ငါနဲ့ညလုံးပေါက်ကစားမလား
Vol. 7 Ch. Chapter 20
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 20 - တစ်ညလုံးအတူကစားမယ်
ကျောင်းစမ်းသပ်ခန်းထဲမှာ မက်ဒါနာက တစ်ယောက်တည်းအလုပ်ဆက်လုပ်နေခဲ့တယ်။ ဘေးကနေကြည့်မယ်ဆိုရင် ငွေရောင်စစ်သည်တော်က ဝှီးချဲပေါ်မှာထိုင်ပြီး ထူးဆန်းတဲ့ကျောက်တုံးတစ်တုံးနဲ့ခေါင်းကို ကြိုးတွေနဲ့သွယ်ထားတယ်လို့ပဲ ထင်စရာရှိမှာပါ။ ဒါပေမဲ့ ဝတ်စုံထဲက မက်ဒါနာအတွက်ကတော့ အလွန်များပြားလှတဲ့ DNA အချက်အလက်တွေကို ဖတ်နေရတာပါ။
"ဒီတော့ ဒီလိုလား၊ ပိုးကောင်မျိုးစိတ်အများစုက ကျူးကျော်မယ့်ဂြိုဟ်ရဲ့ပတ်ဝန်းကျင်နဲ့အသားကျဖို့ အဲဒီဂြိုဟ်ရဲ့သက်ရှိတွေရဲ့DNAကို ပုံတူကူးဖို့လိုတယ်ပေါ့။ ဒါကြောင့်သူတို့က ကပ်ပါးတွေလိုဖြစ်နေတာပဲ။"
မက်ဒါနာက ဆက်ပြီးတော့ ဒေတာတွေကိုဖတ်နေတယ်။ ကြာလာတာနဲ့အမျှ ဝင်လာတဲ့ဒေတာပမာဏက များသည်ထက်များလာပြီး နောက်ဆုံးတော့ ဝတ်စုံစနစ်က မခံနိုင်တော့တဲ့ပုံစံနဲ့ သတိပေးချက်တွေပြလာပါတယ်။
"ဘာ... ငါ့ဝတ်စုံနဲ့တောင်မှ အဆုံးထိထိုင်ဖတ်လို့မရဘူးလား။" မက်ဒါနာက ကျောက်တုံးနဲ့ဝတ်စုံချိတ်ထားတာကို အသာလေးဖြတ်ဖို့လုပ်ပေမဲ့ သူ့လက်ကိုမြှောက်လိုက်ချိန်မှာ တစ်ခုခုလွဲနေတာကို သတိထားမိသွားတယ်။
"မဖြစ်နိုင်တာ..." သူ့ဝတ်စုံရဲ့ဆက်ကြားနေရာကနေ
အနီရောင်အလင်းဒြပ်စင်စတချို့ စိမ့်ထွက်လာလို့ပါ။
နောက်တော့ အလင်းစက်တွေက ပိုများလာပြီး သူ့ဝတ်စုံတစ်ခုလုံး နီရဲသွားတယ်။ အဲဒါပြီးတော့ သူ့ဝတ်စုံစနစ်တစ်ခုလုံးမှာ အနီရောင်အချက်ပေးချက်တွေနဲ့ပြည့်သွားပြီး သူ့ခေါင်းထဲကို စူးရှနာကျင်တဲ့ ခံစားချက်တစ်ခုက ဆောင့်ဝင်လာတယ်။
'ဖျက်ဆီးပစ်....' သူ့စိတ်ထဲကို ပြင်ပက ကျူးကျော်လာတဲ့ ခံစားချက်တစ်ခုဝင်လာတယ်။ ပြင်းထန်လွန်းလို့ သူ့နဂိုရှိနေတဲ့ အံ့ဩတဲ့ခံစားချက်တောင် ပျောက်သွားလုနီးနီးပဲ။ သူ့အတွေးတွေ ဗလာကျင်းလာတာကို ခံစားရတဲ့အတွက် နောက်ဆုံးကျန်တဲ့ လက်ကျန်အားနဲ့ ဆက်သွယ်မှုကို ဖြတ်ပစ်ဖို့ကြိုးစားပေမဲ့ နောက်ကျသွားပါပြီ။
"ဖျက်ဆီးပစ်... ဖျက်ဆီးပစ်... ဖျက်ဆီးပစ်....." မက်ဒါနာတစ်ယောက် အဲဒီစကားတစ်ခွန်းတည်းကိုပဲ ရေရွတ်နေမိတယ်။ နောက်တော့ သူ့မျက်စိရှေ့မှာရှိနေတဲ့ စကင်ဖတ်စက်ကို လက်သီးနဲ့ထုချပစ်လိုက်တယ်။
ဘုန်း....
