ပြန်လည်မွေးဖွားမှု
Vol. 5 Ch. 57
အခန်း (၅၇) : ပြန်လည်မွေးဖွားမှု
ကျီစုန့်က အားကောင်းကောင်း လက်သီးများဖြင့် ဆက်လက် တိုက်ခိုက်နေစဉ် ဝမ်ဝေ့က ဆက်တိုက်ရှောင်ရှားနေသည်။ သူ့နဖူးမှ ချွေးများစီးကျလာသည်။ ထိုလက်သီးချက်များက အားကောင်းလွန်း၍ တစ်ချက်ထိသွားသည်နှင့် သူ အဆုံးသတ်သွားမည်ကို စိုးနေရသည်။
သို့သော်လည်း ဝမ်ဝေ့က ချက်ချင်း ပြန်မတိုက်ပေ။ သူက ကျီစုန့်၏ ရုပ်ပိုင်းဆိုင်ရာကို တိုင်းတာနိုင်ရန်အတွက် ဆက်ရှောင်နေသည်။ ထို့နောက်မှ သူက ပြိုင်ဖက်နှင့် သင့်တော်သည့် တိုက်ခိုက်ရေးဗျူဟာကို သတ်မှတ်မည် ဖြစ်၏။
ထိုစဉ် ကျီစုန့်အနေနှင့် ဝမ်ဝေ့က ပြန်မတိုက်ဘဲ ဆက်လက်ရှောင်နေသောကြောင့် ဒေါသပိုထွက်လာသည်။ ထို့ကြောင့် သူက သရော်လိုက်သည် “ ဒါပဲ လုပ်တတ်တာလား။ မင်းက ယောက်ျားဆိုရင် ငါနဲ့ လာချလှည့် ”
ဝမ်ဝေ့က ပြုံးကာ ဓားမြောင်ကို ထုတ်လိုက်သည် “ မင်းလည်း လက်နက်ထုတ်လိုက် ”
“ ငါ့လက်သီးက ငါ့လက်နက်ပဲကွ ”
“ ကောင်းပြီလေ” ထို့သို့ပြောပြီးနောက် ဝမ်ဝေ့က လက်သီးချက်ကို ရှောင်ရင်း ဓားဖြင့် ကျီစုန့် ဝမ်းဗိုက်ဆီ ဆတ်ခနဲ လှမ်းထိုးလိုက်သည်။ သို့သော်လည်း ဓားမြောင်က သူ ထင်ထားသလောက် မထိခိုက်စေပေ။
အိမ်ရှေ့စံ၏ အရည်ပြားက မာကြောလွန်းသည့်အတွက် သံမဏိလို ကြွက်သားက ဓားသွား ဆက်မဝင်နိုင်အောင် တားဆီးပေးနေသည်။
ဒီဓားကို သတ္တုနှင့် ပြုလုပ်ထားလေသည်။ ဓားတွင် မှော်ဂုဏ်သတ္တိမျိုး မပါရှိသော်လည်း သံမဏိလို မာကြောသည့် သတ္တုမျိုးနှင့် ပြုလုပ်ထားခြင်း ဖြစ်၏။
ဝမ်ဝေ့က အကြမ်းခံပုဆိန် ရုပ်ခန္ဓာကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ထိုရုပ်ခန္ဓာက ကျီစုန့်အား ခွန်အားပေးစွမ်းရုံသာမက ကာကွယ်ရေးလည်း ပေးထားသည်။ ဝမ်ဝေ့က ရှေးဟောင်း ခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံကာ နောင်အခါ၌ ကျီစုန့်ထက် ပိုသန်မာလာအောင် လုပ်နိုင်မည့် အတွေးကြောင့် ပိုစိတ်လှုပ်ရှားမိသည်။
ပထမတိုက်ခိုက်မှု၌ ကျရှုံးခဲ့သော်လည်း ဝမ်ဝေ့က မရပ်တန့်ပေ။ သူက အိမ်ရှေ့စံ၏ လက်သီးများအား ဆက်လက် ရှောင်ရှားကာ သူ့ခန္ဓာကိုယ်အနှံ့ ဓားဖြင့် ဆက်တိုက်ထိုးစွနေသည်။ သို့သော်လည်း ကျီစုန့်က မျက်လုံး ဒါမှမဟုတ် ဦးနှောက်နေရာလိုမျိုး သေစေနိုင်သည့် တိုက်ခိုက်မှုမျိုးကို အမြဲရှောင်နိုင်ခဲ့သည်။
