အကြွင်းမဲ့ဓားသမားများ၏ အသေအကြေတိုက်ပွဲ အပိုင်း(၂)
Vol. 52 Ch. 727
နှစ်ဦးသားက သူတို့၏ အရှိန်အဝါနှင့် ဓားဆန္ဒကို ထိပ်သီးအခြေအနေသို့ ထုတ်ဖော်လိုက်ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သေချာစောင့်ကြည့်နေကြပြီး တစ်ဖက်လူ၏ အသက်ရှူမှု၊ မျက်လုံးအကြည့်နှင့် ကြွက်သားလှုပ်ရှားမှု အပါအဝင် အရာအားလုံးကို စောင့်ကြည့်နေကြသည်။
ထို့နောက် သူတို့၏ အဟုန် ထိပ်ဆုံးသို့ ရောက်သွားသည်နှင့် ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့က လှုပ်ရှားလိုက်ကြသည်။ ထိုစဉ် သူတို့က လေထုထဲ ထိပ့်တိုက် တိုက်ခိုက်လိုက်ကြ၏။
ချွမ် ချွမ် ချွမ်
သူတို့၏ ဓားများက ထိပ်တိုက်တွေ့ဆုံသွားကာ ငွေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ဝမ်ထျန်း ဖြစ်စေ၊ ကျိလန်ဖန်း ဖြစ်စေ မည်သူကမှ သူတို့၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအား သို့မဟုတ် သူတို့ကျင့်ကြံထားသည့် စည်းမျဉ်းများကို အသုံးပြုထားခြင်း မရှိပေ။ သူတို့၏ ဓားချက်က ဓားရေး၏ အခြေခံသဘောတရားများဖြစ်သည့် ပိုင်းဖြတ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ထိုးစိုက်ခြင်း၊ ဝှေ့ယမ်းခြင်း အစရှိသည့် လှုပ်ရှားမှုများအပေါ်သာ အခြေခံထားသည်။
သူတို့၏ တိုက်ပွဲက ကျင့်ကြံဆင့်နှင့် သဘာဝလွန်စွမ်းအားများ မရှိသည့် သေမျိုးဓားသမားများ၏ တိုက်ပွဲအလား ဖြစ်၏။
သတ္တုသံ အချင်းချင်း ထိပ်တိုက်တွေ့ဆုံသံက ဝေဟင်အထက် ပဲ့တင်ထွက်နေသည်။ ထိုဓားသမားနှစ်ယောက်က ကျွမ်းကျင်မှုအထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း ဓားသမားဟု ခေါ်ဆိုသည့်သူများကဲ့သို့ သူတို့အားလုံးက ကလေးဘဝကတည်းက အခြေခံ ဓားရေးကို လေ့လာကာ သင်ယူခဲ့ကြရသည်။
သူတို့၏ ပါရမီဖြင့် ဓားရေးအခြေခံကို ကျွမ်းကျင်တတ်မြောက်ဖို့ ရက်ပိုင်းခန့်သာ ကြာမြင့်ပြီး စွမ်းအားအသုံးပြုပုံနှင့် တခြားသော နည်းလမ်းအမျိုးမျိုး ပါဝင်နေသည့် အဆင့်မြင့်ဓားရေးကို သင်ယူဖို့ သိပ်မကြာပေ။ သို့သော်လည်း ထိုပါရမီရှင်များက အခြေခံဓားရေးကို လေ့ကျင့်မှုအား ဘယ်သောအခါမှ မရပ်တန့်ခဲ့ကြပေ။
သူတို့တွင် အချိန်ရှိသည့်အခါတိုင်း၊ သူတို့၏ ဓားရေးတွင် အတားအဆီးနှင့် ကြုံတွေ့ရသည့်အခါတိုင်း၊ သူတို့ဝမ်းနည်းသည့်အခါ၊ ပျော်ရွှင်သည့်အခါ သို့မဟုတ် စိတ်ခံစားချက် ပြင်းထန်သည့်အခါတိုင်းတွင် သူတို့က အခြေခံဓားရေးကို ပြန်လည်လေ့ကျင့်လေ့ရှိကြသည်။
