ပြန်ပေးဆွဲခြင်း
Vol. 29 Ch. 400
ချင်မူ မျက်လုံးပြန်ပိတ်လိုက်ပြီး အတန်ကြာမှ ဟူလင်းအာနှင့် ယန်ကျင့်ကျင့်တို့ တဖြည်းဖြည်း သက်သာလာသည်။
“နေရေတွင်းထဲမှာ ကျစ်ချင်းရဲ့ ကောင်းကင်မျက်လုံးကို မြင်ခဲ့ရတယ်” ချင်မူ မျက်လုံးပြန်မဖွင့်ရဲပေ။ “သူ့မျက်လုံးကို မြင်လိုက်တာနဲ့ သူ့မျက်လုံးက ငါ့မျက်လုံးအပေါ်မှာ အမှတ်အသားတစ်ခုခု ခတ်နှိပ်လိုက်သလို ခံစားလိုက်ရတယ်”
“နင် အခု မြင်ရသေးရဲ့လား” ယန်ကျင့်ကျင့် စိုးရိမ်ပူပန်စွာ မေးလိုက်မိသည်။
“မြင်ရသေးတယ်”
ယန့်ကျင့်ကျင့်၏မျက်လုံးများမှာ ချင်မူ၏ကုသပေးမှုကြောင့် အနည်းနှင့်အများ သက်သာနေပြီဖြစ်သည်။ အမြင်မကွယ်တော့သော်လည်း သူ့ခန္ဓာကိုယ်မှာ အတော်လေး ပိန်ချုံးနေသေးသည်။
သူမက ချင်မူ့အနားသို့ ကပျာကယာ သွားပြီး သူ့ပခုံးနှစ်ဖက်အပေါ် လက်တင်ကာ ညင်သာပျော့ပျောင်းစွာ ပြောလိုက်သည်။ “ငါတို့ နေထိန်းကျောင်းသူမျိုးနွယ်မှာလည်း မောင်စုရှင်းထွမ်လို့ခေါ်တဲ့ မျက်လုံးကျင့်စဉ်ရှိတယ်။ ခဏစောင့် ငါ အဲ့ကျင့်စဉ်နဲ့ နင့်မျက်လုံးတွေ ဖွင့်နိုင်အောင် ကူညီပေးမယ်”
ချင်မူ တအောင့်စောင့်လိုက်သည်။ ယန်ကျင့်ကျင့်၏အသံ ထွက်လာ၏။ “ရပြီ”
သူ မျက်လုံးဖွင့်လိုက်သည့်အခါ ကောင်းကင်အလင်းရောင်က လင်းထိန်တောက်ပသွားပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးကို ဆွတ်ဆွတ်ဖြူသွားစေသည်။ ထို့နောက် သူ၏မျက်နှာအနား ကပ်၍ သူငယ်အိမ်များကို အလေးအနက် စိုက်ကြည့်နေသော ခပ်ပိန်ပိန် မိန်းကလေးကို သတိထားမိလိုက်၏။ သူမမျက်လုံးထဲတွင် ကြယ်သဏ္ဍာန်ရှိသော ကွင်းများ ဖွဲ့တည်နေသည်။ ကြယ်ကွင်းများက မရပ်မနား လည်ကာ သူ့ကောင်းကင်မျက်လုံးများ၏ စွမ်းအားကို တောင့်ခံလျက်ရှိသည်။
ယန့်ကျင့်ကျင့်က သူ့ကို အသေးစိတ် ကြည့်နေပြီး အမှတ်အသားများအား သဲသဲကွဲကွဲ မြင်ရရန် သူ့မျက်နှာအနားသို့ ပိုမိုတိုးကပ်လာသည်။
ချင်မူ အသက်ပင် မရှူဝံ့ပေ။
“သင်္ကေတအမှတ်အသားတစ်ခုကနေ ဝင်္ကပါတစ်ခု ဖွဲ့တည်သွားတာမျိုးပဲ”
ယန်ကျင့်ကျင့် အသက်ရှူထုတ်လိုက်သည့်အခါ သစ်ခွပန်းရနံ့သင်းသင်းက ချင်မူ့မျက်နှာကို ကျီစယ်သွားသည်။ သူမက သူ့မျက်လုံးများ ကြည့်ရင်း စဉ်းစားနေသည်။ “အပြင်အလွှာက ငါတို့နေထိန်းကျောင်းသူမျိုးနွယ်ရဲ့ မောင်စုရှင်းထွမ်နဲ့ တူတယ်။ ဒါပေမဲ့ အတွင်းအလွှာမှာကျ မတူဘူး။ အလွှာက စုစုပေါင်း တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်၊ လေးထပ်....”
