← Chapters

ဂိုဏ်းရေးကိစ္စအဝဝ

Vol. 51 Ch. 706

ဂိုဏ်းရေးကိစ္စအဝဝ

Vol. 51 Ch. 706

ဝမ်ဝေ့ ဖြေရှင်းရမည့် နောက်ထပ် ကိစ္စကမူ ပင်လယ်နှင့် ပတ်သက်နေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ပင်လယ်ထဲရှိ အရင်းအမြစ်များကို ပွင့်လင်းမြင်သာ စတင်ယှဉ်ပြိုင်လာခဲ့ပြီး သူတို့ကို လိုက်လံအတုခိုးသည့် တခြားအင်အားစုများလည်း ရှိလာသည်။ သို့သော်လည်း ထိုအပြောင်းအလဲနှင့် ပတ်သက်ပြီး လူနှစ်မျိုးက မပျော်ရွှင်ကြပေ။ တစ်ခုက ပင်လယ်မျိုးနွယ် ဖြစ်ကာ သူတို့က သူတို့၏ ပိုင်နက်အတွင်း မည်သူ့ကိုမှ မရှိလိုကြပေ။

ဒုတိယအမျိုးအစားကမူ လေလွင့်ကျင့်ကြံသူများ ဖြစ်၏။ ပင်လယ်အောက်ခြေကား အဓိကဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများက မထိန်းချုပ်ကြသည့် နေရာများထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ထိုနေရာက အဆင့်မြင့် လေလွင့်ကျင့်ကြံသူများအတွက် ယှဉ်ပြိုင်ပြီး အရင်းအမြစ် စုဆောင်းသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ လက်တံက ပင်လယ်အထိ ရောက်ရှိလာပြီဖြစ်ကာ သူတို့၏ ပိုင်နက်များကိုပါ ကျူးကျော်စွက်ဖက်လာသည်။

လေလွင့်ကျင့်ကြံသူ မဟာမိတ်က သူတို့၏ အပြုအမူများကို ပြစ်တင်ရှုံ့ချသည့် စာကို ပို့ခဲ့ပြီး ဤသို့လုပ်ဆောင်ခြင်းကို တားဆီးဖို့ ကြိုးစားနေသည်။ ဝမ်ဝေ့အနေနှင့် သူတို့သည် ပင်လယ်မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ကာ တခြားသော အင်အားစုများအား ပင်လယ်အောက် ရှာဖွေခြင်းကို တားဆီးဖို့ ကြိုးစားနေမည်မှန်း မှန်းဆမိလိုက်၏။

ပင်လယ်က အရင်းအမြစ်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ အဓိကက ရေဓာတ်နဲ့ ယင်ဓာတ်ပဲ ရှိတယ်ဆိုပေမဲ့ အာရုံစိုက်ဖို့ သင့်တော်တဲ့ နေရာတစ်ခုဖြစ်နေတုန်းပဲ…

ဝမ်ဝေ့က ဂိုဏ်းထံ ပင်လယ်အကြောင်း စူးစမ်းရှာဖွေရန် အလေးထား အားစိုက်ထုတ်ဖို့ ညွှန်ကြားလိုက်သည်။ သူက ပင်လယ်အောက်ထဲ အမည်မသိ လျှို့ဝှက်ချက်မျိုး ရှိနေခဲ့လျှင် သိစေဖို့ မသေမျိုးကျင့်ကြံသူအဖွဲ့ကိုပင် စေလွှတ်ဖို့ ပြင်ဆင်ထား၏။

ပင်လယ်အောက်မှာရှိနေတဲ့ သက်တမ်းရင့် အရာနဲ့ ပတ်သက်နေတဲ့ အရာတွေရှိမလားဆိုတာကို သိဖို့လိုတယ်…

ဝမ်ဝေ့က ယီလျန်ချန်းသည် ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် ယုတ္တိမရှိသော တွေ့ဆုံမှုတစ်ခု ဖြစ်နေမှန်း အမှတ်ရလိုက်သည်။

