အကြီးမားဆုံးနောင်တ
Vol. 51 Ch. 702
“ရှင် မသေသေးတာ တော်သေးတာပေါ့”
“အားလုံးက ဘာလို့ အဲ့လိုပြောနေကြတာလဲ။” ဝမ်ဝေ့က ပြောလိုက်၏။ သူ့မိခင်ကပင် သူတို့ စကားပြောဆိုနေစဉ်အတွင်း မသေသည့်အတွက် ပျော်သည်ဟု ဆိုခဲ့သည်။
“ရှင် ဂိုဏ်းက ထွက်သွားတဲ့အချိန်တိုင်း ဒဏ်ရာရရင်ရ မရဘူးဆိုရင် သေတဲ့အထိ ဖြစ်တတ်တယ်လေ” ဝူဟုန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
“အဲဒါက ပုံသေကားချပ်တစ်ခုလို ဖြစ်လာတာပဲ”
“အခု ကိုယ် အဆင်ပြေတယ်မဟုတ်ဘူးလား” သူက သူမကို ပွေ့ဖက်ရင်း ပြန်ဖြေလိုက်၏။
“ရှင် အသက်ရှင်တယ်ဆိုတာကို ပြောနေတာလား”
“ကိုယ်အရွယ်ရောက်လာပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်ဆိုတာကို ပြတာပါ”
“အနည်းဆုံးတော့ ရှင့်ကန့်သတ်ချက်ကို သိလို့တော်သေးတာပေါ့” ဝူဟုန်က ပြောလိုက်သည်။
“အဲဒါဆိုတော့ ဘာတွေဖြစ်ခဲ့တာလဲ”
ဝမ်ဝေ့က ရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို အသေးစိတ် ပြန်လည်ရှင်းပြလိုက်၏ “ဒါနဲ့ မိစ္ဆာအဘေးကိုသိလား”
“သူ့ကို တစ်ခါမှတော့ မတွေ့ဖူးဘူး။ ဒါပေမဲ့ ကျွန်မတို့တွေမှာ ထူးခြားတဲ့ ကံကြမ္မာရှိတယ်လို့ ပြောရမယ်” အဖြစ်အပျက်ကို ကြားပြီးသည့်နောက်တွင် သူမ၏ စိတ်ထဲ မှတ်ဉာဏ်အသစ်တချို့ ပေါ်ထွက်လာသည်။ တခြားအချိန်စက်ဝန်းတွင် မိစ္ဆာအဘေးက ဒိုင်မေးရှင်းအမြင့်ရှိ အင်အားစုများ၏ မဟာမိတ်ကြောင့် ရှုံးနိမ့်မသွားခဲ့ပေ။ ထိုတိုက်ပွဲအပြီးတွင် သူက ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။
သူက သူမ တက်လှမ်းပြီးသည့်နောက်တွင် သူ၏ ကျရှုံးမှုအတွက် သူမကို အပြစ်တင်ခဲ့ပြီး သူမအတွက် အခက်အခဲများစွာ ပြုလုပ်ခဲ့သည်။ ကံကောင်းသည်က မေတ္တယျနှင့် ဓားဧကရီလိုမျိုး လူများက သူမကို ကာကွယ်ပေးခဲ့သည်။ သူမက အဆုံးစွန်မဲ့စံပြအဆင့်သို့ ရောက်ရှိသည့်အခါ ဒဏ်ရာရထားသည့် မိစ္ဆာအဘေးကို သတ်ဖြတ်ခဲ့၏။ ထိုတိုက်ပွဲက သူမဘဝတွင် အခက်ခဲဆုံး တိုက်ပွဲထဲမှ တစ်ခု ဖြစ်ခဲ့သည်။ အကြောင်းအရင်းမှာ တစ်ဖက်လူ၏ အင်အားကြောင့် မဟုတ်ဘဲ သူ့လက်ထဲတွင် ရှိထားသည့် မှော်အသုံးအဆောင်ပစ္စည်းကြောင့် ဖြစ်သည်။
ဤအချိန်စက်ဝန်းတွင် အနာဂတ် သူမက ဝမ်ဝေ့နှင့် ရှုကျင်းယောင်ကြားမှ ဆက်နွယ်မှုကို ဖယ်ရှားပစ်လိုရုံသာမက သူ့လမ်းကြောင်းကိုလည်း ပိုမိုချောမွေ့စေလိုပြီး သူမ၏ အကြီးမားဆုံးနောင်တထဲမှတစ်ခုကိုလည်း ပြန်လည် ပြင်ဆင်လိုခဲ့သည်။
မုန့်ရှောင်ဟွေ့…
ရှုရှစ်က တွေးလိုက်မိ၏။