တကယ်တော့ အတိအကျပြောရလျှင် ဝမ်ဝေ့က ကျီစုန့်ကို မသတ်ချင်ပေ။ မဟုတ်ပါက ဒီတိုက်ပွဲသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။ သူက သူ့တမူထူးရုပ်ခန္ဓာ ရလာဖို့အတွက် အိမ်ရှေ့စံကို အကြမ်းဖျင်းလေ့လာဖို့သာ လိုလေသည်။
သိပ်မကြာခင် ဝမ်ဝေ့က သူ့လက်ရှိဗျူဟာက အလုပ်မဖြစ်ကြောင်း သိလိုက်သည်။ သူက သိုလှောင်လက်စွပ်ထဲမှ အထွတ်အထိပ်အဆင့် မှော်လက်နက် ထုတ်လိုက်ရမလား စဉ်းစားနေမိသည်။ လက်နက်၏ မှော်စွမ်းအင်များက ချက်ချင်းပိတ်ဆို့ခံလိုက်ရမည် ဖြစ်သော်လည်း ချွန်ထက်မှုက ကျီစုန့်၏ အသားကို ထိုးစိုက်ကာ ဒဏ်ရာပေးနိုင်လိမ့်မည်။
သို့သော်လည်း ဝမ်ဝေ့က ထိုအတွေးကို လက်လျော့လိုက်သည်။ သူသာ လက်နက်ထုတ်လိုက်လျှင် ကျီစုန့်လည်း အထွတ်အထိပ်အဆင့် ချပ်ဝတ်လိုမျိုး ထုတ်လာနိုင်သည်။ သူသည်လည်း ဧကရာဇ်မျိုးဆက်မှ မဟုတ်ပါလော။ ဒီလိုလုပ်ခြင်းက သူတို့တိုက်ပွဲကို ပို၍ ကြာရှည်ကာ အဓိပ္ပါယ်မဲ့လာစေလိမ့်မည်။
ထို့ကြောင့် ဝမ်ဝေ့က နည်းစနစ်ဗျူဟာ ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ကျီစုန့်က သူ့အား ၃၀၀၀ ကျင်ထက် ပိုသည့် အားဖြင့် ထိုးနေသည်။ ထိုလက်သီးချက်က သူတို့အနားရှိ တောအုပ်ထဲမှ သစ်ပင်ကို ထိသွားကာ တစစီ ဖြစ်သွားစေလေသည်။
ဝမ်ဝေ့က ဒီအခွင့်အကောင်းကို အပြည့်အဝ ယူကာ ကျီစုန့်အား ထပ်ထိုးချလိုက်သည်။ ဤတစ်ကြိမ် ယခင်တစ်ခေါက်နှင့် နေရာအတူတူကို ထိုးစိုက်လိုက်ခြင်း ဖြစ်၏။ ဓားမြောင်က ဒီတစ်ခါ ပိုနက်နက်ဝင်ရောက်သွားကာ သွေးထွက်လာစေသည်။ ဤနည်းလမ်းက အလုပ်ဖြစ်ပုံပေါ်သည်။
ဝမ်ဝေ့က ဒီနည်းလမ်းအရ ကျီစုန့်အား ဓားမြောင်ဖြင့် ထပ်ကာထပ်ကာ ထိုးချတော့သည်။ လျို့ဝှက်ဆန်းကြယ် အခြေအနေဖြင့် သူက နေရာတူကို အမြဲထိုးနိုင်လေသည်။ ဒီနည်းလမ်းက ဝမ်ဝေ့အား ကျီစုန့်၏ သံမဏိလို အလွှာကို ထိုးဖောက်စေနိုင်သွားသည်။
မိနစ်ပိုင်းကြာမြင့်ပြီးနောက် ကျီစုန့် ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရနေလေပြီ။ ထိုဒဏ်ရာများက သိပ်မနက်သော်လည်း သူတို့အားလုံးက ဖြည်းဖြည်းချင်းစီ သွေးထွက်စေသည်။ ထို့ကြောင့် သူ့သက်လုံ လျော့ကျလာစေ၏။ သူက ဒီလိုမျိုး ဆက်မသွားနိုင်တော့ကြောင်း သိကာ အသစ်အဆန်းတစ်ခု စမ်းဖို့ ကြိုးစားလိုက်သည်။
ကျီစုန့်က သူ့ခွန်အား အားလုံးကို ခြေထောက်ပေါ်တွင် စုစည်းကာ ဝမ်ဝေ့ဆီ ကြောက်မက်ဖွယ် အလျှင်ဖြင့် ပြေးချလာကာ အားအပြည့်ဖြင့် လက်သီးထိုးချလိုက်သည်။
