ကျင်းမုန့်ယောင်၏ လမ်းစဉ်
Vol. 51 Ch. 708
ဝမ်ဝေ့က ဂိုဏ်းချုပ်ခန်းမအတွင်း ဝင်ရောက်လာသည့် လူငယ်လေးကို ကြည့်လိုက်သည်။ လူငယ်လေးက အနည်းဆုံးတော့ အပေါ်ယံတွင် ကြည့်ပျော်ရှုပျော် ဖြစ်နေလေ၏။ သူ့အဝတ်အစားနှင့် ဆံပင်များက သေသေချာချာ သပ်သပ်ရပ်ရပ် ဖြစ်နေသော်လည်း သူ့တွင် သွေးဆာသည့် အကြည့်မျိုးရှိနေသည်။
သူ့ခန္ဓာကိုယ်မှ စိတ်ပျက်ကာ စိတ်ဓာတ်ကျသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူက ထိုအရာကို ဖုံးကွယ်ဖို့ ကြိုးစားနေဟန်ပေါ်၏။
လှံကျိုးတစ်ချောင်းလိုပဲ…
ဝမ်ဝေ့က သူ့ရှေ့မှ လူငယ်ကို ကြည့်ရင်း တွေးလိုက်သည်။ ယခင် ကျင်းမုန့်ယောင်က မိုးမြေကြားရှိ အရာအားလုံးကို ထိုးဖောက်ရဲသည့် လှံတစ်ချောင်းလိုမျိုး ဖြစ်လျှင် လက်ရှိ သူက သံချေးတက်ကာ ကျိုးနေသည့် လှံတစ်ချောင်းသာ ဖြစ်လိမ့်မည်။
သူ့မူလအဆီအနှစ်က ဆက်တိုက် အတက်အကျတွေ ဖြစ်နေတယ်ဆိုတော့ ထိန်းချုပ်မှု ပျောက်ဆုံးနေတာကို ပြသနေတာပဲ။ သူ့ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားနဲ့ သွေးအဆီအနှစ်တွေကလည်း ဆက်တိုက်ထွက်ပေါ်နေတယ်။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ဝင်ရောက်ထားတာကို မေ့ထားလိုက်ဦး။ သူ့သက်တမ်းက အတော်လေးကို လျော့ကျသွားတာပဲ…
သူက ထိုကောင်လေး၏ တာအိုနှလုံးသားသည် ဤမျှဆိုးဆိုးရွားရွားအခြေအနေ ရောက်ရှိလိမ့်မည်ဟု ထင်မထားသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့က အကြီးအကဲများကို ကြည့်လိုက်စဉ် လူတော်တော်များများက ခေါင်းငုံ့ထားကြ၏။ သူတို့က ကျင်းမုန့်ယောင်၏ မောက်မာမှုကို လျှော့ချဖို့ ကြိုးစားခဲ့သော်လည်း ဂိုဏ်း၏ ပါရမီရှင်တစ်ယောက်ကို ပျက်စီးစေခဲ့သည်။
ဂိုဏ်းအမှုထမ်းဘက်က ချိုက်စုန့်နှင့် ကျင်းမုန့်ယောင်လိုမျိုး ဧကရာဇ်အလားအလာရှိသည့် ပါရမီရှင်နှစ်ယောက် ရှိနေသည့်အတွက် ပျော်ရွှင်နေကြပြီး တခြားမိသားစုများအား သူတို့၏ လေ့ကျင့်ရေးတွင် ဝင်ရောက်မစွက်ဖက်ဖို့ တောင်းဆိုခဲ့သည်။ သို့သော်လည်း သူတို့က သူ့အား ပျက်စီးစေခဲ့၏။
ဝမ်ဝေ့က သူတို့၏ ချဉ်းကပ်မှုကို နားလည်နိုင်သည့်အတွက် အပြစ်မတင်နိုင်ပေ။ သူတို့က ဤမျိုးဆက်တွင် တာအိုကို သက်သေပြလိုသည့် ကျင်းမုန့်ယောင်၏ ရည်ရွယ်ချက်ကြောင့် အင်အားစုနှစ်ခုကြားမှ ဆက်ဆံရေးကောင်းကို ပျက်စီးသွားစေမည်ကို သဘောမကျကြပေ။ ဝမ်ဝေ့၏ မကောင်းဆိုးဝါးလိုမျိုး ပါရမီရှင်တစ်ယောက်အတွက် ကျင်းမုန့်ယောင်တွင် အခွင့်အရေး မရှိကြောင်း သိထားလေသည်။
