အကြွင်းမဲ့ဓားသမားများ၏ အသေအကြေတိုက်ပွဲ အပိုင်း(၁)
Vol. 52 Ch. 726
ဝမ်ထျန်းက ကျောက်တုံးနားတွင် ထိုင်နေရင်း သင့်တော်သည့်အချိန်ကို စောင့်ဆိုင်းနေလေ၏။ သူက တစ်ကိုယ်လုံး အဖြူရောင်ဝတ်ဆင်ထားကာ သေမျိုးလောက၏ အချုပ်အနှောင်များ ကင်းလွတ်နေသည့် ဓားသမားတစ်ဦး၏ အငွေ့အသက်မျိုးကို ပြသနေသည်။
သူက လူလတ်အရွယ်သွင်ပြင် ရှိသော်လည်း သူ့ရုပ်ရည်က နတ်ဘုရားလိုမျိုး သို့မဟုတ် ကောင်းကင်ဘုံကပင် အားကျလောက်သည့် မျက်နှာပိုင်ရှင်ဟု ညွှန်းဆို၍ ရပေသည်။ သူ့ဝတ်ရုံက လေနှင့်အတူ မြောလွင့်နေပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေကာ ငြိမ်းအေးသည့် သဘာဝကို ပြသနေသည်။
ဝမ်ထျန်းက မျိုးဆက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည်မှာ သူ့ပြိုင်ဘက်ကင်း အင်အားကြောင့်သာမကဘဲ ချောမောခန့်ညားလှသည့် သူ့ရုပ်ရည်ကြောင့်လည်း အပါအဝင် ဖြစ်၏။ သူ့မျိုးဆက်အတွင်း သူတော်စင်မ၊ သခင်မလေး၊ ဂိုဏ်းချုပ်နှင့် ဧကရီများက သူ့ပြိုင်ဘက်ကင်း ရုပ်ရည်ကြောင့် မည်မျှ ခံစားခဲ့ရသည်ကို တွေးကြည့်၍ မရပေ။ ပြိုင်ဘက်ကင်း အမျိုးသမီးအများစုက သူ့အား ပြန်ပေးဆွဲကာ အိမ်တွင် ဖမ်းဆီးပိတ်လှောင်ထားလိုကြပြီး သူတို့၏ လက်တွဲဖော် သို့မဟုတ် ကစားစရာ ဖြစ်စေလိုကြသည်။
တခြားနည်းဖြင့် ဝမ်ထျန်းက အားကောင်းနေလေ၏။ မဟုတ်ပါက သူ့ကံကြမ္မာသည် သေဆုံးခြင်းထက်ပင် ပိုမိုဆိုးရွားသွားနိုင်သည်။
သူ့မျိုးဆက်အတွင်း နာမည်ကျော်ကြားသော်လည်း ဝမ်ထျန်းက သူ့လက်ရှိဇနီးနှင့် အကြောင်းပါခဲ့သည်ကိုပင် ဝမ်းသာနေမိ၏။ သူ့ဖခင်၏ လွှမ်းမိုးမှုကြောင့် သူက တာအိုလက်တွဲဖော် တစ်ယောက်ထက် ယူဖို့ စဉ်းစားမထားပေ။ သို့သော်လည်း သူ့မျိုးဆက်ရှိ အမျိုးသမီးအများစုက သူ့ပြိုင်ဘက်ကင်းရုပ်ရည်နှင့် ပါရမီကိုသာ မြင်ကြလေသည်။ ယုယန်ကမူ အပေါ်ယံထက် လွန်၍ သူ့အစစ်အမှန်ကို မြင်တွေ့ခဲ့ပြီး သူ့အား စိတ်ခံစားချက်အများအပြားနှင့် ဓားချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်ကြောင်း သိခဲ့သည်။
ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် သူက ယုယန်နှင့် အကြိမ်များစွာ တွေ့ကြုံခဲ့ပြီး ဆက်နွယ်မှုများ ရှိခဲ့သည်။ သို့သော်လည်း သူတို့က သွေးမြေတွင် သေလုနီးပါး မဖြစ်ခင်အချိန်အထိ သူတို့ကိုယ်သူတို့ ချုပ်ထိန်းထားခဲ့ကြ၏။
ထိုစိတ်ပျက်လက်ပျက်အချိန်အတွင်း သူတို့က ရန်သူထံ တစ်ယောက်ကိုတစ်ယောက် ဘဝကို မြှုပ်နှံလိုက်ကြပြီး သူတို့၏ စိတ်ခံစားချက်များကို ချုပ်ထိန်းထားခြင်း မရှိတော့ဘဲ ခံစားချက်များကို ဖွင့်ဟဝန်ခံလိုက်ကြသည်။ ဝမ်ထျန်းက ထိုနေ့ရက်သည် နှစ်သန်းချီကြာမြင့်ခဲ့သော်လည်း မနေ့တစ်နေ့ကအလား အမှတ်ရနေဆဲ ဖြစ်၏။
