သမာဓိချီ၏ အားသာချက်
Vol. 18 Ch. 246
ယန်မင်ရွှမ်က ရှေ့သို့ ထွက်လာပြီး ပြောသည်။
“စီနီယာအစ်ကိုဟန်၊ ကောင်းမိသားစုခေါင်းဆောင် ကောင်းအန်ချွန်က စာပို့လိုက်ပါတယ်။ သူက ကောင်းမိသားစုရဲ့ဓားတွေကို အကဲဖြတ်ပေးဖို့ စီနီယာအစ်ကိုကို ဖိတ်ကြားလိုက်ပါတယ်”
လတ်တစ်လောတွင် ကောင်းမိသားစု၏ ဓားသွန်းလုပ်ခြင်းနည်းလမ်းများက အလွန်တိုးတက်လာသည်။
ကောင်းအီသည် သူမ၏ ဆရာကို ကျော်ဖြတ်သွားသောကြောင့် ကောင်းအန်ချွန်က အလွန်ကျေနပ်နေသည်။
ယန်မင်ရွှမ်၏ ပြောစကားအရ ကောင်းမိသားစုက သူတို့ပြုလုပ်ထားသော ဓားအသစ်ကို အကဲဖြတ်ပေးရန်အတွက် ဂိုဏ်းအားလုံးထံသို့ ဖိတ်ကြားစာပို့၏။
ထို့နေ့သည် နောက်သုံးလအကြာတွင် ဖြစ်သည်။
“ကောင်းပြီ။ ငါမအားရင် လျှိုဟုန်ကို သွားခိုင်းလိုက်မယ်”
ဟန်မူယဲ့က ပြုံးလျှက်ပြောသည်။
လျှိုဟုန်သည် ကောင်းမိသားစု၏ သမက်လောင်းဖြစ်သည်။ ထိုပွဲကို သူ တက်ရောက်ခြင်းက သင့်တော်သည်။
“အဟမ်း၊ ကျွန်တော့်အဘိုးက ပြောထားတယ်။ အချိန်ကျလာရင် သွားလိုက်ပါ့မယ်”
လျှိုဟုန်က ဟန်မူယဲ့ကို ကြောက်ရွံ့စိတ်လက်ကျန်များဖြင့် ပြောလိုက်သည်။
သူက စိတ်လွတ်သွားပြီး လျှို့ဝှက်ချက်များအားထုတ်ပြောမိသော အကြောင်းအရင်းကို နားမလည်နိုင်ပေ။
ထိုအရာက ကွန်ဖျူးရှပ်တာအိုကျင့်ကြံခြင်း၏ ကြောက်မက်ဖွယ်ကောင်းသောအရာဖြစ်ကြောင်း သူမသိပေ။
ကွန်ဖျူးရှပ်တာအို၏ သမာဓိစွမ်းအားသည် တခြားလူများ၏ စိတ်ကို လွှမ်းမိုးနိုင်သည်။
အလယ်ပိုင်းကုန်းမြေသည် အကန့်အသတ်မရှိကျယ်ပြန့်၏။ သို့ပေမဲ့ ထိုကုန်းမြေကြီးအား ကွန်ဖျူးရှပ်တာအိုဖြင့် အုပ်ချူပ်ထားသည်။ ကွန်ဖျူးရှပ်တာအို၏ စွမ်းအားကြောင့် အလယ်ပိုင်းကုန်းမြေမှာ အစီအစဉ်တကျရှိနေခြင်း ဖြစ်သည်။
ဟန်မူယဲ့က စာအုပ်ကို စစ်ကြည့်လိုက်ပြီး အဝတ်စကိုယူ၍ သစ်သားစင်ဆီသို့ လျှောက်သွားကာ ဓားများကို သန့်ရှင်းရေးလုပ်နေသည်။
ဤတစ်ကြိမ်တွင်တော့ သူက အငြိုးအတေးများ ရှိနေသော ဓားရှည်ကို ရွေးချယ်၍ သူ့ဓားချီနှင့် သမာဓိစွမ်းအားများကို ထည့်သွင်းပေးလိုက်သည်။
သမာဓိစွမ်းအားသည် ဓားကိုယ်ထည်ထဲသို့ဝင်ရောက်သွားပြီး အထဲတွင် ရှိနေသော အငြိုးအတေးများအား ချက်ချင်း ရှင်းထုတ်ပစ်လိုက်ကြောင်း သူခံစားမိသည်။
