← Chapters

ငါက ခံယူချက်ပြင်းပြတဲ့ လူတစ်ယောက်ကွ

Vol. 65 Ch. 898

ငါက ခံယူချက်ပြင်းပြတဲ့ လူတစ်ယောက်ကွ

Vol. 65 Ch. 898

ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးပါသော်လည်း ဝိညာဉ်လှေကြီးပေါ်မှ လူပုံစံစက္ကူရုပ်မှာ ရုတ်တရက်ဆိုသလို ၎င်း၏ ဘယ်ဘက်လက်အား ‌မြှောက်လိုက်သည်။ ထိုအခါ ခပ်မှိန်မှိန် ရောင်ခြည်တော်စက်ဝန်းတစ်ခု ပေါ်ပေါက်လာ၏။ ထို ရောင်ခြည်တော်စက်ဝန်း ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားရတော့သည်။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း သိလိုက်ရသဖြင့် မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားရ၏။

သူသည် ထူးဆန်းထွေလာ စွမ်းအားတစ်မျိုး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည့်ပုံပင်။ ထို စွမ်းအားကြီး၏ ထိန်းချုပ်မှုကြောင့် သူသည် နောက်သို့ ပြန်လှည့်လာပြီး အသက်မပါသည့် အမူအရာဖြင့် ဝိညာဉ်လှေကြီးဆီသို့ တစ်လှမ်းချင်းစီ ပြန်လှမ်းသွားတော့သည်။

" ဘာတွေ ဖြစ်နေတာလဲဟ " ဝမ်ပေါင်လဲ့မှာ ထိတ်လန့်တုန်လှုပ်သွားရပြီး ကြိုးစားရုန်းကန်လိုက်ပါသော်လည်း အချည်းနှီးပင်။ သူသည် သူ၏ ခန္ဓာကိုယ်ကြီး ရုပ်သေးရုပ်ကြီး တစ်ရုပ်ကဲ့သို့ ဝိညာဉ်လှေကြီးဆီသို့ တစ်လှမ်းချင်းစီ လှမ်းသွားနေသည့် မြင်ကွင်အား ငေးကြည့်နေရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်ခဲ့ပေ။

ထို့ကြောင့် ထိုမြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းနေတော့သည်။

ထို ဝိညာဉ်လှေကြီးမှာ စကြဝဠာကြီးထဲ၌ ရှေးဆန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ၎င်း၏ ရှေ့ဆုံးတွင်မူ ထူးဆန်းသော လူပုံစံစက္ကူရုပ်တစ်ခုမှာ အသက်မပါသည့် မျက်နှာအမူအရာဖြင့် သူ၏လက်အား ဝှေ့ယမ်းနေသည်။ ထို လှေ၏ ဝမ်းခေါင်းထဲရှိ ဆယ်ကျော်သက် ကျင့်ကြံသူ အယောက်သုံးဆယ်ကျော်မှာမူ ဝိညာဉ်လှေကြီးဆီသို့ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာနေသည့် ဝမ်ပေါင်လဲ့အား အထူးတဆန်းဖြစ်နေသည့် အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက တစ်ကြိမ်ပြီးတစ်ကြိမ် ငြင်းဆန်ခဲ့သည်ဖြစ်ပြီး ယခုတွင်လည်း ဝိညာဉ်လှေကြီးဆီသို့ လျှောက်လှမ်းလာနေသည့်တိုင်အောင် မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ပြည့်နှက်နေသည်ဖြစ်ရာ သူတို့အားလုံးမှာ ဖြစ်ရပ်မှန်အား ချက်ချင်းပင် ခန့်မှန်းမိသွားကြတော့သည်။

" တစ်ယောက်ယောက်က ရှဲ့တလုရဲ့ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ထိန်းချုပ်နေတာပါလား "

" ကြယ်ကြွေလှေပေါ်ကို မတက်ဘူးလို့ ခဏခဏ ငြင်းနေမယ်ဆိုရင် လှေသမားကြီးက အတင်းအဓမ္မ ထိန်းချုပ်ပြီးတော့ တက်ခိုင်းတာများ ဖြစ်နေမလား "

" ဒီလို ဖြစ်ရပ်မျိုး ငါ တစ်ခါမှ မကြားဖူးပါဘူးဟ "