စမ်းသပ်ခန်းထဲမှာရှိနေတဲ့ သစ်သားစားပွဲက တစ်စစီကျိုးပဲ့သွားပြီး သစ်သားတွေက ဝတ်စုံကိုလာမှန်တယ်။ ဒါပေမဲ့ အခုလုပ်ရပ်က အစပဲရှိပါသေးတယ်။
ငွေရောင်စစ်သည်က ထိုင်နေရာကနေ ထတယ်။ သူ့အတွက် ဘာအခက်အခဲမှတောင်မရှိသလိုပဲ။
"ဖျက်ဆီးပစ်... ဖျက်ဆီးပစ်...." ငွေရောင်စစ်သည်က သူ့ရှေ့မှာခံနေတဲ့ နံရံကြီးကိုစိုက်ကြည့်လိုက်ပြီး
လက်သီးကိုဆုပ်ကာ တစ်ချက်တည်းထိုးချလိုက်တော့တယ်။
....
"နင်က ဆရာမဟုတ်ဘူးလား၊ ဘာဖြစ်လို့ ငါတို့ဆီလာပြီး စပ်စုနိုင်နေသေးတာလဲ။ ကျောင်းသားတွေကို စာမသင်ဘူးလား။"
ဇွန်ဘီလေးနဲ့ကစားနေတဲ့ ဖလေရာက ဖရက်ကိုကြည့်ပြီး ခပ်ဆတ်ဆတ်ပြောလိုက်တယ်။ ဖရက်က သူ့မျက်နှာကို ရှုံမဲ့ထားရင်းပြန်ဖြေပါတယ်။
"တစ်နေကုန် ကလေးနဲ့ကစားပြီး အချိန်ကိုတောင် သတိမရတော့တာလား။ ကျောင်းသားတွေ ကျောင်းကပြန်ကုန်တာဖြင့်ကြာပြီ။ မင်းသမီးလေးဆီမှာ အချိန်ပိုတက်နေတဲ့ နျူရေတောင်မရှိတော့ဘူး။"
"တကယ်ကြီးလား..." ဖလေရာက မယုံသင်္ကါနဲ့ သူ့နာရီသူငုံကြည့်ရင်း ခေါင်းကုတ်လိုက်တယ်။ လင်ဒါကတော့ သကြားလုံးစားလို့ကုန်သွားတဲ့ ဇွန်ဘီလေးကို နွားနို့ပုလင်းလေးဖောက်ပေးလိုက်တယ်။
"သမီးလေးစား၊ ဒါမှကြီးလာရင် ထွားမှာ။" ဖရက်ကတော့ ရှုံ့မဲ့ပြီးကြည့်ရင်း မေးလိုက်ပါတယ်။ "တစ်စိတ်လောက်၊ အဲဒါလေးက ဇွန်ဘီလေးမဟုတ်လား။ ဘယ်လိုလုပ်ပြီး စားစရာတွေကို သာမန်အတိုင်းစားလို့ရနေတာလဲ။"
ဖလေရာရောလင်ဒါရောက ဖရက်ရဲ့အမေးကိုကြားတော့ အရူးလားဆိုတဲ့ပုံစံနဲ့ကြည့်ပြီး လင်ဒါက မဖြေချင်ဖြေချင်တဲ့လေသံနဲ့ ပြန်ဖြေလိုက်တယ်။ "သူ့ကို ယာမီက ပြန်အသက်သွင်းထားတာလေ၊ ဘယ်လိုအလုပ်လုပ်လဲတော့မသိပေမဲ့ ဆိုဖီယာဆိုတဲ့ဟာမလည်း တစ်နေကုန်စားသောက်နေတာပဲဥစ္စာကို။"
"ယာမီရဲ့ဇွန်ဘီတွေက နည်းနည်းထူးဆန်းတယ်လို့ ဆိုချင်တာလား။" ဖရက်က စဥ်းစားလိုက်တယ်။ ယာမီကို ပိုးကောင်တွေဖမ်းထားတာ အတော်ကြာပြီဖြစ်ပေမဲ့ ရေဂင်တို့အုပ်စုကို တိုက်ရိုက်အနိုင်ယူနိုင်မယ့်စွမ်းအားမျိုးမရှိသေးတာကြောင့် သူတို့ငြိမ်နေရတာပါ။
ဘုန်း....
