ဝန်ထုပ်မဟုတ်ဘဲ အားဆေ:
Vol. 51 Ch. 713
“သေခြင်းတရားက အဓိပ္ပာယ်မဲ့တယ်လို့ ထင်လား” ဝမ်ဝေ့က မေးလိုက်သည်။
“ရှင်က ဘာကိုပြောချင်တာလဲ”
“ကျင့်ကြံသူတွေက သေခြင်းတရားကို လွှမ်းမိုးပြီး သူတို့ချစ်ရတဲ့သူတွေကို အသက်ပြန်သွင်းနိုင်မဲ့ နည်းလမ်းများစွာ ရှိတယ်လေ။ အဲဒီအကြောင်းအရင်းကြောင့် သေခြင်းတရားက အဓိပ္ပာယ်မဲ့လာတယ်လို့ မထင်မိဘူးလား”
ကျင့်ကြံသူများက သူတို့ဆုံးရှုံးခဲ့ရသည့်လူများကို အသက်ပြန်သွင်းဖို့ နည်းလမ်းများစွာ ရှိ၏။ အကယ်၍ လူတစ်ယောက် သေဆုံးသည်မှာ မကြာမြင့်သေးလျှင် ပြန်လည်ဝင်စားခြင်း စက်ဝန်းမှ သူတို့၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ ခန္ဓာကိုယ်ကို ကုသပေးနိုင်သည်။ သူတို့က သူတို့၏ ကမ္ဘာ့အမှတ်အသား သို့မဟုတ် တည်ရှိမှုပြန်လည်တည်ဆောက်ခြင်းကဲ့သို့ အံ့ဩဖွယ်အရာမျိုးကို အသုံးပြုနိုင်သည်။ သူက ထာဝရဧကရာဇ်များ၏ စာရွက်ပေါ်တွင် သူတို့နာမည်ရှိရုံမျှဖြင့် ပြန်လည်အသက်သွင်းနိုင်သည့် ထူးထူးဆန်းဆန်း စွမ်းရည်အကြောင်း ထည့်မပြောရသေးပေ။
လူများကို အသက်သွင်းဖို့ မည်မျှလွယ်ကူနေသည်ကို တွေးမိပြီးသည့်နောက်တွင် ဝမ်ဝေ့အနေဖြင့် ထိုအရာသည် အကျိုးမရှိကာ အဓိပ္ပာယ် ပျောက်ဆုံးလာကြောင်း စတင် ထင်လာမိသည်။
“တကယ်လို့ ရှင် အဲ့လိုအတွေးမျိုး တွေးလာပြီဆိုရင် အနှေးနဲ့အမြန် ရှင် ဒုက္ခတွေ့လိမ့်မယ်။” ဝူဟုန်က ပြောလိုက်၏။
“ ဟွင်သွမ်းစကြဝဠာထဲမှာ ထာဝရသေဆုံးသွားအောင် လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်။ ရှင်က လူတွေကို အသက်ပြန်သွင်းရ လွယ်ကူတဲ့ အထွတ်အထိပ် တာအိုကို ကျင့်ကြံထားလို့ အရေးသာချက်ရှိနေရုံပဲ။ ပြီးတော့ တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းဆိုတာက ထာဝရဧကရာဇ်တိုင်း လုပ်နိုင်ပြီး နားလည်နိုင်တဲ့အရာ မဟုတ်ဘူး။ ပါရမီရှိတဲ့သူတွေတောင် လေ့လာဖို့ ယွမ်ခေတ်ကာလများစွာ ကုန်ဆုံးခဲ့ရတာ … ကျွန်မရဲ့ အကူအညီနဲ့ ရှင်က အဲ့လောက်ကြာကြာ ဒုက္ခခံစားဖို့ မလိုဘူး။
ရှင်က ကမ္ဘာ့အမှတ်အသားတွေ သိမ်းဆည်းထားတဲ့ နေရာမှာ နေရတာ ကံကောင်းတယ်လို့ ခေါ်ရမယ်။ တချို့ဟွင်သွမ်းကမ္ဘာတွေမှာဆိုရင် ကောင်းကင်တာအိုက တစ်ယောက်ယောက် သေဆုံးသွားတာနဲ့ အမှတ်အသားကို ချက်ချင်း ဖျက်သိမ်းလိုက်ကြတာ။ တချို့ကမ္ဘာတွေမှာဆိုရင် ပြန်လည်ဝင်စားခြင်းလမ်းစဉ်က ဖြတ်တောက်ခံထားရပြီးတော့ တစ်စုံတစ်ယောက် သေဆုံးသွားတာနဲ့ သူတို့က ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါကြောင့် ဒုက္ခ မတွေ့ရအောင် ရှင့်ရဲ့အတွေးအခေါ်ကို သေချာလေး ပြင်ထား”