ထိုနည်းလမ်းသည် ဓားထဲတွင် ရှိနေသော အငြိုးအတေးများအား ဖြည်းဖြည်းချင်း သန့်စင်လိုက်ခြင်းထက် ပိုကောင်းမွန်သည်။
သူက ဓားစံအိမ်၏ ပထမထပ်တွင် လျှောက်သွားနေပြီး အငြိုးအတေးများနှင့် ပြည့်နေသောဓားများကို သန့်ရှင်းရေးလုပ်ပေး၏။
အငြိုးအတေးများအား ရှင်းထုတ်လိုက်သောအခါတွင် သမာဓိစွမ်းအားသည် အများအပြားကုန်ဆုံးမသွားဘဲ ပိုမိုသိပ်သည်းလာသည်။
ထိုအရာသည် မိစ္ဆာနှင့် တစ္ဆေများကို မကြောက်သော သမာဓိစွမ်းအား၏ အားသာချက် ဖြစ်သည်။
လတ်တလောတွင် ဟန်မူယဲ့သည် ဓားဆန္ဒများ ကုန်ဆုံးထား၏။ သူက ဓားများကို သန့်ရှင်းရေးလုပ်နေစဉ်မှာ ဓားချီများကို စုစည်းပြီး ပြန်လည်အားဖြည့်သည်။
ဓားများကို သန့်ရှင်းရေးလုပ်ရသော အခြေခံအလုပ်သည် ဓားစံအိမ်၏ နေ့စဉ်တာဝန်ဖြစ်သည်။
နှစ်ရက်အတွင်းတွင် သူသည် ဓားစံအိမ်၏ ပထမထပ်နှင့် ဒုတိယထပ်မှာ ရှိသော ဓားသုံးထောင်နီးပါးကို သန့်ရှင်းရေးလုပ်ပေး၏။
သူက ဓားထဲတွင် ရှိသောအငြိုးအတေးများကို အဓိကထားပြီး ရှင်းထုတ်သည်။ ထိုသို့မဟုတ်လျှင် ပိုမိုများပြားသောဓားများကို သန့်ရှင်းရေးလုပ်ပေးနိုင်ပေလိမ့်မည်။
“ဓားစံအိမ်က အရေးကြီးနေရာပဲ။ မင်းတို့တွေ ရပ်လိုက်ကြ ....”
ဓားစံအိမ်၏ တံခါးပေါက်မှ လင်းရှန်၏ အသံထွက်လာသည်။
“စီနီယာအစ်ကို၊ ကျေးဇူးပြုပြီး သတင်းပို့ပေးပါ။ ကျွန်တော်က ဓားလက်ခံဖို့ရောက်လာတဲ့ အတွင်းစည်းတပည့် ရှားဟယ်လင်းပါ”
လူငယ်တစ်ဦး၏ အသံတစ်သံ ပေါ်ထွက်လာသည်။
ရှားဟယ်လင်းသည် အတွင်းစည်းတွင် အဆင့်ငါးဆယ် နေရာရထားသော ပင်မဂိုဏ်းသားတစ်ယောက် ဖြစ်ကြောင်း ဟန်မူယဲ့သိထားသည်။
သူ့ကျင့်ကြံဆင့်သည် အခြေခံအုတ်မြစ် အထွတ်အထိပ်အဆင့်တွင် ဖြစ်ပေလိမ့်မည်။
ဟန်မူယဲ့က တံခါးဝသို့ လျှောက်သွားလိုက်ပြီး ကျောက်တုံးလှေကားရှေ့တွင် ဦးညွှတ်ထားသော ဝတ်စုံဖြူနှင့် လူငယ်ကို မြင်လိုက်ရသည်။
“စီနီယာအစ်ကိုဟန်”
လူငယ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“ရှားဟယ်လင်းက ဓားလက်ခံဖို့ရောက်လာပါတယ်”
သူက ဟန်မူယဲ့ကိုမော့ကြည့်လျှက် ပြောသည်။
“အရင်တစ်ခေါက်က ဆရာဦးလေးထို့ပါ့ချန် စီစဉ်ထားတဲ့ကိစ္စပါ”
ဂိုဏ်းကိုးဂိုဏ်းတိုက်ပွဲတွင် ပါဝင်မည့်တပည့်များအား ဓားစံအိမ်နှင့် ဆေးခန်းဆောင်တို့က ကူညီပေးမည်ဟု ထို့ပါ့ချန် ကတိပေးထားသည်။
