံးထက် အကျိုးအမြတ်ကိုသာ အလေးထားသည့် တစ်ကိုယ်ကောင်းဆန်သူများ ဖြစ်၏။ သို့သော်လည်း သူတို့မွေးရပ်မြေနှင့် ပတ်သက်လာသည့် ကိစ္စများအတွက်မူ တော်တော်များများက ခေါင်းမာတတ်ကြသည်။
ကျင့်ကြံသူအများစုက တာအိုကို သက်သေပြဖို့ အားနည်းသည့်ကမ္ဘာများဆီ မသွားချင်သည့် နောက်ထပ် အကြောင်းအရင်းများလည်း ရှိနေသေး၏။ ပထမဦးစွာ တခြားကမ္ဘာအသိုက်အဝန်းဆီ သွားဖို့ ရတနာက ရှားပါးကာ အဖိုးတန်လှသည်။
ဒုတိယအနေဖြင့် ဇစ်မြစ်အမှတ်အသားပြား ဖြစ်၏။ ဧကရာဇ်မျိုးဆက်များကသာ ထိုအရာကို ဖွဲ့စည်းနိုင်ပြီး နယ်ခြားကျင့်ကြံသူကို ယုံကြည်မည့် ဂိုဏ်းမရှိပေ။ ထုံရို့ပင်းလိုမျိုး နောက်ခံရှိသည့် ကျင့်ကြံသူအတွက် သူမ၏ အင်အားစုက တခြားကမ္ဘာအသိုက်အဝန်းဆီ သွားဖို့ လွယ်လွယ်ကူကူ ခွင့်ပြုမည် မဟုတ်သလို ဇစ်မြစ်အမှတ်အသားပြားအတွက်လည်း အပေးအယူ လုပ်ပေးမည် မဟုတ်ပေ။
ထုံရို့ပင်းအတွက်မူ ထွက်သွားဖို့ ငြင်းဆန်ရသည့် နောက်ထပ် အကြောင်းအရင်းလည်း ရှိနေသေး၏။ သူမက သူမဘာသာသူမ စိန်ခေါ်ချင်မိသည်။ ကျင့်ကြံသူများက အနိုင်ရခြင်းထက် ရှုံးနိမ့်ခြင်းက ပိုမိုသင်ယူနိုင်ကြ၏။
ဝမ်ဝေ့နှင့် တိထျန်းလိုမျိုး မကောင်းဆိုးဝါးများကို တိုက်ခိုက်ခြင်းက သူမ၏ ကျင့်ကြံရေး ခရီးလမ်းတွင် လေ့ကျင့်မှုတစ်မျိုး ဖြစ်လာလိမ့်မည်။ သူမက သေဆုံးသွားနိုင်သော်လည်း သူမ အသက်ရှင်ပါက အတွေ့အကြုံသည် အဖိုးတန်လာလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူမ အသက်ရှင်နေသရွေ့ လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရမည် မဟုတ်ပေ။
“မင်း သေချာပြီလား။ တစ်ခုခုဖြစ်သွားမယ်ဆိုရင်တောင် ကိုယ်က မင်းအတွက် လက်စားချေပေးနိုင်မှာ မဟုတ်ဘူး” သူ့အနေဖြင့် ဝမ်ဝေ့သည် မည်မျှအားကောင်းကြောင်း သိထားလေသည်။ သူတာအိုကို သက်သေပြပြီးသည့်နောက်တွင်ပင် အနိုင်ရရှိမည်ဟု မထင်ပေ။
“ကျွန်မအတွက် လက်စားချေပေးဖို့ မလိုပါဘူး”
“ကောင်းပါပြီ” မူလိန်က သူ့အနာဂတ်တာအိုလက်တွဲဖော်သည် ခေါင်းမာကြောင်း သိထား၏။ ထိုအရာက သူ့အနေဖြင့် သူမကို သဘောကျရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူ ဧကရာဇ် ဖြစ်လာသည်နှင့် သူမ၏ ဝိညာဉ်ကို သံသရာမှ ပြန်ယူကာ လွယ်လွယ်ကူကူ အသက်ပြန်သွင်းနိုင်လိမ့်မည်။ သူမ၏ တည်ရှိမှု သက်ရောက်မခံရသရွေ့ အမှတ်အသားအကြောင်း စိုးရိမ်စရာ မလိုပေ။
***