နေတစ်စင်းကို မျှားခြင်း
Vol. 29 Ch. 399
ကောင်းကင်မျက်လုံးများနှင့် ချင်မူ များစွာရင်းနှီးသလို ကောင်းကင်မျက်လုံးတည်ဆောက်ပုံကိုလည်း နားလည်သည်။ မျက်ကန်း၏ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို သူ ကျင့်ကြံခဲ့ပြီး နေသူရိန်ခွင်းကောင်းကင်အမြှောက်ကို သွန်းလုပ်ခဲ့သည်သာမက နေကျောက်စိမ်းမျက်လုံးနှင့် လကျောက်စိမ်းမျက်လုံးများကိုလည်း ရရှိထားသည်။ ကျစ်ချင်း သွန်းလုပ်ခဲ့သော နေ၏ အတွင်းပိုင်းတည်ဆောက်ပုံက ရှုပ်ထွေး၍ မျက်နှာပြင်အပြောင်းအလဲ များစွာ ရှိသော်လည်း မူလသဘောတရားနှင့် အတူတူသာ ဖြစ်၏။
လူတချို့က ရှုပ်ထွေးသော တည်ဆောက်ပုံကို မြင်လျှင် များသောအားဖြင့် ထူပူသွားပြီး အဖြေမရှာတတ်တော့ပေ။ သို့သော် ချင်မူက ဝင်္ကပါအမျိုးအစားအားလုံး၏ ဗဟိုချက်များကို လျင်မြန်စွာ ရှာဖွေနိုင်သည်။
ကျစ်ချင်းက နေကို လက်နက်သဖွယ် အသုံးပြုရန် သွန်းလုပ်ခဲ့ခြင်းမဟုတ်ပေ။ အလင်းရောင်ဖြန့်ကျက်ရန် သွန်းလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် သူမ၏ဝင်္ကပါများ၌ အဖျက်အစီးစွမ်းအား ကိန်းဝပ်မနေ၍ အန္တရာယ်ကင်းသည်။
ထို့အပြင် ကျစ်ချင်းက နေကို သိမ်းဆည်းနိုင်သည့် ခလုတ်တစ်ခုကိုလည်း ချန်ထားခဲ့သည်။
ခလုတ်ကို နှိပ်လိုက်လျှင် နေက သတ္တုနံရံအသွင် ပြောင်းသွားလိမ့်မည်။ သို့သော် ချင်မူ့ကြောင့် နေနှစ်ခြမ်းကွဲသွား၍ နံရံက နှစ်ခုဖြစ်လာခဲ့သည်။
နေထိန်းကျောင်းသူများမှာ အံ့ဩတုန်လှုပ်မှုများကို မြိုသိပ်ရင်း သံကြိုးများအား ဆွဲထုတ်နေကြသည်။
“ချိတ်ကောက်မပါရင် နေရေတွင်းထဲက နေကို ဘယ်လိုမျှားထုတ်မလဲ”
လူတိုင်း ချင်မူ့ကို အားကိုးတကြီး ကြည့်လိုက်ကြသည်။
ခေါင်းဆောင်အဘိုးအို တမုဟုတ်ချင်း ခေါင်းယမ်းလိုက်၏။ “မင်းသားရဲ့ ကျင့်စဉ်စွမ်းအင်က မလုံလောက်ဘူး။ နေရေတွင်းထဲအထိ ဝင်ပြီး နေကို မထုတ်ပေးနိုင်ဘူး”
နေရေတွင်းထဲတွင် အပူချိန်က အလွန်မြင့်မား၏။ နေထိန်းကျောင်းသူများ သွန်းလုပ်ခဲ့သော မည်သည့်အရာမဆို အရည်ပျော်ကျသွားသည်အထိပင် ပြင်းထန်သည်။ အရပ်ခြောက်မျက်နှာအဆင့်သာ ရှိသော ချင်မူ့အတွက် ပို၍ပင် ဆိုးလိမ့်မည်။