ဓားကောင်းတစ်လက်သည် ထိုတပည့်များ၏ တိုက်ခိုက်နိုင်စွမ်းကို အများအပြား တိုးလာစေနိုင်သည်။
ထိုအချိန်တွင် ဟန်မူယဲ့ကလည်း ကူညီပေးမည်ဟု ပြောခဲ့သည်။
“ကောင်းပြီ။ မင်း ဓား လက်ခံနိုင်တယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ရှားဟယ်လင်း၏ မျက်နှာက တောက်ပသွားသည်။ သူက ဦးညွှတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဝိညာဉ်ကျောက်တုံးဆယ်တုံးကို ထုတ်ပေးသည်။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး၊ တစ်တုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာတန်သည်။ ဆယ်တုံးဖြစ်သည့်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖြစ်သည်။
ရှားဟယ်လင်က တကယ်ရက်ရောသည်။
“စီနီယာအစ်ကိုဟန်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလမ်းညွှန်ပေးပါ”
ရှားဟယ်လင်းသည် အတွင်းစည်းပင်မဂိုဏ်းတပည့်ဖြစ်ပြီး တိမ်မြုံကမ်းပါးတိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ဖူးသည်။ သူသည် ဟန်မူယဲ့၏ လမ်းညွှန်ခြင်းကို လိုချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အခွင့်အရေးမရခဲ့ပေ။
ယခုအချိန်တွင် ထို့ပါ့ချန်က သူ့ကို ဓားစံအိမ်တွင် ဓားယူခိုင်းလိုက်သောကြောင့် စောစီးစွာရောက်လာ၏။
ဟန်မူယဲ့က ရှားဟယ်လင်း၏ လက်ထဲတွင် ရှိသော ဝိညာဉ်ကျောက်တုံးများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ဝိညာဉ်ကျောက်တုံးတွေ မလိုအပ်ဘူး”
သူက ဝိညာဉ်ကျောက်တုံးမလိုပေ။
ဓားစံအိမ်မှာ ကောင်းရှောင်ရွှမ်နှင့် ဟွမ်လောင်လျှိုတို့ ရှိစဉ်အခါက ဝိညာဉ်ကျောက်တုံးများကို ထုံးစံအရလက်ခံ၏။ များသောအားဖြင့် အပျော်ကောက်ခံခြင်း ဖြစ်သည်။
ရှားဟယ်လင်းက ခေါင်းမော့လိုက်သောအခါတွင် လက်ကိုဝှေ့ယမ်းပြနေသော ဟန်မူယဲ့အားမြင်လိုက်ရသည်။
“မင်းရဲ့ဓားနည်းစနစ်ကို သရုပ်ပြလိုက်။ မင်းနဲ့ လိုက်မယ့်ဓားကို ကူညီပြီးရွေးပေးမယ်”
“ကျေးဇူးပါစီနီယာအစ်ကို”
ရှားဟယ်လင်းက လက်သီးဆုပ်ထားပြီး လက်မြှောက်လိုက်သည်။ သူ့လက်ဝါးထဲတွင် ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။
ရွှေဓာတ်မျိုးဆက်ဓားနည်းစနစ်၊ အံ့ဖွယ်နံပတ်၂၊ အလင်းရေစီးဓားသိုင်း။