ငါ ဆန့်ကျင်ကျင့်ကြံသူကို စေလွှတ်လိုက်ရမလား။ ဒါမှမဟုတ် ဓားအရှင်ကိုပဲ အခြေအနေကို စောင့်ကြည့်ပြီး ကြီးကြပ်ဖို့ အကူအညီတောင်းလိုက်ရမလား။ ဒါပေမဲ့ ဒါက အန္တရာယ်များလွန်းတယ်။ သူမက ဂိုဏ်းရဲ့ အုတ်မြစ်ဆိုတော့ ဘာမှဖြစ်လို့ မဖြစ်ဘူး။

ဓားအရှင်က ယခု ထာဝရအရှင် စွမ်းအားရှိနေပြီဖြစ်သော်လည်း ပင်လယ်အောက်ထဲ စူးစမ်းရှာဖွေမှုက သက်တမ်းရင့် နတ်ဘုရားများနှင့် ကတ်သုလူ ပါဝင်နေနိုင်သည်။ ဝမ်ဝေ့က ထိုသတ္တဝါသည် မည်မျှအားကောင်းမှန်း အတိအကျ မသိသော်လည်း စံပြများပင် မဖြေရှင်းနိုင်သည့်အရာဟု သူ့အလိုလိုသိစိတ်မှ ပြောပြနေလေ၏။

ထိုအရာ၏ အင်အားကြောင့် သာမကဘဲ သိပ္ပံနှင့် နည်းပညာကဲ့သို့ တူညီပြီး ကွဲပြားသည့်အရာတစ်ခုအပေါ် မူတည်၍ တားမြစ်ချက် ဖြစ်နေနိုင်ချေလည်း ရှိ၏။

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ရှေ့တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။ သူက အကြီးအကဲများ နားထောင်ခြင်းမှ ကာကွယ်ဖို့ ပိုင်းခြားလိုက်သည်။

“ရှင်ပဲ တစ်နှစ်လောက် စကားမပြောဘူးဆို”

“အဲ့လိုလုပ်မှာပါ။ ဒါပေမဲ့ အခု အချိန်ပြီးတော့မှ”

“ရှင့်ကို ယုံတယ်။ ဒီတစ်ခေါက် ဘာကိစ္စလဲ” ဝူဟုန်က မေးလိုက်၏။

“မင်းကို တားမြစ်ချက်ထဲက တစ်ခုဖြစ်တဲ့ ကတ်သုလူအကြောင်းကို သိလားလို့ မေးဖို့ မေ့သွားလို့”

“သက်တမ်းရင့် နတ်ဘုရားလား”

“ဟုတ်တယ်” ဝမ်ဝေ့က သူနှင့် ယီလျန်ချန်းကြားတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။ မနေ့က သူသည် မိစ္ဆာမျိုးနွယ်အပေါ် အာရုံစိုက်လွန်းနေ၍ မိစ္ဆာမျိုးနွယ်နှင့် နယ်ခြားကမ္ဘာအသိုက်အဝန်းမှ ကျူးကျော်သူများကိုသာ အာရုံစိုက်နေခဲ့မိသည်။

“ရှင်က တကယ့်ကို ပြဿနာ သံလိုက်ပဲ” ဝူဟုန်က မှတ်ချက်ပေးလိုက်၏။

သူမက မှတ်ဉာဏ်များကို ပြန်လည်တူးဆွခဲ့သည်။ သူမအနေဖြင့် သက်တမ်းရင့် နတ်ဘုရားကို သိနေသည်မှာ ဝမ်ဝေ့က ကမ္ဘာမြေမှ ဒဏ္ဍာရီလာ အကြောင်းအရာများကို ပြောပြခဲ့ဖူး၍ ဖြစ်သည်။ တားမြစ်ချက်အတွက်မူ သူမက တစ်ခုနှင့်သာ ကြုံတွေ့ခဲ့ဖူး၏။