မိစ္ဆာမျိုးနွယ်အင်အားစုက ဒိုင်မေးရှင်းအမြင့်တွင် သူမ အမဲလိုက်ခံရစဉ်အခါက မိသားစုဆီမှ မြို့ထဲရှိ ချမ်းသာသည့် သခင်ငယ်လေးထံ ရောင်းချခံရမည့် မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
……………
“မင်းနာမည်က မုန့်ရှောင်ဟွေ့လို့ပြောတယ် ဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
“နာမည်လှလှလေးပဲ”
“ကျေးဇူးပါ”
“မင်းရဲ့ ရွာက မင်းကို ရောင်းလိုက်တာလို့ပြောတယ် မလား”
“ဟုတ်ပါတယ်။ သခင်လေးလင်းရဲ့ သဘောကျတာကို ခံရတာ ဘိုးဘေးတွေရဲ့ ကောင်းချီးလို့ ဆက်တိုက် ပြောနေကြတယ်။ အဲဒီရူးမိုက်တဲ့ သခင်လေးရဲ့ မျက်နှာသာပေးခံရတဲ့ အမျိုးသမီးတွေရဲ့ ကံကြမ္မာကို မြင်ဖူးတယ်။” မုန့်ရှောင်ဟွေ့က သူမ၏ ငယ်ငယ်ရွယ်ရွယ် အသံလေးဖြင့် ပြောလိုက်သည်။
“မင်းက ငါ ငယ်ငယ်တုန်းကနဲ့ တူတယ်”
“တကယ်လား။ အဲလိုဆို တစ်ရက်ကျရင် အမလိုမျိုး လှပပြီး အားကောင်းလာမှာလား”
“အဲလိုတော့ မဖြစ်နိုင်ဘူး။ မိုးမြေကြားမှာ ငါက ထူးကဲတယ်။ ဒါပေမဲ့ မင်း ကြိုးစားကြည့်လို့ ရပါတယ်”
ဝူဟုန်က မှတ်ဉာဏ်တချို့ တွေးမိသွားကာ မျက်လုံးများ စိုစွတ်လာ၏။
“ဆရာ ကျွန်မ တပည့် ဖြစ်လို့ရမလား”
“မရဘူး”
“ဘာလို့လဲ”
“မင်းအတွက် ပြဿနာတွေပဲ ဖြစ်စေလိမ့်မယ်။ ငါက ဒီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး”
“ဆရာ ကျွန်မကို ဘယ်အချိန်ကျင့်ကြံနည်း သင်ပေးမှာလဲ”
“ငါက မင်းရဲ့ ဆရာ မဟုတ်ဘူး”
“မဟုတ်ဘူး။ ဆရာပါ။ အဲဒါဆိုတော့ ဘယ်အချိန်လဲ”
“ဆရာ ဆရာ … ကျွန်မ စည်းပိတ်ခြင်းကျင့်စဉ် ကျင့်ကြံတာ အောင်မြင်သွားပြီ”
“ဂုဏ်ပြုပါတယ်” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ သူမက မပြုံးဖြစ်သည်မှာ အချိန်အတော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့သော်လည်း လတ်တလောလေးအတွင်း သူမက ပိုမို ပြုံးလာမိသည်။
“ကံဆိုးတာက တပည့်အတွက် အချိန်အကြာကြီး ကြာခဲ့တယ်”
“စည်းပိတ်ခြင်းတာအိုက မင်းနဲ့မသင့်တော်ဘူး။ မူလလမ်းစဉ်နည်းစနစ်ကတောင် မင်းအတွက် အပြည့်အဝ မသင့်တော်သေးဘူး”
“ဒါပေမဲ့ ဆရာ့လိုမျိုး ဖြစ်ချင်တာလေ”
“မင်းက မင်းလမ်းစဉ်ကို မင်းလျှောက်သင့်တယ်။ တကယ်လို့ ငါ့လိုမျိုး ဖြစ်ဖို့ အာရုံစိုက်လွန်းရင် လိုက်အတုခိုးပြီး ငါ့ကိုကျော်လွှားနိုင်မဲ့ အခွင့်အရေးရှိလာမှာ မဟုတ်ဘူး”
“တပည့် နားလည်ပါပြီ”
“ငါတို့တွေ မင်းအတွက် သင့်တော်တဲ့ ကျင့်ကြံရေးနည်းစနစ်ကိုရှာဖို့ မှတ်တမ်းကောင်းကင်ဘုံကျောင်းကို သွားရမယ်။ မြန်မြန်ဆန်ဆန် လုပ်ပြီးတော့ မရှာတွေ့ဖို့ ဂရုစိုက်ရမယ်”