ချင်မူ ပြုံးကာ ပြောလိုက်သည်။ “ခေါင်းဆောင် မေ့သွားပြီလား။ နေစောင့်ရှောက်သူဖြစ်သွားရင် ကျွန်တော် နေသင်္ဘောရဲ့စွမ်းအင်ကို ထိန်းချုပ်နိုင်တယ်လေ။ ကျွန်တော့်မှာ ကောင်းကင်နတ်ဘုရားအဆင့် မှော်စွမ်းအင် ရှိမသွားဘူးလား။ နေကို အပြင်ထုတ်နိုင်တာနဲ့ ကျွန်တော် လွတ်မြောက်သွားလိမ့်မယ်။ နေသင်္ဘောရဲ့ ဝါးမြိုခံရမှာကို ကြောက်စရာလိုမှာ မဟုတ်တော့ဘူး”
“အကယ်၍ မထုတ်ပေးနိုင်ရင်ရော...” ခေါင်းဆောင်အဘိုးအို စိတ်မချပေ။
“အကယ်၍ ဆိုတာမျိုး မရှိဘူး။ ကျွန်တော်က နေကို ရိုက်ခွဲပစ်ခဲ့တဲ့သူဆိုတော့ နောက်တစ်စင်း ပြန်ပေးရမယ့် တာဝန်ရှိတယ်”
ချင်မူ ဆုံးဖြတ်ချက်ချပြီး တိုင်လုံးတစ်လုံးအား ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ် တမုဟုတ်ချင်း ကြီးထွားသွားစဉ်မှာပဲ ချင်မူ တစ်စုံတစ်ခုကို သတိရလိုက်ပြီး ခေါင်းဆောင်အဘိုးအိုဆီ အသံပေးပို့လိုက်သည်။ “ခေါင်းဆောင်၊ ကျွန်တော့်အတွက် အဝတ်အစားတစ်စုံလောက် ပြင်ပေးပါဦး။ အပိုယူလာတာတွေ အကုန်ပြဲကုန်ပြီမလို့”
ခေါင်းဆောင်အဘိုးအို ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ ချင်မူ နေစောင့်ရှောက်သူအသွင် ပြောင်းသွားတိုင်း သူ့အဝတ်အစားများ ပြဲသွား၍ အသစ်တစ်စုံပြီးတစ်စုံ လဲခဲ့ရသည်။ သူ ယခု ဝတ်ထားသည်က နောက်ဆုံးအစုံဖြစ်သည်။ နေကို အပြင်ထုတ်လာပြီးနောက် သူ့တွင် အဝတ်အစားအသစ် မရှိလျှင် ဖင်ပြောင်ဖြစ်နေလိမ့်မည်။
“ယန်ရွှေချည်မျှင်တွေ သွားယူပြီး မင်းသားအတွက် အဝတ်တစ်စုံ ချုပ်ပေးလိုက်ကြ” ဤသို့ပြောပြီးနောက် ခေါင်းဆောင်အဘိုးအို တစ်စုံတစ်ခုကို သတိရလိုက်၍ ကပျာကယာ ဖြည့်ပြောလိုက်သည်။ “ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ ခေါင်းဆောင်ယွီကို ဖိတ်လိုက်ကြ။ သူ့ကို အရှင်မင်းသားကိုယ်အတိုင်းနဲ့ ကွက်တိကျမယ့် အစ ဖြတ်ခိုင်းလိုက်”
နေထိန်းကျောင်းသူများ ခပ်သုတ်သုတ် ထွက်သွားကြသည်။
ချင်မူ နေသင်္ဘောကို ထိန်းချုပ်ပြီး နေရေတွင်းဆီ ခြေလှမ်းကြဲကြဲများဖြင့် လျှောက်သွားလိုက်၏။