“မင်း ပြောတာ ဟုတ်သား” ဝမ်ဝေ့က ခေါင်းညိတ်ကာ အဖန်ရည်တစ်ငုံ သောက်သုံးပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
“ကျင့်ကြံရေးစည်းမျဉ်းတွေက တသတ်မှတ်တည်း မဟုတ်ဘူး။ သူတို့က ဒီလိုဖြစ်နေတာ သူတို့ကို ချိုးဖောက်နိုင်မဲ့ နည်းလမ်းကို တစ်ယောက်ယောက် ရှာမတွေ့သေးလို့ပဲ။ အဲဒါကြောင့် လူအများစုက ထာဝရသေဆုံးခြင်းကို လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာတွေ့တယ်ဆိုတာကို တွေးကြည့်ဖို့ မခက်ခဲဘူး”
ထိုအတွေးအခေါ်က သေခြင်းတရားသည်သာ မဟုတ်ဘဲ ကိစ္စများစွာတွင် သက်ရောက်မှု ရှိ၏။ နမူနာအားဖြင့် ဒဿမ သို့မဟုတ် ဧကဒဿမ အဆုံးစွန်အုတ်မြစ်ကဲ့သို့သော အရာများသည်လည်း မရှိပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က ထိုအဆင့်ကို ရောက်ရှိဖို့ နည်းလမ်းတစ်ခုကို မဖန်တီးခင်အချိန်အထိသာ ဖြစ်၏။
နဝမအဆုံးစွန်အုတ်မြစ်ကလည်း အခြေအနေတစ်ခုအထိ တည်ရှိခဲ့မည် မဟုတ်ပေ။ ဝမ်ဝေ့က တစ်စုံတစ်ယောက်သည် မတော်တဆ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိဖြင့် နဝမအဆုံးစွန်အုတ်မြစ်ကို ရရှိခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ကောက်ချက်ချမိ၏။ ထိုအခါ ကောင်းကင်တာအိုက ထိုအုတ်မြစ်တည်ရှိမှုကို အသိအမှတ်ပြုကာ မှတ်တမ်းတင်ထားခဲ့ခြင်းသာ ဖြစ်သည်။
ထိုနဝမအဆုံးစွန်အုတ်မြစ်ကို ပထမဆုံးရရှိသည့်သူက သံသရာတာအိုကို ကျင့်ကြံသည့်သူဖြစ်ရမည်ဟု ယုံကြည်ထား၏။ အကြောင်းအရင်းမှာ သမာသမတ်ကျသည့် နည်းလမ်းက ပြန်လည်ဝင်စားခြင်းကို လိုအပ်ပြီး သူတို့အနေဖြင့် အဆင့် ၅ တာအိုဘိုးဘေးစွမ်းအားကို ရယူဖို့ ပိုမိုလွယ်ကူနေ၍ ဖြစ်သည်။
“ရှင် နားလည်ရင် ပြီးတာပါပဲ” ဝူဟုန်က ထိုသို့သော စိတ်ထားမျိုးသည် အန္တရာယ်များကြောင်း သိပြီး ထိုသို့အမြင်မျိုးကြောင့် ဒုက္ခတွေ့ခဲ့ရသည့်သူများကိုလည်း မြင်ခဲ့ဖူးသည်။
ဝူဟုန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ရှင်က သူတို့ကို ဘေးကင်းတဲ့နေရာပို့ထားပြီးတော့ ကိုယ့်ဘာသာကိုယ် ဖြေရှင်းချင်တာလား”