“မင်းက လှံနဲ့ ပါရမီပါတယ်။ မင်းဆရာအနေနဲ့ ငါက မင်းကို အကောင်းဆုံး လှံ ဧကရာဇ်ကျမ်းကို ရယူပေးပြီးတော့ မင်းအတွက် အကောင်းဆုံးလှံကို ဖန်တီးပေးမယ်”
“ဆရာ … ဆရာ့ကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်”
“မင်း စိတ်မကောင်းဖြစ်ဖို့ မလိုဘူး။ တည်ရှိမှုကို နားလည်ပြီး နဝမအဆုံးစွန်အုတ်မြစ်ကို ရှာဖွေဖို့က လူတိုင်းအောင်မြင်နိုင်တဲ့ အရာ မဟုတ်ဘူး”
“ဒါပေမဲ့ ဆရာက အောင်မြင်ခဲ့တယ်လေ”
“ငါ မအောင်မြင်ခဲ့ဘူး။ ငါက တခြားနည်းလမ်းကို သုံးခဲ့တာ။ အဲဒီနည်းလမ်းက မင်းအတွက်လည်း အလုပ်ဖြစ်နိုင်တယ်။ ငါ့ကို ခဏစောင့်။ ဒီဂူထဲမှာ ပုန်းနေပြီးတော့ ဘယ်မှမသွားနဲ့” ဝူဟုန်၏ အကြည့်များက တောက်ပလာ၏။
တစ်နှစ်ကြာမြင့်ပြီးနောက်
“ဒါက မင်းအတွက်”
“ဆရာ ဒါက ဘာများလဲ”
“ဒါက အဆင့်၂ နဝမအဆုံးစွန်အုတ်မြစ်ရှိထားတဲ့ မိစ္ဆာမျိုးနွယ်ထဲက ပါရမီရှင်လေ။ ငါက သူ့တာအိုအုတ်မြစ်နဲ့ စွမ်းအားကို ယူခဲ့တာ။ မင်း လေ့လာဖို့ ကူညီပေးနိုင်လိမ့်မယ်။ ဘာလို့ ငိုနေရတာတုန်း”
“ဆရာ ကျေးဇူးပါ” မုန့်ရှောင်ဟွေ့က သူမ ဆရာ၏ ဖြူဖျော့နေသည့် အသားအရည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ပြောလိုက်၏။ သူမက ဖုံးကွယ်ဖို့ ကြိုးစားနေသော်လည်း ပြောနိုင်လေသည်။
“တုံးအတဲ့ ကောင်မလေး။ ငါက မင်းဆရာလေ မဟုတ်ဘူးလား”
“ဆရာ တပည့်ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ရောက်လာပြီ။ အကြံဉာဏ်ပေးစရာများ ရှိသေးလား”
“အမြဲတမ်း အခြေအနေတိုင်းမှာ စိတ်တည်ငြိမ်အောင် ထားဖို့ မှတ်ထား။ ကျင့်ကြံရေးခရီးစဉ် တစ်လျှောက်လုံးမှာ သင်ထားခဲ့သမျှ အရာအားလုံးကို အသုံးချပြီးတော့ ရက်စက်ပြတ်သားရမယ်”
မုန့်ရှောင်ဟွေ့က သူမ မိခင်စကားကို နားထောင်နေသည့် ကလေးငယ်အလား ခေါင်းညိတ်လိုက်၏။ သူမက အချိန်အတော်ကြာနေခဲ့သော်လည်း ဆရာ့ရှေ့မှောက်တွင် မိန်းမငယ်လေးတစ်ဦးလို အမြဲတမ်း ပြုမူနေဆဲသာဖြစ်၏။ ထို့နောက် သူမက တစ်စုံတစ်ခုပြောဖို့ တုံ့ဆိုင်းနေဟန်ပေါ်သည်။
“ဘာများလဲ။ ငါ့ကို ပြောလို့ ရတယ်နော်” ဝူဟုန်က ပြောလိုက်သည်။
“ဆရာ တပည့်အတွက် ကောင်းကင်အလိုဆန္ဒကို ယူပေးလို့မရဘူးလား။ ဆရာရဲ့ စွမ်းအားနဲ့ဆိုရင် ဒီမျိုးနွယ်တွေအင်အားစုနဲ့ ညှိနှိုင်းဖို့ အင်အားရှိမှာပါ။ အဲလို မဟုတ်ဘူးဆိုရင် မိစ္ဆာမျိုးနွယ် ပိုင်နက်ထဲက ယူရင်ရော။ တပည့်တို့တွေ ဧကရာဇ်လမ်းစဉ် စင်မြင့်ထက်ကို ဘာလို့ ဖြတ်ကျော်ရမှာလဲ”
