လော့ချန်၏ အခြေအနေ
Vol. 52 Ch. 723
“ဘာမှ အရေးမကြီးပါဘူး။ အတိတ်ကို ပြန်လည်တွေးမိရုံပါ” လော့ချန်က သူမကို သူ့ပေါင်ပေါ်ထိုင်ဖို့ ညွှန်ပြရင်း ပြောလိုက်သည်။ လန်လင်းက ရှက်သွေးဖြာသွားပြီးနောက် ခေါင်းအသာယမ်းလိုက်၏။
“ဘာမှရှက်စရာမလိုပါဘူး။ ကိုယ်တို့က လက်ထပ်ပြီးသွားပြီလေ။ ဒီမှာ ဘယ်သူမှလည်း မရှိဘူး” လော့ချန်က အပြုံးလေးဖြင့် ဖျောင်းဖျလိုက်၏။ သူက ဤနှစ်များစွာကြာသည့်တိုင် သူမ အလွယ်တကူ ရှက်သွေးဖြာသည်ကို သဘောကျမိ၏။ သူမကို သက်တောင့်သက်ဝန်းရပ်ဝန်းမှ ထွက်လာအောင် လုပ်နိုင်သည်ကိုလည်း သဘောကျလှသည်။
လန်လင်းက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက် အနီးနားတွင် အစေခံများရှိလားဟု သေချာစစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင် စက္ကန့်ပိုင်းကြာ အကဲခတ်နေပြီးသည့်နောက် သူမက သူ့ပေါင်ပေါ် ဝင်ထိုင်လိုက်ပြီး ရင်ဘတ်ပေါ် မှီထားလိုက်သည်။
“အခုတစ်ခါ ကြိုးစားမှုကရော ဘယ်လိုနေသေးလဲ” သူမက မေးလိုက်၏။
“နောက်ထပ် ကျရှုံးသွားတယ်” လော့ချန်က သက်ပြင်းချကာ ပြောလိုက်သည်။
“ရှင့်ကို ကူညီနိုင်ရင်ကောင်းမှာ” သူမက ဝမ်းနည်းတသဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။ လန်လင်းက သူမ၏ ခင်ပွန်းဖြစ်သူကို ကူညီပေးချင်သော်လည်း သူမ၏ ဆေးဖော်စပ်သည့် အရည်အချင်းက လက်ထောက်ဖြစ်ဖို့ရာပင် ကန့်သတ်ထားလေ၏။
“အဲ့လိုမပြောပါနဲ့။ မင်းကသာ ကိုယ့်ရဲ့ တွန်းအားပဲ။ မင်း မရှိရင် ဒီဆေးလုံးကို လက်လျှော့လိုက်တာ ကြာလှပြီ”
လော့ချန်က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက တခြားတစ်ယောက်၏ နယ်ရုပ် ဖြစ်နိုင်ကြောင်း သိရှိပြီးသည့်နောက်တွင် ထိုဆေးဖော်စပ်နည်းအား ပစ်ပယ်ဖို့ မကြာခဏ တွေးခဲ့မိသည်။ သူက ဧကရာဇ်တစ်ယောက်၏ အိပ်မက် သို့မဟုတ် ရည်မှန်းချက်မျိုးလည်း မရှိပေ။ ထို့ကြောင့် ဤဆေးလုံးကို ဖော်စပ်ဖို့ အောင်မြင်မှုမှလွဲ၍ ဘာမှဂရုမစိုက်ပေ။
သို့သော်လည်း လုပ်ကြံသတ်ဖြတ်မှု တစ်ခုကြောင့် လန်လင်း ဒဏ်ရာရရှိပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့၏။ လော့ချန်က အင်အား၏ အရေးပါပုံကို သဘောပေါက်လာကာ အာဏာအတွက် ဆာလောင်လာခဲ့သည်။ သူက သူ ချစ်မြတ်နိုးရသူများကို ကာကွယ်ပြီး သူတို့ တစ်သက်လုံး ကြာရှည်စွာ နေသွားနိုင်ဖို့ အာဏာဆုပ်ကိုင်ထားဖို့ရာ ကျိန်ဆိုခဲ့သည်။
ထိုဆေးလုံးက အဖြေ ဖြစ်၏။ အကယ်၍ သူတာအိုကို သက်သေပြနိုင်ခဲ့လျှင် ယင်ယန်လက်တွဲဖော် ဧကရာဇ်၏ ခြေလှမ်းအတိုင်းလိုက်ကာ ယင်ယန်အချစ်ပန်းပွင့်ကို ပြုစုပျိုးထောင်နိုင်သည်။ အကယ်၍ ဒဏ္ဍာရီများကသာ အမှန်ဖြစ်နေပါက လော့ချန်သည် သူ့ဇနီးအား ဧကရာဇ် ဖြစ်လာနိုင်အောင် လုပ်ဆောင်ပေးနိုင်လောက်သည်။
