တောင်ခြေသို့
Vol. 18 Ch. 243
ဟန်မူယဲ့က သူ့ဆီသို့ လျှောက်လာသော ယန်မင်ရွှမ်ကို မြင်လိုက်ရသည်။
“စီနီယာအစ်ကိုဟန်၊ အနောက်ဘက်နယ်စပ်ကုန်းမြေက ဂိုဏ်းကိုးဂိုဏ်းကို ပြန်ပြီးအဆင့်သတ်မှတ်တော့မှာလား”
ယန်မင်ရွှမ်က ဟန်မူယဲ့ကို ကြည့်လျှက် တီးတိုးပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ယခုအချိန်တွင် သတင်းများသည် လျင်မြန်စွာ ပျံ့နှံ့နေ၏။
“စီနီယာအစ်ကို၊ ကျွန်တော်ထင်တာတော့…”
ယန်မင်ရွှမ်က ဟန်မူယဲ့ကို တောက်ပနေသောမျက်လုံးများဖြင့် ကြည့်သည်။
“ကျွန်တော်က အလင်းတောင်ကုန်းဓားဂိုဏ်းကို ကိုယ်စားပြုပြီး တစ်နေရာရချင်တယ်”
သူသည် အလင်းတောင်ကုန်းဓားဂိုဏ်းကို ကိုယ်စားပြုချင်သည်။
အလင်းတောင်ကုန်းဓားဂိုဏ်း၏ လက်ရှိခေါင်းဆောင်သည် ယန်တင်းရှန်၏ တပည့်ကြီးဖြစ်သူ ကျောက်ယန်ခွန်းဖြစ်သည်။
ယန်မင်ရွှမ်သည် အလင်းတောင်ကုန်းဓားဂိုဏ်း၏ ဂိုဏ်းသားမဟုတ်ကြောင်း ကြေညာမထားသော်လည်း အချိန်အတော်ကြာသည်အထိ လူလွှတ်ပြီး ပြန်လည်ခေါ်ယူခြင်း မပြုခဲ့ပေ။
အလင်းတောင်ကုန်းဓားဂိုဏ်းတွင် ရှိသောလူများက ယန်မင်ရွှမ်ကို ဂရုမစိုက်ကြောင်း သိသာလှသည်။
သို့ပေမဲ့ ယန်မင်ရွှမ်သည် ယန်တင်းရှန်၏ စကားများကို မှတ်မိနေသေး၏။
သူ့တွင် စွမ်းရည်ရှိပါက အလင်းတောင်ကုန်းဓားဂိုဏ်းသို့ ပြန်သွားပြီး ခေါင်းဆောင်နေရာကို ရယူနိုင်သည်။
ယန်တင်းရှန်သည် သူ့ဂိုဏ်းအား ဂိုဏ်းကြီးကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်လာရန် တစ်ဘဝလုံး ရည်မှန်းထား၏။
ကံမကောင်းစွာဖြင့် သူ သေဆုံးသွားသည်။
“အလင်းတောင်ကုန်းဓားဂိုဏ်းကို အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်လာအောင် ကူညီပေးမလို့လား”
ဟန်မူယဲ့က ယန်မင်ရွှမ်ကို ကြည့်သည်။
လက်ရှိတွင် ယန်မင်ရွှမ်သည် ဓားပျိုးထောင်ခြင်းနည်းစနစ်နှင့် ဓားစစ်သည်စနစ်ကို လေ့ကျင့်ထားသည်။
သူသည် ဓားအရိုးကိုပျိုးထောင်ပြီး ဓားဖြင့် ပေါင်းစပ်နိုင်၏။
ယန်မင်ရွှမ်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အခြေခံအုတ်မြစ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် ကျွမ်းကျင်သူများကို ယှဉ်နိုင်သည်။
ထိုခွန်အားမျိုးသည် သက်တူရွယ်တူများထဲတွင် အားမနည်းပေ။
သို့ပေမဲ့ ထိုခွန်အားမျိုးဖြင့် ဂိုဏ်းကိုးဂိုဏ်း၏ ပြိုင်ပွဲတွင် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
“နည်းလမ်းရှိမလား ငါစဉ်းစားကြည့်လိုက်ဦးမယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် ယန်တင်းရှန်သည် သူရဲကောင်းဆန်စွာ သေဆုံးသွား၏။