နေသင်္ဘောတွင် နေမရှိတော့သောကြောင့် သူ၏အသက်ဓာတ်ကို စုပ်ယူနေရာ သူ့ခန္ဓာကိုယ်မှာ သင်္ဘော၏ ကိုယ်ထည်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်နေသည်။ သူက သင်္ဘောနှင့် တစတစ ပေါင်းစည်းနေသည်။
အားအင်ကုန်ခမ်းနှုန်းက မြန်သထက် မြန်လာသည်။
သူ့အနေဖြင့် နေကို မြန်မြန် ဆွဲထုတ်ရလိမ့်မည်။ အချိန်ကြာလျှင် အန္တရာယ်များ၏။
နေရေတွင်း၏ဘေးတွင် ချင်မူ၏ အားကောင်းပြင်းထန်သော မှော်စွမ်းအင်က သံကြိုးများကို အထဲချလိုက်သည်။ သံကြိုးများက အနက်ရောင်နဂါးနှစ်ကောင်ပမာ ကြယ်တာရာပင်လယ်အတွင်းသို့ လျှောဆင်းသွားသည်။
ကြယ်တာရာပင်လယ်ထဲတွင် အလင်းလုံးကြီးများက နေများသဖွယ် တရှိန်းရှိန်း တောက်ပလျက်ရှိကာ ကြယ်တာရာများလည်း တဖျပ်ဖျပ် တောက်ပနေ၏။ ကြယ်တာရာများက ပုံသဏ္ဍာန်မျိုးစုံ၊ အရောင်မျိုးစုံဖြင့် နဂါးငွေ့တန်းတစ်ခုကို ဖွဲ့တည်ကာ ရေတွင်းနှစ်တွင်းကို တစ်ချိန်လုံး လှည့်ပတ်နေကြသည်။
နေသင်္ဘော၏ သံကြိုးများက တုတ်ခိုင်ကြီးမားသော်လည်း နေရေတွင်းနှင့် ယှဉ်လျှင် အလွန်သေးမျှင်သော ကြိုးများသဖွယ် ဖြစ်နေရာ အမှန်တကယ်ပင် ငါးမျှားနေသည်နှင့်တူ၏။ သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သံကြိုးများအား အဆုံးထိ ချပြီးသည့်တိုင် နေများဆီသို့ မရောက်သေးပေ။
“ခေါင်းဆောင်၊ အကုန်လုံးကို သင်္ဘောအပေါ်က ဆင်းခိုင်းလိုက်ပါ” ချင်မူ ကျယ်လောင်စွာ အော်လိုက်သည်။
နေထိန်းကျောင်းသူခေါင်းဆောင်က တမုဟုတ်ချင်း ညွန်ကြားလိုက်၍ အကုန်လုံး နေသင်္ဘောပေါ်မှ ခပ်သွက်သွက် ဆင်းလိုက်သည်။ ဆင်းပြီးကြသည်နှင့် နေသင်္ဘောက နေတွင်းမှ ထိုးထွက်နေသော အလင်းတန်းထဲ ဝင်သွားသည်ကို သူတို့ မြင်လိုက်ကြရ၏။
“မင်းသား၊ နေသင်္ဘောက မင်းသားရဲ့ ပေါင်အထိ ဝါးမြိုလိုက်ပြီနော်” နေထိန်းကျောင်းသူခေါင်းဆောင် အထိတ်တလန့် အော်လိုက်သည်။ “အကြာကြီး မနေပါနဲ့။ မဟုတ်ရင် နေသင်္ဘောနဲ့ တစ်သားတည်း ပေါင်းစည်းသွားလိမ့်မယ်”