“ကျွန်မက ယီလျန်ချန်းလိုမျိုး တူညီတဲ့ အငွေ့အသက်မျိုး ရှိတဲ့ မိစ္ဆာနတ်ဘုရားနဲ့ တွေ့ဖူးတယ်။ ကြည့်ရတာ နောက်ထပ် နောက်လိုက်ဖြစ်ပုံပဲ။ သူနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ သူ့ကို သတ်လို့ မရဘူး။ အဲဒါကြောင့် သူ့ကို စည်းပိတ်ခဲ့တယ်။ အဲဒါအပြင် အဲဒီတားမြစ်ချက်နဲ့ ပတ်သက်ပြီး ဘာမှမသိရဘူး” ဝူဟုန်က ပြောပြလိုက်၏။

သူမသည် အင်အားရှိကာ အတွေ့အကြုံ ကြွယ်ဝသော်လည်း တားမြစ်ချက် ၁၃ ခုလုံးကို မသိနိုင်ပေ။ ဟွင်သွမ်းစကြဝဠာကြီးက နားလည်ဖို့ရာ ကျယ်ပြန့်လွန်းလှ၏။ စံပြများနှင့် မိစ္ဆာနတ်ဘုရားများကပင် မိုးမြေ၏ အုပ်ချုပ်သူဟု သတ်မှတ်ခံထားရသော်လည်း အပေါ်ယံမျှသာ ဖြစ်သည်။ စကြဝဠာကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်၊ အမည်မသိနှင့် တားမြစ်အရာများစွာ ရှိနေသည်။

ဝမ်ဝေ့က သဘောတူစွာ ခေါင်းညိတ်လိုက်၏။ သူက ယီလျန်ချန်းကို သတ်နိုင်၍ သက်တမ်းရင့် နတ်ဘုရား၏ တခြားနောက်လိုက်များကိုပင် သတ်နိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်မှန်း သိထားသည်။ သူတို့၏ ကျင့်ကြံဆင့်က မြင့်မားလေလေ သူတို့က ပိုမိုအန္တရာယ်များကာ ကြောက်ဖို့ ပိုကောင်းနိုင်သည်။

“ကောင်းပြီ။ ကျေးဇူးပါ။ အခုကစပြီး မင်းနဲ့ စကားမပြောတော့ဘူး”

“အင်း … ဟုတ်ပြီ ”

ဝမ်ဝေ့က ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် ထိုပင်လယ်စူးစမ်းရှာဖွေရေးနှင့် ပတ်သက်ပြီး မည်သို့ဖြေရှင်းရမည်ကို စဉ်းစားလိုက်၏။ သူက မိနစ်ပိုင်းကြာ မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် သူ တွေ့ဆုံခဲ့ဖူးသည့် ကြေးစားအဖွဲ့ကို ရုတ်ချည်း အမှတ်ရသွားသည်။

ကောင်းပြီ။ ငါက ဒီကိစ္စကို စောင့်ကြပ်ပေးမဲ့ လေလွင့်ကျင့်ကြံသူ ကြေးစားအဖွဲ့ကို ငှားနိုင်တာပဲ…

ဆန့်ကျင်လေလွင့်ကျင့်ကြံသူများက ရှားပါးသော်လည်း သူတို့က တည်ရှိနေဆဲ ဖြစ်သည်။ တချို့က တန်ဖိုးကြီးကြီးမားမား တောင်းဆိုပြီး မည်သည့်အရာကိုမဆို စွန့်စားဖို့ အသင့်ဖြစ်နေကြသည်။

သူတို့က မည်မျှတောင်းဆိုစေကာမူ နှစ်သန်းပေါင်းများစွာ ကြာရှည်ကြာ ချမ်းသာလာသည့် မျိုးနွယ်တစ်ခုအတွက် ဘာမှမပြောပလောက်ပေ။

