ကံကြမ္မာ(၁)
Vol. 51 Ch. 714
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်နေကာ သူ့အကြည့်က ကာလံဒေသံကို ထိုးဖောက်သွားဟန်ပေါ်သည်။
“ မင်းရဲ့လမ်းစဉ်က အဆုံးသတ်သွားပြီလား။ ငါတောင် ပိုကောင်းအောင် မလုပ်နိုင်လောက်ဘူးဆိုတော့ မင်းရဲ့ အောင်မြင်မှုကို ဂုဏ်ယူသင့်တယ်”
သူက ချီးကျူးမှုဖြင့် ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူက တစ်ဦးတည်းသော နေထိုင်သူရှိရာ မျောလွင့်ကျွန်းတစ်ခုဆီ ရောက်ရှိလာ၏။ ထိုသူက ကံကောင်းမှုစစ်ဆေးပွဲမှ သုံ့လီဖန်း၏ ဆရာဖြစ်သူ ယူစစ်ယွီ ဖြစ်ပေသည်။
ယူစစ်ယွီက မိန်းမအိုကြီးနှင့် မတူတော့ဘဲ လူလတ်အရွယ် အမျိုးသမီးတစ်ယောက်လို ဖြစ်နေကာ အတော်လေးလှပပြီး ယခင်မျိုးဆက်ဟောင်းမှ အကြီးအကဲများ၏ အာရုံကို ဖမ်းစားထားနိုင်သည်။ သို့သော်လည်း သူမက အားလုံး၏ ပိုးပန်းမှုကို ငြင်းပယ်ခဲ့၏။ သူမ၏ သစ်သားအိမ်လေးအနီးတွင် ဆေးဥယျာဉ်တစ်ခု ရှိနေသည်။
ယူစစ်ယွီက အပင်ရေလောင်းနေစဉ်အတွင်း တစ်စုံတစ်ခုကို ခံစားမိ၍ လှည့်ကြည့်လိုက်သည်။ သူမက လုပ်လက်စကို ရပ်တန့်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့ဆီ လျှောက်လှမ်းလာ၏။
“ဂိုဏ်းချုပ်” သူမက ရိုရိုသေသေ ဦးညွှတ်လိုက်၏။
ဝမ်ဝေ့က သူမအား လေ့လာကြည့်လိုက်သည်။ သူမက မိုးမြေရှိ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည့် ငြိမ်းအေးသော အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။ သူမက ထိပ်သီးသူတော်စင်အဆင့်ဖြစ်ကာ အစစ်အမှန်အုပ်ချုပ်သူဖြစ်လာဖို့ နီးကပ်နေပြီ ဖြစ်၏။
“ဂိုဏ်းချုပ် အထဲဝင်ခဲ့ပါ။ ကျွန်မအဖန်ရည် ဧည့်ခံပါ့မယ်”
ဝမ်ဝေ့က အထဲဝင်သွားသည့်အခါ အိမ်က ယန်းချန်၏ တဲလိုမျိုး ရိုးရှင်းလှ၏။ တစ်ခုတည်းသော ကွဲပြားချက်က အခန်းများ ပိုရှိပြီး နေရာပိုကျယ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း အခန်းတစ်ခုအတွင်း ကုတင်မှအပ ကျန်သည့်သက်တောင့်သက်သာ ဇိမ်ခံနိုင်သည့် ပစ္စည်းများ မရှိပေ။
ယူစစ်ယွီက အဖန်ရည်ကို တည်ခင်းဧည့်ခံကာ ဝမ်ဝေ့က တစ်ငုံသောက်လိုက်သည်။
“အဖန်ရည်ကောင်းပဲ” သူကအနည်းငယ် အံ့အားသင့်သွားစွာ ပြောလိုက်၏။ ထိုအဖန်ရည်က ချိုမြိန်သော်လည်း အရမ်းချိုနေခြင်း မဟုတ်ဘဲ စိတ်နှင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် သစ်သားဓာတ်စွမ်းအားကို ခံစားမိလေသည်။ ထိုအဖန်ရည်ကို အချိန်အတော်ကြာ သောက်သုံးပါက သူတော်စင်အဆင့် ကျင့်ကြံသူများ၏ သက်တမ်းကို တိုးမြှင့်နိုင်လေ၏။