“ဟုတ်တယ်။ သူတို့ကို ဘေးကင်းတဲ့နေရာမှာ ဝှက်ထားပြီးတော့ ကိုယ် သူတို့ကို ကာကွယ်နိုင်မဲ့ စွမ်းအားရှိတဲ့အထိ စောင့်စေချင်တယ်”
“အနာဂတ်မှာ ရှင် ရင်ဆိုင်ရမဲ့ ဒုက္ခတွေကို စဉ်းစားလိုက်ရင် ဘေးကင်းတဲ့နေရာဆိုတာ ရှိမှာ မဟုတ်ဘူး”
“ကိုယ် အဲ့လိုနေရာကို ဖန်တီးနိုင်ပါတယ်။ ကိုယ့်ဆီမှာ တစ်စုံတစ်ခု ဖြစ်မသွားသရွေ့ သက်ရောက်မှု မရှိတဲ့နေရာတစ်ခုကို လုပ်နိုင်တယ်”
“အဲဒီနောက်ရော ရှင့်မိဘတွေက ဘာလုပ်မှာလဲ။ ရှင့်ရဲ့ သေခြင်းတရားကို လက်ခံမှာလား။ ဒါမှမဟုတ် ရှင့်အတွက် ဝမ်းနည်းပူဆွေးနေမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် လက်စားချေပေးမှာလား”
ဝမ်ဝေ့က ပြန်မဖြေပေ။
“ရှင် သူတို့ကို မေးပြီးတော့ ဆုံးဖြတ်ချက်ချခိုင်းရင်ရော”
“သူတို့ ဘာကိုရွေးမယ်ဆိုတာကို သိတယ်”
“ဒါပေမဲ့ ရှင်က တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူတို့အတွက် ဆုံးဖြတ်ချက် ချပေးချင်နေတာလေ”
“တကယ်လို့ အပြောင်းအလဲက သူတို့ရဲ့ သေခြင်းတရား ဖြစ်သွားမယ်ဆိုရင် ကိုယ် တစ်ကိုယ်ကောင်းဆန်ရလိမ့်မယ်” သူက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။
“ရှင့်အဘွား သေဆုံးမှုကနေ တစ်ခုခု မသင်ယူခဲ့ရဘူးလား”
“အဲဒါနဲ့ မတူဘူး။ တကယ်လို့ သူတို့ဆီ တစ်ခုခုသာ ဖြစ်သွားခဲ့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် အပြစ်တင်နေရမယ်ဆိုတာ သိတယ်”
“ကျွန်မကရော” ဝူဟုန်က မေးလိုက်၏။
“မင်းက ကွဲပြားတယ်။ မင်းက ဝန်ထုပ် မဟုတ်ဘူး…”
ဝမ်ဝေ့က ခေတ္တမျှ ရပ်တန့်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ပေါ်သည်။
“သူတို့ကိုလည်း ဝန်ထုပ်ဝန်ပိုးအစား အားဖြည့်မှုတစ်ခုအဖြစ် မှတ်ယူစေချင်တာလား”
“ရှင့်မိသားစုထဲမှာ တစ်ဦးချင်းစီက ထူးချွန်ပြီးတော့ သူတို့ရဲ့အောင်မြင်မှုတွေက တခြားတစ်ယောက်ထက် နိမ့်ကျမှာ မဟုတ်ဘူး။ ပိုအရေးကြီးတာက သူတို့တွေက ဒီစကြဝဠာထဲမှာ ဘယ်သူကမှ မလုပ်နိုင်တဲ့အရာတွေကို ထောက်ပံ့ပေးနိုင်တယ်။ ယုံကြည်မှုနဲ့ သစ္စာရှိမှုလေ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ သူမ ပြောသည်က အမှန်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူ့အဖေ၊ အမေနှင့် အဘိုး၊ လီကျွင်းနှင့် ယန်းလီလင်းတို့ ဖြစ်စေကာမူ တစ်ဦးချင်းစီက စံပြ ဖြစ်လာနိုင်ချေရှိသည့် ပါရမီရှင်များ ဖြစ်သည်။ ထို့ကြောင့် သူတို့က ချီယွမ်နှင့် တခြားသူများကဲ့သို့ အကူအညီ ဖြစ်လာလိမ့်မည်။