ဝမ်ပေါင်လဲ့ ဝိညာဉ်လှေကြီး၏ အနီးသို့ ရောက်ရှိလာသည်နှင့် လူတိုင်းမှာ ပို၍ပင် အထူးတဆန်းဖြစ်လာကြတော့သည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ ကြောက်စိတ်များမှာလည်း ပို၍ အားကောင်းလာပြီ ဖြစ်သည်။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး ချုံးပွဲချ ငိုကြွေးပစ်ချင်စိတ်များ ပေါက်လာတော့သည်။

" ဘာလဲကွာ။ လှေပေါ် မတက်ချင်ပါဘူးဆို။ တော်တော် တရားလွန်တာပဲကွ "

ဝမ်ပေါင်လဲ့မှာ လှေပေါ်သို့ တက်ချင်စိတ် လုံးဝမရှိပေ။ ထို ဝိညာဉ်လှေကြီး ထပ်ခါတလဲလဲ ပြန်လည် ပေါ်ပေါက်လာခဲ့သည့်တိုင်အောင် သူသည် အမြဲတမ်း ငြင်းဆန်ခဲ့သည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ အခြေအနေများမှာ သူ ထိန်းချုပ်၍ မရနိုင်လောက်အောင် ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ထူးဆန်းထွေလာ စွမ်းအားကြီး သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်ကာ လေပေါ်သို့ ခုန်တက်သွားစေလိုက်ပြီးနောက် ဝိညာဉ်လှေကြီးပေါ်သို့ ရောက်ရှိသွားသည်ကို ငေးကြည့်နေရတော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ အခြားသူများအားလုံး ရှိနေသည့် လှေဝမ်းခေါင်းထဲ၌ မဟုတ်ဘဲ ဝိညာဉ်လှေကြီး၏ ရှေ့ပိုင်းတွင် ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရတော့သည်။

" ငါ့ကို လှေပေါ် အတင်းတက်ခိုင်းရုံနဲ့တင် အားမရသေးဘူးလား။ ဘာလို့ ငါ့နေရာက တခြားလူတွေနဲ့ မတူရတာလဲဟ " ဝမ်ပေါင်လဲ့မှာ စိတ်ညစ်သွားရ၏။ သို့သော် သူသည် ယခုအထိ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိသေးပေ။ သူသည် ဝိညာဉ်လှေကြီး၏ ရှေ့ပိုင်းတွင် ရပ်နေသည့်တိုင်အောင် သူ၏ဦးခေါင်းအား အခြားတစ်ဖက်သို့ မလှည့်နိုင်ဘဲဖြစ်နေရ၏။ ထို့ကြောင့် သူသည် မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်လိုက်သောအခါ လှေဝမ်းခေါင်းထဲမှ ကျင့်ကြံသူများအားလုံး၏ အမူအရာများမှာ ပို၍ပင် အထူးတဆန်းဖြစ်လာကြသည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရတော့သည်။

သို့ဖြစ်ရာ သူတို့မှာလည်း ဝမ်ပေါင်လဲ့ကဲ့သို့ တွေးနေခြင်း ဖြစ်ရပေမည်။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် လှေဝမ်းခေါင်းထဲ၌ ပေါ်ပေါက်လာခြင်းမရှိဘဲ လှေကြီး၏ ရှေ့ပိုင်းသို့ ရောက်သွားရသည့် အကြောင်းရင်းကို သိချင်နေကြသည်။

သို့သော် ခဏအကြာတွင် လှေကြီး၏ ရှေ့ပိုင်းတွင်ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီး လုပ်လိုက်သည့် လုပ်ရပ်ကြောင့် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်တစ်ခုလုံး တုန်ရီသွားရပြီး မကျေမချမ်း ဖြစ်သွားရတော့သည်။ အခြားသူများအားလုံးမှာမူ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားကြ၏။ အချို့မှာဆိုလျှင် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်ကြတော့ဘဲ တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ထလာကြ၏။ သူတို့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အားကောင်းသော လေပြင်းမုန်တိုင်းကြီးများ သူတို့၏ ဝိညာဉ်များကို ဖြတ်၍ တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

" ဘာတွေဖြစ်နေတာလဲဟ။ သူ့ကို ကူလီလုပ်ခိုင်းနေတာလား "

" ဘာ... ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ "

" လှေသမားကြီးက‌ မောလာလို့များလား "

ထို ဆယ်ကျော်သက် လူငယ်လေးများ တုန်လှုပ်ချောက်ချားသွားရသည်မှာ အပြစ်မဆိုသာပေ။ သူတို့မှာ အဖွဲ့အစည်း အသီးသီးမှ ပါရမီရှင်များ ဖြစ်ကြပြီး ဗဟုသုတ နှံ့စပ်ကြွယ်ဝကြပါသော်လည်း သူတို့၏ ရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြီးမှာ စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်လောက်အောင် ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။