ယနေ့တွင် သူတို့က ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ပြသလာကြ၏။ ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့က ကလေးများ သူတို့၏ ဓားရေးခရီးလမ်း စတင်လျှောက်စဉ်အခါက သင်ယူခဲ့ကြရသည့် အခြေခံဓားရေးများကိုသာ အသုံးပြုခဲ့ကြသည်။
သို့သော်လည်း သူတို့၏ တိုက်ကွက်များအားလုံးတွင် တာအိုစည်းချက်များ ပါဝင်နေသည့်အတွက် မိုးမြေနှင့် မည်မျှပင် သဟဇာတဖြစ်နေကြောင်း ပြသနေလေ၏။ ထိုတိုက်ပွဲကို ကြည့်ရှုနေသည့် ဓားသမားအများစုက ထိုလူနှစ်ဦး၏ အခြေခံဓားရေးကို ကြည့်ရှုရုံမျှဖြင့် ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားကြသည်။
နှစ်နာရီကြာ အနိုင်ရရှိသူ မပေါ်ထွက်လာဘဲ တိုက်ခိုက်ပြီးသည့်နောက် နှစ်ဦးသားက ရုတ်ချည်းဆိုသလို နောက်ဆုတ်လိုက်ကြသည်။ သူတို့က ဘာမှမပြောဘဲ အဝေးမှ ဓားချက်များဖြင့် စတင် တိုက်ခိုက်လိုက်ကြ၏။
သူတို့က ဓားချက်၏ ပထမအဆင့်ကို စတင်လိုက်ပြီး သူတို့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို သူတို့၏ လက်နက်များမှတဆင့် ထက်ရှသည့် ဓာတ်သဘာဝအဖြစ် ပြောင်းလဲလိုက်သည်။
ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့က တစ်ယောက်စီ၏ တိုက်ကွက်ကို ချေဖျက်ဖို့အတွက် ၉ကြိမ်တိုင်တိုင် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ သူတို့၏ အကြည့်များက တောက်ပနေကာ တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် သူတို့က ဒုတိယအဆင့် ဓားချက်ကို အသုံးပြုလိုက်ကြသည်။
သူတို့က ဓားကို ဝှေ့ယမ်းကာ တခြားတစ်ယောက်ကို အနိုင်ပိုင်းဖို့ လခြမ်းကွေးသဏ္ဌာန် ဓားချက်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က ၁၈ကြိမ် တိုက်ခိုက်ခဲ့ကြသော်လည်း လက်ရည်ညီနေဆဲသာ ဖြစ်၏။ ဒုတိယအဆင့် ဓားချက်က သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအားများမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သန့်စင်သည့် နည်းစနစ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုဓားချက်က ပတ်ဝန်းကျင်ရှိ လေစီးဆင်းမှုကို ထိန်းချုပ်ရာမှ ဖြစ်ပေါ်လာပြီး လေဓားချက်များကို ထုတ်လွှတ်ခြင်း ဖြစ်သည်။ ထိုအဆင့်က ဓားရေးအပေါ် နားလည်နိုင်စွမ်းနှင့် တိကျသည့် ထိန်းချုပ်မှုတို့ လိုအပ်ပေသည်။