သူမ ချင်မူ၏သူငယ်အိမ်များကို ဂရုတစိုက် စစ်ဆေးကြည့်ရာတွင် အထဲ၌ ဟင်းလင်းပြင်အလွှာများအား မြင်လိုက်ရသည်။ သင်္ကေတအမှတ်အသားများက ကြယ်အသွင်သဏ္ဍာန်ရှိသော ကွင်းများကို အလွှာအထပ်ထပ် ဖွဲ့တည်ထားသည်။ အလွှာမည်မျှရှိကြောင်း သူမ သဲသဲကွဲကွဲ မမြင်ရပေ။
“နင့်မျက်လုံးထဲက မောင်စုရှင်းထွမ်အလွှာတွေရဲ့ အလယ်အကျဆုံးနေရာမှာလေ... နေတစ်စင်း ရှိနေသလိုပဲ။ အဲဒီနေကလည်း ကြယ်အသွင်သဏ္ဍာန်ကွင်းတွေနဲ့ ဖွဲ့တည်ထားတာ....” သူမ ဆက်မကြည့်တော့ဘဲ ပြောလိုက်သည်။ “ငါ နင့်ကို မောင်စုရှင်းထွမ်ကျင့်စဉ် သင်ပေးမယ်။ အဲ့ဒါနဲ့ နင့်မျက်လုံးထဲက အမှတ်အသားတွေကို ထိန်းချုပ်နိုင်လား ကြည့်ကြည့်ပေါ့”
ချင်မူ ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်သည်။
ထိုအခါမှ သူတို့နှစ်ယောက် အလွန်နီးကပ်နေသည်ကို ယန်ကျင့်ကျင့် သတိထားမိလိုက်သည်။ ချင်မူမှာ သူမကို ထိမိမည်စိုး၍ ခေါင်းသေချာညိတ်မရဲပေ။ နှစ်ယောက်အကြည့်ချင်း ဆုံသွားသည့်အခါ သူတို့မျက်ဝန်းထဲရှိ ကြယ်အသွင်သဏ္ဍာန်ကွင်းများက တဖျပ်ဖျပ် လင်းလက်တောက်ပသွား၏။
သို့သော် ထိုအခိုက်တွင် ဟူလင်းအာ၏အသံ ထွက်လာသည်။ “သခင်လေး၊ စစ်ဆေးတာ ပြီးပြီလား။ ဘာလို့ အသံမကြားရတော့လဲ”
ချင်မူ ကပျာကယာ ပြောလိုက်သည်။ “မပြီးသေးဘူး”
ယန်ကျင့်ကျင့်က တခစ်ခစ် ရယ်လိုက်သည်။ သူမ၏ဝင်လေထွက်လေတို့က သူ့မျက်နှာကို ညင်သာစွာ တိုးဝှေ့သွား၏။
ဟူလင်းအာက ရယ်သံကို ကြားလိုက်ရ၍ မယုံသင်္ကာ ဖြစ်သွားသည်။ သူမ ခြေနှစ်ချောင်းနှင့် လက်ချောင်းကို လှုပ်ခါလျက် ကူးခတ်လိုက်ပြီး သူမအမြီးလေးက ပေါလောပေါ်နေသည်။