ချိုက်စုန့်ကမူ ဂိုဏ်းအမှုထမ်းဘက်မှ ဖြစ်နေသော်လည်း ရုပ်သေးရုပ်အဖွဲ့ကြောင့် သူ့ဝမ်မျိုးနွယ်နှင့် အလွန်နီးကပ်သည့်အတွက် အကူအညီမဖြစ်ခဲ့ပေ။ ကံဆိုးစွာဖြင့် သူတို့က ထိုသူ၏ မောက်မာမှုကို ချိုးနှိမ်ပစ်ဖို့ ကြိုးစားခဲ့ကြပြီး သူ့ကို ကူညီမည့်အစား ဖျက်ဆီးပစ်ခဲ့ကြသည်။
အခု ငါက သူတို့ရဲ့ အရှုပ်တွေကို ရှင်းရတော့မယ်…
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်၏။
ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းချုပ်အနေနဲ့ သူ့အလုပ်ပဲလေ…
“ကျင်းမုန့်ယောင်က ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်” သူက အသေအချာ ဦးညွှတ်လိုက်၏။ သူက တည်ငြိမ်ဖို့ ကြိုးစားနေသော်လည်း ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ တုန်ယင်နေမှုနှင့် အသံမှ စိတ်ပျက်နေမှုကို ဖမ်းယူမိလိုက်သည်။
ဝမ်ဝေ့က သူ့အား ခေါင်းညိတ်ကာ မေးလိုက်၏ “ဘာလို့ခေါ်လိုက်တာလဲဆိုတာ သိလား”
“တပည့် မသိပါဘူး”
ကျင်းမုန့်ယောင်က သူ့ခန္ဓာကိုယ် တုန်ယင်နေမှုအား မဖုံးကွယ်နိုင်ဘဲ စိတ်ခံစားချက်များကို ထိန်းချုပ်ဖို့ လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်သည်။
“ငါ့ရဲ့ သာလွန်မှုကို ပြဖို့ မင်းကို ခေါ်လိုက်တယ်လို့ ထင်နေတာလား။”
ကျင်းမုန့်ယောင်က ပြန်မဖြေပေ။ သူ့တစ်စိတ်တစ်ပိုင်းကမူ ထိုအရာက အမှန်ဖြစ်ကြောင်း ပြောနေစဉ် တခြားတစ်စိတ်တစ်ပိုင်းကမူ သူ့ရှေ့ရှိလူသည် သူနှင့် အဆင့်အကွာကြီး ဖြစ်ကာ ထိုသို့ကိစ္စမျိုး လုပ်ဖို့ မလိုအပ်ပေ။ ထို့ကြောင့် သူက စိတ်ရှုပ်ထွေးနေပြီး ခေါင်းငုံ့ထားပြီး မဖြေဖို့သာ ရွေးချယ်လိုက်၏။
“ဒါက လက်ရှိအနေအထားကို ဖြစ်လာစေခဲ့တဲ့ စိတ်သဘောထားပဲ။ မင်းက ဂိုဏ်းရဲ့ ပါရမီရှင်တပည့်လေ။ မင်းရဲ့ အောင်မြင်မှုနဲ့ ဂုဏ်ကျက်သရေက ငါ့ရဲ့ အောင်မြင်မှုနဲ့ ဂုဏ်ကျက်သရေ ဖြစ်လာမှာပဲ။ နားလည်ရဲ့လား”
“ဟုတ် … ဟုတ်ကဲ့”
ဝမ်ဝေ့က ထိုစကားများသည် သူ့ကို ဖျောင်းဖျဖို့ သို့မဟုတ် သူ့လက်ရှိအခြေအနေကို ဖြေရှင်းဖို့ မလုံလောက်ကြောင်း သိလေသည်။ သို့သော် သူက အတွေးတစ်ခုရှိကာ အရင်ဆုံး စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“ ဒါကို ကြည့်လိုက်” သူက ပြောလိုက်စဉ် စိတ်ရှုပ်ထွေးနေသည့် ကျင်းမုန့်ယောင်က သူ့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို ကြည့်လိုက်ရ၏။ ထိုအရာက ဂိုဏ်းချုပ်၏ တိုက်ပွဲတစ်ခု ဖြစ်သည်။
“မဖြစ်နိုင်ဘူး” ကျင်းမုန့်ယောင်က တိုက်ပွဲကို ကြည့်နေရင်း မတော်တဆ အော်မိသွားသည် “ဒါက အမှန်မဖြစ်နိုင်ဘူး”
သူက ထိုစကားများကို အော်ပြောလုမတတ် ဖြစ်နေသည်။