ဝမ်ဝေ့က ထိုဖြေရှင်းနည်းနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ ထို့ကြောင့် သူက တစ်စုံတစ်ယောက်အား ဆောင်ရွက်ဖို့ တာဝန်ချမှတ်ပေးလိုက်၏။

ထို့နောက် သူက ပြန်လည်သုံးသပ်လိုက်သည်။ သူက ဂိုဏ်းနှင့် မူလဆေးလုံး တာအိုဂိုဏ်းတို့၏ မဟာမိတ်အကြောင်းကို ဖတ်ရှုလိုက်သည်။

ထိုဂိုဏ်းဆီ ကျူးကျော်ပြီးနောက် သိပ်မကြာခင် သူက လော့ချန်အား ဂိုဏ်းနှင့် မဟာမိတ် ပြုနိုင်ကြောင်း ပြောခဲ့သည်။ ထိုအရာက အချိန်ယူခဲ့သော်လည်း မဟာမိတ်က ဖြစ်တည်လာ၏။ နှစ်ဖက်လုံးက သိုသိုသိပ်သိပ် နေဖို့ သဘောတူကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက တခြားအင်အားစုများအား ဤမဟာမိတ်ဖြင့် သူတို့၏ လွှမ်းမိုးမှု တိုးမြင့်သွားသည်ကို မသိစေလိုပေ။ ထိုစဉ် ဂိုဏ်းချုပ်ယဲ့လောင်ကမူ ဖူချိုက်ယွင်ကို တိုက်ခိုက်ဖို့ ဂိုဏ်း၏ အင်အားကို အသုံးပြုလိုသည်။ သူက လော့ချန်အား နောက်တက်မည့် ဂိုဏ်းချုပ်အဖြစ် အောင်အောင်မြင်မြင် သတ်မှတ်နိုင်ခဲ့ပြီး ဖူချိုက်ယွင်အား ဘေးဖယ်ထုတ်နိုင်ခဲ့သည်။

လော့ချန်လား…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ ထိုသူက သူနှင့် မီးတောက်ဧကရာဇ်တို့၏ ဆက်ဆံရေးကြောင့် အမည်မသိအပြောင်းအလဲတစ်ခု ဖြစ်နေနိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်အား စောင့်ကြည့်ဖို့ မှာကြားထား၏။

မည်သို့ပင်ဆိုစေကာမူ လော့ချန်သည် မီးတောက်ဧကရာဇ် အမွေအနှစ်ကို ရရှိကတည်းက ဖူချိုက်ယွင်နှင့် ယန်းလီလင်းတို့ထက် ပိုကောင်းမွန်သည့် ဂုဏ်သတင်းမျိုး ရှိထားသော်လည်း ဂိုဏ်းအပြင် ထွက်ခဲကာ ဆေးလုံးဖော်စပ်ဖို့ရာသာ အာရုံစိုက်နေလေ့ရှိသည်။

အကယ်၍ သူသာ ဖူချိုက်ယွင်နှင့် တိုက်ခိုက်ဖို့အတွက် ထွက်ပေါ်လာရသည့်အခါမျိုး မရှိလျှင် ကံကြမ္မာကြီးထံ လော့ချန်၏ တည်ရှိမှုက ပိုမို မသည်းမကွဲ ဖြစ်နေလိမ့်မည်။

ကစားပွဲမှာ တချို့နယ်ရုပ်တွေနဲ့ လူတိုင်းရဲ့ လှုပ်ရှားမှုတိုင်းကို သိထားတယ်…

ဝမ်ဝေ့က လမင်းခုနစ်စင်း၊ မေတ္တယျနှင့် မပြီးမပြတ်အခြေအနေတွင် ရှိနေသည့်လူများအကြောင်းကို စဉ်းစားမိလိုက်သည်။ ထိုသူများထဲတွင် လူသားဧကရာဇ်လည်း အပါအဝင် ဖြစ်၏။

ဒါပေမဲ့ ငါက မီးတောက်ဧကရာဇ်နဲ့ ပတ်သက်ပြီး ဘာမှမသိပါ့လား….