သရေကျပြီးသည့်နောက်တွင် နှစ်ဦးသားက တုံ့ဆိုင်းမနေဘဲ တတိယအဆင့် ဓားချက်ကို ထုတ်ဖော်လိုက်ကြသည်။ ထိုအဆင့်တွင် ဓားရေးကို မိုးမြေကြားရှိ ဝိညာဉ်ချီကို ထိန်းချုပ်ဖို့ ဓားကို အသုံးပြုခြင်း ဖြစ်၏။
ဝှစ် ဝှစ် ဝှစ်
ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့က တတိယအဆင့် ဓားချက် ၂၇ ချက်ကို ထုတ်ဖော်လိုက်ကြသော်လည်း တိုက်ကွက်တစ်ခုချင်းစီက တစ်ယောက်နှင့်တစ်ယောက် ပယ်ဖျက်နိုင်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ အငွေ့အသက်နှင့် အရှိန်အဟုန်က ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ သူတို့၏ ကန့်သတ်ချက်ကို တွန်းနေကြသည်။
လေးဆင့်မြောက် ဓားချက်တွင် ဓားသမားများက အာကာပြင်အပိုင်းအစကို အသုံးပြုကာ တစ်ဖက်လူကို ပိုင်းဖြတ်ခြင်း ဖြစ်၏။
ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့က သူတို့၏ ဓားများကို ကိုင်စွဲကာ တစ်ယောက်နှင့်တစ်ယောက် ခုတ်ချလိုက်ကြသည်။ နှစ်ဦးသားက သူတို့၏ ဓားနှင့် ဆက်နွယ်နေသည့်အလား အာကာပြင်အပိုင်းအစက သူတို့၏ အလိုဆန္ဒအတိုင်း ကွေးညွှတ်သွားကာ တစ်ဖက်လူကို ပိုင်းခုတ်လိုက်ကြသည်။ စွမ်းအား၊ ဝိညာဉ်နှင့် စည်းမျဉ်းအတက်အကျ ထွက်ပေါ်နေခြင်း မရှိပေ။
တိုက်ကွက် ၃၆ ကြိမ် အပြီးတွင် နှစ်ဦးသားက ရပ်တန့်လိုက်ကြ၏။ ရလဒ်က ယခင်ပြိုင်ပွဲများနှင့် အတူတူသာ ဖြစ်နေလေသည်။ သို့သော်လည်း တိုက်ပွဲသည် ယခုမှစတင်ခြင်း ဖြစ်ကြောင်း သိကြ၏။ ဝမ်ထျန်းက သူ့ဓားကို အသုံးပြုမှု ရုတ်တရက် ရပ်တန့်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြုကာ ပိုင်းဖြတ်သည့် အမူအရာ လုပ်ဆောင်လိုက်သည်။
ကျိလန်ဖန်းကလည်း သူ့နမူနာအတိုင်း လုပ်ဆောင်လိုက်၏။
ဝေဟင်အထက် ဓားချက်မြောက်များစွာနှင့် စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစဉ် သူတို့က လခြမ်းကွေးသဏ္ဌာန် မဟုတ်တော့ဘဲ ပုံစံအမျိုးမျိုး ရှိနေကြ၏။ လှိုင်းသဏ္ဌာန်ဓားချက်၊ လေဆင်နှာမောင်း ပုံစံနှင့် ကတော့ပုံသဏ္ဌာန်များလည်း တည်ရှိသည်။