“အမှန်ပဲ။ ဒါက ငါ မင်းရဲ့ လက်ရှိအဆင့်လိုမျိုး ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို ဝင်ရောက်ပြီးတဲ့နောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စပဲ” ဝမ်ဝေ့က တည်ငြိမ်စွာပြောလိုက်၏။
ကျင်းမုန့်ယောင်က သူ မြင်နေရသည့်အရာကို မယုံနိုင်ပေ။ သူ့အနေဖြင့် လူသားနားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် မကောင်းဆိုးဝါးဟု ထင်ထားခဲ့သည့် လူ၊ သူ့အိပ်မက်ထဲတွင် အမဲလိုက်ခဲ့သည့်လူ၊ သူ့ပါရမီ၊ ထိုက်တန်မှုနှင့် အနာဂတ်အကြောင်း မေးခွန်းထုတ်အောင် လုပ်ခဲ့သည့်သူက တခြားတစ်ယောက်ထံ ဆိုးဆိုးရွားရွား ရှုံးနိမ့်နေလေသည်။ ရှုံးနိမ့်ခြင်းထက် ပို၏။ သူက တိုက်ပွဲအတွင်း တစ်ဖက်သတ် ရိုက်နှက်ခံရခြင်းသာ ဖြစ်သည်။
“မဟုတ်ဘူး။ ဒါက အမှန် မဖြစ်နိုင်ဘူး”
“အမှန်ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်၏ “ဒါက ငါ့ဘဝမှာ ငါကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော ရှုံးနိမ့််ခဲ့တဲ့ တိုက်ပွဲပဲ။ ငါက အဲဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။”
ကျင်းမုန့်ယောင်က တိုက်ပွဲကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။ ဂိုဏ်းချုပ်၏ ရှုံးနိမ့်မှုက တိုက်ပွဲမျှော်စင်ထဲ သူ ရှုံးနိမ့်ရသည်ထက် ပို၍ ဆိုးရွားပေသည်။
ဂိုဏ်းချုပ်က ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ ပိုမိုကြောက်ဖို့ကောင်းလာကာ သူ တိုက်ခိုက်ခဲ့သည့် ကမ္ဘာဦးစိတ်ဝိညာဉ်ပုံစံနှင့်ပင် ယှဉ်၍ မရကြောင်း သိထားသည်။ ထိုသို့ဆိုလျှင်ပင် တိုက်ပွဲက ဤမျှတစ်ဖက်သတ် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“ဒီရှုံးနိမ့်မှုအပြီးမှာ ငါ ဘာလုပ်ခဲ့လဲသိလား။ ငါ့ကိုယ်ငါ သနားပြီးတော့ ကမ္ဘာကြီးက မမျှတဘူးဆိုပြီးတော့ပဲ ကောင်းကင်ကို ကျိန်ဆဲနေတယ်လို့ ထင်လား။ ငါ့ဆီမှာ ပိုမိုကောင်းမွန်တဲ့ ပါရမီ မရှိဘူးဆိုပြီးတော့ ကျိန်ဆဲနေမယ်လို့ ထင်လား။ ငါက လက်လျှော့ပြီး ကံကြမ္မာကို လက်ခံလိုက်မယ်ပဲ ထင်လား”
ကျင်းမုန့်ယောင်က ခေါင်းငုံ့ထားပြီး ရေရွတ်လိုက်သည် “ဂိုဏ်းချုပ် အဲဒါက မတူဘူးလေ”
“ဘာတွေကွဲလို့လဲ”
“ဂိုဏ်းချုပ်က တစ်ဖက်လူကို အနိုင်မပိုင်းခင် အချိန်တစ်ခု ကျင့်ကြံပြီးရင် ပျောက်ဆုံးခဲ့တဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်မှာပဲ။ ကျွန်တော့်အတွက်ကတော့ အခွင့်အရေး မရှိဘူး”
“မင်း မှားနေပြီ” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါက လတ်တလောလေးက အဲဒီလူနဲ့ ပြန်တွေ့ဆုံခဲ့တယ်။ ငါ့ရဲ့ တွက်ဆထားမှုအရ သူ့ကို အနိုင်ပိုင်းနိုင်ဖို့ အခွင့်အရေး ၃၀ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်။”