သူ့ဓားနည်းစနစ်က မဆိုးပေ။ ကျင့်ကြံခြင်းကလည်း အတော်လေးသန့်စင်သည်။
ရှားဟယ်လင်း လေ့ကျင့်ပြီးသွားသောအခါတွင် ဟန်မူယဲ့က ပြောသည်။
“ယန်မင်ရွှမ်၊ ပင်းဝူနေရာကိုသွားပြီး အလင်းအနှစ်သာရဓားကို ယူလာခဲ့”
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ယန်မင်ရွှမ်သည် ဓားစံအိမ်ထဲသို့ လှည့်ဝင်သွားသည်။ ခဏအကြာမှာ သူက ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ပြန်ထွက်လာသည်။
ထိုဓားသည် လေးလံပုံပေါ်ပြီး သွေးအငွေ့အသက်များက ဓားကိုယ်ထည်ပေါ်မှာ စီးဆင်းနေသည်။
“စီနီယာအစ်ကို၊ ဒီဓားပေါ်မှာ ရှိတဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေက အပြည့်အဝပျောက်ကွယ်မသွားသေးဘူး”
ယန်မင်ရွှမ်က ဟန်မူယဲ့ဆီသို့ လျှောက်လာပြီး တီးတိုးပြောလိုက်သည်။
သတ်ဖြတ်ခြင်းအငွေ့အသက်များ ရှိနေသေးကြောင်း ကြားလိုက်ရသောအခါတွင် ရှားဟယ်လင်းက ကြောင်အသွားသည်။
ထိုဓားမျိုးက သန့်စင်ဖို့ အလွန်ခက်ခဲသည်။ သတ်ဖြတ်ခြင်းအငွေ့အသက်များကြောင့် ဝိညာဉ်သွေးကြောကိုပင် ထိခိုက်သွားနိုင်သည်။
‘စီနီယာအစ်ကိုဟန်က ဘာလုပ်ချင်တာလဲ’ ရှားဟယ်လင်းက တွေးမိနေသည်။
‘ငါက ဝိညာဉ်ကျောက်တုံး နည်းနည်းပဲထုတ်ပေးလို့ သူက ဒီလိုဓားမျိုးကို ရွေးလိုက်တာလား’
ဟန်မူယဲ့က ဓားရိုးကို ကိုင်လိုက်သည်။
“အလင်းအနှစ်သာရဓား၊ အဆင့်မြင့်အရည်အသွေး ဝိညာဉ်တစ်ဝက်အဆင့်လက်နက်”
“ဒီဓားရဲ့အရင်ပိုင်ရှင်က ဖုန်းလင်ဓားဂိုဏ်းရဲ့ ကမ္ဘာမြေအဆင့်ကျင့်ကြံသူ စုမူကျီပဲ”
“ဒီဓားက သုံးပေနဲ့ တစ်စင်တီမီတာရှည်ပြီး ပေါင်လေးဆယ် အလေးချိန်ရှိတယ်။ ဓားသွားက တစ်လက်မကျယ်ပြီး သုံးစင်တီမီတာထူတယ်”
“ဒါကို သံမဏိနဲ့ပြုလုပ်ထားပြီး သတ္တုနဲ့ကျောက်တုံးတွေ ထည့်သွင်းထားတယ်။ ဓားကိုယ်ထည်က မာကျောပြီး ရွှေဓာတ်မျိုးဆက်ဓားနည်းစနစ်တွေအတွက် သင့်တော်တယ်”
ဟန်မူယဲ့က ရှားဟယ်လင်းကို ကြည့်လိုက်ပြီး လက်မြှောက်၍ ဓားရိုးကိုလွှတ်လိုက်သည်။
“ဂိုဏ်းတူညီလေးရှား၊ မင်းရဲ့ဓားနည်းစနစ်က အလင်းရေစီးကို ဆုပ်ကိုင်ထားနိုင်ပေမဲ့ သတ်ဖြတ်လိုစိတ် ၃၀%ပျောက်ဆုံးနေတယ်”
“ဒီဓားရဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေက မင်းရဲ့တိုက်ပွဲဆန္ဒတိုးတက်လာအောင် ကူညီပေးနိုင်လိမ့်မယ်”