သူတို့စကားပြောနေတုန်း ရုတ်တရက်ပေါက်ကွဲသံကျယ်ကြီးထွက်လာပြီး ကျောင်းတစ်ခုလုံးတုန်ခါသွားတယ်။ ဖရက်အပါအဝင် ဖလေရာနဲ့လင်ဒါလည်း သူတို့လက်နက်တွေကို အသင့်ပြင်ပြီးတော့ အဆောင်ပြင်ကို ပြေးထွက်တယ်။
"ဘာဖြစ်တာလဲ၊ ရန်သူတွေလာတိုက်တာလား။" အဆောင်ပြင်ရောက်တော့ လင်ဒါက ရဲပစ္စတိုလေးကိုထုတ်ကိုင်ရင်း မေးလိုက်တယ်။ ဖလေရာကတော့ သူ့ကိုကြည့်ပြီး အထင်ပြေးတဲ့မျက်နှာနဲ့ အခုလိုပြောလိုက်ပါတယ်။
"နင်က အဆောင်ထဲမှာပဲ ဆက်နေသင့်တဲ့သူမဟုတ်ဘူးလား။ အဲဒီသေနတ်က တကယ့်တိုက်ပွဲတွေမှာ သုံးစားလို့ရတာမှမဟုတ်တာ။" နောက်တော့ ဖလေရာက ပြောပြောဆိုဆိုနဲ့ ပလာဒင်ဝတ်စုံကိုထုတ်ဝတ်တယ်။ ဖရက်ကတော့ အတောင်ပံကိုဖြန့်ထားပြီး ရန်သူလိုက်ရှာနေတယ်။
"ဒီကောင်မ၊ ငါ့ကိုပြောရဲတယ်ပေါ့။" လင်ဒါကတော့ မကျေမနပ်ဖြစ်နေပြီး ဖလေရာကို ဒေါနဲ့မောနဲ့ကြည့်ပေမဲ့ ဖရက်ကတော့ တစ်စုံတစ်ခုကို သတိထားမိတဲ့ပုံစံနဲ့ လက်ညိုးထိုးပြလိုက်တယ်။
"ကျောင်းမှာသောင်းကျန်းနေတဲ့အရာက အဲဒါပဲ။"
ဖလေရာနဲ့လင်ဒါတို့ ဖရက်လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ ကျောင်းစမ်းသပ်ခန်းနဲ့တွဲထားတဲ့ စာသင်ဆောင်တစ်ခုလုံး တစ်စစီဖြစ်နေပြီဖြစ်ပြီး နောက်ဆုံးကျန်တဲ့ ကျောက်တိုင်ကြီးတစ်တိုင်ကို အနီရောင်နည်းပညာဝတ်စုံနဲ့လူက ဧရာမဓားပြားကြီးနဲ့ခုတ်နေတယ်။
"နေဦး၊ အဲဒါက မက်ဒါနာရဲ့ငွေရောင်စစ်သည်ဝတ်စုံမဟုတ်လား။ ဘယ်လိုလုပ်ပြီး အနီရောင်ကြီးဖြစ်နေတာလဲ။" ဖလေရာက နားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ပြောလိုက်တယ်။ ဖရက်ကတော့ မက်ဒါနာဆီကိုပြေးဖို့အရှိန်ယူနေပြီဖြစ်ပြီး ပြောတယ်။
"မင်းသမီးလေး အဲဒီကျောက်တုံးကိုစမ်းရင်း တစ်ခုခုမှားသွားတာဖြစ်မယ်။ ဒီသက်တော်စောင့်က ချက်ချင်းလာကယ်ပေးမှာမလို့ ကြောက်မနေပါနဲ့၊ မင်းသမီးလေး။"
နောက်တော့ ဖရက်က သူ့အတောင်ပံကိုဖြန့်ပြီးပျံတယ်။ သောင်းကျန်းနေတဲ့ ငွေရောင်စစ်သည်ရှေ့မှာ ချက်ချင်းပေါ်လာပြီး မက်ဒါနာလက်ထဲကဓားကို ရိုက်ချဖို့လုပ်တယ်။ သိစိတ်မရှိဘဲ သောင်းကျန်းနေတဲ့ ရန်သူတစ်ယောက်ကို တားဆီးဖို့အတွက် ပထမဆုံးလုပ်သင့်တဲ့အရာက လက်ထဲက လက်နက်ကို ဖြုတ်ချတာပါ။ ပြဿနာက ငွေရောင်စစ်သည်ရဲ့မျက်စိနေရာက ဆင်ဆာတွေက အနီရောင်အလင်းတစ်ချက်ဖြာထွက်လာတယ်။