ဝမ်ဝေ့က ထိုဘိုးဘေးများသည် သူ့အား အဘယ်ကြောင့် အများကြီး ကူညီနေလဲဟု အမြဲတမ်းစဉ်းစားနေခဲ့မိ၏။ သူတို့သည် တစ်စုံတစ်ခုအတွက် သူ့အပေါ် မျှော်လင့်ချက် ပုံအောထားသည်ဟု မှန်းဆခဲ့မိသည်။ မော့ယွမ်နှင့် စကားပြောဆိုပြီးသည့်နောက်တွင် ထိုလူများက သူတို့အတွက် အစွဲကင်းမှုလမ်းစဉ်ကို သူ ရှာတွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ချက် ထားနေကြောင်း သိလိုက်ရသည်။
အစွဲကင်းမှု…ဒါက ပြဿနာတွေရဲ့ အရင်းအမြစ်ပဲ…
သူက အစွဲကင်းမှုလမ်းစဉ်ကို မှတ်သားလိုက်သည်နှင့် ဟွင်သွမ်းစကြဝဠာ တစ်ခုလုံးသည် ဖရိုဖရဲအခြေအနေသို့ ဝင်ရောက်သွားမည် ဖြစ်ကြောင်း သိလေသည်။
အစွဲကင်းမှုဆိုတာက ပြဿနာအိုးဖြစ်ပေမဲ့ ဘဝမှာ တစ်ခါပဲရမဲ့ အခွင့်အရေးဆိုတာလည်း ဟုတ်တယ်။ ငါ့မိဘတွေကို ဒီအခွင့်အရေးနဲ့ မလွဲချော်စေချင်ဘူး။ ပြီးတော့ သူတို့က ငါ့အကူအညီကို လိုသလိုမျိုး ငါကလည်း သူတို့အကူအညီကို လိုအပ်နေတယ်…
ဝမ်ဝေ့က ထိုဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ရုတ်ချည်း အေးချမ်းသွားသလို ခံစားလိုက်ရသည်။
“မင်း ပြောတာမှန်တယ်” သူက ဆုံးဖြတ်ချက်မချခင် သူမနှင့် တိုင်ပင်ခဲ့သည့်အတွက် ကျေနပ်သွား၏။
“ကျွန်မက အမြဲတမ်း မှန်တယ် မှတ်ထား”
“အဲ့လိုပြောနေစရာ မလိုပါဘူးကွာ” ဝမ်ဝေ့က သူမ ပါးပြင်ကို နမ်းရှိုက်ပြီးနောက် ထွက်လာလိုက်သည်။
သူက သူ့အဘိုးနှင့် ထပ်မံ တွေ့ဆုံဖို့ လျှို့ဝှက်နယ်မြေဆီ ဦးတည်လိုက်၏။
“ကောင်လေး ဘာလာလုပ်တာတုန်း။ ငါနဲ့ ထပ်ပြီး သောက်မလို့လား”
“တော်ပါပြီ။ အဘိုးကို တခြားနေရာဆီ ခေါ်သွားမလို့”
“ဘယ်နေရာလဲ”
“လေ့ကျင့်ဖို့”
ဝမ်ချန်က ခေတ္တမျှရပ်တန့်ပြီးနောက် အားပါးတရ ရယ်မောလိုက်သည် “ဟုတ်သားပဲ လက်ရှိ မင်းက ငါ့ရဲ့ ကျင့်ကြံဆင့်မှာ ညွှန်ကြားဖို့အတွက် လုံလောက်နေပြီ။ သွားကြစို့”
သူက အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို တွေးလိုက်မိ၏။ နှစ်တစ်သိန်းလောက်မျှဖြင့် သူ့ဆီက လမ်းညွှန်ချက် ခံယူရသည့် ကောင်လေးသည် ယခုအခါ သူတို့၏ ကဏ္ဍများက ပြောင်းပြန်ဖြစ်သွားပြီ ဖြစ်၏။
ဝမ်ဝေ့က အမှတ်အသားပြားကို အသက်သွင်းကာ သူကိုယ်တိုင် ဖန်တီးထားသည့် လျှို့ဝှက်နယ်မြေဆီ ပို့ဆောင်လိုက်သည်။