ထိုနေ့ရက်တွင် သူက စိတ်နှင့် ဓားကို လွတ်မြောက်စေလိုက်၏။ သူ့ဓားရေးက နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားကာ အန္တရာယ်များလှသည့် တားမြစ်နယ်မြေမှ သွေးလမ်းစဉ်ကို ထုဆစ်ဖန်တီးနိုင်ခဲ့သည်။
သွေးမြေမှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ထျန်းက အထီးမကျန်တော့ကြောင်း သဘောပေါက်သွားသည်။ သူက သူကိုယ်တိုင်အတွက် ဓားရေးလေ့ကျင့်နေခြင်း မဟုတ်တော့ဘဲ ကာကွယ်ရမည့် တစ်စုံတစ်ယောက် ရှိလာခဲ့လေပြီ။
နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် တစ်ဖက်လူက ရောက်ရှိလာ၏။ သူက စောင့်ဆိုင်းရသည်ကို စိတ်ထဲမထားပေ။ သူက ဤတိုက်ပွဲအတွက် စိတ်ကိုစုစည်းပြီး အထွတ်အထိပ်အခြေအနေတွင် ရှိနေအောင် သေချာဖို့ အချိန်ယူထားခဲ့သည်။
ထို့နောက် သူက တစ်စုံတစ်ခုကို ခံစားမိစဉ် တည်နေရာတစ်ခုသို့ လှမ်းကြည့်လိုက်၏။ ကျိလန်ဖန်းက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သေရည်အိုးကို ကိုင်ဆောင်လျက် ဓားပျံကို စီးနင်းကာ ဝမ်ထျန်းဆီ ရောက်ရှိလာသည်။ ကျိလန်ဖန်းက ယခင်လှည့်ဖျားရေးစစ်ဆေးမှုကလိုမျိုး စုတ်စုတ်ပြတ်ပြတ် မဟုတ်တော့ပေ။ ထိုအစား သူက အပြာရောင်တာအို ဝတ်ရုံဖြင့် ချောမောနေပြီး မြင့်မြတ်ကာ ဓားအရှင်တစ်ယောက်၏ အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။
သူ့ပုံရိပ်ကို ဖျက်ဆီးနေသည့် တစ်ခုတည်းသောအရာက အရက်နံ့ပြင်းပြင်းသာ ဖြစ်၏။
“တာအိုရောင်းရင်း အချိန်လင့်သွားတာ အားနာပါတယ်။ အဆုံးမဲ့လေဟာနယ်အတွင်း သွားလာရတာ တကယ်ကို မလွယ်ဘူး” ကျိလန်ဖန်းက သူ့ဓားပျံကို သိမ်းဆည်းရင်း ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ တာအိုရောင်းရင်းက ဒီလောက် အဝေးကြီးလာပေးတာကိုပဲ ဝမ်းသာလှပါပြီ” ဝမ်ထျန်းက ပြောလိုက်သည်။ သူတို့က နှစ်များစွာ ရင်းနှီးခဲ့ကြသော်လည်း အလွှာကူးပြောင်းအစီအရင်ကို ခင်းကျင်းခြင်းက မသင့်တော်ပေ။ ထို့အပြင် ထိုအရာက ဈေးကြီးလွန်းလှပြီး လက်ရှိအသင်္ချေအင်ပါယာကမ္ဘာက တစ်ဖက်ပိတ်အခြေအနေတွင် ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူတို့က ဆွေးနွေးကာ ကျိလန်ဖန်းသည် တိုက်ပွဲအတွက် ဤနေရာသို့ ရောက်လာဖို့ သဘောတူညီခဲ့ကြသည်။ အကြောင်းမှာ သူ့ပြိုင်ဘက်များက သူ့သတင်းအချက်အလက် စုဆောင်းနိုင်မည်ကို စိုးရိမ်စရာမလို၍ ဖြစ်သည်။
ထို့နောက် အရက်သမား ဓားသမားက ဝမ်ထျန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒီလိုအသက်ဓာတ်မျိုးနဲ့ဆိုရင် ခင်ဗျားက ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့တာလား”