နှစ်ဦးသားက ထိပ်တိုက်ရင်ဆိုင်မှုကို မရပ်တန့်ခင် တိုက်ကွက် ၄၅ ကြိမ် တိုက်ခိုက်လိုက်ကြပြီး နောက်ထပ်ကဏ္ဍတစ်ခုဖြစ်သည့် ဝိညာဉ်ဓားချက်ဆီ ပြောင်းလဲလိုက်ကြသည်။ တိုက်ကွက်တစ်ခုချင်းစီက တခြားသူ၏ ကမ္ဘာဦးစိတ်ဝိညာဉ် သို့မဟုတ် အစစ်အမှန်စိတ်ဝိညာဉ်ကို ပစ်မှတ်ထားခြင်း ဖြစ်၏။
ကျင့်ကြံရေးမစခင် ဝိညာဉ်က အစစ်အမှန်နှင့် မတည်ရှိသည့်အရာ ဖြစ်သည်။ ထိုအရာက လက်တွေ့နှင့် စိတ်ကူးယဉ်မှုတွေ့ဆုံရာ စိတ်ဝိညာဉ်ဆိုင်ရာအလွှာတွင် တည်ရှိလေသည်။ သို့သော်လည်း ကျင့်ကြံဆင့် မပါဘဲ သူတို့၏ နည်းစနစ်များကိုသာ ထုတ်သုံးနေကြသည့် ဓားသမားနှစ်ဦးက တည်ရှိခြင်းနှင့် မတည်ရှိခြင်းရှိသည့် နေရာကို သူတို့၏ ဓားချက်များဖြင့် ထိတွေ့စေခဲ့သည်။
၅၄ကြိမ် တိုက်ခိုက်ပြီးသည့်နောက်တွင် လက်ရည်တူနေဆဲဖြစ်ကာ နောက်ထပ်တစ်ဆင့်စီ ထပ်မံ တိုးမြင့်လိုက်ကြပြီး မိုးမြေ၏ စွမ်းအားကို အာရုံစိုက်ထားလိုက်ကြသည်။
ဝမ်ထျန်း၏ ဓားချက်ပေါ်တွင် မိုးမြေအတွင်း အပြာရောင်ဓား ၃၆ လက် ထွက်ပေါ်လာသည်။ ကျိလန်ဖန်းက နောက်ဆုတ်သွားခြင်း မရှိပေ။ သူက မိုးမြေ၏ စွမ်းအားကို အသက်သွင်းကာ တူညီသည့် အနက်ရောင် ဓားပမာဏကို ဖန်တီးလိုက်၏။
ဘန်း
ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပျက်သုဉ်းသွားစေနိုင်သည့် ဓားစွမ်းအင်မုန်တိုင်းတစ်ခု ထွက်ပေါ်လာကာ လူသူကင်းမဲ့သည့် နယ်မြေကို ပြန်လည် မပြုပြင်နိုင်လောက်အောင်အထိ ပျက်စီးသွားစေသည်။ အထွတ်အထိပ်ဓားများ ထိပ်တိုက်တွေ့ဆုံသည့်အလား ကောင်းကင်က နှစ်ပိုင်း ကွဲသွားလေသည်။
ဝမ်ထျန်းနှင့် ကျိလန်ဖန်းတို့က တစ်ဦးနှင့်တစ်ဦး စိတ်လှုပ်ရှားကာ ကြည့်လိုက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်မှ အပျက်အစီးများကို လျစ်လျူရှုထားလေ၏။ သူတို့၏ အရှိန်အဟုန်က ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ သူတို့၏ ဓားရေး၏ နားလည်နိုင်စွမ်းကလည်း သိသိသာသာ တိုးမြင့်လာသည်။
သူတို့သာလျှင်မကဘဲ သူတို့ကို ကြည့်ရှုနေကြသည့် ဓားသမား သို့မဟုတ် ဓားအသုံးပြုသူများကလည်း တစ်ခု၊နှစ်ခု သင်ယူခဲ့ကြရသည်။ သို့သော်လည်း သူတို့နှစ်ဦးက တခြားသူများကို ဂရုမစိုက်ဘဲ သူတို့အချင်းချင်းသာ အာရုံစိုက်ထားကြ၏။
ဝမ်ထျန်းက ဓားကို မြှောက်ကာ ဓားချီ ၁.၂၆၉ ထရီလီယံကို ဖန်တီးလိုက်သည်။ ပြောရလျှင် ထိုအရာက ကွဲပြားသည့် ဓားနည်းစနစ်အမျိုးမျိုးမှ ဖွဲ့စည်းထားပြီး သူတို့၏ အနှစ်သာရကို ယူဆောင်ကာ ဓားချီကို ဖန်တီးထားခြင်း ဖြစ်သည်။ ဓားချီက ကွဲပြားသည့် ဓား ၇၂ လက်အဖြစ် ဖွဲ့စည်းသွားပြီး ဝမ်ထျန်းရှေ့မျောလွင့်နေ၏။
