← Chapters

ရှဲ့မိသားစုက ရှဲ့တလု

Vol. 65 Ch. 897

ရှဲ့မိသားစုက ရှဲ့တလု

Vol. 65 Ch. 897

" အဲဒီ မျိုးမစစ်ကောင်လေးက ရူးနေတာပဲဖြစ်ရမယ်။ သူက ငါ့ရဲ့ သိုလှောင်လက်စွပ်ကို ဖွင့်နိုင်ဖို့ ကြိုးစားရဲရတယ်လို့။ တာအိုရောင်းရင်း တန်ကျိုးကျစ်ရေ။ ကျွန်တော်တို့တွေ မြန်မြန်လေး သွားလို့ရမလား "

" ရတာပေါ့ကွ " တန်ကျိုးကျစ်မှာလည်း ရယ်မောကာ မျှော်လင့်တကြီးဖြစ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် သူသည် ရွှေရောင် နွားချေးပိုးကြီးအား အစွမ်းကုန်ထိန်းချုပ်ကာ ၎င်း၏ အမြန်နှုန်းအား ချက်ချင်းမြှင့်တင်လိုက်ပြီး ရှန်လင်းကျစ် ဒုတိယကြိမ်မြောက် အာရုံခံမိခဲ့သည့် အရပ်မျက်နှာဘက်သို့ ဦးတည်သွားလိုက်တော့သည်။

ရှင်လင်းကျစ် ထို သိုလှောင်လက်စွပ်၏ အငွေ့အသက်များအား ဒုတိယအကြိမ်အဖြစ် အာရုံခံမိသွားခဲ့ရခြင်းမှာ ဝမ်ပေါင်လဲ့၏ အပြစ်တော့ မဟုတ်ပေ... သူသည် ၎င်းအား စွန့်ပစ်ခဲ့ရန်ပင် တွေးမိခဲ့သည်ဖြစ်ပြီး ၎င်းအား ထပ်၍ မထိတော့ရန် ဆုံးဖြတ်ထားခဲ့သည် မဟုတ်ပါလော။

သူ၏ နဂိုမူလ အစီအစဉ်များအရဆိုလျှင် သူသည် ဂြိုဟ်အဆင့်သို့ ရောက်ပြီးမှ ထို သိုလှောင်လက်စွပ်အား ပြန်၍ ကြည့်ရှုစစ်ဆေးမည် ဖြစ်သည်။ သို့သော် ၎င်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အလိုလို ပွင့်လာသောကြောင့် သူသည် ငိုမဲ့မဲ့ ဖြစ်သွားရပြန်သည်။

ထို သိုလှောင်လက်စွပ် ပွင့်လာသည်နှင့် လူပုံစံစက္ကူရုပ်၏ ရယ်မောသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသဖြင့် သူ၏ ဝိညာဉ်နှင့် ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ထပ်၍ တုန်ရီသွားရပြန်သည်။ အရာအားလုံးမှာ ရုတ်ခြည်းဆိုသလို ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုဖြစ်ရပ်ကြီးနှင့် ကြုံဖူးထားသည့်တိုင်အောင် ယခုကဲ့သို့ ထပ်၍ ကြုံတွေ့လိုက်ရသည့်အခါတွင် လေထဲ၌ ပျံသန်းနေရင်း အောက်သို့ ပြုတ်ကျသွားလုမတတ် ဖြစ်သွားရဆဲပင်။

ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခိုကိုးရာမဲ့နေသည့် လေသံဖြင့် အော်ဟစ်ရန် အချိန်မရလိုက်ခင်မှာပင် ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲ၌ သူ မြင်ဖူးပြီးသားဖြစ်သည့် ဝိညာဉ်လှေကြီး ပြန်လည်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။ ထို ဝိညာဉ်လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်မှာလည်း လှော်ခတ်နေဆဲဖြစ်သောကြောင့် ၎င်းမှာ မှုန်ဝါးဝါး ဖြစ်ကာ သူ၏အနီးသို့ ချဉ်းကပ်လာပြန်သည်။

