← Chapters

နံပါတ်တစ် ကောင်းကင်မျက်လုံး

Vol. 29 Ch. 398

နံပါတ်တစ် ကောင်းကင်မျက်လုံး

Vol. 29 Ch. 398

ချင်မူ ငူငူကြီး ရပ်နေမိသည်။ ကောင်းကင်ငှက်မွှေးကမ္ဘာက မဟာမြို့ပျက်၏ကမ္ဘာနှင့် ဝင်တိုက်မိလိုက်၍ ကမ္ဘာနှစ်ခု ထပ်သွားခဲ့ပြီး ကောင်းကင်ငှက်မွှေးကမ္ဘာ၏ ကောင်းကင်က မဟာမြို့ပျက် ဖြစ်လာခဲ့သည်။ ထိုမြင်ကွင်းက အမှန်တကယ် ထူးခြားဆန်းကြယ်ခဲ့လိမ့်မည်။ သူ မမြင်နိုင်တော့သည်မှာ နှမြောဖွယ်ကောင်း၏။

ကောင်းကင်ငှက်မွှေးကမ္ဘာသည် ခိုင်ဧကရာဇ်၏ အင်ပါယာလက်အောက်၌ တည်ရှိခဲ့သော်လည်း ခိုင်ဧကရာဇ်အင်ပါယာမှာ ကပ်ဘေးကြီးဆိုက်ရောက်လာမှုကြောင့် လက်အောက်ခံကမ္ဘာများအား မကာကွယ်နိုင်ခဲ့ပေ။ ထို့ကြောင့် မိစ္ဆာနတ်ဆိုးက ကောင်းကင်ငှက်မွှေးကမ္ဘာကို ရှာတွေ့သွားပြီး ထိုကမ္ဘာသားများကို ညို့ငင်ပူးကပ်နိုင်ခဲ့သည်။

ခိုင်ဧကရာဇ်ကပ်ဘေးသည် လွန်ခဲ့သည့်နှစ်ပေါင်းနှစ်သောင်းခန့်က ဖြစ်ပွားခဲ့၏။ ထိုအချိန်မှစပြီး ခိုင်ဧကရာဇ်အင်ပါယာက မဟာမြို့ပျက်ဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။

‘ခိုင်ဧကရာဇ်အင်ပါယာရဲ့ ပိုင်နက်က မဟာမြို့ပျက်တင် မဟုတ်ဘဲ တခြားကမ္ဘာတွေတောင် ပါနေတာပဲ’

သူ စိတ်ကူးယဉ်အတွေးများထဲတွင် မျောပါသွားသည်။ ခိုင်ဧကရာဇ်အင်ပါယာက တခြားကမ္ဘာများကို သိမ်းပိုက်ပြီး ကောင်းကင်ငှက်မွှေးမျိုးနွယ်ကဲ့သို့ အံ့ဖွယ်လူသားများအား အုပ်ချုပ်စိုးမိုးခဲ့သည်။ ထိုကဲ့သို့ ခေတ်တစ်ခေတ်တွင် နေထိုင်ရခြင်းက လွန်စွာစိတ်ဝင်စားဖွယ် ကောင်းလိမ့်မည်။

“ဒီနေရာက ကောင်းကင်နတ်ဘုံလို့လည်း ခေါ်ကြတယ်တဲ့” ယွီကျောက်ချင်း ပြောလိုက်သည်။ “ဧကရာဇ်ကတော့ ကောင်းကင်ဘုံအမျိုးမျိုးကို စိုးမိုးအုပ်ချုပ်ရတဲ့ လူတစ်‌ယောက်ပဲ”

ချင်မူ ရှုန်းရှီယွီနှင့် သူမသမီးကို ဒုက္ခတိဘိုးဘွားကျေးရွာဆီသို့ ခေါ်သွားရန် အနောက်ကောင်းကင်နန်းတော်ကို ဖြတ်သွားစဉ်အခါက မြင်ခဲ့ရသော မြင်ကွင်းကို သတိရလိုက်ရသည်။ ခပ်ဝိုင်းဝိုင်း အပြားတစ်ပြားပုံသဏ္ဍာန်ရှိသော မြေထုကြီးတစ်ခုက အနောက်ကောင်းကင်နန်းတော်၏ မြေကြီးထဲ ဒေါင်လိုက် စိုက်ဝင်နေခဲ့၏။ ကြီးမားခံ့ညားသော အဆောက်အဦးများ၏ တံတိုင်းများ၊ နံရံများ ပြိုကျနေခဲ့သည်။ တိုင်များလည်း လဲနေပြီး ထိုးထိုးထောင်ထောင် ဖြစ်နေခဲ့ကြသည်။ ဧရာမယန္တရားကြီး၏ အစိတ်အပိုင်းဖြစ်ဟန်တူသော အပိုင်းအစများက ကျောက်တုံးများအကြား ပြန့်ကြဲနေခဲ့သည်...