သူက လမင်းခုနစ်စင်းကို ရင်ဆိုင်ချင်တာလား ဒါမှမဟုတ် တစ်စုံတစ်ခုကို ကြံစည်နေတာလား…

သူ သိထားသလောက် လော့ချန်က မီးတောက်ဧကရာဇ်၏ နယ်ရုပ်ဖြစ်သော်လည်း သူက ဘာလုပ်ချင်နေမှန်း မသိရသေးပေ။

အဲဒါဆိုတော့ လော့ချန်က နောက်ဆုံးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲမဲ့ အရိပ်အယောင်တော့ မရှိဘူးပဲ။ မီးတောက်ဧကရာဇ်က မဟာဧကရာဇ် ဖြစ်လာချင်တာ မဟုတ်တာများလား ဒါမှမဟုတ် တာအိုကို သက်သေပြဖို့ နောက်ထပ် နည်းလမ်းတစ်ခုရှိနေတာများလား…

ဝမ်ဝေ့က မိနစ်ပိုင်းကြာ စဉ်းစားလိုက်သည်။ အကယ်၍ မီးတောက်ဧကရာဇ်တွင် နောက်ထပ် ရည်မှန်းချက်ရှိနေပါက ယခုဘာမှစဉ်းစား၍ မရသေးပေ။ သို့သော်လည်း ထိုသူတွင် တာအိုသက်သေပြမည့် နောက်ထပ် နည်းလမ်းရှိနေပါက ဆေးလုံးဖော်စပ်ခြင်းနှင့် သက်ဆိုင်နေလိမ့်မည်။ ထို့ကြောင့် သူက တချို့သော အတွေးနှင့် ခန့်မှန်းချက်များကို ချရေးကာ ဝမ်ကျူနှင့် ကံကြမ္မာအရိပ်တပ်ဖွဲ့၏ ဌာနချုပ်ဆီ ပို့ဆောင်ခဲ့သည်။

ဝမ်ဝေ့က နောက်ထပ် ပြဿနာတစ်ခုကို ထပ်မံ အဖြေထုတ်လိုက်သည်။ ဤသည်က နောက်ထပ် မဟာမိတ်တစ်ခုဖြစ်သော်လည်း မူလသင်္ကေတနန်းဆောင်နှင့် ပတ်သက်နေသည်။

ဝူမင်က ဘာတွေလုပ်နေပါလိမ့်…

သူက ဝူမင်ကို စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုတွင် တွေ့ဆုံခဲ့ပြီး သူ့ဘိုးဘေး၏ အမွေအနှစ်ကို ရှာတွေ့ခဲ့သည်။ သူ့ဘိုးဘေးက ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် ပါရမီထူးကဲသည့် အစီအရင်ဆရာ တစ်ယောက် ဖြစ်၏။ သူ့ဘိုးဘေးက မူလသင်္ကေတနန်းဆောင်အပေါ် ပြင်းထန်သည့် အမုန်းတရားများ ရှိနေသော်လည်း ဝူမင်ကမူ ထိုနန်းဆောင်သို့ ဝင်ရောက်ကာ သူတို့၏ နန်းဆောင်သခင် ဖြစ်လာခဲ့သည်။ ယခု သူက မဟာမိတ်အတွက် တောင်းဆိုနေ၏။

ဒီလိုအားနည်းတဲ့ ပိန်ပါးပါး ကောင်လေးက ရှေးဟောင်းဧကရာ ဇ်မျိုးနွယ်ရဲ့ အုပ်ချုပ်သူဖြစ်လာတယ်ဆိုတာကို မယုံနိုင်သေးဘူး…