ကြယ်ပင်လယ်ထဲတွင် ဧရာမသင်္ဘောကြီးတစ်စင်းသည် အလင်းတန်းအတိုင်း တန်းတန်းမတ်မတ် ထိုးဆင်းလာ၏။ သင်္ဘောဦးပိုင်းတွင် လူ့ဘီလူးကြီးက သံကြိုးများကို ဆွဲကာ အောက်ရှိ အသူရာချောက်ကို ကြည့်နေသည်။ သင်္ဘော၏ပတ်ပတ်လည်တွင် အရောင်မျိုးစုံရှိသော ကြယ်များက တဝှီးဝှီး လည်နေသည်။
အသူရာချောက်ထဲ၌ နေလုံးကြီးများက အလွန်တောက်ပစူးရှသော အလင်းတန်းများကို ဖြန့်ကျက်နေရာ မျက်လုံးဖွင့်ထားရန် ခက်၏။
ပူခြစ်နေသည့် အပူရှိန်က သူ့ကို အရည်ဖျော်တော့မည့်အလား ရိုက်ခတ်နေ၍ ချင်မူ့မျက်နှာနှင့် ရင်ဘတ်မှာ နီရဲနေသည်။ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကြောင့်သာ သူ ရေတွင်းထဲရှိ အရာအားလုံးအား သဲသဲကွဲကွဲ မြင်နေရခြင်းဖြစ်သည်။
အသူရာချောက်နှင့် နီးကပ်လာလေလေ၊ နေသင်္ဘောမှာ နီရဲလာသော်လည်း ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းနတ်ဘုရားများ တည်ဆောက်ထားခြင်းဖြစ်၍ အလွယ်တကူ အရည်မပျော်နိုင်ပေ။
နောက်ဆုံးတော့ သံကြိုးများ နေတစ်စင်းကို ထိသွားကြောင်း ချင်မူ မြင်လိုက်ရသည်။ ထိုအခါမှ သူ သက်ပြင်းချလိုက်နိုင်သည်။
သို့သော် နေသင်္ဘောက သူ၏ခါးအထိ ဝါးမြိုခဲ့ပြီးသည်ကို သူ သတိထားမိလိုက်၏။
“သေစမ်း၊ နေမရှိတော့တာနဲ့ စုပ်ယူတဲ့နှုန်းက မြန်လိုက်တာ”
ချင်မူ စိတ်ပြန်ထိန်း၍ အံတင်းတင်းကြိတ်လိုက်သည်။ သူက သံကြိုးလေးချောင်းကို ဆုပ်ကိုင်ရင်း နေမျက်နှာကို အသာအယာ ထိကာ ခလုတ်နေရာအား ရှာလိုက်သည်။
သူ့ခန္ဓာကိုယ်မှာ သင်္ဘောကိုယ်ထည်ထဲ တစတစ နစ်မြုပ်နေပြီး များစွာမကြာလိုက်ဘဲ သင်္ဘောက သူ၏ခါးကို ကျော်လာသည်။
“ဒီဝင်္ကပါအမှတ်အသားမဟုတ်ဘူး...”
သူ၏သူငယ်အိမ်တွင် ကောင်းကင်ကိုးဆင့် ဖွဲ့တည်ထားသည့်တိုင် နေမျက်နှာပြင်ထက်ရှိ အမှတ်အသားများအား မမြင်ရသေးပေ။ သံကြိုးများ၏ အထိအတွေ့မှတစ်ဆင့်သာ ခွဲခြားနေရခြင်းဖြစ်သည်။
သံကြိုးများက နဂါးကြီးလေးကောင်ပမာ တရွေ့ရွေ့ လှုပ်ရှားနေသည်။ သူ၏မှော်စွမ်းအင်က သံကြိုးများမှတစ်ဆင့် ချီစွမ်းအင်ကြိုးမျှင်များ ဖွဲ့တည်လိုက်ပြီး ချီစွမ်းအင်ကြိုးမျှင်များဖြင့် နေမျက်နှာပြင်ပေါ်ရှိ အမှတ်အသားတည်ဆောက်ပုံများကို သူ စမ်းကြည့်နေ၏။
“ဒါလည်း မဟုတ်ဘူး...”