လန်လင်းက သူ့ဆီမှ စိတ်အေးလက်အေး စကားများကို ကြားပြီးသည့်နောက်တွင် ပြုံးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူ့ကို ကူညီပေးနိုင်ဖို့သာ မျှော်လင့်နေဆဲ ဖြစ်၏။
“မလိုတာတွေ တွေးမနေနဲ့တော့။ ဒါနဲ့ ထာဝရမျိုးစေ့အကြောင်းကရော အမှန်ပဲလား” လော့ချန်က မေးလိုက်သည်။
“အမှန်ပဲ။ ဒါပေမဲ့ ကျွန်မတို့တွေ ရောက်သွားတဲ့အချိန်မှာ တစ်ယောက်ယောက်က ယူသွားနှင့်ပြီ”
လော့ချန်က ညည်းတွားလိုက်၏။
သူက ဤတာအိုသက်သေပြ ဆေးလုံးကို ပြင်ဆင်ဖို့အတွက် ပြဿနာများစွာ ရင်ဆိုင်ခဲ့ရပြီး ပါဝင်ပစ္စည်းများက ပြဿနာတစ်ခု ဖြစ်၏။ သူတို့အားလုံးက ရှားပါးကာ ရှာဖွေဖို့ ခက်ခဲလှသည်။ ထာဝရမျိုးစေ့က လွန်ခဲ့သည့်နှစ်နှစ်ထောင်အတွင်း လိုက်လံရှာဖွေနေခဲ့သည့် ပင်မပါဝင်ပစ္စည်းတစ်ခု ဖြစ်၏။
“ဘယ်သူရသွားတယ်ဆိုတာကို သိလား”
“ကျွန်မတို့ ရထားတဲ့ သတင်းအချက်အလက်က မတိကျဘူး။ ဒါပေမဲ့ ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်နိုင်ချေရှိတယ်”
“ထာဝရမျိုးစေ့က သက်တမ်းဆန့်ဖို့အတွက် အဓိက အသုံးပြုတာ တကယ်လို့ သူတို့လက်ထဲမှာရှိတယ်ဆိုရင် အသက်ဆက်ဆေးလုံးအဖြစ် သန့်စင်ပစ်နိုင်ချေရှိတယ်” လော့ချန်က ပြောလိုက်သည်။
“ကြည့်ရတာ ကိုယ် သူတို့နဲ့ ညှိနှိုင်းလို့ရမယ် ထင်တယ်”
လက်ရှိ သူက ကမ္ဘာတွင် အကောင်းဆုံး ဆေးဖော်စပ်သူထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကုန်သွယ်ရေးအဖွဲ့အစည်းက သူ့အပေါ် ကျေးဇူးကြွေးတင်လိုလိမ့်မည်။
“အင်” လော့ချန်က သူ့ဇနီးဆီမှ တစ်စုံတစ်ခုကို ခံစားမိသည့်အတွက် ရေရွတ်လိုက်သည်။
“တစ်ခုခု ပြောစရာရှိရင် ပြောလိုက်ပါ”
လန်လင်းက ပါးစပ်ဟလိုက်ပြီးသည့်နောက်တွင် ပြန်လည်ပိတ်လိုက်၏။ သူမက မပြောခင် တုံ့ဆိုင်းနေမိသည်။
“ရှင် ဂိုဏ်းရဲ့ လူစွမ်းအားအပေါ် မှီခိုသင့်တယ်လို့ ထင်တယ်”
“မဖြစ်နိုင်ဘူး” သူက တဲ့တိုးသာပြန်ဖြေလိုက်၏။
“တကယ်လို့ ကျွန်မတို့သာ ပါဝင်ပစ္စည်းတွေကို ရှာပေးမဲ့ လူများများ ရှိမယ်ဆိုရင် ဒီလိုအခြေအနေမျိုး ဖြစ်နေမှာ မဟုတ်ဘူး” လန်လင်းက နှုတ်ခမ်းကို ကိုက်ကာ ဖျောင်းဖျလိုက်၏။ သူမက သူမ၏ ခင်ပွန်းဖြစ်သူနှင့် အငြင်းပွားရသည်ကို သဘောမကျသော်လည်း တစ်ခါတစ်ရံတွင် မာကြောဖို့ရာ လိုအပ်ပေသည်။