သူတို့မှာ လှေကြီးပေါ်သို့ ရောက်မလာခဲ့ခင်တုန်းက ဤ ဝိညာဉ်လှေကြီးအား ရိုသေလေးစားမှုအပြည့် ရှိခဲ့၏။ သူတို့၏ အမြင်တွင် ဤ ဝိညာဉ်လှေကြီးမှာ ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ် နယ်မြေတစ်ခုသို့ ပို့ဆောင်ပေးနိုင်မည့် တစ်ခုတည်းသောအရာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့မှာ ထို လှေကြီးပေါ်သို့ တက်လာခဲ့ကြပြီးနောက် ဣန္ဒြေရှိရှိနေခဲ့ကြပြီး စကားများကိုလည်း အဆင်အခြင်မဲ့စွာ မပြောရဲခဲ့ကြပေ။

အဆိုးဆုံးအနေနှင့် သူတို့မှာ မကြာသေးမီတုန်းက ဝမ်ပေါင်ခဲ့နှင့် အနည်းငယ်မျှ ငြင်းခုံခဲ့ကြသည်သာ ဖြစ်သည်။ သို့သော် သူတို့မှာ ဝိညာဉ်လှေကြီးပေါ်မှ ဆင်းရန် အတင်းအဓမ္မ ကြိုးစားခဲ့ကြခြင်း မရှိပေ။ သို့သော် ယခုတွင်မူ တစ်ချိန်လုံး တင်းမာနေခဲ့သည့် မျက်နှာထားဖြင့် စက္ကူလှော်တက်ကြီးတစ်ချောင်းအား လှော်ခတ်နေခဲ့ပြီး အေးစက်စက် အငွေ့အသက်များကို ထုတ်လွှတ်ကာ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသည့် လူပုံစံစက္ကူရုပ်ကြီးမှာ သူတို့၏ရှေ့တွင် ထို စက္ကူလှော်တက်အား ဝမ်ပေါင်လဲ့ဆီသို့ ပေးလိုက်သည် မဟုတ်ပါလော။

ထို့ကြောင့် သူတို့သာလျှင် အံ့ဩတုန်လှုပ်သွားရသည်မဟုတ်ဘဲ ဝမ်ပေါင်လဲ့မှာလည်း နားမလည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။ သူသည် ထို လူပုံစံစက္ကူရုပ်ကြီး သူ့အား ထိန်းချုပ်ကာ ဤ လှေကြီးပေါ်သို့ တက်လာအောင် လုပ်ခဲ့သည့် အကြောင်းရင်းအချို့အား ခန့်မှန်းမိထားပြီး ဖြစ်ပါသော်လည်း ယခုလို ဖြစ်နေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ...

" သူက ငါ့ကို လှေလှော်ခိုင်းနေတာလားဟ " ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရသလို လက်မခံနိုင်လောက်အောင်လည်း ဖြစ်သွားရ၏။ သူသည် သူ၏မာနအား အထိပါးမခံနိုင်ပေ။ သူသည် ပြည်ထောင်စုကြီး၏ အနာဂတ် ဥက္ကဋ္ဌလောင်းကြီးဖြစ်ပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဧကရာဇ်ကြီးလည်း ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ‌လှေကြီးအား လှော်ပေးနိုင်ပါသော်လည်း လှေပေါ်ရှိ ဆယ်ကျော်သက်လူငယ်လေးများ၏ ကူလီအဖြစ်သို့ အရောက်ခံနိုင်မည်တော့ မဟုတ်ပေ။