သူ့ခန္ဓာကိုယ်မှာ လည်ပင်းအထိ နစ်မြုပ်နေပြီဖြစ်သော်လည်း ခလုတ်တည်နေရာကို ချင်မူ မတွေ့သေးပေ။ သူ့နဖူးမှ ချွေးများ ထွက်လာသော်လည်း မွှေးညင်းပေါက်ထဲမှ စီးကျမခင်မှာပင် အငွေ့ပျံသွားသည်။
နေသင်္ဘောက လည်ပင်းအထိ ဝါးမြိုထား၍ ချင်မူ ခေါင်းသာ ဖော်ထားနိုင်သည်။ သူ အားကုန်ထုတ်ပြီး နေသင်္ဘောကို ထိန်းချုပ်ကာ နေရေတွင်းဝဆီသို့ ဦးတည်ထားလိုက်သည်။
သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း နစ်မြုပ်နေပြီး ပါးစပ်အထိ ရောက်လာသည်။
မကြာခင် နှာခေါင်းလည်း မြုပ်တော့မည်။
ထို့နောက် နှာခေါင်းရိုးမှစ၍ တစတစ နစ်မြုပ်လာကာ သူ့မျက်လုံးများအနား ရောက်လာသည်။ သူ မျက်လုံးများလည်း နစ်မြုပ်လုဆဲဆဲရှိစဉ် နေထဲ၌ မျက်လုံးတစ်လုံး မြင်လိုက်ရ၏။
ချင်မူ မှင်သက်သွားသည်။ ‘ကျစ်ချင်းရဲ့ ကောင်းကင်မျက်လုံး’
မျက်လုံး နေတစ်စင်းပမာ အလျှံတညီးညီး တောက်ပနေပြီး သူ့အား ပြန်စိုက်ကြည့်နေသည့်နှယ် ရှိသည်။ ထိုမျက်လုံးကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးထဲ၌ ဝင်္ကပါအလွှာများ ဖွဲ့တည်လာသည်ကို သူ တမုဟုတ်ချင်း ခံစားလိုက်ရသည်။
ထိုခံစားချက်က သိပ်ကြာကြာမခံလိုက်ပေ။ နေသင်္ဘောက သူ့မျက်လုံးများ ဖုံးလွှမ်းသွား၏။
‘တွေ့ပြီ’
ချင်မူ၏အသိစိတ်အလျဉ် တုန်ခါသွားပြီး သူ၏ချီစွမ်းအင်ကြိုးမျှင်မှတစ်ဆင့် ထူးခြားသောအထိအတွေ့ကို ခံစားလိုက်ရသည်။ သူ မှော်စွမ်းအင်အကုန်လုံး စုစည်းပြီး ပို့လွှတ်လိုက်၍ အားကောင်းသော ချီစွမ်းအင်က သံကြိုးလေးကြိုးကို ဖြတ်လျက် နေမျက်နှာပြင်ထက်ရှိ ခလုတ်ဆီ တရှိန်ထိုး ပြေးဝင်သွားသည်။
ထို့နောက် တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာပြီး နေမျက်နှာပြင်ပေါ်ရှိ ဝင်္ကပါများ အသက်ဝင်လှုပ်ရှားသွားသည်။ သံကြိုးလေးကြိုးသည် ဝင်္ကပါလမ်းကြောင်းအတိုင်း နေလုံးကြီးကို ထိုးဖောက်ဝင်ရောက်သွား၏။
နေသင်္ဘောထဲတွင် နေလုံးကြီးဆီမှ အလုံးအရင်းလိုက် စီးဆင်းလာသော အဆုံးမဲ့အင်အားကို ချင်မူ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် နေသင်္ဘောက သူ့တစ်ကိုယ်လုံးကို ဝါးမြိုထား၍ သူ့နှာခေါင်းထိပ်ဖျားသာ ပေါ်တော့သည်။