“ဒီရှားပါးပြီးတော့ မျိုးတုန်းနိုင်ချေရှိတဲ့ ပါဝင်ပစ္စည်းတွေကို စုစည်းရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သိမှာပါ။ တကယ်လို့ ရှင့်ဘာသာရှင် ရှာနေမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူး။ တကယ်လို့ ဂိုဏ်းရဲ့ လွှမ်းမိုးမှုနဲ့ အဆက်အသွယ်တွေကို သုံးမယ်ဆိုရင်တော့ အခွင့်အရေး ရလာနိုင်တယ်”
“မင်းလည်း ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို နားလည်မှာပါ” လော့ချန်က ပြောလိုက်၏။
“အဲဒီလူက ကိုယ့်အယောင်ဆောင်ပြီးတော့ ဂိုဏ်းကို ကျူးကျော်ခဲ့တာ။ ဂိုဏ်းထဲမှာ ကိုယ့်ကို စောင့်ကြည့်ဖို့ သူလျှိုတွေ အများကြီးရှိတယ်ဆိုတာကို သိတယ်”
လန်လင်းက သူ့ခေါင်းဘေးမှ ဆံပင်ဖြူတချို့ကို ကြည့်နေမိသည်။ သူမက ထိုဆံပင်ဖြူများသည် သက်တမ်းကုန်ဆုံးမှုကြောင့် ထွက်ပေါ်လာခြင်း မဟုတ်မှန်းသိထား၏။ သူတို့က ငယ်ရွယ်ကာ အသက်ဓာတ်ပြည့်ဝနေဆဲ ဖြစ်၏။
ထိုဆံပင်ဖြူများက စိုးရိမ်ပူပင်သောက များလွန်းသည့် ရလဒ်သာ ဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်ပိုင်းခန့်က သူမ၏ ခင်ပွန်းဖြစ်သူသည် ဤဆေးလုံးအကြောင်း ဆရာကို ပြောမပြနိုင်လောက်အောင်အထိ ဝိရောဓိ ပွားခဲ့ရသည်။
“သူနဲ့ အပေးအယူ လုပ်ဖို့ရော ထည့်စဉ်းစားပြီးသွားပြီလား”
“တကယ်ပြောနေတာလား” သူက ယနေ့ သူမ ဘာဖြစ်နေလဲဟု မေးလိုက်သည်။
“အခြေအနေကို သေသေချာချာ စဉ်းစားပြီးသွားပြီလား”
“ဘာကိုပြောချင်တာလဲ”
“မဖြစ်နိုင်ဘူး။ ကိုယ်တို့တွေက ပါဝင်ပစ္စည်းရဲ့ ၈ပုံ၁ပုံတောင် စုစည်းနိုင်ပါ့မလားပဲ” လော့ချန်က နေရခက်စွာပြုံးရင်း ပြောလိုက်သည်။
“အဲဒါဆိုရင် သူ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ရှင် ဘာလုပ်မှာလဲ။ သူ့ဆီကနေ ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား”
လော့ချန်က ပြန်မဖြေပေ။ သူက မည်သို့ တုံ့ပြန်ရမှန်းမသိပေ။
“သူ တွေ့သွားတာနဲ့ ရှင့်ဆီကနေ ဆေးလုံးကို ယူသွားနိုင်တယ်” သူမက ဆက်ပြောလိုက်သည်။
“ကျွန်မတို့ဆီမှာ မီးတောက်ဧကရာဇ်ပေါ်ထွက်လာပြီး ကူညီမလားဆိုတဲ့ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် အဲဒါက ကိစ္စကောင်းဖြစ်ပါ့မလား”
မည်သူကမှ မီးတောက်ဧကရာဇ်ကို အပြည့်အဝ မယုံကြည်ကြပေ။ သူတို့က သူပင်မရည်ရွယ်ချက်နှင့် အစီအစဉ်ကို မသိရပေ။ လော့ချန် ဆေးလုံးဖော်စပ်နိုင်သည့် နေ့ရက်က မီးတောက်ဧကရာဇ်၏ လက်ထဲတွင် သေဆုံးသွားနိုင်သည့် နေ့ရက်လည်း ဖြစ်နေနိုင်သည်။ ထို့ကြောင့် လန်လင်းက ဝမ်ဝေ့ကို ပိုမိုလိုလား၏။ ပြောရလျှင် သူနှင့် ပူးပေါင်းလိုက်ခြင်းက မီးတောက်ဧကရာဇ်ဆီမှ ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်လောက်သည်။