“ ကျွန်မကိုယ်တိုင် စိုက်ပျိုးထားတာပါ” ယူစစ်ယွီက ပြောလိုက်သည်။ သူမက သစ်သားတာအိုကို ကျင့်ကြံပြီး ဝိညာဉ်ဆေးပင် စိုက်ပျိုးသူအနေဖြင့် ထူးချွန်လှသည်။ သူမက သူမ၏ အရည်အချင်းများအား အသုံးချကာ ဂိုဏ်း၏ ဆေးဥယျာဉ်များကို စောင့်ရှောက်ပေးခဲ့ပြီး ဂိုဏ်းရမှတ်များကို ရယူခဲ့သည်။
ဝမ်ဝေ့က ဂိုဏ်းအား သူမကို အဆင့်မြင့်တပည့်များလောက် အရင်းအမြစ်ကိုပေးဖို့ မှာကြားထားသော်လည်း သူမက အတုံ့အလှည့်မရှိဘဲ ထိုအရာများကို လက်ခံဖို့ အဆင်ပြေသည်ဟု မခံစားရပေ။
လတ်တလောလေး သူမက သူတော်စင်အဆင့်နှင့်အောက် ကျင့်ကြံသူများ၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်သည့် အဖန်ရည်ကို ဖန်တီးနိုင်ခဲ့သည့်အတွက် ဂိုဏ်းက သူမအား ရက်ရက်ရောရော ဆုချီးမြှင့်ခဲ့၍ နောက်ဆုံးတွင် သူမ အသုံးဝင်လာပြီဟု ခံစားရသည့်အတွက် ပျော်ရွှင်နေလေ၏။
“မင်းကို မကြာမကြာ လာမတွေ့နိုင်တာ စိတ်မကောင်းပါဘူး” ဝမ်ဝေ့က သူသည် သူမကို သိပ်အာရုံမစိုက်မိကြောင်း သတိပြုမိသွားသည့်အခါ ပြောလိုက်၏။ အကယ်၍ လတ်တလောလေးက သူမအကြောင်း တွေးမိ၍သာ မဟုတ်လျှင် ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ဤသို့သော အောင်မြင်မှုမျိုးကိုလည်း သိရမည် မဟုတ်ပေ။
“ကိစ္စမရှိပါဘူး။ ဂိုဏ်းချုပ်က အလုပ်များတာကို နားလည်ပါတယ်” ယူစစ်ယွီက စိတ်ထဲမထားပေ။ သူမက ဂိုဏ်းချုပ်သည် သူမကို စောင့်ရှောက်ခဲ့သည်မှာ ကတိစကားကြောင့် ဖြစ်ကြောင်း ကောင်းကောင်းသိထားပြီး ထိုထက်မပိုသလို ထိုထက်လည်း မလျော့ပေ။ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာတွင် ရှိစဉ်အခါက သူတို့သည် ကွဲပြားသည့် ကမ္ဘာနှစ်ခုမှဖြစ်ကြောင်း နားလည်ခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် သူမက ဝမ်ဝေ့နှင့် မည်သည့်ဆက်ဆံရေးမျိုးမှာ ရှိဖို့ရာ စိတ်ကူးမထားခဲ့ဖူးပေ။
“မင်းက အစစ်အမှန်အုပ်ချုပ်သူ ဖြစ်လာတော့မှာပဲ။ ခင်ဗျားရဲ့ ကိုယ်ပိုင်တာအိုရော ရှိပြီလား”
“ရှိလုနီးပါး ဖြစ်နေပါပြီ။ ကျွန်မရဲ့ကျမ်းကို ဖန်တီးဖို့ တာအိုသတ္တုလုံးသုံးထောင်ဆီ နားထောင်နိုင်ဖို့ ဂိုဏ်းရမှတ်ကို စုဆောင်းနေပါတယ်”