ရှေးဆန်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသော ထို ဝိညာဉ်လှေကြီးမှာ ပထမအကြိမ်တုန်းက အတိုင်း ဝမ်ပေါင်လဲ့၏ ရှေ့၌ ရပ်တန့်သွား၏။ ထို့နောက် ထို ဝိညာဉ်လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်ကြီးမှာ ဆက်လက် လှော်ခတ်နေခြင်း မရှိတော့ဘဲ ၎င်း၏ ဘယ်ဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ယပ်ခေါ်လိုက်သည်။

ထိုအခါ ဝိညာဉ်လှေကြီးပေါ်ရှိ လူအယောက်သုံးဆယ်ကျော်မှာ မျက်လုံးများပွင့်လာကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားကြပြီး ပထမအကြိမ်တုန်းကထက်ပင် ပို၍ အံ့အားသင့်နေသည့် အမူအရာများဖြင့် သူ့အား စိုက်ကြည့်နေကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထို ဝိညာဉ်လှေကြီးပေါ်ရှိ ဆယ်ကျော်သက် လူငယ်လေးများထဲတွင် နောက်ထပ်လူအသစ်တစ်ယောက် ပါလာသည်ကို သတိထားမိလိုက်၏။

ထို လူအသစ်မှာ ပိန်ပါးပါး လူငယ်လေးတစ်ယောက် ဖြစ်ပေသည်။ သူ၏ ပုံပန်းသွင်ပြင်များအရ သူသည် အသက် ဆယ့်ရှစ်၊ ဆယ့်ကိုး ပတ်ချာလည်တွင် ရှိနေသည့်ပုံပင်။ ယခုတွင် သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ လူများ၏ အမူအရာများကို သတိထားမိလိုက်သဖြင့် ဝမ်ပေါင်လဲ့အား အထူးတဆန်းနှင့် လှမ်းကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းချကာ လှေပေါ်တွင် ပါလာသည့် လူတိုင်းအား လက်ပြနှုတ်ဆက်လိုက်၏။ သူသည် သူတို့နှင့် ဒုတိယအကြိမ်အဖြစ် ဆုံးတွေ့ရခြင်း ဖြစ်ရာ သူတို့မှာ ရေစက်ပါနေရခြင်း ဖြစ်မည်ဟု မှတ်ယူလိုက်သည်။

" မင်းတို့တွေ အားလုံး အဆင်ပြေကြတယ်မလား။ ဟဲဟဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ နှုတ်ဆက်နေရင်း ထို ဆယ်ကျော်သက် လူငယ်လူရွယ်လေးများမှာ အံ့အားသင့်နေသည့်ပုံ ပေါက်နေသလို စိတ်မရှည်သည့်ပုံ ပေါက်နေသည်ကိုလည်း သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မရွှင်မပျဖြစ်သွားရသည်။

" မင်းတို့က ဘာတွေ စိတ်မရှည်ဖြစ်နေကြတာလဲ။ ငါ စိတ်မရှည်ဖြစ်ဖို့လည်း ချန်ထားကြပါဦးဟ။ ဒီ လှေကြီးပေါ် မလိုက်ချင်ပါဘူးဆိုတာကို နောက်ထပ်တစ်ခေါက် ထပ်ပေါ်လာရသေးတယ်လို့ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီးနောက် လှေပေါ်ရှိ လူများအား ဆက်လက်နှုတ်ဆက်ရန် စိတ်မပါတော့ပေ။ ထို့ကြောင့် သူသည် လှေ၏ ရှေ့ဆုံးတွင် ရပ်ကာ မမောမပန်းနှင့် သူ့အား လက်ယပ်ခေါ်နေသည့် လူပုံစံစက္ကူရုပ်အား ကြံရာမရဖြစ်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်တော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။

" လူကြီးမင်းခဗျား။ ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ပါ။ အဲ... လူကြီးမင်းကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘူးနော် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားပြီး ပျောက်ကွယ်သွား၏။