ချင်မူ့အကြည့်က အလွန်တောက်ပလွန်း၍ သူမ သူ့ကို မမြင်ရပေ။ သို့သော် အသံလာရာကို မှန်းဆ၍ သူတို့နှစ်ယောက်အကြားတွင် ရပ်လိုက်သည်။ သူမက အမြီးလေးများကို ခါလိုက်ရာ ကောင်လေးနှင့် ကောင်မလေး၏မျက်နှာအပေါ် ရေစင်သွား၏။
ချင်မူနှင့် ယန်ကျင့်ကျင့် ကမန်းကတန်း လူချင်းခွဲလိုက်ပြီး ရင်ထဲရှိ ဖရိုဖရဲအတွေးများကို မြိုသိပ်လိုက်ကြသည်။ ချင်မူ မျက်လုံးများကို ပြန်ပိတ်လိုက်သည်။
ဟူလင်းအာက သူတို့နှစ်ယောက်၏ အလယ်တွင် ငုတ်တုတ် ထိုင်နေလေသည်။
ယန်ကျင့်ကျင့်က လှမ်းပြောလိုက်သည်။ “ငါ နင့်ကို မောင်စုရှင်းထွမ်ကျင့်စဉ် သင်ပေးမယ်၊ သေချာနားထောင်နော်” သူမ သူ့ကို ရှင်းပြလိုက်၏။
ချင်မူက နားမလည်သောနေရာများကို မေးမြန်းလိုက်ပြီး များစွာမကြာလိုက်ဘဲ မောင်စုရှင်းထွမ်ကျင့်စဉ်ကို တတ်မြောက်သွား၏။ သူ ကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည့်အခါ သူ့သူငယ်အိမ်ထဲရှိ ကြယ်အသွင်သဏ္ဍာန်ကွင်းအထပ်ထပ် မှေးမှိန်ငြိမ်းသေသွားသည်။ သို့သော် သင်္ကေတအမှတ်အသားတချို့ ကိန်းဝပ်ကျန်ခဲ့သေးသည်။
သူ မျက်လုံးပြန်ဖွင့်သည့်အချိန်တွင် အလင်းတန်းများ ဖြာထွက်သွားခြင်း မရှိတော့ပေ။ သို့သော် သူ၏သူငယ်အိမ်အတွင်းပိုင်းထဲ၌ တစ်ချက်တစ်ချက် အလင်းတန်းတစ်တန်း ဖျတ်ပြေးသွားတတ်သည်။
မောင်စုရှင်းထွမ်ကျင့်စဉ်က ဗဟိုချက်ရှိ နေအမှတ်အသားများကို မပိတ်ခဲ့ပေ။
ယန်ကျင့်ကျင့်က အနားကပ်လာပြီး သူ့သူငယ်အိမ်များကို စစ်ဆေးကြည့်ရှုကာ စဉ်းစားနေသည်။ “မောင်စုရှင်းထွမ်ကျင့်စဉ်က အဲဒီကောင်းကင်မျက်လုံးကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မယ်ထင်တယ်။ အပြည့်အစုံမဟုတ်လို့ နေအမှတ်အသားတွေ ပိတ်မသွားတာပဲ...”