"သေစမ်း..." ဖရက်ရင်ထိတ်သွားတယ်။ ငွေရောင်စစ်သည်က အံ့ဩစရာကောင်းတဲ့အမြန်နှုန်းနဲ့ ဓားကိုပြန်ရုပ်ပြီး အတောင်ပံကိုဖြန့် ဖရန့်ကိုလိုက်တိုက်တယ်။ နှစ်ယောက်လုံးက အသံမြန်နှုန်းကို ချိုးဖြတ်သွားပြီး စက္ကန့်အနည်းငယ်ကြာ တိုက်ကွက်ချင်းယှဥ်ဖြစ်ကြတယ်။ ခနနေတော့ ဖရက်နောက်ကိုခုန်ဆုတ်လိုက်ရပြီး သူ့လက်ဝါးကနေ သွေးတွေစီးကျနေတယ်။
လင်ဒါလည်း ဒီမြင်ကွင်းကြောင့် မျက်လုံးပြူးသွားပါတယ်။ "ဖရက်ရှုံးနေတာလား။" ဖလေရာကလည်း ခေါင်းညိတ်ပြီး ဖြေလိုက်ပါတယ်။
"ဖရက်သာ သူ့မိုးကြိုးစွမ်းအားကိုသုံးရင် အခွင့်အရေးရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒါက မက်ဒါနာကိုလည်း ထိခိုက်စေလိမ့်မယ်။ မက်ဒါနာလက်ထဲမှာ ဘာလက်နက်မှမရှိအောင်လုပ်ပြီး အဖျက်စွမ်းအားကို လျော့ကျအောင်လုပ်ဖို့လိုတယ်။"
လင်ဒါက ဖလေရာပြောတဲ့စကားကို နားထောင်ပြီးတဲ့နောက် သေနတ်ကို ခါးမှာပြန်ချိတ်ပြီး အကြံထုတ်တဲ့အနေနဲ့ လက်သည်းကိုကိုက်တယ်။ နောက်မှာအကြံရလာတဲ့ပုံစံနဲ့ ဖလေရာကိုပြောလိုက်ပါတယ်။
"ဖလေရာ၊ ငွေရောင်စစ်သည်ရဲ့ခေါင်းစောင်းနောက်မှာ အရေးပေါ်ဝတ်စုံချွတ်စနစ်ရှိတယ်။ အဲဒါကိုနှိပ်နိုင်ရင် အဆင်ပြေသွားလိမ့်မယ်။" အရေးပေါ်ခလုတ်က အခုလိုအခြေအနေမျိုးအတွက် ရည်ရွယ်ပြီးထည့်ထားတဲ့ စနစ်တစ်ခုပါ။ ဖလေရာကလည်း အားတက်သွားပြီး သူ့ဝတ်စုံရဲ့ခြုံလွှာကြီးကို ဆွဲဖြန့်လိုက်တယ်။
"နင်သတိပေးတာကောင်းတယ်၊ အဲဒီအနက်ကောင် ငါ့ကောင်မလေးကိုမကယ်နိုင်ခင် ငါဝင်ကယ်ရမယ်။"
ဖလေရာက လင်ဒါကို လက်မထောင်ပြပြီး ကိုယ်ပျောက်သွားတယ်။ ဖရက်ကတော့ မက်ဒါနာဓားနဲ့လိုက်ခုတ်တာခံနေရပြီး သူ့ဘဏ္ဍာစိုးဝတ်စုံရဲ့ပခုံးမှာတောင် ဓားပြတ်ရှရာတွေရှိနေပြီး သနားစရာကောင်းနေတယ်။ ဒါပေမဲ့ သူ့ပုံစံက ဒီလောက်စုတ်ပြတ်နေတဲ့အထိ ခံနေရတာတောင် နည်းနည်းလေးမှ စိတ်ဓာတ်ကျတဲ့ပုံမပေါ်ဘူး။
"မင်းသမီးလေးသာ ကျွန်တော့်ကို ထိခိုက်အောင်လုပ်ချင်ရင် စိတ်မဆိုးပါဘူး။ ခုတ်သာခုတ်ပါ၊ ဒါပေမဲ့ အဲဒီဝတ်စုံထဲက မင်းသမီးလေးထွက်မှဖြစ်မယ်နော်။"
အဝေးကနေ နားထောင်နေတဲ့ လင်ဒါကတော့ သူကြားလိုက်ရတဲ့စကားကြောင့် မျက်လုံးလေးကလယ်ကလယ်နဲ့ပါ။ "ဒီကောင် စတော့ဟုမ်းစိတ်ရောဂါဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။"
....