ဝမ်ဝေ့၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။ အိမ်ရှေ့စံက သူ တုံ့ပြန်ဖို့အတွက် အရမ်းမြန်လွန်းနေသည်။ သူက လက်သီးချက် ချည်းကပ်လာသံကိုသာ ကြားလိုက်ရသည်။ လက်သီးက ပိုမို ကြီးလာကာ သူ့မျက်နှာနားရောက်လာသည်။ ဝမ်ဝေ့ ခံစားမိလိုက်သည်က အန္တရာယ်သာ ဖြစ်၏။
ဝမ်ဝေ့က ထိုလက်သီးချက်ကို ထိပ်တိုက်ရင်မဆိုင်နိုင်ကြောင်း သိထားသလို ရှောင်ရှားဖို့ရာလည်း အချိန်မရှိကြောင်း သိထားသည်။ ထို့ကြောင့် သူက သူ့ညာဘက်လက်ကို စတေးဖို့ ဆုံးဖြတ်လိုက်၏။
သူက ညာဘက်လက်ဖြင့် လက်သီးချက်ကို ကာလိုက်သည်။ ထို့နောက် ဝမ်ဝေ့က ချက်ချင်းဆိုသလို အရိုးကျိုးသံကို ကြားလိုက်ရပြီး နာကျင်လာလေသည်။
သူက မအော်ဘဲ ငြီးလိုက်သည်။ ထို့နောက် သူက လက်သီးချက်မှ လက်ကျန်အားကို မြေပြင်ဆီ လွဲလိုက်သည်။ အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် ဝမ်ဝေ့ကို မူတည်၍ မြေကြီးတွင် အက်ကြောင်းများ ပေါ်ထွက်လာသည်။
သူက သွေးအန်လိုက်ရပြီးနောက် ကျိုးနေသည့် လက်ကို ကြည့်ကာ လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူ့ဓားမြောင်ကို ဘယ်လက်ဆီ ပြောင်းလိုက်ပြီး ဆက်တိုက်ခိုက်သည်။ တိုက်ပွဲက မပြီးဆုံးသေးပေ။
ကျီစုန်က စောစောလေးက တိုက်ကွက်အတွက် သက်လုံအများအပြား သုံးခဲ့ရသည်။ သူ့အသက်ရှုနှုန်းက ပိုမို မြန်ဆန်လာကာ ချွေးများလည်း ထွက်လာသည်။ ဝမ်ဝေ့က သူ့ကို နားချိန်မပေးပေ။
သူက ဘယ်လက်ဖြင့် ဓားကိုင်ကာ ကျီစုန့်အား ဆက်လက်ထိုးစိုက်နေသည်။ သူ့လက်ကျိုးနေသော်လည်း ဝမ်ဝေ့က မရပ်တန့်သွားပေ။
ထိုစဉ် ကျီစုန့်၏ အခြေအနေက အချိန်နှင့်အမျှ ပိုမို ဆိုးရွားလာသည်။ တိုက်ပွဲ အစပိုင်းရှိ သူ့စိတ်လှုပ်ရှားမှုတို့လည်း အဆုံးသတ်သွားလေပြီ။ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက နာကျင်လာပြီး မြင်ကွင်းကလည်း ဝေဝါးလာသည်။
ကျီစုန့်က တိုက်ပွဲသာ ဒီလိုဆက်ဖြစ်နေလျှင် သူ သေချာပေါက် ရှုံးမည် ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက အရာအားလုံးကို အဆုံးသတ်ဖို့ နောက်ဆုံးတိုက်ကွက်ကို ထုတ်ချင်သည်။ သူက ဝမ်ဝေ့ဆီ ပြေးဝင်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ရှောင်ကာ သူ့အား ဓားဖြင့် ပြန်ထိုးလိုက်သည်။ ကျီစုန့်က သူ့ကြွက်သားများကို အနားပေးထားသောကြောင့် ဓားမြောင်က ခပ်နက်နက် ဝင်ရောက်သွားသည်။
ဝမ်ဝေ့က လက်ရှိထင်မှတ်မထားသည့် အခြေအနေကြောင့် တုန်လှုပ်လာမိသည်။ သူ မတုံ့ပြန်နိုင်ခင် ကျီစုန့်က သူ့ဘေးဘက်မှ အားအပြည့်ဖြင့် ကန်ချလိုက်သည်။