ဧကရာဇ်လမ်းစဉ်စင်မြင့်က လေလွင့်ကျင့်ကြံသူများ သို့မဟုတ် နောက်ခံ မရှိသည့်သူများအနေဖြင့် တာအိုကို သက်သေပြဖို့ အခွင့်အရေးအတွက် ယှဉ်ပြိုင်ခြင်း ဖြစ်၏။ ထိုအရာက ဒိုင်မေးရှင်းအနိမ့်မှ သေမျိုးများနှင့် ဆင်တူသည်။ နှစ်သန်းငါးဆယ်တိုင်း ကောင်းကင်အလိုဆန္ဒ တစ်သောင်းနှစ်ထောင်က ကွဲပြားသည့် ပိုင်နက်များတွင် ပေါ်ထွက်လာပြီး အားကောင်းသည့် အင်အားစု သို့မဟုတ် ကျင့်ကြံသူများက လုယူသွားလေ့ရှိသည်။
သို့သော်လည်း ဧကရာဇ်လမ်းစဉ် စင်မြင့်တစ်ရာကမူ လူအများ ယှဉ်ပြိုင်နိုင်လေသည်။ သူမဆရာ၏ စွမ်းရည်ဖြင့် ထိုတစ်ခုကို ရယူပေးခြင်းက ပြဿနာ မဟုတ်ပေ။
“မင်းက မှားနေပြီ” ဝူဟုန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏ “အဲဒီအင်အားစုတွေရဲ့ ပါရမီရှင်တွေက တာအိုကို သက်သေပြဖို့ ကောင်းကင်အလိုဆန္ဒကို ဘယ်တုန်းကမှ တိုက်ရိုက် မသုံးကြဘူး။ သူတို့က စင်မြင့်၁၂ခုပေါ်မှာ စုဝေးပြီးတော့ သေတဲ့အထိ တိုက်ခိုက်ကြတာ။ ဘာလို့လဲဆိုတာ သိလား”
“ပိုအားကောင်းတဲ့ ဧကရာဇ်တွေ ဖန်တီးဖို့”
“အတိအကျပဲ။ အနိုင်ရရှိတဲ့သူက သူ့မျိုးဆက်မှာ အကောင်းဆုံးဆိုတာကို သက်သေပြပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီမှာ ကောင်းကင်အလိုဆန္ဒကို မစုပ်ယူခင် သူ့စိတ်အခြေအနေက သိမ်မွေ့သွားလိမ့်မယ်။ ရှုံးနိမ့်တဲ့သူတွေကတော့ သူတို့တာအိုလမ်းစဉ်ကနေ ထာဝရဖြတ်တောက်ခံရပြီးတော့ အသက်ရှင်သန်တဲ့သူတွေကတော့ ထူးချွန်ပြောင်မြောက်တဲ့ ကောင်းကင်ရွေးချယ်ခံတွေ ဖြစ်လာလိမ့်မယ်။ သူတို့က သူတို့ရဲ့ အင်အားစုဆီ ပြန်သွားပြီးတော့ ကောင်းကင်အလိုဆန္ဒကို စုပ်ယူကြလိမ့်မယ်။”
“တပည့် နားလည်ပါပြီ”မုန့်ရှောင်ဟွေ့က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။
“မင်းက စင်မြင့်၁၂ခုမှာ တိုက်ခိုက်စရာ မလိုဘူး။ ဒါပေမဲ့ ဒုတိယအားအကောင်းဆုံး စင်မြင့်ခြောက်ခုမှာ တိုက်ခိုက်ရမယ်။ အဲဒါကြောင့် အသင့်ပြင်ထား”
“ဆရာ တပည့်အခု ဧကရာဇ် ဖြစ်သွားပြီ။ တပည့် မိုးမြေအထက် သက်တမ်းရှိပြီး သေခြင်းတရား အချုပ်အနှောင်ကနေ လွတ်မြောက်သွားခဲ့ပြီ”
“ဘာလို့ အော်နေတာလဲ။ မင်းက ဂုဏ်သတင်းကြီးမားတဲ့ မဟာဧကရာဇ် ဖြစ်နေပြီဆိုတော့ အဲ့လိုပြုမူသင့်တယ်လေ”
မုန့်ရှောင်ဟွေ့က လျှာလေးထုတ်ကာ ချစ်စဖွယ်ကောင်းအောင် နေလိုက်သည်။
ဝူဟုန်က ခေါင်းအသာယမ်းကာ “မိစ္ဆာမျိုးနွယ်မတွေ့ခင် ငါတို့တွေ ထွက်ပြေးရမယ်”
…………….