ချင်မူ စိတ်ပြန်ထိန်း၍ အတွေးများအား မောင်းထုတ်လိုက်ရ၏။ “ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီး သေသွားပြီဆိုတော့ ခေါင်းဆောင်ယွီတို့ အန္တရာယ်မရှိတော့ပါဘူး။ အခု ဘာလုပ်ကြမယ်တွေးထားလဲ”

ယွီကျောက်ချင်း၏ အဝတ်အစားများမှ ညင်သာသော တုန်ခါသံထွက်လာပြီး ချပ်ဝတ်တန်ဆာအသွင် ဖွဲ့တည်သွား၏။ သူမ၏သတ်ဖြတ်လိုစိတ်က အထက်ကောင်းကင်ယံဆီသို့ ထိုးတက်သွားသည်။ “ကျွန်မ မျိုးနွယ်ကို ကောင်းကင်ငှက်မွှေးကမ္ဘာဆီ ပြန်ခေါ်သွားချင်တယ်။ အဲဒီမှာ ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီး ကျွန်မတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ ပိုက်နက်တွေကို သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့တဲ့ နတ်ဆိုးမျိုးနွယ်တွေ ရှိတယ်။ ကျွန်မ နယ်မြေတွေကို ပြန်သိမ်းပိုက်ပြီး ရန်သူတွေကို တစ်ယောက်မကျန် သတ်ပစ်မယ်။ ဒါမှ ကျွန်မတို့ မွေးရပ်မြေကို ပြန်ထူထောင်နိုင်မှာ”

“ကောင်းကင်ငှက်မွှေးကမ္ဘာထဲမှာ တခြားနတ်ဆိုးမျိုးနွယ်တွေ ရှိသေးတာလား” ချင်မူ အံ့အားသင့်သွားပြီး အတန်ကြာ တွက်ချက်ကြည့်လိုက်သည်။ “ကောင်းကင်ငှက်မွှေးမျိုးနွယ်က အင်အားနည်းနည်းပဲ ကျန်တော့တာ မဟုတ်လား။ ခေါင်းဆောင်ယွီမှာ ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းပိုက်ဖို့ အင်အားရှိရဲ့လား”

ယွီကျောက်ချင်းက ယုံကြည်ချက်အပြည့်ရှိနေသည်။ “ခန္ဓာပွားမိစ္ဆာနတ်ဆိုး သေသွားပြီမလို့ ကျန်တဲ့မျိုးနွယ်တွေလည်း အသိစိတ် ပြန်ဝင်နေလောက်ပါပြီ။ ကျွန်မတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်က ဦးနှောက်လှိုင်းတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြတာပါ။ ကျွန်မတို့ တိုက်ခိုက်ရင် အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်တာမလို့ ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းပိုက်ဖို့ ခက်မှာမဟုတ်ပါဘူး”

“ခေါင်းဆောင်ယွီ၊ လက်ရှိခေတ်ရဲ့ လမ်းစဉ်တွေ၊ သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေဟာ အတိတ်တုန်းကနဲ့ မတူတော့ပါဘူး။ ခေါင်းဆောင်ယွီတို့ကို ခန္ဓာပွားမိစ္ဆာနတ်ဆိုးကြီး ထိန်းချုပ်ထားခဲ့တာ နှစ်‌ပေါင်းများစွာ ကြာခဲ့ပါပြီ။ ခေါင်းဆောင်ယွီတို့အနေနဲ့ လက်ရှိခေတ်ကို နားလည်ဖို့ ခက်လောက်ပါတယ်။ စစ်မြေပြင်‌ပေါ်မှာ ဦးနှောက်လှိုင်းတွေကို အလွယ်တကူ နှောင့်ယှက်လို့လည်း ရနေပြီ။ ခေါင်းဆောင်ယွီတို့ ထိန်းချုပ်ခံထားရတာ နှစ်နဲ့ချီနေပြီဆိုတော့ ရန်သူတွေကလည်း ခေါင်းဆောင်ယွီတို့အကြောင့် ခရေစေ့တွင်းကျ သိနေလောက်ပြီ။ သူတို့မျက်လုံးထဲမှာ ခေါင်းဆောင်ယွီတို့အားလုံးက အသတ်ခံရမှာစောင့်နေတဲ့ သိုးကလေးတွေ သာသာပဲ”