ကျိလန်ဖန်းက ထိုအရာကို မြင်ပြီးသည့်နောက်တွင် သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက အတူတူလုပ်ဆောင်လိုက်ပြီး ၁.၂၆၉ ထရီလီယံ ဓားချီကို ဖန်တီးလိုက်သည်။ ကံဆိုးစွာဖြင့် သန်း၃၀၀ ဘီလီယံသာ ထူးကဲနေပြီး ကျန်အရာများကမူ မြန်ဆန်မှု အနှစ်သာရကို ဖွဲ့စည်းထားခြင်းဖြစ်သည်။
ဝုန်း
ဓားချက် ၇၂ချက်က ထိပ်တိုက်တွေ့ဆုံသွားပြီးသည့်နောက် ဧကရာဇ်တစ်ပိုင်းကိုပင် အလွယ်တကူ သုတ်သင်ပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားမျိုး ထွက်ပေါ်လာသည်။ ထိုနှစ်ဦးက ဝေဟင်အထက် အကောင်းအတိုင်း မျောလွင့်နေဆဲဖြစ်ကာ သူတို့၏ အရှိန်အဝါပင် အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ကျိလန်ဖန်းက သူသည် တူညီသည့် ဓားပမာဏကို ထုတ်ဖော်နိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိ၍ ခေါင်းအသာယမ်းလိုက်၏။
သူတို့၏ ဓားအဆင့်တွင် တစ်ဖက်လူက သူ့ထက် ပိုမိုနားလည်နေပြီး နက်နဲသည့် အုတ်မြစ်မျိုး ပိုင်ဆိုင်ထားလေသည်။ မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲက စတင်ခါစဖြစ်သည့်အတွက် အဆုံးမသတ်သေးပေ။
ကျိလန်ဖန်းက တည်တည်ငြိမ်ငြိမ် ထားကာ တိုက်ပွဲကို အာရုံစိုက်ထားလိုက်၏။ သူက သူ့ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်။ နာမည်အတိုင်း ဓားဆန္ဒများက ဓားသမား၏လမ်းစဉ်ကို ပုံသဏ္ဌာန်ပြောင်းမှုတစ်ခုဖြစ်ကာ သူတို့၏ တာအို၏ ရှေ့ပြေးပုံစံနှင့် သူတို့၏ အလိုဆန္ဒကို ကိုယ်စားပြုမှုတစ်ခု ဖြစ်ပြီး သူတို့၏ ဓားရေးနှင့် စွမ်းဆောင်ရည်အားလုံးကို ကိုယ်စားပြုမှုတစ်ခုလည်းဖြစ်ပေသည်။
မြင့်မားသည့်အဆင့်ကို ရောက်ရှိသည့် ဓားသမားကသာ ဓားဆန္ဒကို ရယူနိုင်မည် ဖြစ်၏။ ထိုအရာက ဓားသမားနှင့် ဓားအသုံးပြုသူကြား ကွဲပြားသွားစေသည့် အချက်တစ်ချက်လည်း ဖြစ်ပေသည်။
ကျိလန်ဖန်းက သူ့ဓားဆန္ဒမှ ဓား ၈၁ လက်ကို ဖန်တီးလိုက်ပြီး မရှင်းပြနိုင်လောက်သည့် အလျင်မျိုးကို ပိုင်ဆိုင်ထားလေသည်။ သူ့ဓားဆန္ဒက အကြွင်းမဲ့အလျင်သည် အကြွင်းမဲ့စွမ်းအားနှင့် တူညီသည်ဟူသော သဘောတရားအပေါ် အခြေခံထား၏။ အရှိန်ဖြင့် အသင်္ချေစည်းမျဉ်း၊ ဝိညာဉ်၊ တာအို သို့မဟုတ် မိုးမြေကြားရှိ သဘောတရားများ အပါအဝင် ဓားချက် မကျော်ဖြတ်နိုင်သည့် အတားအဆီးဟူ၍ မရှိပေ။