ဟူလင်းအာ ချင်မူ့ဘေးနား ရောက်လာပြီး သူမလုပ်နေသောအရာကို သိသကဲ့သို့ သူ၏ညာမျက်လုံးအား စစ်ဆေးကြည့်ရှုနေသည်။ “သခင်လေး၊ သခင်လေးမျက်လုံးထဲမှာ ကြယ်တွေ ရှိနေတယ်”
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “အဲ့ဒါ မောင်စုရှင်းထွမ်ကြယ်ကွင်းတွေပဲ။ မိန်းကလေးကျင့်နဲ့ ငါ အဲဒီအကြောင်း ဆွေးနွေးနေတာ။ ပြဿနာမရှာနဲ့နော် လင်းအာ။ မိန်းကလေးကျင့်၊ ငါ့မျက်လုံးပေါ်မှာ နတ်ဘုရားမကျစ်ချင်းရဲ့ မျက်လုံးထဲက အမှတ်အသားတွေ ရောင်ပြန်ဟပ်သွားတာဆိုတော့ သူ့ကောင်းကင်မျက်လုံးကို နားလည်အောင် လုပ်ဖို့ပဲ လိုလောက်တယ်။ သူ့ကောင်းကင်မျက်လုံးက ခိုင်ဧကရာဇ်ခေတ်မှာ နံပါတ်တစ်ကောင်းကင်မျက်လုံးပဲ။ ငါတို့ အဲဒီမျက်လုံးကိုသာ နားလည်သွားရင် သိပ်ထူးခြားသွားမှာ”
ယန်ကျင့်ကျင့်က တွေးပြီး ပြောလိုက်သည်။ “အမှတ်အသားတွေနဲ့တင် နံပါတ်တစ်ကောင်းကင်မျက်လုံးကို နားလည်ဖို့ မဖြစ်နိုင်ဘူး။ ငါ မောင်စုရှင်းထွမ်ကျင့်စဉ်ကို တတ်ထားပေမယ့် နံပါတ်တစ်ကောင်းကင်မျက်လုံးကျင့်စဉ်ကို မစဉ်းစားတတ်သေးဘူး။ ခက်လွန်းတယ်...”
“လုပ်နိုင်တဲ့လူ တစ်ယောက်ရှိတယ်” ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး သူ ယုံကြည်ချက် ရှိလာသည်။ “ငါတို့မိသားစုက ဘိုးဘိုးမျက်ကန်း။ ဘိုးဘိုးမျက်ကန်းက ဒီအမှတ်အသားတွေနဲ့တင် နတ်ဘုရားမကျစ်ချင်းရဲ့ ကျင့်စဉ်ကို သေချာပေါက် ပြန်ပြင်ပေးနိုင်တယ်”
“ဘိုးဘိုးမျက်ကန်း ဟုတ်လား” ယန်ကျင့်ကျင့် ဇဝေဇဝါ ဖြစ်သွားသည်။ “သူက မျက်မမြင် မဟုတ်ဘူးလား”
မျက်ကန်း၏ အစွမ်းအစများအပေါ် ချင်မူ တထစ်ချ ယုံကြည်သည်။ “မမြင်နိုင်ပေမယ့် သူ့အမြင်အာရုံက သိပ်ကောင်းတယ်။ သူက ငါတွေ့ခဲ့ဖူးသမျှထဲမှာ နံပါတ်တစ်ကောင်းကင်မျက်လုံးပဲ”
ယန်ကျင့်ကျင့် ပို၍ပင် တွေဝေရှုပ်ထွေးသွားသည်။ “မျက်မမြင်ဆိုမှတော့ ဘယ်လိုလုပ် အမြင်အာရုံကောင်းမှာလဲ”
“ဘိုးဘိုးမျက်ကန်းက အမြင်အာရုံအကောင်းဆုံး။ ဘိုးဘိုးရွှေအက စကားမပြောတတ်ပေမယ့် ပက်ပက်စက်စက် ဆူတတ်တယ်။ ဘိုးဘိုးထော့ကျိုးက အပြေးအမြန်ဆုံး။ လက်တစ်ဖက်တည်းရှိတဲ့ ဘိုးဘိုးမာက လက်သီးသိုင်းအကောင်းဆုံး။ ကိုယ်တစ်ပိုင်းပဲ ရှိတဲ့ ဘိုးဘိုးသားသတ်သမားက သိုင်းတိုက်ပွဲမှာ အကြမ်းဆုံးပဲ။ ဘိုးဘိုးနားကန်းဆိုလည်း နားမကြားရပေမယ့် နားအလည်ဆုံးပဲ”