သူ၏ချီစွမ်းအင်က တရှိန်ထိုး ထွက်ပေါ်လာပြီး မှောက်ခုံဒယ်အိုးတစ်လုံးအသွင် ရှိသော သင်္ကေတအမှတ်အသားများအဖြစ် ဖွဲ့တည်လိုက်၏။

သင်္ကေတအမှတ်အသားများက အသံလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသော်လည်း သာမန်လူများ မကြားနိုင်ပေ။ ယွီကျောက်ချင်း၏ နားထဲတွင်မူ ခေါင်းလောင်းသံများ တဒေါင်ဒေါင် မြည်လျက် သူမ၏စိတ်အာရုံကို နှောင့်ယှက်နေသကဲ့သို့ ဖြစ်နေသည်။ အသံ၏ဆူညံမှုက သူမကို မျိုးနွယ်ဝင်များဖြင့် စိတ်ချင်းဆက်သွယ်မရအောင် ဟန့်တားနေသည်။

ချင်မူ မှောက်ခုံဒယ်အိုးအသွင် သင်္ကေတအမှတ်အသားများကို ရုတ်သိမ်းကာ မေးလိုက်သည်။ “ခေါင်းဆောင်ယွီ၊ ကျွန်တော်တော့ စိတ်မြန်လက်မြန် လုပ်မယ့်အစား အချိန်ယူဖို့ အကြံပြုချင်တယ်”

ယွီကျောက်ချင်း၏စိတ် ကစဉ့်ကလျား ဖြစ်သွား၍ သူမကိုယ်အပေါ်ရှိ အဝတ်အစားများမှာ ရောင်စုံမျိုးစုံ ပြောင်းနေသည်။ ရှုပ်ထွေးသောအသွင်ရှိသည့် အမှတ်အသားများ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်လာသည်။

ကောင်းကင်ငှက်မွှေးမျိုးနွယ်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံဖူးခြင်း ဖြစ်သော်လည်း သူတို့ စိတ်ချင်းဆက်သွယ်နိုင်မှုကို နှောင့်ယှက်နိုင်ကြောင်း ချင်မူ သဘောပေါက်ခဲ့သည်။ နတ်ဆိုးမျိုးနွယ် အဆင့်မြင့်သိုင်းပညာရှင်များလည်း ထိုအခြင်းအရာကို သိထား၍ လေ့လာထားပြီးဖြစ်လိမ့်မည်။

ကောင်းကင်ငှက်မွှေးမျိုးနွယ်အနေဖြင့် မည်သည့်စွမ်းရည်အသစ်ကိုမှ တတ်မြောက်မထားဘဲ မွေးရပ်မြေကို ပြန်ထူထောင်ရန် စဉ်းစားနေလျှင် ဟာသသာ ဖြစ်နေလိမ့်မည်။ ကောင်းကင်ငှက်မွှေးကမ္ဘာဆီသို့ ပြန်သည်နှင့် သူတို့ မုချသေရမည်ဖြစ်သည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းအားလုံး အရှိန်အဟုန်နဲ့ တိုးတက်နေတယ်” ချင်မူ ပြောလိုက်သည်။ “ခေါင်းဆောင်ယွီတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အရင်ဆုံး အခြေချပြီး စွမ်းရည်အသစ်တွေ လေ့လာလိုက်ပါလား။ အသစ်တွေ တတ်မြောက်သွားတဲ့အခါ ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းပိုက်နိုင်တာပဲ”

ယွီကျောက်ချင်း တွေဝေသွားသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကောင်းကင်ငှက်မွှေးကမ္ဘာသို့ သူမ ပြန်ပြီး နတ်ဆိုးများအား သုတ်သင်ပစ်ချင်၏။ သို့တိုင်အောင် ချင်မူ့စကားအရ ပြန်လျှင် မုချသေရမည်ဖြစ်ရာ သူမအတွက် အချိန်လိုအပ်သည်။

“ခေါင်းဆောင်ယွီ မသိလောက်သေးဘူးထင်တယ်။ ဒီပုဂ္ဂိုလ်က အပြင်လူမဟုတ်ပါဘူး။ မင်းသားပါ” နေထိန်းကျောင်းသူခေါင်းဆောင်က ဝင်ပြောလိုက်သည်။

“မင်းသားတဲ့လား” ယွီကျောက်ချင်း တွေဝေတွန့်ဆုတ်နေမှုများကို မြိုသိပ်ကာ ဇဝေဇဝါ မေးလိုက်မိသည်။ “ဘယ်လိုမင်းသားပါလဲ”