ကျင်းမုန့်ယောင်က ဂိုဏ်းချုပ်သည် အမှန်ပြောနေတာလားဟု ဆုံးဖြတ်ဖို့ စိုက်ကြည့်လိုက်သည်။ သူက မယုံနိုင်ပေ။ ပြောရလျှင် သူက ယုံဖို့ ငြင်းဆန်နေလေ၏။
“အမှန်ပဲ” ဝမ်ဝေ့က ထိုင်ခုံပေါ်တွင် ပိုမိုသက်တောင့်သက်သာဖြစ်စွာထိုင်လိုက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“၃၀ရာခိုင်နှုန်းက သိပ်မများဘူးဆိုပေမဲ့ အရင်က ငါက အနိုင်ရနိုင်ချေ သုညပဲ ရှိခဲ့တာ။ အဲဒီလူက ငါ့ရဲ့ မျှော်လင့်ချက်အားလုံးကို ဖိနှိပ်ထားပြီး မကျော်လွှားနိုင်တဲ့ တောင်တစ်လုံးလိုပဲ။ ဒီတောင်ကို တစ်လှမ်းပြီး တစ်လှမ်းတက်ပြီးတော့ ၃၀ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တာပဲ။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကျရင် ငါက အဲဒီတောင်ကို ကျော်လွှားနိုင်ရမယ်”
သူက ထိုစကားများကို ပြောလိုက်စဉ် သူ့ခန္ဓာကိုယ်မှ ကြီးကျယ်မြင့်မြတ်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်လာသည်။ ထိုအရာက တစ်စုံတစ်ယောက်ကို ဖိနှိပ်ထားဖို့ မဟုတ်ဘဲ မယိမ်းယိုင်သည့် တာအိုနှလုံးသားကို အခန်းထဲရှိ လူအားလုံးထံ ပြသလိုက်ခြင်း ဖြစ်၏။
“ကျရှုံးမှုဆိုတာက သင်ယူဖို့ အခွင့်အရေးကလွဲပြီး ဘာမှ မဟုတ်ဘူး။ မင်းက တာအိုနှလုံးသား မျှော်နန်းဆောင်ကနေ ဒီသင်ခန်းစာကို သင်ယူခဲ့သင့်တယ်”
ကျင်းမုန့်ယောင်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားကာ ကျင့်ကြံရေးခရီးလမ်းမှ စတင်ပြီး ကြုံတွေ့ခဲ့သမျှအရာအားလုံးကို စတင်စဉ်းစားလာသည်။ တာအိုအခွင့်အလမ်းဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် မျှော်နန်းဆောင်မှတဆင့် သူ့တာအိုနှလုံးသားကို လေ့ကျင့်ပေးခဲ့၏။
သို့သော်လည်း ဝမ်ဝေ့၏ မှတ်တမ်းကို မချိုးဖောက်နိုင်ကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် သူ့ယှဉ်ပြိုင်လိုသည့် သဘာဝက လွှမ်းမိုးသွားခဲ့သည်။ ထို့ကြောင့် သူက မျှော်နန်းဆောင်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ယုံကြည်ပြီး ဂိုဏ်း၏ အထက်ပိုင်းက ဝမ်ဝေ့၏ ကောင်းကင်ရွေးချယ်ခံအဆင့်အတန်းကို ထိန်းသိမ်းထားဖို့ တမင် အကြံအဖန် စီစဉ်ထားခဲ့သည်ဟု တွက်ဆထားခဲ့သည်။
ကျင်းမုန့်ယောင်က ကျင့်ကြံရေးတွင် အာရုံစိုက်ထားပြီး သူ့ပါရမီကို ပြသဖို့ အသုံးပြုခဲ့သည်။ သို့သော်လည်း သူမည်မျှကြိုးစားစေကာမူ ထပ်ခါထပ်ခါ ရှုံးနိမ့်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ အကြံအဖန် လုပ်ထားသည်ဟု အယုံမသွင်းနိုင်တော့ပေ။