ဝမ်ဝေ့က ယူစစ်ယွီသည် ကျန်းပိယု သို့မဟုတ် မြောင်ယွဲ့တို့လိုမျိုး စိတ်အခြေအနေတူသည့် ထူးကဲ ပါရမီမျိုးကို ပိုင်ဆိုင်ထားကြောင်း ပြောနိုင်လေသည်။ ကျန်းပိယုက သန့်စင်သည့် နှလုံးသားမျိုး ပိုင်ဆိုင်ထားပြီး သူ့အဘွားကမူ သေခြင်းရှင်ခြင်းကြောင့် အစွဲကင်းသည့် ပုံစံမျိုးရှိနေစဉ် ယူစစ်ယွီကမူ ပြင်ပကိစ္စများ၏ သက်ရောက်မှုမခံရဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းချင်းစီ လှမ်းလာပြီး ဘယ်အချိန်နောက်ဆုတ်ရပြီး ဘယ်အချိန်ရှေ့တိုးရမည်ကိုပါ သိနေသည်။
ဒါက တာအိုဘာသာရဲ့ ပုံစံတစ်မျိုးပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုသို့သော စိတ်အခြေအနေအမျိုးအစားက စည်းမျဉ်းကို နားလည်ဖို့ ပိုမိုလွယ်ကူစေ၏။ ထို့ကြောင့် သူတို့သာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ရောက်သွားသည်နှင့် တောက်ပလာလိမ့်မည်။
“တာအိုဘာသာ ကျင့်ကြံရေးကို လုပ်ကြည့်သင့်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဟောပြောရေးခန်းမက အကြီးအကဲကလည်း အဲလိုမျိုးပြောခဲ့တယ်။ ဒါပေမဲ့ ဂိုဏ်းမှာ သန့်စင်တဲ့ တာအိုဘာသာ ကျမ်းအများကြီး မရှိဘူး”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး တာအိုကျမ်းများနှင့် အဆောင်၊ သတင်းအချက်အလက်မြောက်များစွာ ပါဝင်နေသည့် သိုလှောင်လက်စွပ်ကို ပေးလိုက်သည်။ သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ယခုအခါ ဧကရာဇ်မျိုးနွယ်အများစုထံ ကျုးကျော်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ထိုက်ယီနက်နဲမုခ်နှင့် ဓာတ်ငါးပါးနန်းဆောင်လည်း အပါအဝင် ဖြစ်သည်။ သူတို့က ထိုမျိုးနွယ်၏ ဧကရာဇ်ကျမ်းများကို စတင်ရယူနေပြီ ဖြစ်၏။ သူတို့က တာအိုစည်းချက်၏ မူလပုံတူကို မပွားနိုင်သော်လည်း ဝမ်ဝေ့၏ နားလည်နိုင်စွမ်းဖြင့် မူလအရာကို မလိုအပ်ပေ။
“ကျေးဇူးပါ” ယူစစ်ယွီက ကျောက်စိမ်းပြားတချို့ကို စစ်ဆေးကြည့်ပြီးသည့်နောက် ပြောလိုက်သည်။ သူမက ထိုအရာကို ငြင်းဆန်လောက်အောင် ကြောင်သူတော်မဆန်ပေ။ သူမက ထိုသူ့အပေါ် ကံကြွေးအမြောက်အများ တင်ထားကြောင်း သိလေ၏။ အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက ကျင့်ကြံရေးလမ်းစဉ် လျှောက်လှမ်းမည့် သူမ၏အိပ်မက်လည်း ဖြည့်စည်းနိုင်မည် မဟုတ်ပေ။