“အဘိုးရဲ့ နယ်ရှင်တာအိုက ထူးကဲပြီးတော့ အလားအလာအများကြီး ရှိတယ်”
သူ့အဘိုး၏ နယ်ရှင်တာအိုက သူ့ရွယ်တူများအားလုံးကို ဖိနှိပ်ကာ လွှမ်းမိုးထားသည့် အမျိုးအစား မဟုတ်သော်လည်း စွမ်းအား၏ အထွတ်အထိပ်သို့ မရောက်ရှိခင်အချိန်အထိ ကန့်သတ်ချက်ကို ဖိနှိပ်ကာ ဆက်တိုက် ဆင့်ကဲပြောင်းလဲနိုင်သည့်အရာ ဖြစ်သည်။
ထိုအရာက နာကျင်မှု၊ ဒဏ်ရာနှင့် သေခြင်းရှင်ခြင်း စစ်ဆေးမှုများမှ စွမ်းအားတိုးမြှင့်လာခြင်းအပေါ် အာရုံစိုက်ထားသည့် ဆင့်ကဲတာအိုပုံစံတစ်မျိုး ဖြစ်၏။
“အဘိုးရဲ့ တာအို ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ရှိနေတဲ့ မျိုးဆက်မှာ အလားအလာအပြည့်ကို ထုတ်သုံးနိုင်လိမ့်မယ်”
ဝမ်ချန်က ခေါင်းညိတ်လိုက်၏။ ထိုအရာကြောင့် သူက သူ့မျိုးဆက်အတွင်း ရန်သူများစွာ ဖန်တီးခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက အားလုံးကို စိန်ခေါ်ကာ သူ့တာအိုကို ကျင့်ကြံဖို့ရန်သူမြောက်များစွာ ဖန်တီးခဲ့မိသည်။
“ငါ့ကို ဒီမျိုးဆက်က ဂျူနီယာလေးတွေနဲ့ တိုက်ခိုက်ခိုင်းမှာတော့ မဟုတ်ဘူးမလား”
ဝမ်ချန်က သူသည် ထိုမျှလောက် အရေမထူကြောင်း သိထားလေသည်။ သူက ဝါစဉ်ကြီးမှုကို အလေးထားလေသည်။ တချို့သောဂျူနီယာများက သူ့ထက် အားကောင်းပြီး သူ့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိ၏။ ဤမနက် နိုးထလာပြီးသည့်နောက်တွင် သူ မသိသည့်အရာများကို ယုယန်အား မေးခဲ့စဉ် ကောင်းကင်ဘုံ သွေဖယ်နေသည့် ပါရမီရှင် မည်မျှပေါ် ထွက်ခဲ့သည့်အကြောင်းကြောင့် အံ့အားသင့်သွားရ၏။
“အဲလိုလည်း မဟုတ်ပါဘူး။ ကျွန်တော်က အဘိုးကို ကူညီပေးနိုင်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ဇာတ်ကြောင်းအဖြစ် ဖန်တီးထားတယ်။ အဘိုးရဲ့ မှတ်ဉာဏ်တွေ စည်းပိတ်ခံထားရပြီးတော့ တခြားကမ္ဘာ့အသိုက်အဝန်းတစ်ခုဆီ ခရီးထွက်သွားရင်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တဲ့ပုံစံမျိုးနဲ့ လေ့ကျင့်ပေးမှာ။ အဲဒီအချိန်မှာ အဘိုးနဲ့အဖေနဲ့က ပြန်ပေးဆွဲခံလိုက်ရတယ်ပေါ့။ အဲဒီမှာ အဘိုးက လွတ်မြောက်ဖို့ နည်းလမ်းရှာပြီးတော့ ပြိုင်ဘက်တွေကို အနိုင်ယူရမယ်”
“စိတ်ဝင်စားစရာပဲ။ ဒီမှတ်ဉာဏ်တွေနဲ့ဆိုရင် ငါက တကယ့်သေခြင်းရှင်ခြင်းကို ခံစားနိုင်မှာပဲ”