ဝမ်ဝေ့က သူ့နံရိုးအက်သံများ ကြားလိုက်ရပြီးနောက် မီတာနှစ်ဆယ်လောက် လွှင့်ထွက်သွားလေသည်။ သူက မြေပေါ် ပြုတ်မကျခင် သစ်ပင်ငါးပင်လောက် ဝင်တိုက်သွားသေး၏။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူ့ပါးစပ်အတွင်းမှ သွေးရောနေသည့် အရသာကို ခံစားမိလိုက်ကာ သူ့နားရွက်များလည်း တဝီဝီ ဖြစ်လာသလို မြင်ကွင်းလည်း ဝေဝါးလာသည်။ သူက သွေးအန်လိုက်ရသည်။
ဝမ်ဝေ့က သူ့ကျောရိုးမကြီး အတော်လေး ထိခိုက်သွားကြောင်း ပြောနိုင်လေသည်။ သူက အသာလှည့်ကြည့်လိုက်သည့်အခါ သူ့လိုမျိုး မြေပေါ်မှ ကုန်းထနေသည့် ကျီစုန့်နှစ်ယောက်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူ့ဒဏ်ရာများက ပိုမိုပြင်းထန်လာပြီး သွေးထွက်လွန်မှုကြောင့် သတိမေ့မြောသွားမတတ် ဖြစ်နေပုံပေါ်သည်။
ဝမ်ဝေ့က ဤတိုက်ပွဲသည် မပြီးဆုံးသေးကြောင်း သိ၏။ ပထမဆုံး ထနိုင်သူက အနိုင်ရသူ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူက တတ်နိုင်သမျှ ကြိုးစားသော်လည်း မထနိုင်သေးပေ။
သူ့အရိုးကျိုးသည့် နာကျင်မှုက ဝမ်ဝေ့အတွက် ဘာမှမဟုတ်ပေ။ မျှော်နန်းဆောင် စစ်ဆေးမှုအတွင်း သူက ငရဲ ၁၈ ထပ်၌ ဒီထက်ဆိုးရွားသည့် နာကျင်မှုမျိုးစုံကို ခံစားခဲ့ဖူးသည်။ သို့သော်လည်း အမှန်တော့ သူ့ခန္ဓာကိုယ်က သေချာလုပ်ဆောင်နိုင်သည့် အနေအထားမျိုး မဟုတ်တော့ချေ။
ဝမ်ဝေ့က ထိုအကြောင်း ဂရုမစိုက်ပေ။ သူ့ခန္ဓာကိုယ်ကို ရွေ့လျားဖို့ အမိန့်ပေးလျှင် နားထောင်မည်လား။ သူ့ခန္ဓာကိုယ်က သူ့ဆန္ဒအတိုင်း လိုက်လုပ်သင့်ပေသည်။
ထိုအတိုင်း တသွေမတိမ်း ဖြစ်လာခဲ့သည်။ ဝမ်ဝေ့က မတ်မတ်ကြီးဖြင့် ထရပ်နိုင်ခဲ့သည်။ ကျိုးသွားသော ကျောရိုးနှင့် နံရိုးတို့က လမ်းပိတ်မနေတော့ပေ။
သူက ထဖို့ ကြိုးစားနေဆဲ ဖြစ်သည့် ကျီစုန့်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ကျီစုန့်နှစ်ယောက် တစ်သားတည်းဖြစ်သွားဖို့ သူ့အတွက် အချိန်ယူလိုက်ရသေး၏။ ဝမ်ဝေ့က သူ့ရှေ့ရောက်သွားကာ “ ငါ နိုင်ပြီ ”
ထို့နောက် သူ့ဘယ်တံတောင်ဖြင့် ကျီစုန့် မျက်နှာအား တစ်ယောက်သွေး တစ်ယောက်ပေါ် လွှမ်းမသွားခင်အထိ တွတ်ပစ်လိုက်သည်။ ထို့နောက် အိမ်ရှေ့စံက မေ့လဲသွားလေသည်။
ထို့နောက် ဝမ်ဝေ့က မြေပြင်ပေါ် အသက်ဝအောင် ရှုလိုက်ရသည်။ ဤသည်မှာ ခက်ခဲသည့် တိုက်ပွဲ ဖြစ်ခဲ့လေသည်။
ထို့နောက် သူက တစ်ခုခု ခံစားရကာ ရုတ်ချည်းနောက်လှည့်ကြည့်လိုက်မိသည်။