“ကျုပ်တို့ နေထိန်းကျောင်းသူမျိုးနွယ်ရဲ့ မင်းသား ဖြစ်သလို၊ ခင်ဗျားတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ မင်းသားပါ” နေထိန်းကျောင်းသူခေါင်းဆောင်၏စကားက လေးနက်ပြီး အဓိပ္ပါယ်ပါသည်။

ယွီကျောက်ချင်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး တမုဟုတ်ချင်း ဒူးထောက်လိုက်သည်။ သူမအဝတ်အစားများက လက်အောက်ငယ်သား ဝတ်ရုံအဖြစ် ပြောင်းလဲသွား၏။ သူမက ချင်မူ့ကို ထပ်မံ၍ အရိုအသေပေးလိုက်သည်။

“ထုံးစံတွေ လုပ်မနေပါနဲ့ဗျာ။ ခိုင်ဧကရာဇ်အင်ပါယာက အဆုံးသတ်သွားတာ ကြာပြီ။ ကျွန်တော်က မင်းသားမဟုတ်တော့ပါဘူး။ မမကြီးယွီ၊ ကျွန်တော့်ကို လန့်အောင် မလုပ်ပါနဲ့” ချင်မူ သူမကို ကမန်းကတန်း ဆွဲထူပြီး သူမကိုယ်ပေါ်ရှိ အဝတ်အစားများအား တို့ဆိတ်ကြည့်လိုက်သည်။ အသားက ချောမွတ်ပြီး စိုထိုင်းထိုင်းရှိကြောင်း သူ ခံစားလိုက်ရသည်။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။ “မမကြီးယွီရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေကို ဘာနဲ့ လုပ်ထားတာလဲ”

ယွီကျောက်ချင်း နေထိန်းကျောင်းသူခေါင်းဆောင်ကို ဇဝေဇဝါ လှမ်းကြည့်လိုက်ပြီး နေထိန်းကျောင်းသူခေါင်းဆောင်လည်း မျက်မှောင်ကြုတ်နေသည်။ ချင်မူက ရွှင်ပျော်ပျော်ကျေးရွာ၏ ‌တော်ဝင်မင်းသားဖြစ်ကြောင်း လက်မခံချင်ပုံရ၏။ သူ့အရှေ့တွင် သူ့ကိုယ်သူ မင်းသားအဖြစ် လက်မခံခဲ့သလို၊ ယွီကျောက်ချင်း၏ အရှေ့တွင်လည်း လက်မခံခဲ့ပေ။

“မင်းသား၊ ကျွန်မကိုယ်ပေါ်က အဝတ်အစားတွေက တကယ်တော့ ကျွန်မအရေပြားနဲ့ အတောင်တွေပါ” ယွီကျောက်ချင်း ရှင်းပြလိုက်သည်။ “ကျွန်မတို့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက မင်းသားတို့နဲ့ မတူပါဘူး။ ကျွန်မတို့မှာ ခပ်ပါးပါးတောင်ပံတွေအပြင် အကြေးခွံတွေ ရှိပါတယ်။ စိတ်အခြေအနေတွေ မူတည်ပြီး အကြေးခွံတွေက အရောင်လည်း ပြောင်းနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဝတ်စားဆင်ယင်ပုံက အခုလို ကွဲပြားနေတာပါ”

သူမ၏အဝတ်အစားများက အရေပြားဖြစ်သည်ဟု ကြားလျှင် ချင်မူ ဆိတ်ဆွဲကြည့်မိပြန်သည်။ အကြေးခွံများကလည်း မမာဘဲ အသားကဲ့သို့ နူးညံ့ကြောင်း သူ တွေ့လိုက်ရ၏။

သူ ဆိတ်ဆွဲနေသည့်အတွက် ယွီကျောက်ချင်း၏ မျက်နှာမှာ နီရဲနေသည်။ “မင်းသား၊ မလုပ်ပါနဲ့”

ချင်မူ လွှတ်ပေးလိုက်ပြီး နှမြောနေမိသည်။ ယွီကျောက်ချင်းဆီမှ ထိုကဲ့သို့အဝတ်အစားတစ်စုံ၊ နှစ်စုံခန့် တောင်းချင်ခဲ့သော်လည်း အဝတ်အစားများက သူတို့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေရာ ချွတ်မရပေ။