“ဟုတ်တယ်” ဝမ်ထျန်းက အမှန်တရားကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ဘာလို့လဲ။ ကျုပ်တို့က တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းတယ်လို့ ထင်နေတာ” ကျိလန်ဖန်းက စိတ်ပျက်မှုကို မဖုံးကွယ်ပေ။ သူက ဤနှစ်များစွာ ကြာသည့်တိုင် ပြိုင်ဘက်ကောင်း တစ်ယောက်ကို တွေ့ခဲ့ပြီဟု ထင်ထားခဲ့သော်လည်း ယခုအခါ မှားယွင်းသွားဟန်ပေါ်၏။
“ကျုပ်လည်း အဲလိုပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အရင်လမ်းစဉ်က မှားယွင်းနေတယ်ဆိုတာကို သင်ယူခဲ့ရတယ်”
“တကယ်ကို ရဲတင်းလွန်းတဲ့ စကားပဲ” ကျိလန်ဖန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သန့်စင်သည့် ဓားရေးသက်သက်လမ်းစဉ်သည် အချိန်အစကတည်းက တည်ရှိခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူက သူ့မိတ်ဆွေအသစ်သည် မောက်မာသည်လား သို့မဟုတ် လမ်းစဉ်ကို ကျော်လွန်ကာ ပိုမိုကောင်းမွန်သည့်အရာ ရှာဖွေတွေ့ရှိသွားလား မသိရပေ။
“ဒါက အမှန်ပဲ” ဝမ်ထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“တကယ်လို့ အမှန်ဖြစ်တယ်လို့ ပြောတယ်ဆိုရင်တောင် ခန္ဓာကိုယ်သန့်စင်ခြင်းက ဓားသမားတွေအတွက် သင့်တော်တဲ့ နည်းလမ်းလို့ထင်လား”
“ကိုယ်တိုင် မတွေ့ကြုံရမချင်း နားလည်မှာ မဟုတ်ဘူး” ဝမ်ထျန်းက ပြောလိုက်၏။ သူက အငြင်းပွားမနေတော့ပေ။ သူ့မိတ်ဆွေကို လမ်းမှားလျှောက်နေခြင်းအား အပြုအမူမှတဆင့် သက်သေပြချင်မိ၏။
“ဟုတ်ပြီ စကားထက် အပြုအမူနဲ့ပဲ သက်သေပြလိုက်ကြရအောင်” ကျိလန်ဖန်းကပြောလိုက်သည်။
“ကျုပ်တို့မစခင် မင်းရဲ့ စွမ်းအားအမြင့်ဆုံးကို ပြောပြလို့ရမလား” ဝမ်ထျန်းက မေးလိုက်သည်။
ကျိလန်ဖန်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ပြောလိုက်သည် “ထိပ်သီးပွင့်ချပ်ငါးလွှာအဆင့်”
“ကျုပ်က ထိပ်သီးပွင့်ချပ်ခုနစ်လွှာအဆင့် ရှိတယ်။ အဲဒါဆိုတော့ တူညီတဲ့ အင်အားရှိအောင် စည်းပိတ်လိုက်မယ်”
ကျိလန်ဖန်းက သဘောတူလိုက်၏။ ဤသည်က ဓားသမားများကြား မည်သူ့ဓားရေးလမ်းစဉ်က အကောင်းဆုံးလဲဟု ဆုံးဖြတ်ဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ ထို့ကြောင့် သူက အနက်ရောင်ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး အသာဝှေ့ယမ်းလိုက်၏။
“ဒီဓားကို မဟူရာကြာလို့ ခေါ်တယ်။ ဒါက ကျုပ်ရဲ့ တာအိုသက်သေပြပစ္စည်းပဲ။ ကျုပ် ငါးနှစ်သားအရွယ်ကတည်းက ထိတွေ့ခဲ့တဲ့ ပထမဆုံးဓားပဲ။ ဒီတိုက်ပွဲတွေတစ်လျှောက်လုံးမှာ ကျုပ်နဲ့အတူ အဖော်ပြုပေးခဲ့တာ။ ကျုပ်ရဲ့ ကမ္ဘာမှာ ဒါကို ဓားသမားခြွေသူလို့ အသိများတယ်”