“ဟုတ်တယ်။ စစ်ဆေးမှုနဲ့ အတားဆီးတွေက အဘိုးကို လျှော့ပေးမှာ မဟုတ်တဲ့ အားကောင်းတဲ့ ရုပ်သေးရုပ်တွေပဲ။ ဒီလျှို့ဝှက်နယ်မြေကို ကျွန်တော်ရဲ့ သေခြင်းရှင်ခြင်းတာအိုနဲ့ ကောင်းချီးပေးထားပြီးတော့ အဘိုးကို အသက်ပြန်ရှင်နိုင်ချေ တစ်ဒါဇင်လောက်တော့ ပေးထားတယ်”
“ငါ သေနိုင်တယ်လို့ ပြောတာလား”
“ဟုတ်တယ်”
“ကောင်းပြီ။ ဒါ ငါပြောနေတာနဲ့ ကွက်တိပဲ။ နောက်ထပ် ဘာရှိသေးလဲ”
“မရှိတော့ဘူး”
ဝမ်ချန် အထဲ ပျံသန်းသွားသည်ကို ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်၏။ သူက ထိုအရာကို ဖန်တီးဖို့ နှစ်များစွာ ကုန်ဆုံးခဲ့ရပြီး လတ်တလောလေးမှ အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။ သူက သူ့အဘိုးအတွက် အခွင့်အရေးမြောက်များစွာ ချန်ထားခဲ့ပြီး သူ့ပါရမီ တိုးမြှင့်နိုင်သည့် နည်းလမ်းများလည်း အပါအဝင် ဖြစ်၏။ သူက နယ်ရှင်လက်သီးကျမ်းကို ခန္ဓာကိုယ်သန့်စင်ရေး သက်ရောက်မှုများ ပိုမိုကောင်းမွန်စေဖို့ အဆင့်မြှင့်တင်ထားခဲ့သည်။
ထို့အပြင် ဆုံမှတ်များတွင် တွင်းနက်ကြီးဖွဲ့စည်းထားနိုင်သည့် ပြိုင်ဘက်လည်း ပါဝင်နေသည်။
သူက နောက်ဆုံးတစ်ချက် ကြည့်ပြီးသည့်နောက်တွင် ဂိုဏ်း၏ သီးသန့်တောင်တစ်လုံးဆီ ပျံသန်းလာလိုက်သည်။
………………………………………………..
အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာ့အပြင်ဘက်၊ ကမ္ဘာဦးဟွင်သွမ်းစကြဝဠာ၏ တစ်နေရာရှိ ကြီးကျယ်ခမ်းနားသည့် ဘုံကျောင်းအတွင်း
ခရမ်းရောင်ဝတ်စုံ ဝတ်ထားသည့် ရုပ်ချောချော လူငယ်လေးက ဘုံကျောင်း၏ အလယ်တွင် ကျင့်ကြံနေပြီး သူ့ရှေ့တွင် ကောင်းကင်ဟု စာလုံး ပါရှိသည့် စာအုပ်တစ်အုပ် မြောလွင့်နေသည်။ ထိုစာအုပ်က အချိန်မြစ်ကြောင်းနှင့် တိုက်ရိုက်ဆက်နွယ်နေဟန်ပေါ်၏။
ထိုလူငယ်လေးက ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာကာ စကြဝဠာ၏ အမှန်တရားအားလုံး ပါဝင်နေသည့် နက်နဲသည့် အကြည့်အဖြစ် ပြောင်းလဲသွား၏။ သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် “ဒီထူးဆန်းတဲ့ ခံစားချက်က ဘယ်က ဖြစ်လာတာလဲ”
သူက အတွေးတစ်ချက်ဖြင့် လျှို့ဝှက်ချက်များ အမှန်တရားနှင့် ဟွင်သွမ်းစကြဝဠာ၏ အသိပညာများက သူ့စိတ်ထဲ ပေါ်ထွက်လာကာ ထူးဆန်းသည့် ခံစားချက်ကို ရှာဖွေလိုက်၏။ သို့သော် သူက ဘာမှမတွေ့ခဲ့ရပေ။