“ကိုယ် မီးတောက်ဧကရာဇ်ကို ယုံတယ်” လော့ချန်က ပြောလိုက်သည်။ သူက ထိုသို့သော သက်ရှိမျိုးသည် မဟာဧကရာဇ်အဆင့်ထက်အလွန် ရှိနေသည်။ ထိုသို့သော သက်ရှိမျိုးသည် သူ့လိုမျိုး နိမ့်ကျသည့်သူကို အကွက်ကျကျ စီစဉ်နေဖို့ မလိုအပ်ကြောင်း ယုံကြည်ထား၏။
“ကောင်းပြီ။ ရှင့်ပြောစကား မှန်တယ်လို့ပဲ ထားပြီးတော့ မီးတောက်ဧကရာဇ်က ရှင့်ကို ထိခိုက်အောင် မလုပ်ဖူးဘဲ ဆိုကြပါတော့။ တကယ်လို့ ဝမ်ဝေ့က ရှင့်ဆီကို ဆေးဖော်စပ်နည်း လာတောင်းရင် ဘယ်လိုလုပ်မှာလဲ။ တကယ်လို့ ရှင်က အောင်မြင်သွားပြီး ဧကရာဇ်ဖြစ်သွားရင် သူ့ထက်အားကောင်းမယ်လို့ ထင်လား”
လော့ချန်က မျက်ခုံးကို ဖိနှိပ်ရင်း ညည်းတွားလိုက်သည်။
“အခု သူနဲ့ အပေးအယူလုပ်မယ်ဆိုရင် ရှင့်အတွက် ပါဝင်ပစ္စည်းတွေကို စုစည်းပေးနိုင်မဲ့ တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုလုံးရဲ့ ထောက်ပံ့မှုကို ရလာလိမ့်မယ်။ ဒုတိယအနေနဲ့ အောင်မြင်မှုကို အာမခံပေးနိုင်မဲ့ ယန်းလီလင်းရဲ့ အကူအညီလည်း ရလာနိုင်တယ်”
လော့ချန်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် “အဲဒါက သူ တာအိုကို သက်သေပြတဲ့အချိန်ကျမှပဲ မှန်မှာလေ”
“တကယ်လို့ တခြားသူတွေကသာ နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်သွားမယ်ဆိုရင် ကျွန်မတို့တွေရဲ့ အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားသွားနိုင်တယ်” လန်လင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“သူက ကျွန်မတို့အကြောင်းကို ကောင်းကောင်းသိထားပြီးတော့ ကံဆက်နွယ်မှုလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်မတို့ကို သက်ညှာချမ်းသာပေးပြီးတော့ ဆေးဖော်စပ်နည်းရဲ့ ပုံပွားယူတာ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ တခြားကောင်းကင်ရွေးချယ်ခံတွေက ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး။ လူအများစုက ဒီဆေးဖော်စပ်နည်းအတွက် ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့တောင် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။”
လော့ချန်က ထိုအကြောင်းကို ကောင်းကောင်းသိထားလေသည်။ ထို့ကြောင့် ဆေးလုံးအကြောင်း သူ့ဇနီးဖြစ်သူကိုသာ ပြောပြထားပြီး ဆရာကိုပင် မပြောပြထားပေ။ သူမသာ သူ့အနားတွင် နေ့စဉ်နေ့တိုင်း အိပ်စက်နေသည် မဟုတ်ပါက ပြောပြမည် မဟုတ်ပေ။
ဤဆေးဖော်စပ်နည်းကို ရရှိဖို့အတွက် လူမည်မျှက မည်သို့လုပ်မည်ကို မှန်းဆကြည့်၍ ရလေသည်။ သူတို့၏ မူလဆေးလုံးတာအိုဂိုဏ်းကိုပင် သုတ်သင်ပစ်နိုင်၏။