ဒီလူက မရိုးရှင်းဘူးပဲ…

ဝမ်ဝေ့က ထိုသူအား ဒီလိုသုံးသပ်သည်မှာ နန်းဆောင်ရှိ မည်သူကမှ သူနှင့် သူ့ဘိုးဘေးကြားမှ ဆက်နွယ်မှုကို ရှာမတွေ့ခဲ့၍ ဖြစ်သည်။ ဧကရာဇ်ဟိုင်ယွမ်က ဝူမင့်ဘိုးဘေးများ၏ သက်သေအားလုံးကို ဖယ်ရှားပစ်ခဲ့နိုင်ချေလည်း ရှိ၏။ ထို့ကြောင့် မူလသင်္ကေတနန်းဆောင်က အစကတည်းက သူ့အပေါ် အမုန်းတရားမရှိခြင်း ဖြစ်သည်။ သူ လုပ်ခဲ့သည့်အရာက အလွန်ရှက်ဖို့ကောင်း၏။ သူ့အဆင့်အတန်းဖြင့် သူက မည်သူ့ကိုမှ မသိစေလိုပေ။

ငါက သူ့ရည်ရွယ်ချက်ကို အကြမ်းဖျင်းမှန်းဆမိပေမဲ့ စောင့်ကြည့်ကြတာပေါ့…

ဝမ်ဝေ့က ယခုကစ၍ လျှို့ဝှက်မဟာမိတ်အားလုံးကို သဘောတူထားပြီး ကိစ္စများ မည်သို့ဖြစ်တည်လာမည်ကို စောင့်ကြည့်ဖို့ စီစဉ်ထားသည်။ သူက မူလသင်္ကေတနန်းဆောင်ဆီ သူလျှိုများ ထည့်သွင်းကာ ထိုသူ့အား စောင့်ကြည့်ခိုင်းပြီး သတင်းအချက်အလက် ပို့ခိုင်းထားသည်။

နောက်ဆုံးတွင် ဂိုဏ်း၏ အတွင်းရေးကိစ္စများနှင့် ဖြေရှင်းရမည်။ ကိစ္စအများစုက အဆင်ပြေချောမွေ့နေ၏။ တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့သော အချိန်ကြာစွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုအတွက် သူ့ကိုယ်ပိုင်လုပ်ဆောင်သည့် နည်းစနစ်မျိုး ရှိလေသည်။ ဂိုဏ်းချုပ်အနေဖြင့် သူ့အလုပ်က ထိုစနစ်တွင် ကြီးကြီးမားမား ပြဿနာ မရှိစေဖို့ရာသာ ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်း၏ အရင်းအမြစ်များ ခွဲဝေခြင်း၊ တပည့်များ လက်ခံခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် အကြီးအကဲများ၏ အတွင်းရေး၊ အပြင်ရေးတာဝန်များနှင့် ပတ်သက်ပြီး အရာအားလုံး အဆင်ပြေနေသည်။

သူ့အာရုံကို ဖမ်းစားသွားသည့် တစ်ခုတည်းသော ပြဿနာက ဂိုဏ်းအမှုထမ်းဘက်မှ လူတချို့သည် အခြေအနေကို လက်ခံဖို့ ငြင်းဆန်နေပြီး ပါရမီရှိသည့်လူတချို့ကို လက်ခံပြီးသည့်နောက်တွင် ဂနာမငြိမ် ဖြစ်နေကြ၏။

သို့သော်လည်း ဝမ်ဝေ့က ဂိုဏ်းအမှုထမ်းဘက်၏ ခေါင်းဆောင်များသည် ထိုလူများနှင့် ပတ်သက်ပြီး သွက်သွက်လက်လက် ဖြေရှင်းခဲ့သည့်အတွက် သူ့အနေနှင့် ဘာမှလုပ်စရာ မလိုအပ်ပေ။

ထို့ကြောင့် အရာအားလုံးက အေးဆေးနေလေသည်။

***

All Chapters