ထူးဆန်းမှု *
Vol. 52 Ch. 716
အရှေ့ပိုင်းကြာဂိုဏ်းအဝင်ဝတွင် လူများစွာ ရပ်နေကြ၏။ ရှေ့ဆုံးတွင် လူနှစ်ယောက်ရှိနေကာ အမျိုးသမီးတစ်ဦးနှင့် လူလတ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။ သူတို့နောက်တွင် ဆံပင်ဖြူကာ အသက်ကြီးရင့်နေသည့် အကြီးအကဲငါးယောက် ရှိ၏။
“ဘိုးဘေးတို့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘာလို့လာတယ်လို့ ထင်လဲ” ဂိုဏ်းချုပ် ဖန်းဇီမင်ဟုခေါ်သည့် လူလတ်အရွယ်အမျိုးသားက မေးလိုက်သည်။
“ဒီလိုအထွတ်အထိပ် ကျင့်ကြံသူမျိုးက ငါတို့နေရာကို ဘာလို့လာတယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ” အကြီးဆုံးဘိုးဘေးက ပြန်ဖြေလိုက်၏။
“သူက ကျုပ်တို့ ဂိုဏ်းကို လာပြီး ဖျက်ဆီးတာများလား” နောက်တစ်ယောက်က မေးလိုက်သည်။
“အဲ့လိုတော့ ဖြစ်ပုံမပေါ်ဘူး။ ငါတို့တွေက သူ့ကို ရန်မစဖူးသလို အဆက်အသွယ်တောင် မရှိဖူးဘူး။ ပြီးတော့ တကယ်လို့ သူသာ ငါတို့ကို ဖျက်ဆီးချင်တယ်ဆိုရင် လူကိုယ်တိုင်လာဖို့ မလိုသလို အသိပေးအကြောင်းကြားစာတွေ လိုအပ်နေမှာ မဟုတ်ဘူး” ဘိုးဘေးငါးယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူက ပြောလိုက်သည်။
“သူ ရောက်ရှိလာတာက ကျုပ်တို့အတွက် အခွင့်အရေးကောင်း ဖြစ်နေနိုင်တယ်” ခေါင်းဆောင်နောက်မှ မိန်းမငယ်လေးတစ်ဦးကို ကြည့်ကာ နောက်တစ်ယောက်က ပြောလိုက်သည်။
“လျှောက်မစဉ်းစားနဲ့။ သူက လက်ထပ်ပြီးသွားပြီ”
“အထွတ်အထိပ်ကျင့်ကြံသူတွေက ဇနီးနဲ့ ကိုယ်လုပ်တော်တွေ အများကြီးယူတာ ပုံမှန်ပါပဲ။ ဖေးအာသာ သူ့မျက်နှာသာပေးမှုကို ရမယ်ဆိုရင် ကျုပ်တို့ဂိုဏ်းလည်း မြင့်တက်သွားမှာ အသေအချာပဲ”
ဖန်းကျင့်ဖေးက ခေါင်းငုံ့ကာ ဘာမှမပြောရဲပေ။
“ငါတို့သိထားသလောက် ဝမ်မျိုးနွယ်က မျိုးဆက်သုံးခုတိုင် တာအိုလက်တွဲဖော်တစ်ယောက်ပဲ ထားရှိခဲ့ကြတာ” အသက်အကြီးဆုံး ဘိုးဘေးက ပြောလိုက်သည်။
“ဖေးအာ … မင်းကို ရှုံ့ချတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက သူ့ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ ထိုက်တန်တယ်လို့ မထင်ဘူး”
ကျန်လေးယောက်ကလည်း ထိုစကားကို သဘောတူသည့်အလား တိတ်ဆိတ်သွားကြသည်။ အကယ်၍ ဂိုဏ်းချုပ်ကသာ ကိုယ်လုပ်တော်များ လိုချင်ပါက ဧကရာဇ်မျိုးနွယ်များက သူတို့၏ အကောင်းဆုံးတပည့်များကို ရွေးချယ်ခံစေဖို့ရာ ပို့ဆောင်ဖို့ တန်းစီနေလိမ့်မည်။ ထို့ကြောင့် သူတို့၏ အရှေ့ပိုင်းကြာဂိုဏ်းအလှည့်ရောက်လာမည်မဟုတ်ပေ။