‘အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဘယ်သူမှမကျန်တော့ဘူး ထင်နေတာလား’
ထိုသို့ပြောပြီး သူ့ကိုယ်သူ စတေးသွားသည်။
ယခုအချိန်တွင် ယန်မင်ရွှမ်က အလင်းတောင်ကုန်းဓားဂိုဏ်းအား ဂိုဏ်းကြီးကိုးဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်စေလိုသောကြောင့် ဟန်မူယဲ့က ကူညီချင်သည်။
“ကျေးဇူးပါပဲ စီနီယာအစ်ကိုဟန်”
ယန်မင်ရွှမ်က ဟန်မူယဲ့ကို ဦးညွှတ်လိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်ကာ ဓားကို သန့်ရှင်းရေးလုပ်နေသည်။
လျှိုဟုန်က သက်ပြင်းချလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“စီနီယာအစ်ကိုဟန်မှာ အချိန်ရှိရင် တောင်ခြေမှာ ရှိတဲ့ဓားကို သွားကြည့်ရအောင်”
ထူးဆန်းသည်ဟု သူ ခံစားရသောဓားဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဓားစံအိမ်ထဲမှ ထွက်လျှက် သူ့နောက်သို့ လိုက်သွားသည်။
လုကောကလည်း လိုက်ချင်သော်လည်း ဟန်မူယဲ့က ငြင်းလိုက်သည်။
ဈေးသည် သိပ်မဝေးပါ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် မိုင်တစ်ထောင်သာ ဝေးကွာပြီး ဂိုဏ်း၏ နယ်မြေအတွင်း၌ တည်ရှိသည်။
ထိုနေရာသည် လုံခြုံ၏။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် စည်းကမ်းချက်များ ထွက်လာသောအခါတွင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သူ့ကို သေစေချင်နေသောလူများ ပိုများလာကြောင်း ဟန်မူယဲ့ နားလည်သည်။
သူက ဝေးဝေးလံလံ ထွက်သွားရန် စိတ်ကူးမရှိသေးပေ။
သို့ပေမဲ့ အံ့ဖွယ်ဂိုဏ်း၏ နယ်မြေအတွင်းမှာတော့ ပြဿနာမရှိနိုင်ပေ။
သူ့တိုက်ခိုက်နိုင်စွမ်းအရဆိုလျှင်လည်း ကောင်းကင်ဘုံတစ်ဝက်အဆင့်အောက်က ကျွမ်းကျင်သူများကို ကြောက်နေစရာမလိုပေ။
သူသည် လျှိုဟုန်နှင့်အတူ သင်္ဘောပျံကို စီးလျှက် တောင်အောက်သို့ဆင်းလာ၏။
သိပ်မကြာခင် သူတို့သည် ဈေးသို့ ရောက်လာသည်။
“တောင်အိုမြို့။ ဒီနေရာဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်ရဲ့လက်အောက်မှာ ရှိတဲ့ အသေးဆုံးမှောင်ခိုဈေးလို့ ပြောနိုင်တယ်”
လျှိုဟုန်သည် သင်္ဘောပျံကို သိမ်းလိုက်ပြီး အဝတ်အစားလဲသည်။ သူက လမ်းလျှောက်သွားရင်းဖြင့် ရှင်းပြလိုက်သည်။
မှောင်ခိုဈေးတွင် မည်သည့်အရာကမှ ပေါက်ကြားသွား၍ မဖြစ်ပေ။
ဤနေရာမျိုးတွင် အပြင်လူများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသောလူနှင့် ဆက်သွယ်ပြောဆိုရဲမည် မဟုတ်ပေ။
လက်ရှိအချိန်တွင် ဟန်မူယဲ့နှင့် လျှိုဟုန်တို့သည် အဝတ်အစားလဲလိုက်သည့်အပြင် မျက်နှာဖုံးပါ တပ်ထားကြသည်။