ဝမ်ထျန်း၏ အကြည့်များက တောက်ပလာပြီး သူ့စိတ်လှုပ်ရှားမှုကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူက ဓားရေးနည်းလမ်းအရ ထိုက်တန်သည့် ပြိုင်ဘက်ကို မတွေ့ခဲ့ရသည်မှာ မည်မျှကြာမြင့်သွားကြောင်း မမှတ်မိတော့ပေ။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဓားဆန္ဒကို စုစည်းကာ ဓား ၈၁ လက်ကို ဖန်တီးလိုက်သည်။
သူ့ဓားဆန္ဒက ကျိလန်ဖန်းလိုမျိုး အဆုံးစွန်ဖြစ်၏။ သို့သော်လည်း အရှိန်အစား သူက ဖြတ်တောက်ခြင်းအပေါ် အာရုံစိုက်ထားလေသည်။ ဝမ်ထျန်း၏ ဓားဆန္ဒက မိုးမြေကြားရှိ အရာအားလုံးကို ပိုင်းဖြတ်ပစ်မည့် သူ့အလိုဆန္ဒ၏ သဏ္ဌာန်ပြမှုဖြစ်ပြီး အချိန်၊ အာကာပြင်၊ ဒြပ်ထု၊ စွမ်းအင်၊ ဝိညာဉ်၊ သက်ရှိနှင့် သက်မဲ့၊ တည်ရှိခြင်းနှင့် မတည်ရှိခြင်း သဘောတရား၊ အမှန်တရားနှင့် အမှားသဘောတရားများပင် အပါအဝင် ဖြစ်ပေသည်။
ဝုန်း
ဤနယ်မြေတွင် ဓား ၁၆၂ချက်က ထိပ်တိုက်တွေ့ဆုံသွားပြီး ကာလံဒေသံကိုပင် တုန်ခါသွားစေသည်။ ထိုဓားချက်က ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ သို့သော်လည်း ဤနယ်မြေ၏ အာကာပြင်က ပြိုင်ဘက်ကင်းဓားသမားနှစ်ဦး၏ ဓားအသိဖြင့် မြှုပ်နှံထားသလို ဖြစ်နေသည်။
နောင်အနာဂတ်တွင် ဤနယ်မြေက အသင်္ချေအင်ပါယာကမ္ဘာ၏ ဓားသမားအားလုံးအတွက် သုခဘုံအလား ဖြစ်လာလိမ့်မည်။
“နောက်ထပ်သရေပဲ” ကျိလန်ဖန်းက တိုက်ပွဲစတင်ကတည်းက ပထမဆုံးစကားကို ပြောလိုက်သည်။
“အမှန်ပဲ” ဝမ်ထျန်းကလည်း ဤထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူက သူ့ဓားရေးသည် ဤတိုက်ပွဲအပြီး ဆက်လက်မြင့်တက်သွားမည်ဖြစ်ကြောင်း သိထားလေရာ တစ်ဖက်လူသည်လည်း အတူတူသာဖြစ်လိမ့်မည်။
“ကျုပ်တို့တွေ နောက်ထပ် စမ်းသပ်စရာ အဆင့်နှစ်ခု ကျန်သေးတယ်” ကျိလန်ဖန်းက ပြောလိုက်သည်။
“အနိုင်ရရှိတဲ့သူ ဆုံးဖြတ်ပေးနိုင်မလားဆိုတာ ကြည့်ရအောင်”
ဝမ်ထျန်းက ခေါင်းညိတ်လိုက်သော်လည်း လျှို့ဝှက်ဆန်းကြယ် အပြုံးမျိုး ရှိနေလေသည်။
ကျိလန်ဖန်းက ထိုအပြုံး၏ အဓိပ္ပာယ်ကို မသိသော်လည်း တစ်ဖက်လူက ယုံကြည်ချက်ရှိနေသည်ဟုသာ တွေးလိုက်မိ၏။ ထို့ကြောင့် သူကလည်း သူ့အနိုင်ရရှိမှုအပေါ် ယုံကြည်ချက်ရှိသည့်အတွက် သူ့ပြိုင်ဆိုင်လိုစိတ်က ထွက်ပေါ်လာရသည်။
***