ထို့နောက် အားလုံးက တိတ်တဆိတ် စောင့်ဆိုင်းနေကြ၏။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကောင်းကင်မှ ဆင်းသက်လာသည်။
“အချိန်လင့်သွားတာ အားနာပါတယ်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။ တကယ်တမ်း သူက သူတို့ကို အသိပေးထားသည့် အချိန်အတိအကျတွင် ရောက်လာလေ၏။
“မဟုတ်ပါဘူး။ ကျုပ်တို့က စောရောက်နေတာပါ” ဖန်းဇီမင်က မြန်မြန်သွက်သွက်လက်လက် ပြောလိုက်သည်။
“ကျုပ်က မကောင်းတဲ့ အစီအစဉ်မရှိတော့ စိတ်အေးသက်သာနေပါ” ဝမ်ဝေ့က ထိုလူများကို ကြည့်ရင်းပြောလိုက်သည်။ ရှေ့ဆုံးမှလူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဖြစ်ကာ ဂိုဏ်းချုပ် ဖြစ်ဟန်ပေါ်၏။ သူ့နားတွင် ရှိသည့် အမျိုးသမီးက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဝင်ရောက်ခါစဖြစ်ကာ အကြီးအကဲငါးဦးကမူ သူတော်စင်အဆင့် ဖြစ်ကြသည်။
သို့သော်လည်း ဝမ်ဝေ့က သူတို့၏ အခြေခံအုတ်မြစ်သည် အားနည်းပြီး သက်တမ်းအဆီအနှစ် ကုန်ခမ်းနေပြီ ဖြစ်ကြောင်း သိလေသည်။ သူတို့က နေထိုင်ဖို့ရာ နှစ်ငါးထောင်မှ နှစ်တစ်သောင်းနှစ်ထောင်အထိသာ ရှိလောက်သည်။
“ကျုပ်ရဲ့ ရည်ရွယ်ချက်ပြီးမြောက်သွားတာနဲ့ ခင်ဗျားတို့ဂိုဏ်းကို ဆုလာဘ် ချီးမြှင့်မှာပါ”
“ဂိုဏ်းချုပ်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်” သူတို့က ဦးညွှတ်ကာ ပြောလိုက်ကြ၏။ ဝမ်ဝေ့က ထိုသူများနောက် လိုက်ကာ ဂိုဏ်းအတွင်း ဝင်ရောက်သွားပြီး ထိုအခွင့်အရေးကို အသုံးချကာ သူတို့နှင့်သိကျွမ်းအောင် လုပ်ခဲ့သည်။ အရှေ့ပိုင်းကြာဂိုဏ်း၏ အဖွဲ့သားများက သူသည် စကားပြောဆိုရ လွယ်ကြောင်း သတိထားမိသွားကြ၏။
သူက သူတို့အပေါ် မောက်မာခြင်းမျိုး မရှိပေ။ ထို့ကြောင့် သူတို့က အားကောင်းသည့် မျိုးနွယ်များမှ ပြုစုပျိးထောင်ထားသည့် တပည့်များသည် ထူးခြားကြောင်းသာ သက်ပြင်းချလိုက်ကြ၏။
ဝမ်ဝေ့က ကောင်းကင်တာအို ပေးထားသည့် လျှို့ဝှက်နယ်မြေအတွက် ရောက်ရှိလာခြင်း ဖြစ်သည်။ သူ သတိထားရသည့် အကြောင်းအရင်းကမူ အထဲကို တိုက်ရိုက်သွားဖို့ အမှတ်အသားပြားကို သုံးမည့်အစား လျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ရာ ဤနေရာသို့ လာဖို့ လိုအပ်နေခြင်း ဖြစ်သည်။ သူ့အနေဖြင့် ကောင်းကင်တာအိုသည် သူ့အား အကွက်ကျကျ စီစဉ်ထားမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် သူက ဂိုဏ်းဆီ လျှို့ဝှက်မလာရောက်ခြင်း ဖြစ်သည်။ ထိုလူများနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူအနားယူချင်သည်ဟုပြောကာ သူတို့အား ပြန်လွှတ်လိုက်၏။