လမ်းတစ်လျှောက်၌ သူတို့သည် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံး တပ်ထားသောလူအများအပြားကို တွေ့ရ၏။
မြို့ဂိတ်တံခါးမှ မြို့ထဲအထိ ကျင့်ကြံသူအုပ်စုများသည် အမျိုးမျိုးသောဈေးဆိုင်များကို ခင်းကျင်းထားကြသည်။
ဆေးလုံးများ၊ ဝိညာဉ်ကုန်ကြမ်းများ၊ အမျိုးမျိုးသောကျောက်စိမ်းပေလွှာများ၊ လက်နက်များကို ရောင်းချနေကြသည်။
သို့ပေမဲ့ ဟန်မူယဲ့၏ အမြင်တွင် ထိုအရာများအားလုံးမှာ သာမန်အဆင့်များ ဖြစ်ကြသည်။
သူသည် ဓားစံအိမ်တွင် နေထိုင်သူဖြစ်ရာ လိုအပ်ချက်မြင့်မား၏။
ဝိညာဉ်လက်နက် မဟုတ်လျှင် သူက ကြည့်ရှုရန် စိတ်ကူးမရှိပေ။
“စီနီယာအစ်ကိုဟန်၊ ဒီမှာ ဝိညာဉ်လက်နက်မရှိဘူး။ ဝိညာဉ်လက်နက်တစ်ဝက်အဆင့်တောင်မှ ရှားပါးလွန်းတယ်”
ဟန်မူယဲ့က ဆိုင်များကို ကြည့်ရန် စိတ်မဝင်စားသောကြောင့် လျှိုဟုန်က ပြုံးလိုက်သည်။
လျှိုဟုန်က ခေါင်းယမ်းလျှက် ပတ်ဝန်းကျင်ကို ညွှန်ပြသည်။
“ဒီမှာ ရှိတဲ့ပစ္စည်းအများစုက အမှိုက်တွေပဲ။ ပစ္စည်းအနည်းစုက ခိုးရာပါပစ္စည်းတွေ”
“ဒီနေရာမျိုးကနေ ပစ္စည်းကောင်းရဖို့ စိတ်မကူးနဲ့”
ဟန်မူယဲ့က ပြောလိုက်သည်။ လျှိုဟုန်သည် ပစ္စည်းကောင်းများ ရှာဖွေရာတွင် ပါရမီအလွန်ကောင်း၏။
လျှိုဟုန်က ဟန်မူယဲ့ကို အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ဆိုင်ခင်းထားသောနေရာသို့ ခေါ်သွားသည်။
ထိုလူအိုကြီး၏ မျက်နှာသည် ကျဉ်းမြောင်းပြီး ရှုပ်ပွနေသောမုတ်ဆိတ်မွေးများ ရှိနေသည်။ သူ့ရှေ့တွင် ပြန့်ကျဲနေသော ဝိညာဉ်ကုန်ကြမ်းများနှင့် ဝိညာဉ်ဆေးပင်များရှိနေသည်။
ထိုပစ္စည်းများအားလုံးမှာ သာမန်များသာ ဖြစ်ပြီး ဝိညာဉ်ကျောက်တုံး ၂တုံး ၃သုံးထက် ပိုမတန်ပေ။
ဟန်မူယဲ့နှင့် လျှိုဟုန်တို့ ဆိုင်ရှေ့တွင် လာရပ်သော်လည်း လူအိုကြီးက မော့မကြည့်ပါ။
“မင်းရဲ့ဓားဘယ်မှာလဲ။ ငါ့ကိုထပ်ပြဦး”
လျှိုဟုန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အေးဆေးစွာ ပြောသည်။
လူအိုကြီးက ထိုစကားများကြောင့် ကြောင်အသွားပြီး လျှိုဟုန်ကို မျက်လုံးပြူးကြီးဖြင့် ကြည့်လိုက်သည်။
“အိုး မင်းပဲ တာအိုရောင်းရင်း”
လူအိုကြီးက မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ညင်သာစွာ ပြောသည်။
“အဲဒီဓားကို မင်း အရင်တစ်ခေါက်က မြင်ပြီးပြီပဲ။ ဝိညာဉ်ကျောက်တုံးရှစ်ထောင်မရရင် ငါ မရောင်းနိုင်ဘူး”
လျှိုဟုန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ကျုပ် ထပ်ကြည့်ပါရစေ။ ဓား တကယ်ကောင်းရင် ကျုပ် ဝယ်လိုက်မယ်”