“ဂိုဏ်းချုပ် ကျွန်တော် တစ်ခုမေးချင်တယ်။ အမှန်အတိုင်း ဖြေပေးပါ”
“မေးလေ”
“ကျွန်တော် ဂိုဏ်းချုပ် ချမှတ်ထားတဲ့တောင်ကို ကျော်လွှားနိုင်ပါ့မလား”
ဝမ်ဝေ့က ခေတ္တမျှရပ်တန့်သွားပြီးနောက် “ငါက အရိုးသားဆုံးပဲ ပြောမယ်။ အဆုံးမဲ့လေဟာနယ်တစ်လျှောက်မှာ ဒိုင်မေးရှင်းအနိမ့် စတင်ဖန်တီးစဉ်ကတည်းက ငါနဲ့ အဆင့်တူတာ လူငါးဆယ်အောက်ပဲ ရှိလိမ့်မယ်”
ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူ့အသိစိတ်ပင်လယ်ထဲ အလင်းတန်းတစ်ခု ပို့ဆောင်လိုက်သည်။ ကျင်းမုန့်ယောင်၏ မျက်ဝန်းအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာလေ၏။ သူက သူ့စိတ်ထဲ ဝင်ရောက်လာသည့် နဝမအဆုံးစွန်အုတ်မြစ်အကြောင်း သိထားလေသည်။
“မင်းလည်း ခက်ခဲမှုကို နားလည်တယ်မလား”
“ကျွန်တော် နားလည်ပါတယ်”
“ ငါက ငါ့ဘိုးဘေးတွေထက် ပိုကောင်းမွန်အောင် ကြိုးစားနေတာကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်တော့ ငါ့စွမ်းဆောင်ရည်ရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူး။ အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့တော့ မပြောပေမဲ့ လွယ်ကူမှာတော့ မဟုတ်ဘူး”
ကျင်းမုန့်ယောင်ကို ဝမ်းနည်းကာ စိတ်ဓာတ်ကျသည့် အငွေ့အသက်မျိုး လွှမ်းခြုံသွားသည့်အတွက် အကြီးအကဲတချို့က စိုးရိမ်လာကြသည်။
“အဲဒါဆိုရင် ကျွန်တော်က ဘာလုပ်ရမလဲ”
သူက စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေသည့်အတွက် အသံက အက်ရှရှ ဖြစ်လာသည်။
“ မင်းဆီမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ ဒီတောင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြည်းဖြည်းချင်း တက်မှာလား။ ငါက ထိပ်ဆုံးကိုရောက်ပြီး မလွှမ်းမိုးနိုင်ရင်တောင် ဒီခရီးစဉ်က ငါ့ရဲ့စိတ်ကို ပြုပြင်ပေးပြီးတော့ ကျင့်ကြံရေးလမ်းစဉ်မှာ မြင့်မားတဲ့အရာတွေကို ရရှိစေလိမ့်မယ်လို့ ယုံကြည်တဲ့ စိတ်သဘောထားမျိုး လိုအပ်တယ်”
အမှန်ပဲ…
ကျင်းမုန့်ယောင်က တွေးကာ အကြည့်များက အနည်းငယ် တောက်ပလာသည် “အဲဒါဆို ဒုတိယရွေးချယ်မှုကရော”
“မင်းရဲ့လမ်းစဉ်ကို လိုက်ပေါ့။ ငါ့ရဲ့ အောင်မြင်မှုနဲ့ ငါ ဘယ်လောက်တောက်ပတယ်ဆိုတာကို မေ့ထားပြီးတော့ မင်းရဲ့ နှလုံးသားနောက်လိုက်ပြီးတော့ တာအိုရဲ့ အထွတ်အထိပ်ကို ရောက်ရှိဖို့ မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်ကိုပဲ အာရုံစိုက်ထား”