ဝှစ်
သံကြိုးလေးကြိုးက နေတစ်စင်းကို ရေတွင်းထဲမှ ဆွဲထုတ်လိုက်၍ နေလုံးကြီးသည် သံကြိုးတန်းလန်းဖြင့် ကောင်းကင်ထဲသို့ မြောက်တက်သွား၏။
နေရေတွင်း၏အပြင်တွင် ခေါင်းဆောင်အဘိုးအိုမှာ အလင်းတန်းအား စိုးရိမ်ပူပန်စွာ ကြည့်နေသည်။ “အချိန်တွေ ကြာနေပြီ။ မင်းသား မခံနိုင်လောက်တော့ဘူး... အနှေးနဲ့အမြန် သူ သင်္ဘောနဲ့ တစ်သားတည်း ဖြစ်တော့မယ်”
ထိုအချိန်မှာပဲ နေရေတွင်းထဲမှ အလင်းတန်းများ လင်းထိန်ဖြာထွက်လာပြီး နေလုံးကြီးတစ်လုံး တဖြည်းဖြည်း မြောက်တက်လာသည်။ ပြင်းထန်လှသည့် အပူလှိုင်းများကြောင့် အကုန်လုံး နောက်ဆုတ်လိုက်ကြရ၏။
ထို့နောက် နေသင်္ဘော၏ ကိုယ်ထည်ကြီးလည်း ရေတွင်းထဲမှ ထွက်လာကာ ခြေထောက်များက မြေကြီးပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
ဒုန်း
ခေါင်းဆောင်အဘိုးအို သင်္ဘောပေါ် ကပျာကယာ တက်၍ တိုင်လေးတိုင်ရှိရာဆီ သွားလိုက်သည်။ ချင်မူ အဝတ်ဗလာဖြင့် မလှုပ်မယှက် လဲနေသည်ကို သူ မြင်လိုက်ရ၏။
နေသင်္ဘောက သူ၏အသက်ဓာတ်များစွာကို စုပ်ယူခဲ့သောကြောင့် နေအသစ်တစ်စင်းကို ဖမ်းနိုင်ခဲ့သော်လည်း အသက်ဓာတ်များ ပြန်မပြည့်သွားပေ။
“ဖယ်ကြ ဖယ်ကြ” ဟူလင်းအာ အပြေးအလွှား ရောက်လာသည်။ ခြစ်ခြစ်တောက် ပူနေသော မြေပြင်ကြောင့် သူမခြေဖဝါးများ လောင်သွားပြီး အစိမ်းရောင်အငွေ့များပင် ထွက်လာသည်။ “ကျွန်မမှာ ဆေးရှိတယ် ဘေးဖယ် ဘေးဖယ်”
ခေါင်းဆောင်အဘိုးအိုတို့ လမ်းဖယ်ပေးလိုက်သည့်အခါ ဟူလင်းအာ ချင်မူ့အပေါ် တက်လိုက်သည်။ ခြေဖဝါးများ လောင်နေသည်ကိုပင် သူမ ဂရုမစိုက်နိုင်ဘဲ ယန်ကျင့်ကျင့်အတွက် ဖော်ပေးထားသော စွမ်းအင်ဆေးလုံးများအား ချင်မူ့ပါးစပ်ထဲ ကမန်းကတန်း ထိုးထည့်လိုက်၏။ ထို့နောက် သူမချီစွမ်းအင်ဖြင့် ဆေးလုံးများအား သူ၏ဝမ်းဗိုက်ထဲသို့ လမ်းပြကာ ဆေးစွမ်းအင်ကို ချေဖျက်ပေးလိုက်သည်။
ချင်မူ တဖြည်းဖြည်း နိုးလာပြီး တစ်ကိုယ်လုံး အားနည်းနေသည်ကို ခံစားလိုက်ရသည်။ သူ့မှာ မျက်လုံးဖွင့်ရန်ပင် အားမရှိ၍ မောဟိုက်စွာ အသက်လုရှူနေရ၏။