ဝူဟုန်က အဝေးတစ်နေရာကို ကြည့်ရင်း မျက်ရည်များဝဲလာသည်။
“မင်း အဆင်ပြေရဲ့လား” ဝမ်ဝေ့က စိုးရိမ်စွာ မေးလိုက်၏။ သူ့ဇနီး ငိုကြွေးဖူးသည့်အချိန်က သူတို့၏ လက်ထပ်ပွဲတွင် ဖြစ်ကာ ပျော်ရွှင်လွန်းလို့ ကျခဲ့သည့် မျက်ရည်သာ ဖြစ်၏။ သို့သော်လည်း သူတို့အတူတူရှိနေသည့် တစ်လျှောက်လုံးအတွင်း ဤမျှ ဝမ်းနည်းနေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ဝူဟုန်က ပြန်မဖြေဘဲ သူမ၏ မှတ်ဉာဏ်များထဲသာ နစ်မြောနေ၏။
သူမက ရင်ဘတ်တွင် လှံထိုးစိုက်ခံထားရပြီး ကြမ်းပြင်ပေါ်တွင် သွေးများ စီးကျနေသည်။ သူမ၏ ခန္ဓာကိုယ်မှ လှံတံကို ဖြည်းဖြည်းချင်း ထုတ်လိုက်ကာ သူမဘဝတွင် ဒဏ်ရာမည်မျှရရှိခဲ့သည့်အကြောင်း၊ ထွက်မပြေးခင် နှိပ်စက်ခံခဲ့ဖူးသည့်အကြောင်းနှင့် ခန္ဓာကိုယ်စမ်းသပ်ချက်တွင် သုံးကြိမ်ဆက်တိုက် ခံယူပြီး အသက်ရှင်သန်ခဲ့သည့် အကြောင်းများကို စဉ်းစားနေမိသည်။ သို့သော်လည်း ထိုအရာများက ဤလှံတံ၏ နာကျင်မှုနှင့် မယှဉ်နိုင်ပေ။
ဝူဟုန်က မနီးမဝေးမှ သူ့တပည့်အားကြည့်ကာ ပြောလိုက်၏ “ဟွေ့အာ ဘာလို့လဲ”
မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။ သူမ မြင်သည်က စိတ်ခံစားချက် မရှိသည့် အေးစက်စက်အကြည့်သာ ဖြစ်၏။
“မဟုတ်ဘူး။ သူမက ဒီလိုလုပ်မှာ မဟုတ်ဘူး” ဝူဟုန်က ညည်းတွားလိုက်ပြီး သူမ၏ လွင့်ပြယ်လာသည့် အသိစိတ်ကို တိုက်ခိုက်ဖို့ ကြိုးစားနေဟန်ပေါ်သည် “မော့ယွမ် ဝင်မစွက်ဖက်သရွေ့ပေါ့။ အဲဒီခွေးကောင် ထွက်ခဲ့”
အာကာပြင် ချိုးဖောက်ကာ မိစ္ဆာအဘေးက ပေါ်ထွက်လာသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး “တာအိုနှလုံးသားက အခုထိ အကောင်းအတိုင်း ရှိသေးတယ်လား”
“ဒါက ရှင့်လက်ချက်မလား။ ရှင်က သူမကို ထိန်းချုပ်ထားတာပဲ”
“ထိန်းချုပ်ထားတယ်တဲ့လား။ မင်းက ငါ့ကိုလျှော့တွက်နေတာပဲ” သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ငါက သူမကို ဖန်တီးခဲ့တာ။ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ပုန်းအောင်းပြီး မင်းတို့ရဲ့ တွေ့ဆုံမှုက သာမန်ဖြစ်အောင် ထင်ရဖို့ ကံကြမ္မာရဲ့ စွမ်းအားကိုတောင် ငှားယူခဲ့သေးတယ်”