ဝမ်ပေါင်လဲ့မှာ ယခုအကြိမ်တွင်လည်း သူ၏ စကားများမှာ အကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု ယုံကြည်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ အခြားတစ်နေရာ၌ ပြန်လည်ပေါ်ပေါက်လာသည့်အချိန်တွင် ပထမအကြိမ်တုန်းက သူ၏နောက်သို့ အဆက်အပြတ် လိုက်နေခဲ့သည့် ဝိညာဉ်လှေကြီးမှာ သူ၏နောက်သို့ ဆက်မလိုက်လာတော့သောကြောင့်ပင်။

သူသည် သူ ထို ဝိညာဉ်လှေကြီး ပေါ်ပေါက်လာသည့် ပထမဆုံးအကြိမ်တုန်းက ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးနှင့် ဆက်စပ်တွေးတောကြည့်လိုက်သောအခါ အဖြေတစ်ခု စဉ်းစားမိသွားတော့သည်။

သို့သော် ထိုအဖြေကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်ထပ် အချက်တစ်ချက်အား သိသွားသောကြောင့်ပင်။ ၎င်းမှာ... ဝိညာဉ်လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်သည် ဝိညာဉ်ဉာဏ်ပညာအား ပိုင်ဆိုင်ထားရခြင်း ဖြစ်ပေမည်ဆိုသည့် အချက်ပင်။ ထို့ကြောင့်လည်း ၎င်းမှာ သူ၏စကားများကို နားလည်နေခြင်း ဖြစ်၏။

" အဲဒီ စက္ကူရုပ်က ဝိညာဉ်ဉာဏ်ရည်ကို ပိုင်ဆိုင်ထားတာဆိုတော့ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတဲ့ လူပုံစံစက္ကူရုပ်ကလည်း တူတူပဲနေမှာ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ ယခုတွင် သူသည် ထို ဝိညာဉ်လှေကြီး၏ ပေါ်ပေါက်လာမှုမှာ သိုလှောင်လက်စွပ်ထဲရှိ လူပုံစံစက္ကူရုပ်နှင့် ဆက်နွှယ်နေသည်ဖြစ်ကြောင်း သုံးသပ်ထားပြီးသား ဖြစ်သည်။ ထို လူပုံစံစက္ကူရုပ် ရယ်မောလိုက်သည့် အချိန်တိုင်း ထို ဝိညာဉ်လှေကြီး ပေါ်ပေါက်လာရသည် မဟုတ်ပါလော။

ထိုအသံများမှာ သူ၏နားထဲတွင် ရယ်မောသံများ ဖြစ်နေနိုင်ပါသော်လည်း လူပုံစံစက္ကူရုပ်များအတွက်မူ အပြန်အလှန် ပြောဆိုဆက်သွယ်သည့် နည်းလမ်းတစ်ခု ဖြစ်နေနိုင်ပေသည်။

" ထားပါတော့။ လောလောဆယ်တော့ ဘာပြဿနာမှ မရှိသေးပါဘူး။ ဒါပေမဲ့ ငါ အဲဒီလှေပေါ်ကိုတော့ လုံးဝ မတက်နိုင်ဘူးဟေ့ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် နှာမှုတ်လိုက်၏။ သူသည် အတင်းအကျပ် ဖိအားပေးခံရသည်ကို မနှစ်သက်ပေ။ ထိုသို့ဖြင့် သူသည် လှစ်ခနဲလှုပ်ရှားကာ အရှိန်ကုန် မြှင့်တင်လိုက်ပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ဆက်လက်ဦးတည်သွားလိုက်တော့သည်။

သို့သော် သူသည် သူ၏ သိုလှောင်လက်စွပ်ထဲရှိ လူပုံစံစက္ကူရုပ်ကြီး ရယ်မောကာ ဝိညာဉ်လှေကြီးအား ပြန်လည်ပေါ်ပေါက်လာအောင် လုပ်မည့်အချိန်အတွက် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

" ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲက လူပုံစံစက္ကူရုပ် ဝိညာဉ်လှေကြီးပေါ်က လူပုံစံစက္ကူရုပ်နဲ့ စကားပြောနေတာလို့ပဲ သဘောထားလိုက်ပါ့မယ်လေ... သူတို့ စကားပြောချင်တာကို ငါ ခွင့်မပြုလို့ ဘယ်ဖြစ်ပါမလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ ထိုသို့ဖြင့် နောက်ဆယ်ရက်အတွင်းတွင် သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်ကြီးမှာ နှစ်ရက် သို့မဟုတ် သုံးရက်တစ်ကြိမ် ရယ်မောနေခဲ့သဖြင့် ဝိညာဉ်လှေကြီးမှာလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ပေါ်ပေါက်လာခဲ့၏။ ထို ဝိညာဉ်လှေကြီး ထိုသို့ ပေါ်ပေါက်လာတိုင်း ၎င်းပေါ်ရှိ လူပုံစံစက္ကူရုပ်ကြီးမှာလည်း ဝမ်ပေါင်လဲ့အား လှမ်းခေါ်ခဲ့သည်သာ ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာလည်း ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့သည်သာဖြစ်သည်...

ဝိညာဉ်လှေကြီး ဆဋ္ဌမကြိမ်မြောက် ပေါ်ပေါက်လာသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ကျင့်သားရနေပြီဖြစ်၍ အမူအရာ တည်ကြည်နေပါသော်လည်း ၎င်းပေါ်ရှိ ဆယ်ကျော်သက်အရွယ် လူငယ် အယောက်သုံးဆယ်ကျော်မှာမူ စိတ်ပျက်နေကြရပြီ ဖြစ်သည်။

သူတို့မှာ ဝမ်ပေါင်လဲ့အား ဆဋ္ဌမကြိမ်မြောက်အဖြစ် မြင်လိုက်ရသောအခါ ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ဘဲ‌ ဒေါသငယ်ထိပ် ရောက်နေကြရပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ လူအချို့မှာ အော်ပြောလိုက်‌ကြတော့သည်။

" မင်း လိုက်မှာလား၊ မလိုက်ဘူးလား "

" မလိုက်ရင်လည်း လစ်တော့ကွာ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ထိုလူငယ်လေးများမှာ တမူထူးခြားသည့် ကျောထောက်နောက်ခံများကို ပိုင်ဆိုင်ထားကြောင်း သိရှိထားသည့်တိုင်အောင် ဒေါသထွက်သွားရဆဲပင်။ ထို့ကြောင့် သူသည် သူ့အား ထိုကဲ့သို့ အော်ပြောခဲ့သည့်လူများကို လှမ်းကြည့်ကာ စိန်ခေါ်လိုက်တော့သည်။

" ဘာလဲကွာ။ မင်းတို့က ငါနဲ့ ရန်ဖြစ်ချင်တာလား။ လာလေ။ အောက်ဆင်းခဲ့။ ဘယ်သူက ဖေဖေကြီးလဲဆိုတာကို သိရအောင် တစ်ပွဲတစ်လမ်းလောက် နွှဲကြတာပေါ့ "

" မင်း " ထိုအခါ သူ့အား အော်ပြောခဲ့သည့်လူများမှာ မတ်တတ်ထလာ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြပါသော်လည်း ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ ဝိညာဉ်လှေကြီးပေါ်သို့ တက်လာခဲ့ပြီးနောက် အောက်သို့ ပြန်ဆင်း၍မရကြောင်း သိထားကြသောကြောင့်ပင်။

" မင်းတို့တွေ အဲလောက်တော်နေရင် ဆင်းလာကြလေ။ မဆင်းလာတဲ့ကောင်က ငါ့မြေးတွေပဲ။ လာကြစမ်း။ မင်းတို့ရဲ့ ဘိုးဘိုးကြီး ဒီမှာ စောင့်နေတယ် " ဝမ်ပေါင်လဲ့မှာ သူတို့၏ အခြေအနေကြီးအား ရိပ်မိသွားသဖြင့် မျက်ဝန်းများ အရောင်လက်သွားပြီး သူ၏ စကားများမှာလည်း ပို၍ အထက်စီးဆန်လာတော့သည်။