ဝတ်စုံထဲမှာရှိနေတဲ့ ဖလေရာက ပြုံးလိုက်တယ်။ သူ့ကိုယ်ပျောက်စနစ်က အတော်လေးကောင်းမွန်ပါတယ်။ ငွေရောင်စစ်သည်ဝတ်စုံက သူ့ကိုနည်းနည်းလေးမှ သတိထားမိပုံမရဘဲ အနားရောက်လာတဲ့အထိ ဖရက်ကိုပဲ ဆက်တိုက်နေပါတယ်။ ဒါကြောင့် ဖလေရာလည်း အားတက်လာပြီး သူ့မြန်နှုန်းကိုမဆိုသလောက်လေးမြှင့်လိုက်တယ်။ လေထုကို ထိုးဖောက်နိုင်တဲ့နှုန်းနဲ့ပြေးမယ်ဆိုရင် မြန်မြန်ရောက်တာမှန်ပေမဲ့ အသံပေါက်ကွဲမှုနောက်ကိုအခြေခံပြီး ငွေရောင်စစ်သည်ဝတ်စုံစနစ်က ဖလေရာကိုခြေရာခံနိုင်ပါတယ်။ ဒါကြောင့် ပလာဒင်ဝတ်စုံစနစ်ကိုသုံးပြီး ဖြည်းဖြည်းချဥ်းကပ်နေတာပါ။
"မိပြီ။" ငွေရောင်စစ်သည်က ဖရက်နဲ့တိုက်ရင်း ဖလေရာကြိုတွက်ထားတဲ့နေရာမှာ ပြန်ပေါ်လာပါတယ်။ ဖလေရာက ဝမ်းသာအားရနဲ့ ခေါင်းဆောင်းနောက်က ခလုတ်ကိုနှိပ်ချဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ နည်းနည်းစိတ်လောသွားတဲ့အတွက်ကြောင့် လေထုက နည်းနည်းပုံပျက်သွားတယ်။ တစ်ချိန်တည်းမှာပဲ ဖရက်နဲ့တိုက်နေတဲ့ ငွေရောင်စစ်သည်ရဲ့လှုပ်ရှားမှုက ဦးတည်ရာပြောင်းသွားတယ်။
ဘောင်း.....
ငွေရောင်စစ်သည်ရဲ့ညာဖက်တံတောင်က မြင့်တက်လာပြီး ပုန်းနေတဲ့ဖလေရာရဲ့မျက်နှာကို ရိုက်မိသွားတယ်။ ပလာဒင်ဝတ်စုံခံနေလို့ သိပ်မနာပေမဲ့ သူ့ကိုဖုံးအုပ်ပေးထားတဲ့ အလင်းဒြပ်စင်လွှာက ပုံပျက်သွားပြီး ပလာဒင်ဝတ်စုံက တိုက်ပွဲမှာပြန်ပေါ်လာတယ်။
"မကောင်းတော့ဘူး။" ဖလေရာက သူ့တူကြီးကို ရင်ဝရှေ့ထားပြီး ကန့်လန့်ဖြတ်ကာလိုက်တယ်။ ငွေရောင်စစ်သည်ရဲ့နောက်ပြန်ကန်ချတ်က ဖလေရာတွက်ထားတဲ့အတိုင်း သူ့ရင်ဘတ်ကိုကျလာတာဖြစ်ပြီး ကာထားလို့နောက်ကိုသာလွင့်သွားတယ်။ ဒီလိုမှမဟုတ်ရင် သူအတော်လေးအထိနာမှာပါ။
ဒါပေမဲ့နောက်ထပ်တိုက်ကွက်တချို့ ဖလှယ်ပြီးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ပေါင်းတိုက်တာတောင်မှ ငွေရောင်စစ်သည်အနီရောင်ကို တားဆီးလို့မရဘူးဆိုတာ သတိထားမိလာပါတယ်။ သူတို့နှစ်ယောက်က မက်ဒါနာမထိခိုက်အောင် တားဆီးနေရင်း ပိုပိုဖိနှိပ်ခံလာရတယ်။ အဲဒီအချိန်မှာပဲ ကျောင်းဝင်းတံခါးပွင့်လာပြီး ကားလေးတစ်စင်းအထဲဝင်မောင်းလာတယ်။ ကားပေါ်မှာတော့ ပိုးဟပ်သုံးကောင်နဲ့အေမီတို့အတူတူရှိနေတယ်။ အေမီကလည်း သူ့ရှေ့က မြင်ကွင်းကိုမြင်တာနဲ့ အံ့ဩသွားပြီး ကားပေါ်ကနေ ပြေးဆင်းကာ လင်ဒါဆီရောက်လာပြီးမေးတယ်။
"မမလေးဘာဖြစ်တာလဲ။" လင်ဒါက ဖရက်ပြောတဲ့စကားတွေကို ပြန်အမှတ်ရပြီး ပြန်ရှင်းပြလိုက်တော့ အေမီလည်း မျက်လုံးပြူးသွားလေရဲ့။
"မဟုတ်မှလွဲရော မမလေးက ကျွန်မမရှိတုန်း အဲဒီကျောက်တုံးကို ဝတ်စုံနဲ့ချိတ်ဖို့ အကြံရသွားတာများလား။"
အေမီက လက်ညိုးကို နှုတ်ခမ်းပေါ်တင်လိုက်ရင်း ပြောလာတယ်။ အခုအေမီက အရင်အေမီပြန်ဖြစ်သွားပြီမလို့ သူ့သခင်မလေးရဲ့မကောင်းတဲ့အကျင့်တွေမှန်သမျှကို သိနေတယ်လေ။ လင်ဒါကတော့ ပခုံးသာ တွန့်ပြလိုက်ပါတယ်။
"မသိဘူးလေ၊ နင့်မှာအကြံတစ်ခုခုရှိလား။" လင်ဒါပြောလိုက်တော့ အေမီက သူ့ရဲ့Neon Valkyrie ဝတ်စုံကို ဆွဲထုတ်တယ်။ ငွေရောင်စစ်နတ်သမီးက တိုက်ပွဲမှာပေါ်လာပြီး ဓားပါးနှစ်လက်နဲ့အတူ အနီရောင်စစ်သည်ဆီ ပြေးဝင်သွားပါတယ်။
ထန်း... ထန်း... ထန်း....