သူက မူမမှန်မှုရှိလားဟု ရက်ပိုင်းကြာ လေ့လာခဲ့သည်။ ဤနေရာတွင် ထူးဆန်းသည့် အငွေ့အသက်ရှိသည့် လျှို့ဝှက်နယ်မြေတစ်ခု ရှိနေလေသည်။ ထိုအရာက အတော်လေး ဖုံးဖိထား၏။ သူက ချက်ချင်းအထဲသို့ မဝင်ရောက်သေးဘဲ ဂိုဏ်းကို ဆက်လက်ရှာဖွေလိုက်သည်။
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက ထူးဆန်းသည့် လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လိုက်၏။ သူက ကြက်သီးထဖွယ် အငွေ့အသက်နှင့် တင်ပျဉ်ခွေထိုင်နေသည့် အမျိုးသားကို မြင်လိုက်ရသည်။ ဝမ်ဝေ့က ထိုအမျိုးသား၏ အငွေ့အသက်သည် ရင်းနှီးနေကြောင်း ခံစားမိလိုက်ပြီး ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။
ဒီအငွေ့အသက်က ယီလျန်ချန်းနဲ့ တူနေတာပဲ။ ဒါပေမဲ့ သန့်စင်မှုနည်းတာကလွဲရင်…
ထိုအမျိုးသားက မျက်လုံးပွင့်လာကာ ဝမ်ဝေ့အား ခက်ထန်စွာ ကြည့်လိုက်၏ “မင်းက ဘယ်သူလဲ”
“ခင်ဗျားက အရှေ့ပိုင်းကြာဂိုဏ်းရဲ့ တည်ထောင်သူလား” ဝမ်ဝေ့က ပြန်ဖြေမည့်အစား မေးခွန်းထုတ်လိုက်သည်။ သူက ဂိုဏ်း၏ မှတ်တမ်းအားလုံးကို ရှာဖွေပြီး စုဆောင်းထားသည့် သတင်းအချက်အလက်အရ ရဲရဲတင်းတင်း ခန့်မှန်းလိုက်ခြင်းသာ ဖြစ်၏။
“အရှေ့ပိုင်းကြာဂိုဏ်း…” ထိုထူးထူးဆန်းဆန်းလူက ပြန်လည်တမ်းတဟန်ဖြင့် ရေရွတ်လိုက်သည် “အချိန်အတော်ကြာခဲ့ပြီကိုး”
ဝမ်ဝေ့ စုဆောင်းထားသည့် သတင်းအချက်အလက်မှ အရှေ့ပိုင်းကြာဂိုဏ်းသည် နှစ်သန်းနှစ်ဆယ်မျှသာ ရှိသေးပြီး သူတို့၏ ခေါင်းဆောင် ကွယ်လွန်သွားစဉ်အခါက သူတော်စင်အဆင့် ဖြစ်ပေသည်။ သို့သော် ထိုအမျိုးသားက အသက်ရှင်လျက် ရှိနေသေး၏။
ဝမ်ဝေ့၏ မျက်ဝန်းအထက် ကံကြမ္မာနှင့် ယင်ယန်စွမ်းအားတို့ ဖြတ်ပြေးသွားကာ မိုးမြေ၏ လျှို့ဝှက်ချက်ကို တွက်ချက်ကြည့်လိုက်သည်။ သူက ဤလူ၏ ထူးဆန်းနေသည့် ဇစ်မြစ်ကို သိလိုသည်။
“ချောက်နက်ကြား” သူက ရေရွတ်လိုက်သည့်အတွက် တည်ထောင်သူက မျက်မှောင်ကြုတ်သွားလေသည် “မင်းက ဘယ်လိုလုပ်သိတာလဲ”
ဝမ်ဝေ့က ပြန်မဖြေပေ။ ကောင်းကင်တာအိုက ကမ္ဘာထံ ဤနေရာမှ ထွက်ပေါ်နေသည့် အန္တရာယ်တချို့ကို ခံစားမိ၍ သူ့ကို ပို့ဆောင်ကာ ရှင်းထုတ်စေခြင်း ဖြစ်သည်။
အဲဒါကြောင့် မကြိုက်တာပဲ။ ဒီအတိုင်းပြောလိုက်ရင် ဂရုစိုက်လိုက်မဲ့ဟာကို…
သူက ခေါင်းခါကာ တွေးလိုက်မိ၏။ ထို့နောက် သူက ချောက်နက်ကြား၏ သတင်းအချက်အလက်ကို ရှာဖွေဖို့ အာရုံစိုက်ထားလိုက်သည်။ သို့သော် သူက မည်သည့်အရာမှ ကောက်ချက်မချနိုင်ပေ။
ချောက်နက်ကြားက ကတ်သုလူနဲ့ သက်တမ်းရင့် နတ်ဘုရားတွေနဲ့ ဆက်နွယ်နေတာလား။ ဒါမှမဟုတ် ဒီအရှိန်အဝါ ရင်းနှီးနေတဲ့ နောက်ထပ်အကြောင်းအရင်း တစ်ခုများ ရှိဦးမလား…