ဝိညာဉ်လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ့အား လက်ယပ်ခေါ်နေဆဲပင်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား ဒေါသတကြီးနှင့် စိုက်ကြည့်နေကြသည့် လူများအားလုံးမှာ တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်သွားကြပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့ထဲမှ မျက်နှာရှည်ရှည်နှင့် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်မှာ မျက်လုံးများ မှေးကာ ရုတ်တရက် ဆိုလိုက်တော့သည်။

" ကောင်လေး။ မင်းနာမည် ဘယ်သူလဲဆိုတာ ပြောရဲလား "

" ငါက ဘာလို့ မင်းပြောတဲ့အတိုင်း လုပ်ရမှာလဲ။ မြင်းမျက်နှာနဲ့ မြေးလေးရ။ မင်းနာမည် ဖေဖေကြီးကို ပြောပြပါလား " ဝမ်ပေါင်လဲ့မှာ လေသံမာမာနှင့် ချက်ချင်း ပြန်ပက်လိုက်၏။ သူသည် ဝိညာဉ်လှေကြီး တစ်ကြိမ်ပြီးတစ်ကြိမ် ပေါ်ပေါက်လာမှုကြောင့် မခံမရပ်နိုင်ဖြစ်ကာ သံသယစိတ်များ ဝင်နေရသည် မဟုတ်ပါလော။ ယခုတွင် သူသည် မြင်းမျက်နှာနှင့် လူငယ်လေးနှင့် ငြင်းခုံနေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ သူသည် အလွန်အင်မတန်မှ စိတ်တည်ငြိမ်နေ၏။ သူသည် ဤ အခွင့်အရေးအား အသုံးချကာ ထို လူငယ်လေးများ၏ နောက်ကြောင်းရာဇဝင်အား သိအောင်လုပ်ပြီးလျှင် ဤ ဝိညာဉ်လှေကြီး မည်သည့်နေရာမှ ပေါ်ပေါက်လာကြောင်း သိရှိနိုင်အောင် စုံစမ်းမည်ဖြစ်သည်။

' မြင်းမျက်နှာနဲ့ မြေးလေး ' ဆိုသည့် စကားကြောင့် ထိုလူငယ်လေးမှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာရပြီး တည်ကြည်စွာ ပြန်ပြောလိုက်တော့သည်။

" ရေခဲတိမ်လွှာဂိုဏ်းက လီလင်းကျစ် "

" ပင်လယ်စိမ်းတာအိုဂိုဏ်းက ဝမ်ရိရှန်း "

" ပေ့ကျစ်တိုင်းပြည်က တုဖေး "

" ထယ်ခယ့်မျိုးနွယ်စုက ယိလော့ "

လီလင်းကျစ်တစ်ယောက်သာမက ဝမ်ပေါင်လဲ့နှင့် ငြင်းခုံနေ‌ခဲ့သည့် လူများမှာလည်း အေးတိအေးစက် လေသံများဖြင့် ပြန်ပြောလိုက်ကြ၏။ သူတို့မှာ သူတို့၏ နောက်ကြောင်းရာဇဝင်များကို ထုတ်ပြောနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့ထဲမှ တစ်ခုကိုမှ ကြားဖူးထားခြင်းမရှိပေ။ သို့သော် သူတို့၏ အမူအရာများနှင့် ဘေးပတ်ပတ်လည်ရှိ အခြားသူများ၏ အကြည့်များကို ကြည့်လျှင် ထိုဂိုဏ်းများနှင့် မျိုးနွယ်စုများမှာ အလွန်အင်မတန်မှ အင်အားကြီးမားရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။