စစ်ယွင်ရှန်း၊ လင်ယွိရှို့နှင့် ဟူလင်းအာတို့လည်း ရောက်လာပြီး ယွီကျောက်ချင်း၏ အဝတ်အစားများကို ထိကြည့်ကာ တအံ့တဩ ဖြစ်နေကြသည်။ ယွီကျောက်ချင်း၏မျက်နှာ နီရဲသထက် နီရဲလာ၏။ မထိစေချင်သော်လည်း သူမမှာ ငြင်းရန် ရှက်နေသည့်အတွက် အနေရအထိုင်ရခက်စွာသာ ရပ်နေတော့သည်။

“အသားက သိပ်ကောင်းတာပဲ။ လင်းအာရဲ့ အမွှေးထက်တောင် နူးညံ့သေးတယ်”

မိန်းကလေးများ တအံ့တဩ သက်ပြင်းချမိလိုက်ကြသည်။ လင်ယွိရှို့က စပ်စပ်စုစု မေးလိုက်သည်။ “ခေါင်းဆောင်ယွီ၊ ဆောင်းရောက်ရင် မအေးဘူးလား”

ယွီကျောက်ချင်း ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျွန်မတို့ ကောင်းကင်ငှက်မွှေးကမ္ဘာရဲ့ ရာသီဥတုလေးဥက နွေးနွေးထွေးထွေး ရှိပါတယ်။ အေးတဲ့ရာသီရယ်လို့ မရှိဘူး။ အေးလာရင်တောင်မှ ကျွန်မတို့အကြေးခွံတွေက နွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒီမှာ ကြည့်ပါ”

သူမကိုယ်ပေါ်ရှိ အဝတ်အစားများက ထူလာပြီး ခပ်ဖောင်းဖောင်း ဖြစ်လာသော်လည်း ပုံစံက အလွန်မျက်စိကျဖွယ်ကောင်း၏။

အကုန်လုံး တလေးတစား စုပ်သပ်၍မဆုံး ဖြစ်သွားကြသည်။

နေထိန်းကျောင်းသူခေါင်းဆောင်မှာ ဘေးတွင် ရပ်ကြည့်နေရင်း ရယ်ရမည်လား၊ ငိုရမည်လားမသိ‌တော့ပေ။ သူတို့၏မျိုးနွယ်စုအတွက် အရေးကြီးသောကိစ္စများကို ဆွေးနွေးရန် နေကျောင်းဆောင်သို့ လာခဲ့ခြင်းဖြစ်သော်လည်း အဝတ်အစားပြပွဲ ဖြစ်နေသည်မဟုတ်ပါလား။

ဟိုဟိုသည်သည် စပ်စုမေးမြန်းပြီးနောက် ချင်မူ ပြောလိုက်သည်။ “ခေါင်းဆောင်ယွီ၊ မျိုးနွယ်ဝင်တွေကို ခေါ်ပြီး မဟာမြို့ပျက်မှာ နေမလား၊ ကျွန်‌တော်နဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လိုက်ခဲ့မလား။ အချိန်ကျလာရင်တော့ ကောင်းကင်ငှက်မွှေးကမ္ဘာကို ပြန်သိမ်းပေါ့။ ဘယ်လိုလဲ”

ယွီကျောက်ချင်းက အတန်ငယ် စဉ်းစားလိုက်၏။ “မင်းသား၊ ခဏလောက် စောင့်ပေးပါ။ ကျွန်မ မျိုးနွယ်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ပါ့မယ်”

ချင်မူ ခေါင်းညိတ်လိုက်၍ ယွီကျောက်ချင်း ထွက်သွားသည်။

“ခေါင်းဆောင်၊ နှစ်ခြမ်းကွဲသွားတဲ့ နေလုံးကြီးကို သွားကြည့်ကြစို့”

ချင်မူ နေနှစ်ခြမ်းဆီ ရောက်သည့်အခါ နေထိန်းကျောင်းသူများက နေနှစ်ခြမ်းထဲမှ သံကြိုးများကို ဆွဲထုတ်နေကြ၏။ ထိုသံကြိုးများက နေရေတွင်းထဲမှ နေတစ်စင်းကို မျှားရန်အတွက် ဖြစ်သည်။

ချင်မူက နေလုံးကြီး နှစ်ခြမ်းကွဲသွားအောင် ထုရိုက်ခဲ့သဖြင့် နေသင်္ဘော၏ စွမ်းအင်အရင်းအမြစ်အတွက် နေအသစ်တစ်စင်း လိုအပ်သွား၏။ မဟုတ်လျှင် နေစောင့်ရှောက်သူအသစ်အား နေသင်္ဘောက ဝါးမြိုသွားလိမ့်မည်။