သူ့ကြောင့်သာ မဟုတ်ပါက သူမသည် အံ့ဖွယ်ပလ္လင်အဆင့်တွင် အဆင့်ချိုးဖောက်ခြင်းကိုပင် ကျရှုံးသွားပြီး သေမျိုးအနှောင်အဖွဲ့မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
“ဒါနဲ့ ဂိုဏ်းချုပ်က ကျွန်မကို ဘာလို့လာတွေ့တာလဲ။ တကယ်လို့ တစ်ခုခုလိုတယ်ဆိုရင် ကျွန်မ ငရဲကိုတောင် အသွားအပြန် လုပ်နိုင်ပါတယ်”
ဝမ်ဝေ့က သူမ၏ ကျေးဇူးရှင်ဖြစ်ကာ ယူစစ်ယွီအနေဖြင့် သူကို ပြန်လည်ပေးဆပ်ဖို့ ဘာမဆိုလုပ်ဖို့ရာ လိုလားပေသည်။ ထိုအရာက သူမ၏ ငြိမ်းအေးသည့် သဘောသဘာဝနှင့် ဆန့်ကျင်နေသည့် အပြုအမူဖြစ်သော်လည်း သူမ၏ ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ တုံ့ဆိုင်းခြင်း မရှိပေ။
“အလေးအနက်ကြီး မဟုတ်ပါဘူး။ ဒီကိုရောက်လာတာက ကံကြမ္မာ(၁)ရဲ့နေရာအကြောင်းကို ပြောချင်လို့ပါ”
“ကံကြမ္မာ(၁)လား”
ထိုအခါမှ ဝမ်ဝေ့သည် ယူစစ်ယွီလိုလူမျိုးအတွက် မသိနိုင်သည့် လျှို့ဝှက်ချက်မျိုး ဖြစ်နေကြောင်း သိလိုက်ကာ အခြေအနေကို ရှင်းပြလိုက်၏။
“ဒီလိုမျိုး အရေးပါတဲ့နေရာကို ကျွန်မကို ပေးချင်တာလား”
“ဟုတ်တယ်”
ယူစစ်ယွီက နှလုံးခုန်နှုန်း မြန်လာမိသည်။ သူမက အနာဂတ်ကျင့်ကြံရေးလမ်းစဉ်ကို စဉ်းစားကာ ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာပြီးသည့်နောက်တွင် ဘာလုပ်ရမည်ကို တွေးတောခဲ့၏။ ယူစစ်ယွီက ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းဖို့ လိုအင်ဆန္ဒ မရှိသလို ရည်မှန်းချက်လည်း မရှိပေ။
ဤသည်က ရည်မှန်းချက်ရှိပြီး သတ္တိကောင်းသူတို့အတွက် လမ်းစဉ်ဖြစ်ပြီး ထိုသူများက မိုးမြေကို ထောက်ပံ့ပေးရမည့် စိတ်နှလုံးသားမျိုး ရှိရမည်။ ထိုလမ်းစဉ်က သူမနှင့် မသင့်တော်ပေ။ ထို့ကြောင့် သူမက ရွေးချယ်မှုနှစ်ခုကို လုပ်ဆောင်ခဲ့သည်။
ပထမတစ်ခုက မဟာကမ္ဘာဆီ သွားကာ စစ်ဆေးမှုကို ခံယူပြီး တာအိုဘိုးဘေး ဖြစ်လာဖို့ဖြစ်သည်။ သို့သော်လည်း ထိုလမ်းစဉ်က စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ သူမ၏ လေ့လာရှာဖွေမှုများအရ ထိုနည်းလမ်းမှတဆင့် တာအိုဘိုးဘေး ဖြစ်လာနိုင်ချေသည် အလွန်အမင်း နည်းပါးလေသည်။