အေမီက တိုက်ပွဲထဲရောက်တာနဲ့ သူ့ရဲ့အမြင့်ဆုံးအရှိန်နှုန်းကိုထုတ်ဖော်ကာ မက်ဒါနာကိုတိုက်ပါတယ်။ သူ့ဓားချက်တွေကို ငွေရောင်စစ်သည်က မကြောက်ရွံတဲ့အလား ဓားပြားကြီးကိုမြောက်ပြီး ဆက်တိုက်ကာတယ်။ ဓားနှစ်လက်က အချင်းချင်းထိတွေ့မိပြီး မီးပွားတွေဖြာထွက်တယ်။ သူတို့နှစ်ဖက်လုံးရဲ့တိုက်ကွက်တွေက သိပ်ကိုပြင်းထန်လွန်းတာကြောင့် ဖရက်ရောဖလေရာပါ ပြန်ဆုတ်လာရတော့တယ်။
"မထင်ထားပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံရဲ့အခုလိုတုံ့ပြန်မှုမျိုးက ပုံမှန်မဟုတ်ဘူး။" ဖလေရာ လင်ဒါနားပြန်ရောက်လာတော့ ပလာဒင်ဝတ်စုံက အားလုံးနဲ့ဆက်သွယ်ပြီးပြောလိုက်တယ်။
"ငါသိတဲ့ ငွေရောင်စစ်သည်ဝတ်စုံစနစ်က ပိုင်ရှင်ရဲ့ဆန္ဒနဲ့အတူ လိုက်ရောညီထွေပုံစံမျိုးနဲ့ တိုက်ခိုက်တယ်။ အဲဒီဝတ်စုံစနစ်က ငါနဲ့ယှဥ်ရင် လွတ်လပ်တဲ့ပုံစံမျိုးမရှိဘဲ တိုက်ခိုက်ဖို့ထက် ဝတ်စုံဝတ်ထားတဲ့သူကို ကူညီပေးဖို့ဒီဇိုင်းဆွဲထားတာပဲ။"
ပလာဒင်ဝတ်စုံပြောနေတဲ့အချိန်မှာ အေမီနဲ့မက်ဒါနာနဲ့တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ငွေရောင်စစ်သည်က
ကျောင်းဆောင်တစ်ခုရဲ့ထိပ်ပေါ်ကိုခုန်တက်လိုက်တယ်။ အေမီကတော့ မြန်နှုန်းတိုက်ပွဲကို စိုးမိုးထားဆဲဖြစ်ပြီး မက်ဒါနာကိုထောင့်ပေါင်းစုံက ချောင်ပိတ်မိအောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့အနီရောင်စစ်သည်က ဓားကိုမြှောက်ပြီးဆက်တိုက်ကာကွယ်နေတယ်။ ပလာဒင်ဝတ်စုံက အဲဒီအခြေအနေကိုကြည့်ရင်း သုံးသပ်ပြတယ်။
"အဲဒီလိုလှုပ်ရှားမှုက ငွေရောင်စစ်သည်ကို သာမန်နည်းလမ်းနဲ့ထိန်းချုပ်ထားရင် လုပ်နိုင်မှာမဟုတ်ဘူး။ဝတ်စုံက ဘယ်လောက်အဆင့်မြင့်မြင့် ဝတ်တဲ့သူကို ညှာဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် အထဲကလူက ခံနိုင်ရည်မရှိဘဲ ကျိုးပဲ့ကုန်မှာကိုး။"
ပလာဒင်ဝတ်စုံရဲ့ရှင်းပြချက်ကိုနားထောင်ရင်း အားလုံးခေါင်းညိတ်လိုက်ကြတယ်။ ဒီပြဿနာမျိုးက သာမန်တိုက်လေယာဥ်တွေမှာလည်းတွေ့နိုင်ပါတယ်။ "အခုလိုမျိုးဝတ်စုံက မက်ဒါနာကိုထိန်းချုပ်ပြီး အချိန်အကြာကြီးဆက်တိုက်နေမယ်ဆိုရင် အဲဒီကောင်မလေး ကျိန်းသေပေါက်တစ်ခုခုဖြစ်သွားလိမ့်မယ်။" ပလာဒင်ဝတ်စုံက သူ့စကားကို အဆုံးသတ်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ အသာစီးရယူထားတဲ့အေမီကို ငွေရောင်စစ်သည်က ကန်ချက်တစ်ချက်တည်းနဲ့ ဟန်ချက်ပျက်ပြီး မြေပေါ်ပြန်ကျအောင်လုပ်လိုက်တယ်။ နောက်တော့ ငွေရောင်စစ်သည်ကအတောင်ကိုဖြန့်လိုက်တယ်။ အနီရောင်အလင်းဒြပ်စင်တွေက နေရာတိုင်းကိုပြန့်နှံသွားပြီး ငွေရောင်စစ်သည်က တိုက်ပေါ်ကနေ စတင်ခုန်ချတယ်။
ဘုန်း....