ဝမ်ထျန်းက ကျိလန်ဖန်း၏ စကားကိုကြားသည့်အခါ အားကျလာမိသည်။ သူက သူ့ပထမဓားသည်လည်း သူ့ဘဝတစ်လျှောက် အဖော်ပြုပေးဖို့ မျှော်လင့်နေမိ၏။ ကံဆိုးစွာဖြင့် သူသည် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် သူ့တာအိုသက်သေပြပစ္စည်းကို ဖန်တီးရမည်ဖြစ်သည့်အတွက် အသစ်တစ်ခု လုပ်ဆောင်လိုက်ရသည်။
သူက ထိုဓားကို သိမ်းဆည်းထားပြီး မိသားစုအမွေအနှစ်အဖြစ် သူ့သားဆီ လက်ဆင့်ကမ်းဖို့ မျှော်လင့်ထားခဲ့၏။ ကံဆိုးစွာဖြင့် သူ့သားက ဓားသမားဖြစ်မလာဖို့ ရွေးချယ်သည့်အခါ သူ့အိပ်မက်က ကြေမွသွားခဲ့သည်။
ဝမ်ထျန်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့လက်ထဲ အပြာရောင်ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ ကျိလန်ဖန်း၏ နမူနာအတိုင်း သူက သူ့ဓား၏နာမည်ကိုရှင်းပြလိုက်သည်။
“ဒီဓားက ကျုပ်အမေကို ဂုဏ်ပြုတဲ့အနေနဲ့ ဘဝသံသရာလို့ ခေါ်တယ်”
သူက ဆက်လက်မပြောခင် ပြန်လည်အောက်မေ့လိုက်၏။
“ကျုပ်က ကုန်းမြေငါးခုလုံးကို သွားလာခဲ့ပြီးတော့ ကျုပ်မျိုးဆက်နဲ့ ယခင်မျိုးဆက်က ဓားသမားတွေအားလုံးကို အနိုင်ပိုင်းခဲ့ပြီးတော့ အကြီးမြတ်ဆုံး ဓားသမားဆိုတဲ့ အဆင့်အတန်းကို ရယူခဲ့တယ်။ တစ်ရက်ကျ အဆုံးမဲ့လေဟာနယ် တစ်လျှောက်လုံးမှာ ဒီဂုဏ်ပုဒ်ကို အသိအမှတ်ပြုအောင် လုပ်မယ်။”
“တာအိုရောင်းရင်းက ဒီလောက်ရည်မှန်းချက် ကြီးလိမ့်မယ်မှန်း မသိခဲ့ဘူး”
“ဒါက ကျုပ်ရဲ့ ခေတ်ကာလ မဟုတ်မှန်းသိလို့ ခဏလျှိုထားရုံပါ” ဝမ်ထျန်းက အပြုံးလေးဖြင့် ပြောလိုက်၏။
“အခုတော့ ကျုပ်သားကလည်း အရွယ်ရောက်လာပြီး သူကလည်း တောက်ပလာပြီဆိုတော့ ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူး”
ကျိလန်ဖန်းက ကိုယ်ရေးကိုယ်တာနှင့် မသက်ဆိုင်သော်လည်း ခေါင်းညိတ်လိုက်သည်။ သူက ကလေး မရှိသော်လည်း သူ့မျိုးဆက်အတွင်း အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။ ဝမ်ထျန်းကဲ့သို့ သူက သူ့ပြိုင်ဘက်အားလုံးကို ဖိနှိပ်ထားနိုင်ခဲ့၏။
“ဒိုင်မေးရှင်းအနိမ့်ရဲ့ အကြီးမြတ်ဆုံး ဓားသမားတဲ့လား။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဂုဏ်ပုဒ်ပဲ” ကျိလန်ဖန်းက ပြောလိုက်၏။ သူက ထိုသို့သောအရာကို တစ်ခါမှ တွေးမထားခဲ့ဖူးသော်လည်း ဤဂုဏ်ပုဒ်ကို ရယူလိုသည့် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူက ပြောလိုက်ဆဲဖြစ်၏။
“ဒီဟာက ရဖို့တော့ လွယ်မှာမဟုတ်ဘူး”
သူက ထိုဂုဏ်ပုဒ်ကို ရရှိဖို့ အင်အားမျှသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ အတွေးအခေါ်တစ်ခုလုံးက မည်မျှအကျိုးမရှိကြောင်း ပြောနေခြင်းဖြစ်သည်။ ကမ္ဘာ့အသိုက်အဝန်းသုံးထောင်ကျော် ရှိပြီး ကမ္ဘာပေါင်းသန်းသောင်းချီရှိလေရာ ဓားသမားပေါင်းမြောက်များစွာ ရှိ၏။ ထို့ကြောင့် ဓားသမားတစ်ဦးက ထိုဂုဏ်ပုဒ်ကို မိုးမြေဆီမှ အသိအမှတ်ပြုခံရဖို့အတွက် ထိုလူအားလုံးကို အနိုင်ရရှိဖို့ လိုအပ်သည်။ ကံဆိုးစွာဖြင့် ဓားသမားအားလုံးကို စုဝေးဖို့ မလွယ်ကူလှပေ။