“ကျွန်တော်ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို လိုက်ရမှာလား” သူက ရေရွတ်လိုက်၏။ ထိုအဖြေက ရိုးရှင်းကာ သိသာလှသည်။ သို့သော် သူက တစ်ခါမှ မတွေးခဲ့ဖူးပေ။ တချို့သော အကြီးအကဲများက သူ့အား တူညီသည့်စကားကို ပြောခဲ့ဖူးသော်လည်း သူက တစ်ခါမှ ဂရုမစိုက်ခဲ့ပေ။ သို့သော် သူ့ကို ယနေ့လိုအခြေအနေထိ ရောက်အောင် လုပ်ခဲ့သည့်လူဆီမှ စကားကို ကြားလိုက်သည့်အခါ ထိုစကားများတွင် မှော်စွမ်းအားများ ကိန်းအောင်းနေဟန်ပေါ်၏။
“ဟုတ်တယ်။ ငါက တခြားတစ်ယောက်ရဲ့ အရိပ်အောက်မှာ ဘာလို့နေရမှာလဲ။ ငါက ကောင်းကင်မှာ အတောက်ပဆုံးကြယ် မဟုတ်ရင်တောင် ငါ့ဘာသာငါ တောက်ပနိုင်သေးတယ်” ကျင်းမုန့်ယောင်က ရေရွတ်လိုက်၏။
“ငါလည်း ငါ့လမ်းစဉ် ရှိတယ်”
သူက လှံကို ပထမဆုံးကိုင်ခဲ့စဉ်အချိန်ကို အမှတ်ရသွား၏။ သူ့ကလေးဘဝတုန်းက စစ်သားတချို့က သူ့ရွာသို့ ရောက်လာကာ အိမ်နီးချင်းတိုင်းပြည်နှင့် တိုက်ခိုက်နေသည့် စစ်ပွဲအတွက် အစားအစာတချို့ တောင်းဆိုခဲ့သည်။ ရွာထံ မည်သည့် ဆိုးဆိုးရွားရွားကိစ္စမှ ဖြစ်ပျက်မလာခဲ့ပေ။ သို့သော် သူက ရုတ်ချည်း သိချင်လာ၍ စစ်သားတစ်ယောက်၏ လှံကို ကိုင်ကြည့်ခဲ့မိ၏။
သူက လှံကို ထိတွေ့မိသည်နှင့် ထိုအရာကို မြတ်နိုးသွားကာ သဘာဝအတိုင်း ကောင်းချီးပေးခံရသလို ခံစားလိုက်ရသည်။
“အဲဒီနေ့တုန်းက ကျွန်တော်က လှံရဲ့ အထွတ်အထိပ်ကို ရောက်ရှိဖို့ ကျိန်ဆိုခဲ့တယ်။ ကျွန်တော်က ရိုးရှင်းတဲ့ သေမျိုးရွာသားတစ်ယောက်ကလွဲပြီး ဘာမှမဟုတ်ပေမဲ့ ရည်မှန်းချက်မျိုးစေ့ကို စိုက်ပျိုးနိုင်ခဲ့တယ်။ အခု ကျွန်တော် ဒီလမ်းစဉ်က သွေဖယ်သွားပြီးတော့ စွမ်းအားတွေ၊ ဂုဏ်သတင်းတွေနောက်ကို လိုက်ခဲ့မိတယ်။ ကျွန်တော်ရဲ့ လမ်းစဉ်က လှံပဲ”
သူ့အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်ရဲသည့် လှံတစ်ချောင်းလိုမျိုး ထက်ရှလာ၏။ သူ့အကြည့်များက ယခင်လို ငေးမောမနေတော့ဘဲ ယုံကြည်ချက်နှင့် ခက်ထန်မှုအပြည့် ဖြစ်လာသည်။
“ဂိုဏ်းချုပ်ရဲ့ သင်ကြားပြသမှုအတွက် ကျေးဇူးတင်ပါတယ်” ကျင်းမုန့်ယောင်က ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ မင်းရဲ့ နောက်ဆုံးလေ့ကျင့်မှုအတွက် သံသရာအစီအရင်ကို အသုံးပြုနိုင်တယ်”
သံသရာအစီအရင်က ဝမ်ဝေ့၏ ထာဝရကြာရှည်နှလုံးသားကို ဖန်တီးဖို့ အသုံးပြုခဲ့သည့် အစီအရင်ဖြစ်ကာ ဂိုဏ်း၏ နောက်ထပ်အုတ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။
ကျင်းမုန့်ယောင်က ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။ သူ့တာအိုနှလုံးသားက အပြည့်အဝ ပြန်မကောင်းသေးပေ။ သို့သော် အစီအရင်ကို အသုံးပြုပြီး လှံကိုင်စွဲသူအဖြစ် ဘဝအမျိုးမျိုးကို ကြုံတွေ့ခံစားပြီးသည့်နောက်တွင် ကုသနိုင်ရုံသာမက သိမ်မွေ့သွားအောင်ပါ လုပ်ဆောင်နိုင်လိမ့်မည်။
***