" ငါက ငါ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေမဲ့ ခံယူချက်ပြင်းပြတဲ့ လူတစ်ယောက်ကွ။ ငါ့ရဲ့ နှလုံးသားထဲမှာတော့ ဘယ်တော့မှ လက်မခံနိုင်ဘူးဟေ့ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကျိတ်၍ ကြိမ်းဝါးလိုက်ပြီးနောက် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံး ထိန်းချုပ်ခံနေရသည့် အမူအရာဖြင့် စက္ကူလှော်တက်အား ခိုကိုးရာမဲ့စွာ လှမ်းယူရန် ပြင်လိုက်တော့သည်။ သို့သော်... ဝမ်ပေါင်လဲ့မှာ သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ပြီးနောက် ရင်ခုန်နှုန်းများ ရုတ်တရက်ဆိုသလို မြန်ဆန်လာရ၏။ ထို့ကြောင့် သူသည် ‌ခေါင်းငုံ့ကာ သူ၏ လက်များကို ကြည့်လိုက်တော့သည်။ သူသည် သူ၏ လက်နှစ်ဖက်အား လှုပ်ရှားကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကြည့်လိုက်၏။ ထိုအခါမှသာ သူသည် သူ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထို့ကြောင့် သူသည် အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် ခေါင်းမော့လာပြီး စက္ကူလှော်တက်‌အား သူ့ဆီသို့ လှမ်းပေးနေဆဲဖြစ်သည့် လူပုံစံစက္ကူရုပ်အား စိုက်ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ဒွိဟဖြစ်နေရပြီ ဖြစ်သည်။

" တရားလွန်လိုက်တာကွာ။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး အဲဒီ စက္ကူလှော်တက်ကို ယူခိုင်းလို့လည်း ရတာပဲကို... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ညည်းတွားကာ ထို လှော်တက်အား မယူတော့ရန် တွေးမိလိုက်၏။ သို့သော် သူ မငြင်းဆန်နိုင်ခင်မှာပင် လူပုံစံစက္ကူရုပ်မှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်လိုက်တော့သည်။

ထို အငွေ့အသက်များမှာ အားကောင်းလွန်းလှသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား ထက်ခြမ်းပိုင်းပစ်နိုင်စွမ်းရှိသည့် အသွားထက် ဓားတစ်လက်ကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျောချမ်းသွားရပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာတော့သည်။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးပင်လျှင် အေးခဲသွားတော့မည့်အလား ဖြစ်သွားရ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နဖူးပေါ်တွင် ဇောချွေးများ ပြန်လာ‌ရတော့သည်။ ထို လူပုံစံစက္ကူရုပ်ကြီးကြောင့် သူသည် အနေရခက်နေပြီး မိုးကောင်းကင်ကြီးကိုပင် ဖျက်ဆီးပစ်နိုင်သည့် မိစ္ဆာအငွေ့အသက်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။ ယခုတွင် ၎င်းမှာ သူ၏ သိုလှောင်လက်စွပ်ထဲမှ လူပုံစံစက္ကူရုပ်နှင့် တထေရာတည်းနည်းပါး တူနေပြီဖြစ်သည်။ ထို့ကြောင့် အကယ်၍ သူသည် ထို စက္ကူလှော်တက်အား မယူပါက ထို လူပုံစံစက္ကူရုပ်မှာ သူ့အား အချိန်မရွေး တိုက်ခိုက်နိုင်ခြေ ရှိသည်ဟု ခံစားနေရတော့သည်။

သူတစ်ယောက်သာလျှင် ထိုသို့ခံစားနေရသည် မဟုတ်ဘဲ လှေဝမ်းခေါင်းထဲတွင် ထိုင်နေသည့် ဆယ်ကျော်သက်လူငယ်လေးများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ လူပုံစံစက္ကူရုပ်ဆီမှ ထွက်ပေါ်လာသည့် အေးစက်စက် အငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ နှုတ်ဆိတ်သွားကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် မည်ကဲ့သို့ ဆက်လက်ပြုမူမည်ကို စောင့်ကြည့်နေလိုက်ကြ၏။ သူနှင့် ငြင်းခုံနေခဲ့သည့် လူများမှာမူ သူ ဒုက္ခရောက်နေသည့် မြင်ကွင်းအား ကြည့်ရင်း စိတ်ကျေနပ်သွားကြပြီး မျက်နှာများ ဝင်းလက်တောက်ပလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးများ၏ အကြည့်များကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူသည် သူ၏ ရှေ့တွင်ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီး၏ သတ်ဖြတ်လိုစိတ်များကို အာရုံခံမိလိုက်သောအခါ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် နွေးထွေးမှုအပြည့်ရှိသော အပြုံးမျက်နှာဖြင့် ထိုစက္ကူလှော်တက်အား ဝမ်းသာအားရ လှမ်းယူလိုက်တော့သည်။