“မင်းရဲ့ မောက်မာမှုက စိတ်ပျက်ဖို့ ကောင်းတယ်” တည်ထောင်သူက ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် မင်းက ဒီလိုအသက်ဓာတ်မျိုးကို ထုတ်လွှတ်နေတယ်ဆိုတော့ မင်းကို ဝါးမျိုပြီးသွားရင် ငါက အကျိုးအမြတ် အများကြီးရှိမှာပဲ”
ဝမ်ဝေ့က ထိုသူသည် သူ့အတွေးကို ပြတ်တောက်သွားစေသည့်အတွက် စိတ်တိုသွားသည်။ ထို့ကြောင့် သူက လက်ဝှေ့လိုက်၏။ တည်ထောင်သူဝန်းကျင်တွင် သင်္ကေတမြောက်များစွာ ထွက်ပေါ်လာပြီး သူ မတုံ့ပြန်နိုင်ခင် ပုတီးစေ့အဖြစ် ပြောင်းလဲသွားသည်။ ဝမ်ဝေ့က ထိုသူကို ဖမ်းဆီးပြီးသည့်နောက်တွင် သတင်းအချက်အလက်များစွာ ရှာဖွေနိုင်သေးသည့်အတွက် မသုတ်သင်ပစ်လိုပေ။ ထို့ကြောင့် သူက သူ့အသိစိတ်အပါအဝင် စည်းပိတ်ပြီး သူ့ကိုယ်သူ သတ်ပြီး မလွတ်မြောက်နိုင်အောင်ပါ တားဆီးလိုက်သည်။
ထိုသူက ယွီကျူး သို့မဟုတ် ယီလျန်ချန်းလိုမျိုး တူညီလား မသိရသေးပေ။
ဝမ်ဝေ့က သူ့ဝိညာဉ်ကို ရှာဖွေကြည့်လိုက်သည့်အခါ သတင်းအချက်အလက်အသစ်ကို သင်ယူလိုက်ရသည်။ သူ့နာမည်က ချင်းလီ ဖြစ်၏။ လွန်ခဲ့သည့် နှစ်သန်းနှစ်ဆယ်ခန့်က သူသည် သက်တမ်းကုန်ဆုံးလာခါနီးပြီဖြစ်သည့်အတွက် အဆင့်တက်လှမ်းဖို့အတွက် အခွင့်အရေးကို ရှာဖွေဖို့ ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။ အလယ်ပိုင်းကုန်းမြေနှင့် တောင်ပိုင်းကုန်းမြေကြားရှိ ကျွန်းတစ်ခုပေါ်တွင် သူက အခွင့်အရေးကို တွေ့ခဲ့သည်။
ဤသည်က ထူးခြားအံ့ဖွယ်သက်ရှိထံ ဆုတောင်းစင်မြင့်တစ်ခု ဖြစ်၏။ သတင်းအချက်အလက်အရ သူသာ ထိုကြီးမြတ်သည့် သက်ရှိများထံ တောင်းဆိုပါက သူတို့သည် သူ့ဆန္ဒကို ဖြည့်စည်းပေးလိမ့်မည်။ ချင်းလီက မတုံးအပေ။ ထိုအားကောင်းကာ အမည်မသိသက်ရှိများဖြင့် ရင်ဆိုင်ခြင်း၏ အကျိုးဆက်ကို သိထားလေသည်။ သူက သေခြင်းတရားကို ကြောက်ရွံ့၏။
နောက်ဆုံးတွင် သူက စင်မြင့်ကို အသုံးပြုကာ အောင်မြင်ခဲ့သည်။ အမည်မသိ သက်ရှိက သူ့အား အသက်ရှည်မှုနှင့် စွမ်းအားကို ချီးမြှင့်ခဲ့သည်။ ပြန်လည်တောင်းဆိုခဲ့သည့် တစ်ခုတည်းသောအရာက နောင်အနာဂတ်တွင် အစီအရင်တစ်ခု လျှို့ဝှက်စွာ ခင်းကျင်းခိုင်းခြင်းသာ ဖြစ်သည်။ ချင်းလီက ထိုအစီအရင်၏ ရည်ရွယ်ချက်ကို မှန်းဆမိသော်လည်း မငြင်းဆန်နိုင်ပေ။ သူက ချောက်နက်ထဲ ကျသွားပြီဖြစ်ကာ သူ့ဝိညာဉ်က သူ့အပိုင် မဟုတ်တော့ပေ။
“တစ်ယောက်ယောက်က အသင်္ချေအင်ပါယာကမ္ဘာကို အကွက်ကျကျ စီစဉ်နေတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူက သူ့ဝိညာဉ်ကွန်ယက်ကို အသုံးပြုပြီး ဤယဇ်ပလ္လင်နှင့် တူညီသည့်အရာမျိုးကို လုပ်ဖူးသည်။