ဒုတိယရွေးချယ်မှုကမူ သူမကိုယ်သူမ စည်းပိတ်ပြီး နောင်အနာဂတ်တွင် ဧကရာဇ်တချို့က သူမအား ထာဝရအရှင်ဖြစ်လာဖို့ ကူညီပေးဖို့ရာ မျှော်လင့်နေခြင်း ဖြစ်၏။ သို့သော်လည်း ထိုလမ်းစဉ်ကလည်း အခွင့်အရေး နည်းပါးလှသည်။ ဂိုဏ်းအတွင်း ထိုအခွင့်အရေးကို စောင့်ဆိုင်းနေသည့် လူများစွာရှိသည့်အတွက် သူမအလှည့် မည်သည့်အချိန်မှ ကျရောက်လာမည်ကို မည်သူကများ သိမည်နည်း။
နောက်ဆုံးတွင် ယူစစ်ယွီက သူမ၏ တပည့်သည် တာအိုကို သက်သေပြကာ သူမကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေမိသည်။ ဂိုဏ်းချုပ်က သူမတပည့်သည် အတော်လေး ပါရမီထူးကဲကြောင်း ပြောခဲ့ဖူး၏။ အကယ်၍ သူတို့သာ နှစ်များစွာ ကြာသည်အထိ သူတို့ဆရာတပည့်ကြားမှ ဆက်ဆံရေးကို မမေ့ခဲ့လျှင် ထိုသို့ဖြစ်လာနိုင်သည်။
ဝမ်ဝေ့က သူမအတွက် မသေမျိုးဘဝကို ရဖို့ ကူညီပေးခြင်းအတွက်မူ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ ဂိုဏ်းချုပ်က သူမကို အကူအညီ မြောက်များစွာပေးထားပြီဖြစ်ကာ ထိုသို့လုပ်ဆောင်ပေးဖို့ မမျှော်လင့်ထားပေ။
ယူစစ်ယွီ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် အလျင်အမြန် ထိန်းချုပ်ပြီးနောက် စိတ်တည်ငြိမ်သွားသည်။
“ဂိုဏ်းချုပ် ကတိစကားတစ်ခုအတွက် ဒီလောက်ထိ ကူညီဖို့မလိုပါဘူး”
“ဒီဟာက မင်းကို ရွေးချယ်တဲ့ အကြောင်းအရင်း မဟုတ်ဘူး။ အဓိကက ကံကြမ္မာ(၁)ဖြစ်လာဖို့ လိုအပ်ချက်က ဒိုင်မေးရှင်းအနိမ့်မှာ ဖြည်းဖြည်းချင်း ကျင့်ကြံပြီးတော့ အထီးကျန်မှုကို တောင့်ခံနိုင်မဲ့သူ ဖြစ်ရမယ်။ ပြီးတော့ သူတို့ရဲ့ မသေမျိုးဘဝကို ဂိုဏ်းနဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်ဖို့ လိုလားတဲ့သူဖြစ်ရမယ်။ မင်းရဲ့ စိတ်သဘောထား၊ အတွေးအခေါ်နဲ့ ရည်မှန်းချက်တွေက ဒီကဏ္ဍအတွက် အသင့်တော်ဆုံးပဲ။ အဲဒါကြောင့် ရွေးချယ်လိုက်တာ”
“ကျွန်မရဲ့ ပါရမီကရော” ယူစစ်ယွီက သူမ၏ စိတ်သဘောထားသည် ဤအလွှာရှိ ပါရမီရှင်တချို့နှင့် လိုက်မှီနိုင်ဖို့ရာ ခွင့်ပြုနိုင်မည်မှန်း သိထားသည်။ သို့သော်လည်း သူမ၏ ပင်ကိုပါရမီ နိမ့်ပါးနေသည့်အချက်ကိုမူ မပြောင်းလဲနိုင်ပေ။
“မင်းရဲ့ လက်ရှိပါရမီက ဆိုးတယ်လို့ ပြောလို့မရပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ ဂိုဏ်း၏ အရင်းအမြစ်များဖြင့် ယူစစ်ယွီသည် သူမ၏ ပါရမီကို တိုးမြှင့်ဖို့ အခွင့်အရေးတချို့ ရလာနိုင်သည်။ ထိုအရာက သူမက နိမ့်ပါးသည့် နောက်ခံမှ ဖြစ်သည်ဟု စိတ်သဘောထားမျိုးကို မဖယ်ရှားနိုင်သည့်အတွက် ပါရမီ မထူးကဲခြင်း ဖြစ်သည်။