သူက စကားပြောလိုက်ပြီး လက်ထဲတွင် ရှိသော အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးကို ထုတ်ပြလိုက်သည်။
လူအိုကြီး၏ မျက်လုံးများက တောက်ပသွားသည်။ သူက ဟန်မူယဲ့ကို တစ်ချက်ကြည့်လျှက် အဝတ်စဖြင့် ပတ်ထားသော ဓားရှည်တစ်လက်ကို ထုတ်ပြလိုက်သည်။
လျှိုဟုန်က ဓားကို ယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကိုင်သည်။ သူက အသေအချာကြည့်လျှက် ဟန်မူယဲ့ကို ကမ်းပေးလိုက်သည်။
ဟန်မူယဲ့က ဓားရိုးကို ကိုင်ထားသည်။ သူက အနည်းငယ် တိတ်ဆိတ်သွားပြီး ရှေ့တွင် ရှိနေသော လူအိုကြီးကို ငုံ့ကြည့်သည်။
“ခင်ဗျားက ဒီဓားကို တကယ်ရောင်းနေတာလား”
လူအိုကြီးက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“အင်းပေါ့။ ဝိညာဉ်ကျောက်တုံးရဖို့ ရောင်းတာပဲလေ”
ဟန်မူယဲ့က ဓားကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“လျှိုဟုန်၊ သူ့ကို အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံး ၁တုံး ပေးလိုက်”
အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံး ၁တုံးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းတန်သည်။
သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် တိုးပေးလိုက်ခြင်း ဖြစ်သည်။
လျှိုဟုန်က ခေါင်းညိတ်ပြီး အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးကို လူအိုကြီးလက်ထဲသို့ ပေးလိုက်သည်။
လူအိုကြီးက အံ့အားသင့်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“တာအိုရောင်းရင်း၊ ကျုပ်က ဒီဓားကို အချိန်အတော်ကြာအောင် ပျိုးထောင်လာတာ ဖြစ်ပေမဲ့ ဝိညာဉ်ကျောက်တုံးတစ်သောင်း မတန်ပါဘူး”
လူအိုကြီးက ဓားအတွက် ဝိညာဉ်ကျောက်တုံးရှစ်ထောင်ဖြင့် ရောင်းသောကြောင့် စိတ်ပူပန်နေမိခြင်း ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူက ဝိညာဉ်ကျောက်တုံးတစ်သောင်း တိုက်ရိုက်ထုတ်ပေး၏။ ထို့ကြောင့် သူက အတော်လေးစိုးရိမ်လာသည်။
ဝိညာဉ်ကျောက်တုံးတစ်သောင်းကို လွယ်ကူစွာထုတ်ပေးနိုင်သောလူက သာမန် မဟုတ်ပေ။
လျှိုဟုန်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က ဈေးတိုးပေးလိုက်သော အကြောင်းအရင်းကို သူလည်းမသိပေ။
ဟန်မူယဲ့က ခပ်ဟဟရယ်မောလျှက် ဓားနှင့်အတူ လှည့်ထွက်သွားသည်။ အသံတစ်သံက ညင်သာစွာပေါ်ထွက်လာသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အလယ်ပိုင်းကုန်းမြေရဲ့ ကွန်ဖျူးရှပ်အမွေအနှစ်ဆိုတာ ရှားပါးလွန်းတယ်”