လူငယ်လေးက သူ့ရှေ့ရှိ စာအုပ်ကို ကြည့်ကာ အချိန်မြစ်ကြောင်းကို သူ့ နောက်ဖေးဥယျာဉ်အလား ဝင်ရောက်လိုက်၏။ သူက မျက်လုံးကို မှိတ်ကာ အဖြေကို ရှာဖို့ ကြိုးစားလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက သွေးအန်လိုက်ရပြီး ရေရွတ်လိုက်၏ “ငါက အချိန်ဆက်နွယ်မှုတစ်ခုကို လွဲချော်သွားတာလား”
သူက မျက်မှောင်ကြုတ်ကာ စာအုပ်ကို ကြည့်လိုက်ပြီးနောက် စာရွက်တစ်ရွက်ချင်းစီကို လှန်လိုက်သည်။ စာရွက်တစ်ရွက်ချင်းစီတွင် စာလုံးအနည်းငယ်သာ ရှိပြီး မည်သည့်အရာကမှ စာကြောင်းအပြည့်အစုံ မဟုတ်ပေ။
“ငါက အခုထိ ဇာတ်လိုက်ကို မတွေ့ရသေးဘူး။ အချိန်ဆက်နွယ်မှု လွဲချော်သွားတယ်ဆိုတာကို သိတော့ရော ဘာအကျိုးရှိမှာလဲ”
လူငယ်လေးက မျက်လုံးကိုမှိတ်ကာ ဆက်လက်ကျင့်ကြံဖို့ ပြင်လိုက်သည်။ သူက ထိုစာအုပ်အပေါ် အများအပြား လောင်းကြေးထပ်ထားပြီး အကြွင်းမဲ့တားမြစ်ချက်ကို ကျော်လွှားခြင်းဖြင့် အစွဲကင်းမှု ရယူဖို့ အခွင့်အရေးကိုပင် ဆုံးရှုံးခံခဲ့ရသည်။ ထို့ကြောင့် သူ့အစီအစဉ်များက အလုပ်ဖြစ်မှ ဖြစ်လိမ့်မည်။
သို့သော်လည်း သူက တစ်စုံတစ်ခုကို ရုတ်ချည်းတွေးမိသွား၏။
အစွဲကင်းပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတာကို ဒီဂမ္ဘီက ရယူဖို့ လွယ်ကူလွန်းနေတယ်…
သူက မျက်မှောင်ကြုတ်ကာ သူ့အသိပညာများအား အသုံးပြုကာ အဆုံးမဲ့ဖြစ်နိုင်ချေများကို ကောက်ချက်ချလိုက်သည်။
အလုံးစုံပကတိ သိမြင်ဘုံကျောင်းက ကမ္ဘာဦးဟွင်သွမ်းအတွင်း လွှမ်းခြုံသွားမည့်၊ ရောက်ရှိလာမည့် ပဋိပက္ခကို ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း စံပြများက စကြဝဠာ၏ ရွက်တိုင် မဟုတ်တော့ဘဲ အစွဲကင်းမှုတစ်ပိုင်းအဆင့်များကသာ ဖြစ်လာလိမ့်မည်။ သူတို့နှင့် သက်ဆိုင်နေသည့် အရာများကသာ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။
“အဲဒါဆိုတော့ ဘုံကျောင်းက သူတို့နဲ့သက်ဆိုင်တဲ့အရာမျိုးကို ဘယ်လိုလုပ်ခန့်မှန်းနိုင်တာလဲ”
ဤမျိုးဆက်၏ ဘုံကျောင်းသခင်က စံပြမျှသာ ရှိသေးသည့်အတွက် ထိုဂမ္ဘီရက သူ့နည်းလမ်းထက် ကျော်လွန်နေသည်။
“ငါ သိပြီ” လူငယ်လေးက တစ်စုံတစ်ခုကို သိသွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“ငါက မီးနဲ့ ကစားနေမိတယ် ထင်တယ်”
သို့သော်လည်း သူက မျက်လုံးပြန်ပိတ်ပြီး မကျင့်ကြံခင် ပြုံးလိုက်မိသည်။
***