အကယ်၍ ထိုသို့သော နေ့ရက်ရောက်ရှိလာပါက လော့ချန်က ဂိုဏ်း၏အကြီးမားဆုံး အပြစ်ကြွေးသမားတစ်ယောက် ဖြစ်သွားလိမ့်မည်။ ဧကရာဇ်မျိုးနွယ်အများစုက ပူးပေါင်းကာ မူလဆေးလုံးတာအိုဂိုဏ်းကို သုတ်သင်ပစ်ကြလိမ့်မည်။
“မင်းရဲ့ အကြံပြုချက်ကို စဉ်းစားကြည့်ပါဦးမယ်” သူက ပြောကာ စကားဝိုင်းကို အဆုံးသတ်လိုက်၏။
လန်လင်းက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူမ၏ ခင်ပွန်းဖြစ်သူက ကြင်နာကာ ညင်သာသော်လည်း ဆေးဖော်စပ်နည်း သို့မဟုတ် ဝမ်ဝေ့နှင့် ပတ်သက်လာသည့်အခါ ခေါင်းကြောမာလှသည်။
“အရင်ဆုံး ဆရာကို ပြောပြလို့ မရဘူးလား။ သူက ယုံကြည်လို့ ရပြီးတော့ ကျွန်မတို့ကို အများကြီး ကူညီပေးနိုင်တယ်လေ”
လော့ချန်က ထိုအရာကို ချက်ချင်း ငြင်းပယ်ချင်သော်လည်း ထိုဆေးလုံးကို ဖော်စပ်နိုင်သည့် အခွင့်အရေးရလာပါက တစ်စုံတစ်ခု ကွဲကွဲပြားပြား လုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း သဘောပေါက်သွားသည်။ လက်ရှိအခြေအနေက စိတ်ကျေနပ်စရာ မကောင်းလှပေ။
ထို့ကြောင့် သူ့ဆရာကို အမှန်အတိုင်း ပြောပြလိုက်ခြင်းက လှုပ်ရှားမှုကောင်း တစ်ခု ဖြစ်၏။ သူ့ဆရာက အားမကြီးသော်လည်း အတွေ့အကြုံများစွာနှင့် အဆက်အသွယ်များစွာ ရှိနေသေးသည်။
ဆရာက ငါ့ကို ကူညီပေးနိုင်တဲ့နည်းလမ်းကို ရှာတွေ့နိုင်လောက်တယ်…
လော့ချန်က ထိုအရာသည် အတွေးကောင်းဟု ခံစားမိသော်လည်း သတင်းထွက်ပေါ်သွားမည်ကို စိုးရိမ်မိဆဲ ဖြစ်၏။
သူက သူ့ဆရာကို ယုံကြည်သော်လည်း ထိုသူက အမှားအယွင်းလုပ်ခဲ့လျှင် ကပ်ဘေးဖြစ်လာမည်ကို စိုးရိမ်မိသည်။
“ကျွန်မကို လုပ်ခဲ့သလိုမျိုး ဆရာအပေါ်ကိုလည်း ယုံကြည်ပေးလိုက်ပါ” လန်လင်းက သူ့လက်ကို ကိုင်စွဲရင်း ဖျောင်းဖျလိုက်သည်။ လော့ချန်က သူ့ဇနီးဖြစ်သူ၏ တောက်တောက်ပပအပြုံးကို ကြည့်နေရင်း စိတ်သက်သာရာရသွားမိ၏။
“မင်း ပြောတာမှန်တယ်” သူက ခေါင်းညိတ်လိုက်သည်။
“ဆရာကို အမှန်အတိုင်း ပြောပြလိုက်မယ်” ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူ့ခေါင်းပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားမိလိုက်သည်။ ထိုနှစ်ဦးသားက အခန်းအပြင်ဘက်သို့ ထွက်လာကာ ယဲ့လောင်၏ တောင်ဆီ ဦးတည်လိုက်ကြသည်။
လော့ချန်က သိပ်ဝေးဝေး မသွားရသေးခင် တပည့်တစ်ဦးက အရေးကြီးသတင်းဖြင့် ရောက်ရှိလာ၏။
တာအိုသင်္ချိုင်းမြေက ပျောက်ကွယ်သွားပြီလား။ ဒါပေမဲ့ အခုဒါက အရေးမကြီးသေးဘူး…
သူက တပည့်ကို ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ ထို့နောက် သူက ဆရာနှင့် သွားရောက်တွေ့ဆုံကာ အမှန်တရားကို ပြောပြခဲ့၏။
***