သို့တိုင်အောင် သံကြိုးများက နေထဲ၌ နစ်မြုပ်နေသည်။ နေလုံးကြီး နှစ်ခြမ်းကွဲသွားသော်လည်း သံကြိးများကို ဆွဲထုတ်ရန် အလွန်ခက်နေသေး၏။

ချင်မူ နေနှစ်ခြမ်း၏ အထဲသို့ လျှောက်ဝင်သွားသောအခါ ရှုပ်ထွေးသော သုံးဖက်မြင်ဝင်္ကပါတစ်ခုအား မြင်လိုက်ရသည်။ နေလုံးကြီးမှ အံ့ဖွယ်အလင်းတန်းများနှင့် မီးတန်းများ ထုတ်လွှတ်နိုင်အောင် ဤဝင်္ကပါများအား အသက်သွင်းရ၏။

ယခုမူ ချင်မူ့လုပ်ရပ်ကြောင့် ဝင်္ကပါများစွာ ပျက်စီးသွားသည်သာမက နေလုံးကြီး၏ အစိတ်အပိုင်းများလည်း ပဲ့ကြွေသွားခဲ့ချေပြီ။

နေလုံးကြီး၏အထဲတွင် နေထိန်းကျောင်းသူဆယ်ယောက်ကျော်က သံကြိုးများကို ဖြေနေကြသည်။ သို့သော် မည်မျှအားထုတ်စေကာမူ သံကြိုးများအား ဆွဲမထုတ်နိုင်ဘဲ ရှိနေသည်။

“ဝင်္ကပါပညာ တတ်တဲ့လူ ရှိလား” အကြီးအကဲတစ်ယောက်က ကျယ်ကျယ်‌လောင်လောင် အော်မေးလိုက်သည်။ “ဒီသံကြိုးတွေက ဝင်္ကပါအစီအရင်တွေထဲ နစ်မြုပ်နေတာ။ ဝင်္ကပါတွေကို ဖြေမှ ငါတို့ ဆွဲထုတ်နိုင်လိမ့်မယ်...”

အလုပ်များနေသော နေထိန်းကျောင်းသူများက ချင်မူ့ကို မြင်လျှင် လုပ်လက်စများအား ကပျာကယာ ရပ်၍ နှုတ်ဆက်ကြသည်။

သူလည်း ပြန်နှုတ်ဆက်လိုက်ပြီး အတွင်းပိုင်းဝင်္ကပါအစီအရင်များကို အသေးစိတ် ကြည့်လိုက်၏။ နေကို ချည်နှောင်ထားသော သံကြိုးများက မျက်နှာပြင်မှအစပြု၍ အူတိုင်အထိ တောက်လျှောက် ဝင်ရောက်နေသည်သာမက ဝင်္ကပါအမှတ်အသားဆယ်ခုကျော်ကလည်း သံကြိုးများကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထား၏။

ခေါင်းဆောင်အဘိုးအိုလည်း ဝင်္ကပါအမှတ်အသားများ၏ တည်ဆောက်ပုံကို လေ့လာနေသည်။ အစိတ်အပိုင်းများ၏ အပေါ်ရှိ ရှုပ်ထွေးသော သင်္ကေတများကို မြင်လျှင် သူ့မျက်လုံးများ မှိန်ကျသွားသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါတို့နေထိန်းကျောင်းသူမျိုးနွယ်မှာ ဝင်္ကပါပညာရှင်မရှိလို့ ဖြေနိုင်မှာမဟုတ်ဘူး”

ချင်မူ စဉ်းစားပြီး ပြောလိုက်သည်။ “နှစ်တစ်ရာကြာတာတောင် နေရေတွင်းနဲ့ လရေတွင်းကို နတ်ဘုရားမကျစ်ချင်း ဘာလို့မတည်ဆောက်ခဲ့တာလဲ ကျွန်တော် နားလည်ပြီ”

အကုန်လုံး ကြောင်တောင်တောင်အမူအရာများဖြင့် သူ့ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ အဘယ်သို့ပြု၍ နတ်ဘုရားမကျစ်ချင်းအကြောင်း သူ ကောက်ကာငင်ကာ ထပြောလိုက်မှန်း သူတို့ မသိပေ။