“ပြီးတော့ ငါတာအိုကို သက်သေပြပြီးရင် မင်းပါရမီကို တိုးမြင့်အောင် လုပ်ပေးနိုင်မဲ့ နည်းလမ်းအများကြီး ရှိတယ်”
“ဒါပေမဲ့ ကျွန်မက ကံကြမ္မာတာအိုကို မကျင့်ကြံဘူးလေ”
“မင်းက ကျင့်ကြံဖို့ မလိုပါဘူး။ ကံကြမ္မာ(၁)ဖြစ်လာပြီးတဲ့နောက်မှာ မင်းကိုယ်ပိုင်တာအိုကို ဆက်လက် ကျင့်ကြံနိုင်တယ်။ မင်းက ငါ့ရဲ့ ကံကြမ္မာစွမ်းရည်ထဲက တချို့ကို အသုံးပြုနိုင်လိမ့်မယ်”
သူမ၏ အခြေအနေက ဝမ်ကျူနှင့် တူညီလေသည်။ ဝမ်ကျူက အရိပ်တာအို ကျင့်ကြံသော်လည်း အရိပ်(၃) ဖြစ်လာပြီးသည့်နောက်တွင် ကံကြမ္မာစွမ်းရည်ကို အသုံးပြုလာနိုင်သည်။
ယူစစ်ယွီက တုံ့ဆိုင်းနေမိ၏။
“တကယ်လို့ မင်းက ဒီအခွင့်အရေးနဲ့ ထိုက်တန်လားလို့ စိုးရိမ်နေတာဆိုရင် စိုးရိမ်မနေနဲ့။ ငါက မင်းနဲ့ ထိုက်တန်တယ်ပြောမှတော့ ထိုက်တန်လို့ပေါ့။ တကယ်လို့ မင်းက ငါ့အပေါ် တင်မဲ့ ကံကြွေးကို စိုးရိမ်နေတယ်ဆိုရင် ဂိုဏ်းကို ပြန်လည်ကာကွယ်ပြီးတော့ ပေးဆပ်လို့ရတယ်။
ဒါက မင်းရှေ့မှောက်ရောက်လာတဲ့ အခွင့်အရေးကောင်းပဲ။ တုံ့ဆိုင်းမနေဘဲနဲ့ မင်းရဲ့ နှလုံးသားနောက်ကို လိုက်လိုက်”
ယူစစ်ယွီက ထိုအရာသည် ရိုးရှင်းသည့် ကမ်းလှမ်းမှု မဟုတ်သည့်အတွက် အကြည့်များ တောက်ပလာသည်။ ထိုအရာက ပြောရလျှင် မသေမျိုးကံကြမ္မာကို ရယူနိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ဖြစ်၏။ သူမသာ လက်ခံသရွေ့ သေခြင်းတရား အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်မည့် အခွင့်အရေး ရလာကာ ကျင့်ကြံရေးလှေကားကို ဖြည်းဖြည်းချင်းတက်မည့် သူမ၏ ရည်မှန်းချက်ကိုလည်း ဆက်လက် လုပ်ဆောင်နိုင်လိမ့်မည်။
“ကျွန်မ လက်ခံပါတယ်” သူမက ထိုအခွင့်အရေးကို လက်လွှတ်မခံဖို့ရာသာ ရွေးချယ်လိုက်၏။
“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ ထို့နောက် သူမနှင့် အသေးစိတ်ကို ဆွေးနွေးခဲ့သည်။ သူတို့စကားဆုံးပြီးသည့်နောက်တွင် သူက ထွက်သွားဖို့ ပြင်လိုက်၏။
သို့သော် ယူစစ်ယွီက မေးလာသည် “ဂိုဏ်းချုပ် ကျွန်မရဲ့ တပည့်က ဘယ်လိုနေသေးလဲ။ ဂိုဏ်းကပြောတော့ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာက အရင်တည်နေရာမှာ မရှိတော့ဘူးတဲ့”
***