ဟူလင်းအာ ရင်ထဲမှ အလုံးကြီးကျသွားသည်။ ထိုအခါ ခြေဖဝါးများလောင်နေသည်ကို သူမ ခံစားလိုက်ရ၍ ခေါင်းဆောင်အဘိုးအိုအပေါ် ကပျာကယာ ခုန်တက်လိုက်သည်။ နာလွန်း၍ သူမမျက်ရည်များ ဝဲနေမိသည်။
ခေါင်းဆောင်အဘိုးအိုက ချင်မူ့ကို ကပျာကယာ ချီပြီး အော်လိုက်သည်။ “မြန်မြန် ကန်ဆီ သွားကြမယ်”
တခဏကြာသော် နေသင်္ဘော၏အလယ်ရှိ ကျွန်းငယ်လေးတစ်ကျွန်းပေါ်တွင်
ချင်မူ ကျွန်းလယ်ခေါင်ရှိ ရေပူစမ်းကန်တစ်ကန်ထဲ အထည့်ခံလိုက်ရသည်။ သူ့ဘေးတွင် ပိန်ပိန်လှီလှီ မိန်းကလေးတစ်ယောက်လည်း ရေစိမ်နေသည်။
“နွားကျောင်းတဲ့ကောင်လေး” မိန်းကလေးက အားနည်းဖျော့တော့စွာ ပြုံးပြသည်။
ဟူလင်းအာမှာ ခေါင်းဆောင်အဘိုးအို၏ ခေါင်းပေါ်တွင် ထိုင်နေပြီး မြေကြီးနှင့် မထိရဲသဖြင့် ရေပူစမ်းထဲ စိမ်ခွင့်ပြုရန် ယုံကြည်ချက်အပြည့်ဖြင့် အားမနာလျှာမကျိုး တောင်းဆိုလိုက်သည်။ “ကျွန်မခြေထောက်တွေလည်း ဒဏ်ရာရထားတယ်ရှင့်”
ခေါင်းဆောင်အဘိုးအိုမှာ မည်သို့မျှမတတ်နိုင်တော့၍ သူမကို ရေပူစမ်းထဲ ထည့်ပေးလိုက်ရသည်။ “မမလေး၊ ဒီရေပူစမ်းက သာမန်ရေမဟုတ်ဘူး၊ သန့်စင်ယန်ချီနဲ့ ဖွဲ့တည်ထားတာ။ ရေစိမ်လို့တော့ ရပါတယ်။ ကျင်ငယ်စွန့်လို့ မရဘူးနော်”
“ရှင်ပဲ စွန့်” ဟူလင်းအာ စိတ်လှုပ်ရှားစွာ ထိုင်ချပြီး ရေလှိုင်းစွမ်းအင်များ သူမ၏အရိုးများနှင့် ခြေချောင်းလက်ချောင်းများအား အားဖြည့်ပေးနေသည်ကို ဇိမ်ခံနေသည်။ သူမ၏ ကောင်းကင်ရတနာများ၊ ဝိညာဉ်သန္ဓေသား၊ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များမှာ အလွန်သက်တောင့်သက်သာ ရှိနေ၏။ သူမက ချင်မူဘေးရှိ ခပ်ပိန်ပိန် မိန်းကလေးကို ကြည့်ကာ ဝမ်းသာသွားသည်။ “ယန်မိသားစုရဲ့ မိန်းကလေးကျင့်၊ ရှင်လည်း ဒီရောက်နေတာကိုး။ သခင်လေး ဘာလို့မျက်လုံးမဖွင့်တာလဲ။ ဟုတ်သား၊ စောစောက သခင်လေး လဲနေတုန်းကလေ သခင်လေး ဖင်ပြောင်ကြီးဖြစ်နေတာကို အကုန် မြင်သွားတယ်သိလား”
ချင်မူ မျက်လုံးများအား ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ စူးရှလွန်းသော အဖြူရောင်အလင်းက မိန်းကလေးနှစ်ယောက်ကို မျက်စိစူးသွားစေသည်။ နေလုံးကြီးများ အလျှံတညီးညီး တောက်လောင်နေသကဲ့သို့ လင်းထိန်နေရာ သူတို့မျက်လုံးများမှ မျက်ရည်ပူများပင် ကျလာသည်။