“ဒီနေလုံးကြီးထဲက ဝင်္ကပါတည်ဆောက်ပုံတွေက တကယ်တော့ ကောင်းကင်မျက်လုံးတည်ဆောက်ပုံနဲ့ အတူတူပဲ” ချင်မူ နေနှစ်ခြမ်းကြား၌ လမ်းလျှောက်နေသည်။ “ဧကရာဇ်က ကျစ်ချင်းရဲ့ အစွမ်းအစတွေကို မြင်လို့ ရေတွင်းတွေ တည်ဆောက်ခိုင်းခဲ့တာဖြစ်မယ်။ ကျစ်ချင်းက အဲဒီအချိန်တုန်းက နံပါတ်တစ် ကောင်းကင်မျက်လုံး ဖြစ်ခဲ့လိမ့်မယ်။ သူ့ကောင်းကင်မျက်လုံးတွေက ပြိုင်ဘက်ကင်းလွန်းလို့ ဧကရာဇ်က သူ့ကို‌ နေရေတွင်းနဲ့ လရေတွင်း တည်ဆောက်ခိုင်းခဲ့တာပဲ”

သံကြိုးများကို ချုပ်နှောင်ထားသည့် ဝင်္ကပါများ၏ တည်ဆောက်ပုံကို သူ နောက်တစ်ကြိမ် ခပ်မြန်မြန် ကြည့်လိုက်သည်။ ထို့နောက် နေလုံးကြီး၏အပြင်သို့ ထွက်ကာ မျက်နှာပြင်အား ဂရုတစိုက် စစ်ဆေးကြည့်ရှု၏။ မျက်နှာပြင်က ချောမွတ်မနေဘဲ သစ်ပင်၏ အခေါက်အကြောများကဲ့သို့ အမှတ်အသားများစွာ ရှိနေသည်။

“ကျစ်ချင်း နှစ်တစ်ရာလုံး ဘာမှမလုပ်ဘဲ နေခဲ့တဲ့ အကြောင်းရင်းက နေရေတွင်းနဲ့ လရေတွင်းက သူ့ရဲ့မျက်လုံးတွေ ဖြစ်ရမှာကို သဘောပေါက်ထားတာကြောင့်ပဲ။ ရေတွင်းတွေကို ဖန်ဆင်းပြီးသွားရင် သူ မျက်လုံးကန်းသွားလိမ့်မယ်။ ဒါကြောင့် နှစ်တစ်ရာအချိန် ယူပြီး သူ့ရဲ့ စိတ်တိုင်းကျ ပျော်ပျော်နေခဲ့တာ”

ချင်မူ နေမျက်နှာပြင်ကို လှည့်ပတ်ကြည့်နေပြီး တခဏကြာသော် တစ်နေရာမှ ဖောင်းထွက်နေသော စက်ဝိုင်းသဏ္ဍာန်အမှတ်အသားတစ်ခုအား ရှာတွေ့သွားသည်။ သူ၏ချီစွမ်းအင်ဖြင့် ဖိကြည့်လိုက်သည့်အခါ အမှတ်အသားများ လင်းလာပြီး အဆက်မပြတ် လည်လာ၏။

တစ်ချိန်တည်းမှာပင် သံကြိုးများကို ချုပ်နှောင်ထားသော ဝင်္ကပါအမှတ်အသားများလည်း လှုပ်ရှားလာကာ တဖြည်းဖြည်း ပြေလျော့သွားသည်။

ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်၏။ “သူက ဧကရာဇ် အမျက်တော်ရှတဲ့အချိန်မှ ရေတွင်းတွေကို အင်တိုက်အားတိုက် တည်ဆောက်ခဲ့တာ။ အဲဒီနောက် သူ့မျက်လုံးတွေကို ထုတ်ပြီး နေရေတွင်းနဲ့ လရေတွင်းကို အလင်းရောင်ပေးခဲ့တယ်”

သူတို့အရှေ့ရှိ နေလုံးကြီး၏ အတွင်းပိုင်းတည်ဆောက်ပုံမှာ ဆက်တိုက်ပြောင်းလဲနေပြီး ဝင်္ကပါများမှ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်နေသည်။ နေမျက်နှာပြင်နှင့် ရှုပ်ထွေးသော အမှတ်အသားများလည်း တဖျပ်ဖျပ် လင်းလာသည်။ မျက်နှာပြင်ပေါ်ရှိ အစိတ်အပိုင်းများ တစ်လွှာပြီးတစ်လွှာ နောက်ရွေ့သွားသည်။

နေတစ်ခြမ်းက အသက်ပြန်ဝင်လာသကဲ့သို့ ပူလောင်လာရာ အကုန်လုံး ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။

ဝင်္ကပါများ ပြောင်းလဲနေသည်နှင့်အမျှ နေလုံးကြီးက တဖြည်းဖြည်း ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် သူတို့၏အရှေ့၌ သတ္တုနံရံတစ်ခုအဖြစ် မတ်မတ် ထောင်နေသည်။