“ဒီဓားက သမာဓိစွမ်းအားနဲ့ ဆယ်စုနှစ်ချီအောင် ပျိုးထောင်ခံထားရတယ်။ ဒီဈေးနှုန်းက ထိုက်တန်ပါတယ်”
‘အလယ်ပိုင်းကုန်းမြေ’
‘သမာဓိစွမ်းအား’
‘ကွန်ဖျူးရှပ်အမွေအနှစ်’
ဟန်မူယဲ့၏ နောက်သို့ လိုက်လာသော လျှိုဟုန်က ဈေးဆိုင်ဖွင့်ထားသော လူအိုကြီးကို လှည့်ကြည့်သည်။
ထိုအချိန်တွင် လူအိုကြီးမှာ ကြောင်အသွားသည်။ သူက အဝေးတစ်နေရာမှ တစ်ဆင့် ဟန်မူယဲ့ကို ငေးကြည့်နေသည်။
ဟန်မူယဲ့နှင့် လျှိုဟုန်တို့ လမ်းထောင့်တစ်နေရာသို့ ရောက်သွားသောအခါတွင် လူအိုကြီးက အံတင်းတင်းကြိတ်ပြီး ထရပ်လိုက်သည်။ သူက ဈေးဆိုင်ကိုပင် ဂရုမစိုက်ဘဲ သူတို့နောက်သို့ ပြေးလိုက်လာသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်မောလျှက် လျှိုဟုန်ကိုဦးဆောင်လျှက် မြို့ထဲမှ ထွက်သွားသည်။
“တာအိုရောင်းရင်း၊ တာအိုရောင်းရင်း”
တောင်အိုမြို့အဝင်ဝတွင် လူအိုကြီးက နောက်မှ အော်ခေါ်လိုက်ပြီး ဟန်မူယဲ့၏ လမ်းကို ပိတ်ထားရန် တစ်ဟုန်ထိုးပြေးလာသည်။
ထို့ကြောင့် လူအများအပြားက သိချင်စိတ်များဖြင့် လှမ်းကြည့်ကြသည်။
ဟန်မူယဲ့က ရပ်လိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။
“ဘာလို့လဲ။ ဒီဓားကို မရောင်းချင်တော့လို့လား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ခေါင်းယမ်းလျှက် ပြောသည်။
“ရောင်းတယ်။ ကျုပ် ရောင်းပါတယ်”
ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်လျှက် တီးတိုးပြောသည်။
“တာအိုရောင်းရင်း၊ ကွန်ဖျူးရှပ်အမွေအနှစ်နဲ့ပတ်သတ်ပြီး မင်း ဘာပြောချင်တာလဲ”
ဟန်မူယဲ့က ရယ်မောလျှက် ပြောသည်။
“ဒီဓားကို ခင်ဗျားပဲ ပျိုးထောင်ခဲ့တယ်လို့ ပြောတာ မဟုတ်လား”
“ဒီဓားထဲမှာ သမာဓိစွမ်းအား ရှိနေတာကို ခင်ဗျား ဘာဖြစ်လို့မသိတာလဲ”
လူအိုကြီး၏ အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်လိုက်သည်။
“တာအိုရောင်းရင်း၊ ဒီဓားကို ကျုပ် ပျိုးထောင်ခဲ့တာ မဟုတ်ပါဘူး”
“ဒါပေမဲ့ စိတ်မပူပါနဲ့။ ဓားပိုင်ရှင်က ဓားကို ရောင်းခိုင်းလိုက်တာပါ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
လူအိုကြီးက လိမ်ညာနေခြင်းမဟုတ်ပေ။
ဓားပိုင်ရှင်၏ အငွေ့အသက်သည် ဓားပေါ်တွင် ရှိနေသေးသည်။ သို့ပေမဲ့ ဓားက သူ ထည့်သွင်းလိုက်သော ဓားချီကို ငြင်းပယ်ခြင်းမရှိပေ။
ဓားပိုင်ရှင်သည် အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖျူးရှပ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
“သွားကြစို့။ ငါတို့ကို ဓားပိုင်ရှင်နဲ့ တွေ့ဖို့ ခေါ်သွားပေးပါ”
ဟန်မူယဲ့က ပြောသည်။