“ကျုပ်ဆီမှာ နည်းလမ်း ရှိပါတယ်” ဝမ်ထျန်းက လိမ်ညာနေခြင်းမဟုတ်ပေ။ သူ့သား၏ အစီအစဉ်တစ်ခုက သူ့ကို စိတ်လှုံ့ဆော်မှု ဖြစ်လာစေခဲ့ပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင် အားအကောင်းဆုံးဓားသမားဟူသော ဂုဏ်ပုဒ်ကို မည်သို့ရယူနိုင်မည့်အကြောင်း အတွေးတစ်ခု ရှိလာခဲ့သည်။
“ရည်မှန်းချက်ကြီးတာ ကောင်းပါတယ်။ ရည်မှန်းချက်ရောက်ဖို့ တဆင့်ချင်းစီ သွားရမှာပေါ့” ကျိလန်ဖန်းက ပြောလိုက်သည်။
“ဒါပေမဲ့ အကောင်းဆုံးဖြစ်ဖို့ အကြောင်း မပြောခင် ကျုပ်ကို အရင် ဖြတ်ကျော်နိုင်ရမယ်”
သူက ထိုစကားများ ပြောလိုက်စဉ် ဓားဆန္ဒကို စုစည်းလိုက်၏။
“ကိစ္စမရှိဘူး” ဝမ်ထျန်းက အပြုံးလေးဖြင့် ပြောလိုက်ပြီး သူ့ပုံစံအတိုင်း လိုက်လုပ်လိုက်သည်။
ဝှစ်
ထိုသူနှစ်ဦးက ဓားဆန္ဒများ စုစည်းလိုက်သည့်အချိန် အလယ်ပိုင်းကုန်းမြေရှိ နေရာအသီးသီးမှ ဓားများစွာက ဖျတ်ခနဲ ပေါ်ထွက်လာကာ သူတို့ တိုက်ပွဲနေရာအပြင်ဘက် လေဟာနယ်ထဲ မြောလွင့်နေကြ၏။
ထိုဓားများ၏ ပိုင်ရှင်များက သူတို့ဓားများ လွင့်ထွက်သွားခြင်းမှ ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားနေရသည်။ သို့သော် အသုံးမဝင်ခဲ့ပေ။ ဓားများက တစ်ခုပြီးတစ်ခု သခင်ဆီမှ ထွက်ခွာကာ အကြွင်းမဲ့ဓားရေးတိုက်ပွဲကို တွေ့ကြုံလိုသည့်အလား လေဟာနယ်အထက် မြောလွင့်နေကြသည်။
ထိုဖြစ်ရပ်က အလယ်ပိုင်းကုန်းမြေအတွင်း ဖြစ်ခဲ့ခြင်းသာမကပေ။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဓားသမားနှင့် ဓားအသုံးပြုသူများကလည်း တူညီသည့်အရာကို တွေ့ကြုံခံစားနေကြရသည်။ သူတို့၏ဓားများက သူတို့၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်ကာ အလယ်ပိုင်းကုန်းမြေဆီ ပျံသန်းသွားပြီး လေဟာနယ်အတွင်း မျောလွင့်နေကြသည်။ ထိုဓားအများစုက သူတို့သခင်၏ အသိစိတ်ပင်လယ်မှ ထွက်ခွာလာကြ၏။
ရှားပါးသည့် ဓားသမားတချို့ကသာ သူတို့ဓားများ ပျံသန်းထွက်သွားခြင်းမှ ကာကွယ်နိုင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က သူတို့ဓားများ ထွက်မသွားအောင် ဆက်တိုက် ကြိုးစားနေရသည်။
ဤသည်မှာ ဓားသမားများနှင့် ဓားအသုံးပြုသူများအတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့ကြ၏။ သူတို့က ဤထိပ်သီးတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် အမြောက်အများ သင်ယူနိုင်လိမ့်မည်။
***