စံပြတစ်ယောက်အနေဖြင့် ဒဏ်ရာရရှိထားသည်ဆိုလျှင်ပင် ဧကရာဇ်ငယ်လေးကို သတ်ဖြတ်ဖို့က ဤမျှလုပ်ဆောင်ရသည်မှာ အရှက်ရဖွယ် ဖြစ်၏။ သို့သော်လည်း သူ့ကံကြမ္မာက သူမနှင့် ဆက်နွယ်နေကြောင်း သိထားသည်။ သူမက ကံကောင်းမှုဖြင့် ချီးမြှင့်ခံထားရ၏။ သူမ၏ အသိဉာဏ်နှင့် ဉာဏ်များမှုကို ထပ်ပေါင်းလိုက်သည့်အခါ အပိုကြိုတင်တွေးဆထားရုံမှအပ ရွေးချယ်စရာ မရှိပေ။
“ရှင် … ” ဝူဟုန်က ဒေါသကြောင့် သွေးအန်လိုက်ရသည်။ သူမက သူ့တပည့်ကို ကြည့်ရင်း မိုးမြေကြား ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကာ ဤကမ္ဘာမှထာဝရ ဖျောက်ဖျက်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
“အချိန်ဖြုန်းမနေနဲ့။ သေလိုက်တော့”
ကံဆိုးစွာဖြင့် သူ မအောင်မြင်ခင် ဧရာမရွှေရောင်လက်ဝါးချက်နှင့်အတူ ဓားချက်တစ်ခုက အဝေးမှ သူ့ဆီ ကျရောက်လာ၏။
“ကျစ် အဲဒီနှစ်ယောက်ပဲ။ ငါ အားလုံးမှန်မှန်ကန်ကန် လုပ်ခဲ့ရဲ့သားနဲ့။ သူတို့က ဘယ်လိုလုပ် ရှာတွေ့သွားရတာလဲ။ ငါ့ကံကြမ္မာက မလွတ်မြောက်နိုင်ဘူးလား” သူ မပျောက်ကွယ်သွားခင် သူက ဝူဟုန်ကို အမုန်းတရား၊ မလိုလားမှုဖြင့် ကြည့်လိုက်သည်။
“ရှောင်ဝူဟုန် … ကမ္ဘာကြီးဆိုတာက ခါးသီးတဲ့ ဒုက္ခပင်လယ်ကြီးပဲ။ အဲဒါကြောင့် မင်းရဲ့ နှလုံးသားကို ပိတ်ဆို့ထားဖို့ ခွင့်မပြုနဲ့” ငယ်ရွယ်သော်လည်း ဘိက္ခူနီဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးက ပြောလိုက်သည်။ သူမကို ဤအတွေ့အကြုံ ကျော်ဖြတ်ဖို့ တမင်နေရာပေးထားခဲ့၏။
……………………………………………………
ဝူဟုန်က မျက်ရည်ကို သုတ်လိုက်သည်။
“အဆင်ပြေရဲ့လား” ဝမ်ဝေ့က ထပ်မေးလိုက်၏။
“ကျွန်မ အဆင်ပြေပါတယ်။ နာကျင်မိတဲ့အရာကို မှတ်မိသွားလို့ပါ”
“ကိုယ့်ကို ပြောပြချင်လား”
“နောက်မှပေါ့” သူမက သူ့ထွေးပွေ့မှုထဲ ဝင်ရောက်လိုက်သည်။ သူမက အဝေးတစ်နေရာကို ငေးမောစွာ ကြည့်နေမိ၏။
ကံကောင်းတာက ဒီတစ်ခါတော့ ဒီနာကျင်မှုမျိုးကို ကျော်ဖြတ်စရာ မလိုတော့ဘူး…
***