" လူကြီးမင်းက စောစောကတည်းက ပြောမှပေါ့ဗျ။ ကျွန်တော်က လှေလှော်ရတာ သိပ်ကြိုက်တာ။ အခုလို အခွင့်အရေးမျိုး ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်းရယ်။ လူကြီးမင်းသာ အစကတည်းက ပြောခဲ့မယ်ဆိုရင် ကျွန်တော်က ငြင်းနေမှာတောင် မဟုတ်ဘူးဗျ။ ကျွန်တော်က ငယ်ငယ်လေးကတည်းက လှေလှော်ရတာကို အရမ်း ဝါသနာပါတာလေ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုရင် အရိုးသားဆုံးပြုံးကာ လှေရှေ့ပိုင်းတွင် ရပ်၍ စက္ကူလှော်တက်ဖြင့် အားသွန်ခွန်စိုက် လှော်ခတ်ရန် ပြင်လိုက်၏။ ထို့နောက် သူသည် အပြုံးမပျက်ဘဲ နောက်သို့လှည့်လာပြီး လူပုံစံစက္ကူရုပ်ကြီးအား ကြည့်ကာ ဆိုလိုက်ပြန်သည်။

" လူကြီးမင်း အနားယူလိုက်ပါဦး။ ကျွန်တော် လှေလှော်တာ ပုံစံကျရဲ့လားဗျ " ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် မကျေမချမ်းဖြစ်နေသည့် အမူအရာ အနည်းငယ်လေးပင် ရှိမနေပေ။ သို့သော် အမှန်တကယ်တွင်မူ သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချနေရ၏။ ကံကောင်းသည်မှာ သူသည် သူ့ကိုယ်သူ နှစ်သိမ့်ရာ၌ ကျွမ်းကျင်နေသည် မဟုတ်ပါလော....

" ဒါ မီးစဉ်ကြည့်ကပြီးတော့ ကိုယ့်အခြေအနေကိုယ် နားလည်တာလို့ ခေါ်တယ်ကွ။ လှေလေးလှော်ရတာများ ဘာပင်ပန်းလို့လဲ။ သူက မောလာလို့သာ ငါ့ဆီကနေ အကူအညီတောင်းတာပါ။ လူတွေကိုကူညီပေးရတာ ငါ့ရဲ့ ဝါသနာလေ "

လူပုံစံစက္ကူရုပ်ကြီး၏ အေးစက်စက်အငွေ့အသက်များ ပျောက်ကွယ်သွားစဉ် လှေပေါ်ရှိ ဆယ်ကျော်သက် လူငယ်လူရွယ်လေးများအားလုံး၏ မျက်နှာ အမူအရာများမှာ အထူးတဆန်းဖြစ်နေကြ၏။ သူတို့ထဲမှ အများစုမှာမူ ဝမ်ပေါင်လဲ့အား အထင်အမြင်သေးသည့်ပုံ ပေါက်နေကြသည်။ ထိုစဉ်တွင် ဝမ်ပေါင်လဲ့မှာမူ အားအကုန်ထုတ်ကာ သူ၏ လက်ထဲမှ စက္ကူလှော်တက်အား လှေအပြင်ဘက်ရှိ စကြဝဠာကြီးထဲသို့ ဆန့်ထုတ်လိုက်၏။ ထို့နောက် သူသည် ၎င်းအား နောက်သို့ အားပါပါ ပြန်လွှဲကာ လှော်ခတ်လိုက်တော့သည်။

သို့‌သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် လှော်ခတ်ပြီးသွားသောအခါ ရုတ်တရက်ဆိုသလို ကြက်သေသေသွားရပြီး ပင့်သက်ရှိုက်မိသွား၏။ ထို့နောက် သူသည် နောက်သို့ ချက်ချင်းလှည့်ကာ စကြဝဠာကြီးထဲရှိ သူ၏ စက္ကူလှော်တက်အား လှမ်းကြည့်လိုက်တော့သည်။

ထိုနေရာတွင်... မည်သည့်အရာမှ ရှိမနေခဲ့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ လှော်ခတ်ခဲ့စဉ်တုန်းက သူ၏လက်ထဲရှိ စက္ကူလှော်တက်လေး အားကောင်းသော တွန်းကန်အားတစ်မျိုးနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်ကို ခံစားခဲ့ရသည်။ သူသည် ထိုသို့ လှော်ခတ်နိုင်ရန် အစွမ်းကုန် ထုတ်သုံးခဲ့ရသည် မဟုတ်ပါလော။ ထို့နောက် သူ ထိုကဲ့သို့ လှော်ခတ်လိုက်စဉ်တွင် စကြဝဠာကြီးထဲမှ နူးညံ့သိမ်မွေ့သော စွမ်းအားတစ်မျိုးမှာ ထိုနေရာ၌ စုဝေးလာကြတော့သည်။

All Chapters