“ကျွန်တော်နားလည်ပါပြီ”
ရှားဟယ်လင်းက လျင်မြန်စွာဦးညွှတ်ပြီး ပြောသည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါပဲ”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်မှာ ရွှေရောင်ဝိညာဉ်စွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက ဓားရိုးတွင် ‘ဖိနှိပ်ခြင်း’ စာလုံးကို ရေးထွင်းလိုက်သည်။
“ငါက ဒီအငွေ့အသက်ကို ချိပ်ပိတ်ထားလိုက်မယ်။ မင်း ပြန်သွားရင် ဝိညာဉ်စွမ်းအားနဲ့ ချိပ်စည်းရဲ့စွမ်းအားကို ဆက်သွယ်ကြည့်ဖို့ လိုအပ်တယ်။ ဒါဆို အချိန်မရွေး ချိပ်စည်း ပြန်ဖြေနိုင်မယ်”
ထို့နောက် သူက ရှားဟယ်လင်းကို ဓားပေးလိုက်သည်။
ရှားဟယ်လင်းက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်သည်။
ဓားကို ကိုင်လိုက်သောအခါတွင် ဓားနှင့် သူ့အသွေးအသားများက ဆက်သွယ်သွားသည်ဟု ခံစားလိုက်ရသည်။
ထိုအရာက သူလိုချင်သောဓားမျိုး ဖြစ်သည်။
“ဓားအင်မော်တယ်ဆိုတဲ့အတိုင်း စီနီယာအစ်ကိုဟန်ရဲ့ ဓားအကြောင်းနားလည်နိုင်စွမ်းက အံ့အားသင့်စရာကောင်းလွန်းတယ်”
ရှားဟယ်လင်းက ဓားကိုကိုင်ထားပြီး ထွက်သွားသည်။
ဟန်မူယဲ့က ယန်မင်ရွှမ်နှင့် လျှိုဟုန်ကို လှည့်ကြည့်လျှက် ပြောသည်။
“နောက်ပိုင်း ဓားလက်ခံမယ့်လူတွေရောက်လာရင် မင်းတို့ပဲ သူ့တို့ကို စီစဉ်ပေးလိုက်ကြတော့”
ထို့နောက် သူသည် ဓားစံအိမ်ထဲသို့ ပြန်ဝင်သွားသည်။
သူက ဓား၏ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ချိပ်ပိတ်လိုက်သောအချိန်မှာ တစ်ခုခုကို ရုတ်တရက်ခံစားလိုက်ရသည်။
ဓားကို ရွေးချယ်ခြင်းက အခွင့်အလမ်းတစ်ခု ဖြစ်ပြီး ဓားပိုင်ရှင်ကိုရွေးချယ်ခြင်းကလည်း အခွင့်အလမ်းတစ်ခု ဖြစ်သည်။
သူက အခွင့်အလမ်း အများအပြားကို ဝင်ရောက်စွက်ဖက်ထားပြီး ဖြစ်သည်။ လူတိုင်းက ပျော်ရွှင်နေပုံရသော်လည်း ထိုကိစ္စက ကောင်းမွန်သော အရာမဟုတ်ကြောင်း ခံစားလာရသည်။
တစ်ခါတလေမှာ အကောင်းဆုံးအရာက အသင့်တော်ဆုံးအရာမဟုတ်ပေ။
ဆယ်ရက်အကြာတွင် ဟန်မူယဲ့က ရွေးချယ်စရာမရှိဘဲ ကျင့်ကြံနေရာမှ ထွက်လာ၏။
လုကောက သူ့အတွက် စာတစ်စောင်ယူလာသည်။
“စီနီယာအစ်ကို၊ ဒါက မူရှန်မြို့ရဲ့ ခေါင်းဆောင်တောက်ရင်ဆီက စာပါ”