" မျိုးနွယ်စု တစ်ခုချင်းစီတိုင်းက ပါရမီရှင်တွေများလားဟ " ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်ထဲ၌ ထိုကဲ့သို့ ခန့်မှန်းမိလိုက်၏။ ထို့အပြင် သူတို့အားလုံး၏ ကျင့်ကြံခြင်းအဆင့်များမှာ ဆင်တူနေကြသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ယခင်ကတည်းက ထိုအချက်အား သတိထားမိခဲ့ပါသော်လည်း အထူးတလည် အရေးလုပ်နေခြင်းမရှိခဲ့ပေ။ သို့သော် ယခုတွင်မူ သူသည် ထိုအချက်မှာ ထူးဆန်းနေကြောင်း ရိပ်မိသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသောကြောင့်ပင်။

" မင်းအလှည့် " မြင်းမျက်နှာနှင့် လီလင်းကျစ်မှာ သူ့အား စဉ်းစားတွေးတောချိန်မပေးဘဲ ချက်ချင်း ပြန်ပြောလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ့အား စိုက်ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်တော့သည် " မင်းကို ကောင်မျိုးကို ငါက ကြောက်စရာလား။ မင်းက ကျောထောက်နောက်ခံ ကောင်းလို့သာ အခုလို မောက်မာဝင့်ကြွားရဲနေတာ။ ငါ့မှာလည်း ကျောထောက်နောက်ခံကောင်းတစ်ခု ရှိတယ်ကွ "

" ရှဲ့မိသားစုက ရှဲ့တလု " ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်ပြီးနောက် စိတ်ထဲတွင် ကျိတ်၍ ရေရွတ်လိုက်၏ " အာရွှီးရတာများ ဘာခက်တာကျလို့။ ငါက ရှဲ့ဟေးရန်ရဲ့ အစ်ကိုကွ "

သူသည် စိတ်ထဲတွင် ထိုသို့ရေရွတ်ကာ မောက်မာဝင့်ကြွားမှု အပြည့်ရှိသည့်ပုံ ဟန်ဆောင်နေလိုက်တော့သည်။ သူ ထိုသို့ပြန်ဖြေလိုက်ချိန်တွင် ဝိညာဉ်လှေကြီးပေါ်ရှိ လူများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ အထူးသဖြင့် သူနှင့် ငြင်းခုံနေခဲ့ကြသည့် လူများမှာဆိုလျှင် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သို့သော် သူတို့၏ မျက်ဝန်းများထဲတွင်လည်း မယုံသင်္ကာ ဖြစ်နေသည့်အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။ ထို့ကြောင့် သူတို့မှာ သူ့အား သံသယဝင်နေကြခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းရိပ်မိလိုက်သည်။

သို့သော် သူတို့၏ တုံ့ပြန်မှုမှာ မထူးဆန်းပေ။ အကယ်၍ သူတို့မှာ သူ့အား အပြည့်အဝ ယုံကြည်နေမှသာလျှင် သူသည် တစ်ခုခုမှာ လွဲနေကြောင်း ခံစားလိုက်ရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့တစ်ယောက် သူသည် ရှဲ့တလုဖြစ်ကြောင်း ထုတ်ပြောလိုက်သည်နှင့် ဝိညာဉ်လှေကြီးပေါ်ရှိ လူတိုင်းမှာ ငြိမ်ကျသွားကြတော့သည်။

ဝမ်ပေါင်လဲ့သည်လည်း ‌ဤ ဝိညာဉ်လှေကြီးမှာ အလွန်အင်မတန်မှ တမူထူးခြားကြောင်း သတိထားမိနေပြီဖြစ်သည်။ သို့သော် တစ်ချိန်ထဲမှာပင် သူ၏ သံသယစိတ်များလည်း ပိုမို ကြီးထွားလာရ၏။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ငြင်းဆန်လိုက်ပြီးနောက် ယခင်တုန်းကအတိုင်း သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။

သို့သော်... ယခုအကြိမ်တွင်မူ သူ ထင်မှတ်မထားသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

All Chapters