နောက်ဆုံးတော့ သူ့အနောက်တွင် ဧကရာဇ်ငယ်အရိပ်က ပြည့်ပြည့်စုံစုံ ပုံပေါ်လာခဲ့သည်။ ဝမ်ဝေ့က သူ့စိတ် ပိုမိုရှင်းလင်းလာသလို ခံစားလိုက်ရပြီး လေထဲ ချီစွမ်းအားများ ကခုန်နေသလိုမျိုး ခံစားလိုက်ရသည်။
သူ့ခေါင်းထဲ သတင်းအချက်အလက်များစွာ ဝင်ရောက်လာသည်။ ဝမ်ဝေ့က ဧကရာဇ်ငယ် ဂုဏ်ပုဒ်သည် မည်သည်ကို ကိုယ်စားပြုကြောင်း၊ မည်မျှအကျိုးကျေးဇူးရနိုင်ကြောင်း သိလိုက်ရသည်။
ဧကရာဇ်ငယ်သည် ကောင်းကင်တာအိုက စိတ်ဆန္ဒပြင်းပြပြီး တာအိုနှလုံးသား အားကောင်းသည့် လူတစ်ယောက်ကို ကောင်းကင်ရွေးချယ်ခံဖြစ်ဖို့ ထိုက်တန်သည်ဟု အသိအမှတ်ပြုလိုက်ခြင်းသာ ဖြစ်၏။
ဧကရာဇ်ဂုဏ်ပုဒ်ကို ရရှိဖို့အတွက် အစောပိုင်းကျင့်ကြံဆင့်၌ အားကောင်းသည့် တာအိုနှလုံးသားနှင့် စိတ်ဆန္ဒ ရှိရမည်။ မဟုတ်ပါက ကောင်းကင်တာအိုသည် အသိအမှတ်ပြုမည် မဟုတ်ပေ။ ကျင့်ကြံသူများက အတွေ့အကြုံများကာ အားကောင်းလာသည်နှင့်အမျှ သူတို့ဆန္ဒနှင့် တာအိုနှလုံးသားလည်း လေ့ကျင့်ပြီးသား ဖြစ်လာလိမ့်မည်။ တချို့လူများက ကောင်းကင်အလိုဆန္ဒကို ခံယူနိုင်ဖို့ စံနှုန်းပြည့်မှီတယ်ဆိုရုံလောက်သာ ဖြစ်၏။
သို့သော်လည်း ကျင့်ကြံသူတစ်ယောက်က အစောပိုင်းကျင့်ကြံဆင့်၌ ဒီလိုအဆင့်မျိုး ရောက်ရှိသွားလျှင် ဧကရာဇ်ငယ် ဂုဏ်ပုဒ်ဖြင့် ချီးမြင့်ခံရသည်။
ထိုဂုဏ်ပုဒ်အတွက် အရေးသာမှုမှာ အနည်းငယ်မျှသာ ဖြစ်၏။ ပထမဦးစွာ ဧကရာဇ်ငယ်တွင် ကျင့်ကြံရေးပါရမီထူးကဲပြီး ခရမ်းရောင် နဂါးချီ ကံကောင်းမှုမျိုး ရှိလိမ့်မည်။
အကြီးမားဆုံး အကျိုးကျေးဇူးမှာ ဧကရာဇ်ငယ်တစ်ယောက်ချင်းစီက ပိုင်နက်တစ်ပိုင်းလိုမျိုး စွမ်းရည်ရှိလာခြင်း ဖြစ်၏။ ပြောရလျှင် သူတော်စင်အဆင့် ကျင့်ကြံသူများသာ ကိုယ်ပိုင်ပိုင်နက် ရှိကြလေသည်။
ဝမ်ဝေ့အတွက် သူ့ပိုင်နက်တစ်ပိုင်းက တစ်ဖက်လူ၏ အင်အားကို ၁၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်သည်။ ထိုစွမ်းရည်က ဧကရာဇ်ငယ်ဟု ညွှန်းဆိုဖို့ မထိုက်တန်သေးပေ။ အမှန်တကယ် ကောင်းကင်ဘုံ သွေဖယ်နေသည့်အချက်မှာ ထိုစွမ်းရည်က မဟာဧကရာဇ်နယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူတိုင်းအပေါ် သက်ရောက်မှုရှိခြင်း ဖြစ်၏။
ပြောရလျှင် ဝမ်ဝေ့ရှေ့မှောက်တွင် အထွတ်အထိပ်အဆင့် အစစ်အမှန်အုပ်ချုပ်သူပင် သူ့အင်အား တစ်ဝက်လျော့ကျသွားလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ကြောက်ဖို့ကောင်းလှ၏။