ချင်မူ ကျန်နေတစ်ခြမ်း၏အရှေ့ လျှောက်သွားပြီး ထိုနည်းတူ လုပ်လိုက်သည်။ ၎င်းလည်း သတ္တုနံရံတစ်ခုအသွင် ပြောင်းလဲသွား၏။

ရိုးရှင်းသော ရွှေရောင်နံရံနှစ်ခုက အားလုံး၏ အရှေ့တည့်တည့်တွင် မတ်မတ် ထောင်နေသည်။ အမြင့်က ကိုက်သုံးရာဝန်းကျင် ရှိကာ အရှည်က မိုင်အနည်းငယ် ရှိသည်။

“နတ်ဘုရားမကျစ်ချင်းက ဧကရာဇ်ရဲ့ စစ်ဆင်ရေး အောင်မြင်ဖို့ သူရဲ့ ကောင်းကင်မျက်လုံးတွေကို စတေးပြီး ရေတွင်းတွေအဖြစ် ဖန်ဆင်းပေးရမှာ သိခဲ့တယ်။ ဒါကြောင့် နှစ်တစ်ရာလုံး သူမစိတ်တိုင်းကျ နေပြီးနောက်မှ ဧကရာဇ်ရဲ့အမိန့်အတိုင်း နှစ်ငါးဆယ်အတွင်း ရေတွင်းတွေ တည်ဆောက်ပေးခဲ့တာပဲ။ ဘယ်လောက်ထူးချွန်လိုက်တဲ့ အမျိုးသမီးလဲ” ချင်မူ တလေးတစား စုပ်သပ်မိလိုက်သည်။

နံရံနှစ်ခုကို ကြည့်ရင်း သူ၏မျက်နှာထက်တွင် လေးစားမှုတို့ ထင်ဟပ်နေသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “သူက ကျစ်ချင်းလို့ ခေါ်တယ်ဆိုတော့ ကျစ်က မမကြီး၊ ချင်းက အစိမ်းရောင်လို့ ဆိုလိုတယ်။ သူက အစိမ်းရောင်ဝတ်ရတာ သဘောကျတဲ့ မမကြီးတစ်ယောက်ပေါ့။ ဒီလောက်ထူးချွန်တဲ့သူနဲ့ မတွေ့နိုင်တော့တာ နှမြောစရာကောင်းလိုက်တာ... ခင်ဗျားတို့တွေ ဘာဖြစ်သွားကြလဲဗျာ”

သူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ အကုန်လုံး သူ့အား အူတူတူ ကြောင်တောင်‌တောင် ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။

ချင်မူ စိတ်ရှုပ်ထွေးသွားပြီဂ ရှင်းပြလိုက်၏။ “ကျစ်က မမကြီး၊ ချင်းက အစိမ်းရောင်။ ကျစ်ချင်းဆိုတာ အစိမ်းရောင်ဝတ်ထားတဲ့ မမကြီးပဲ”

“အဲ့ဒါကို ပြော..ပြောချင်တာ မဟုတ်ပါဘူး” အကြီးအကဲတစ်ယောက်က အထစ်ထစ်အငေါ့ငေ့ါ ပြောလိုက်သည်။ “မင်းသား‌က နေရဲ့ဝင်္ကပါတွေကို ဖြေပြီးပါပြီ”

ချင်မူ သူဆိုလိုသည်ကို သ‌ဘောပေါက်လိုက်၍ ပြုံးလိုက်သည်။ “ဪ အဲ့ဒါလား ဝင်္ကပါတွေက ဖြေရမခက်ပါဘူး။ ကောင်းကင်မျက်လုံးရဲ့ ‌ကောင်းကင်နတ်သိုင်းကို လေ့လာလိုက်ဖို့ပဲ လိုတာ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာတုန်းက ကျွန်တော် ဒီတည်ဆောက်ပုံနဲ့ အတော်လေးဆင်တဲ့ ကောင်းကင်မျက်လုံးတစ်လုံးတောင် သွန်းလုပ်ခဲ့သေးတယ်။ ဒီနေလိုတော့ မဟုတ်ဘူးပေါ့။ ကျစ်ချင်းက တော်တော်ထူးချွန်တာပဲ” ချင်မူ နံရံနှစ်ခုအား မော့ကြည့်လိုက်မိသည်။ “ကျွန်တော် အခုအများကြီး သိလိုက်ရပြီ။ ရေတွင်းထဲ ခုန်ဆင်းပြီး သူ့မျက်လုံးတွေကို တကယ်ပဲ ကြည့်လိုက်ချင်တော့တယ်”

All Chapters