“ငါတို့တင် မကသေးဘူး။ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးမှာ ပါနေတာပဲ”
ထိုအစီအစဉ်က အပေါ်ယံ မြင်ရသည်ထက် ပိုမိုကြီးမားလိမ့်မည်။
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အဆောင်ကို ဖန်တီးကာ ဇနီးဖြစ်သူနှင့် ဆက်သွယ်လိုက်၏။
“ချောက်နက်ကြားအကြောင်းကို သိထားလား”သူက တဲ့တိုးသာ မေးလိုက်သည့်အတွက် ဝူဟုန်က မှတ်မိဖို့ ကြိုးစားရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မ သိထားသလောက်တော့ အဆုံးမဲ့လေဟာနယ်ထဲမှာ စည်းပိတ်ထားတဲ့ တားမြစ်နယ်မြေတစ်ခုပဲ။ အဆုံးမဲ့လေဟာနယ်ထဲက ဧကရာဇ်အများစုက မတက်လှမ်းခင် အဲဒီမှာ သွားပြီးတော့ စည်းတံဆိပ်ကို အားဖြည့်ပေးကြတယ်။ ဒါပေမဲ့ အခု အဲ့လိုဆိုရင်တောင် ထူးဆန်းတဲ့ အငွေ့အသက် ထွက်လာပြီးတော့ စည်းတံဆိပ်ကို တိုက်စားနေတယ်”
“ဒီလောက် ဧကရာဇ်တွေအများကြီး အားဖြည့်ပေးတာတောင် စည်းတံဆိပ်ကို တိုက်စားနိုင်တုန်းလား”
“ဟုတ်တယ်”
“မင်းရဲ့ စည်းတံဆိပ်ကိုရောလား”
“ကျွန်မက ထည့်ဖို့ အခွင့်အရေးမရခဲ့ဘူး” ဝူဟုန်က ပြန်ဖြေလိုက်၏။ သူမက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်တွင် နေရသည့် အချိန်က တိုတောင်းလှပြီး မိစ္ဆာမျိုးနွယ်ကိုသာ သုတ်သင်ပစ်ဖို့ အာရုံစိုက်ထားခဲ့သည်။ သူမက ဒိုင်မေးရှင်းအမြင့်ဆီ မတက်လှမ်းခင် သူမ၏ စည်းတံဆိပ်ကို ထည့်ဖို့ရာ အခွင့်အရေး မရခဲ့ပေ။
“ဒါနဲ့ ဘာလို့မေးတာလဲ”
ဝမ်ဝေ့က အခြေအနေကို ရှင်းပြလိုက်၏။
“ချောက်နက်ကြားက တားမြစ်ချက်နဲ့ ဆက်နွယ်နေမယ်ဆိုရင် ကိစ္စတွေက ပိုပြီးတော့ ရှုပ်ထွေးသွားနိုင်တယ်”
“မင်း ကြည့်ရတာ စိုးရိမ်တဲ့ပုံမပေါ်ပါ့လား”
“အဲဒီပြဿနာတွေအကုန်လုံးက ရှင့်ကိစ္စပဲလေ”
ဝမ်ဝေ့က ရှုံ့မဲ့သွားပြီးသည့်နောက်တွင် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်သည်။ သူက လျှို့ဝှက်နယ်မြေကို ကြည့်ကာ အာကာပြင်စွမ်းအားကို အသုံးပြုပြီး ယူဆောင်လိုက်သည်။ သူက သဲလွန်စများ တွေ့မလားဟု သိချင်မိသည်။
သူက အရှေ့ပိုင်းကြာဂိုဏ်းဆီ ပြန်ရောက်လာ၏။ သူက ထိုလူများအား ဖြစ်ပျက်ခဲ့သမျှအရာများကို မပြောပြဘဲ ဆုလာဘ်သာ ချီးမြှင့်ခဲ့၏။ သူက သူတို့ဂိုဏ်း၏ ကျင့်ကြံရေးနည်းစနစ်ကို ဧကရာဇ်တစ်ပိုင်းအဆင့်ထိ ရောက်အောင် ပြုပြင်ပေးခဲ့ပြီး သူတို့၏ ဘိုးဘေးများအား သက်တမ်းနှစ်၂ထောင် တိုးပွားအောင် ကူညီပေးခဲ့သည်။
နောက်ဆုံးတွင် သူက ဗလာခေတ်ကာလမှ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ဖို့ အမှတ်အသားပြားကို အသုံးပြုလိုက်၏။
***