ကျောင်းဆောင်ခေါင်မိုးက မက်ဒါနာရဲ့ခြေကန်ချက်ကိုမခံနိုင်ဘဲ တစ်စစီဖြစ်ကျန်ခဲ့တယ်။
"Hurricane Rushလာပြီ။" မက်ဒါနာရဲ့တိုက်ကွက်တွေနဲ့ရင်းနှီးတဲ့ ဖရက်က ပြောလိုက်တယ်။ သူတို့ကို ပိုအံ့ဩသွားစေတာက သာမန်Hurricane Rushနဲ့မတူဘဲ ပိုမြန်ပြီးပိုပြင်းနေခဲ့လို့ပါ။ အေမီက မုန်တိုင်းဗဟိုချက်ကနေ ထွက်ဖို့ကြိုးစားပေမဲ့ ငွေရောင်စစ်သည်ရဲ့ဓားမုန်တိုင်းအောက်မှာပဲ အကြီးအကျယ်တိုက်ခိုက်ခံနေရတယ်။ တကယ်ဖျက်ဆီးခံရလောက်တဲ့ အန္တရာယ်ကြီးဓားချက် ကျရောက်လာခါနီးကျမှ လင်ဒါက ဇွန်ဘီလေးကိုပြောလိုက်တယ်။
"အဲဒီအစ်မကြီးကို ကယ်မှဖြစ်မယ်။" ဇွန်ဘီလေးက ခေါင်းညိတ်ပြီး ပေါ်တယ်တစ်ခုဖွင့်လိုက်တယ်။ ငွေရောင်စစ်သည်က ပေါ်တယ်ဖွင့်လိုက်တဲ့ သူတို့ဆီကို ပြေးလာပေမဲ့ ဇွန်ဘီလေးက နောက်ထပ်ပေါ်တယ်တစ်ခုကိုဖွင့်ကာ တစ်ဖွဲ့လုံးကို နေရာပြောင်းလိုက်တယ်။
...
နောက်တစ်ခဏလောက်နေတော့ သူတို့တွေက နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့လျှို့ဝှက်စခန်းဟောင်းထဲမှာရောက်နေကြပြီ။ ဖလေရာက ခေါင်းခါပြီးပြောလိုက်တယ်။
"ငါတို့ဖြေရှင်းနည်းမရှာနိုင်ဘဲ ဒီပုံစံအတိုင်းဆက်ဖြစ်နေရင် မက်ဒါနာက မြို့ကိုဖျက်ဆီးပစ်မိလောက်တယ်။"
ကျန်တဲ့သူတွေလည်း သဘောတူလိုက်တယ်။ အေမီကတော့ ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်လျက်လဲကျနေပြီး
ဖြစ်ခဲ့တာတွေကို မယုံနိုင်လောက်အောင်ဖြစ်နေပုံပါပဲ။ သူက အားလုံးကို သတိပေးတဲ့အနေနဲ့ပြောလိုက်တယ်။
"အားလုံးပဲ၊ ကျွန်မသခင်မလေးရဲ့အခြေအနေကို တိုက်နေရင်း သုံးသပ်ပြီးသွားပြီ။ သေချာပေါက် အဲဒီပိုးကောင်အမြုတေဒေတာတွေက ဝတ်စုံစနစ်ကို ဝါးမျိုသွားတာပဲ။ နောက်တော့ဝတ်စုံစနစ်က အခုလိုမျိုးဝတ်ထားတဲ့သူကို ထိန်းချုပ်ပြီး ပုံမှန်နည်းနဲ့ထုတ်ဖော်လို့မဖြစ်နိုင်တဲ့ ဝတ်စုံရဲ့ကန့်သတ်စွမ်းဆောင်ရည်တွေကိုထုတ်ဖော်နိုင်နေတာပဲ။"
အကုန်လုံးမျက်နှာတွေပျက်ကုန်တယ်။ ကြည့်ရတာ ဒီကိစ္စက လွယ်လွယ်လေးနဲ့ ပြီးသွားမယ့်ပုံမပေါ်ပါဘူး။ အားလုံးစိတ်ထဲတင်းကျပ်နေတုန်း လင်ဒါက ရှေ့ထွက်လာပြီး အေမီကိုမေးလိုက်တယ်။
"နင်ပြောတဲ့အတိုင်းဆိုရင် ဝတ်စုံထဲက မက်ဒါနာကရော ဘယ်လိုအခြေအနေရှိမယ်ထင်လဲ။"
အေမီက ပြန်စဥ်းစားလိုက်ပြီး "ဖြစ်နိုင်တာက မမလေးလည်း အဲဒီဒေတာတွေကိုဖတ်မိပြီး စိတ်ညို့ခံရသလို ဖြစ်သွားလောက်မယ်ထင်တယ်။ သူ့ဝတ်စုံကိုမချွတ်နိုင်ရင် ပိုအင်အားကြီးတဲ့ ညို့ယူခြင်းစွမ်းအားမျိုးနဲ့မှ မမလေးကိုသတိရအောင်လုပ်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် သူက ဝတ်စုံစနစ်ကို ပုံမှန်နည်းအတိုင်းပိတ်လို့ရလိမ့်မယ်။"
"ညို့ယူခြင်းအစွမ်းလို့ပြောလိုက်တာလား။" လင်ဒါက ဒီစကားကိုကြားတော့ သဘောတကျပြုံးလိုက်ပေမဲ့ ဖရက်ရောဖလေရာကပါ စိတ်ညစ်နေကြပုံပဲ။
"အခုလိုအရေးကြီးတဲ့အချိန်မျိုးကျမှ အဲဒီလိုလူကို ဘယ်မှာသွားရှာရမှာလဲ။"
"နင်တို့ရှာစရာမလိုပါဘူး၊ အခုပဲတစ်ယောက်ရှိနေပြီ။" လင်ဒါက တက်ကြွစွာပြောလိုက်ရင်း ဇွန်ဘီလေးရှေ့ကိုသွားကာ ဒူးတစ်ဖက်ထောက် ပခုံးလေးကို လက်နဲ့ကိုင်ပြီး ပြောလိုက်တယ်။
"သမီးလေး၊ အစ်မကို မမမက်ဒါနာရှိတဲ့နေရာဆီပြန်ပို့ပေး။" ဇွန်ဘီလေးက ပေါ်တယ်ဖွင့်အေးလိုက်ပြီး လင်ဒါက ပေါ်တယ်ထဲလျှောက်ဝင်သွားတယ်။
....
နောက်တော့ ငွေရောင်စစ်သည်နဲ့ရဲအရာရှိကိုင်သေနတ်ကလွဲလို့ ဘာလက်နက်မှမရှိတဲ့ လင်ဒါတို့ ကျောင်းဝင်းထဲမှာ မျက်နှာချင်းဆိုင်မိကြပြန်ပြီ။ "ဖျက်ဆီးပစ်...." မက်ဒါနာက ပြောလိုက်ပြီး မြေဆွဲအားဓားကိုမြှောက်ကာ လင်ဒါကို ခုတ်ချဖို့မြှောက်လိုက်တယ်။ ဒါပေမဲ့ လင်ဒါက ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပြီး
"မက်ဒါနာရေ၊ နင်ဝတ်စုံချွတ်လိုက်တော့။ ငါနဲ့တစ်ညလုံး အတူကစားကြမယ်လေ။"
"....." ဇွန်ဘီလေးဖွင့်ထားတဲ့ ပေါ်တယ်ကနေ လိုက်ဝင်လာတဲ့ အသင်းဖော်တွေက တစ်ဝက်တစ်ပျက်ကြားလိုက်ရတဲ့ လင်ဒါရဲ့စကားကြောင့် ဆွံအကုန်တယ်။ ပိုဆိုးတာက ငွေရောင်စစ်သည်ဝတ်စုံရဲ့အနီရောင်အလင်းမှုန်တွေ ပြန့်ကျဲသွားပြီး ရပ်နေတုန်း လင်ဒါက ဝတ်စုံချွတ်တဲ့ခလုတ်ကိုနှိပ်လိုက်တယ်။