ချင်မူ ပြုံးလိုက်သည်။ “အလှဆုံး ဘွားဘွားစစ်နဲ့ ဆေးကုတာမှာရော၊ အဆိပ်ခတ်တာမှာရော နံပါတ်တစ်ဖြစ်တဲ့ ချစ်စရာအကောင်းဆုံး ဘိုးဘိုးဆေးဆရာလည်း ရှိသေးတယ်။ ဒါပေမဲ့ သူတို့အားလုံးအထဲ အင်အားအကြီးဆုံးကတော့ ခြေရော၊ လက်ရော မရှိတော့တဲ့ ဘိုးဘိုးရွာလူကြီးပဲ။ သူ့ဓားသိုင်းက တုနှိုင်းမဲ့လောက်အောင် ပြိုင်ဘက်ကင်းတယ်”
ယန်ကျင့်ကျင့် စိတ်လှုပ်ရှားလာသည်။ “ငါ သူတို့နဲ့ တွေ့ချင်လိုက်တာ”
“နင် သက်သာရင် ငါ ခေါ်သွားပေးမယ်” ချင်မူ ပြောလိုက်သည်။ “နှစ်သစ်ကူးတော့မှာဆိုတော့ ဒီတစ်ခေါက် ဘွားဘွားအိမ်မှာပဲ စားသောက်ပွဲ လုပ်ကြလိမ့်မယ်။ နင်ရော လိုက်ခဲ့ချင်လား”
“လိုက်ချင်တာပေါ့” ယန်ကျင့်ကျင့်မှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း ညှိုးငယ်သွားသည်။ သူမက ခေါင်းယမ်းကာ ပြောလိုက်၏။ “ငါ မျိုးနွယ်မှာ ရှိနေဖို့လိုတယ်။ နေသင်္ဘောကို စောင့်ရှောက်မယ့်လူ မရှိလို့ မဖြစ်ဘူးလေ။ နတ်ဆိုးတွေ ထပ်လာခဲ့ရင်...”
ချင်မူ ပြုံးပြံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။ “အဲဒီအတွက် မပူနဲ့တော့။ ငါ နေအသစ်တစ်စင်း မြှားပြီး ခန္ဓာပွားမိစ္ဆာနတ်ဆိုးကိုလည်း သတ်ခဲ့ပြီးပြီ။ အချိန်တစ်ခုအထိတော့ ဘယ်ရန်သူမှ လိုက်တိုက်ခိုက်ဦးမှာမဟုတ်ဘူး။ နှစ်သစ်ကူးပြီးရင် ငါ နင့်ကို ပြန်လိုက်ပို့ပေးမယ်လေ...”
ယန်ကျင့်ကျင့်မှာ ဝမ်းသာသွားသော်လည်း စိုးရိမ်နေသည်။ “ငါ မျိုးနွယ်တွေ ထားပြီး တစ်ယောက်တည်း အပြင်မထွက်ဖူးဘူးဟ...”
“ငါရှိတယ် စိတ်ချ”
....
ဟူလင်းအာမှာ စကားဝိုင်းထဲ ဝင်မပါရ၍ စိတ်ကောက်နေသည်။ တခဏကြာသော် နေထိန်းကျောင်းသူအမျိုးသမီးအချို့ ရောက်လာပြီး အဝတ်အစားများ ချကာ လေးလေးစားစား လျှောက်တင်၏။ “မင်းသား၊ အဝတ်အစားသစ်တွေ ချုပ်ပြီးပါပြီ”
ချင်မူ ထရပ်လိုက်သည့်အခါ တင်ပါး အေးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူ ကပျာကယာ ပြန်ထိုင်ပြီး ပြောလိုက်သည်။ “လင်းအာ၊ မိန်းကလေးကျင့်၊ ဟိုဖက်လှည့် ဟိုဖက်လှည့်။ ငါ အဝတ်အစား လဲမလို့”
ယန်ကျင့်ကျင့်နှင့် ဟူလင်းအာ တစ်ဖက်လှည့်သွား၍ ချင်မူ ကန်ထဲမှ ခပ်သွက်သွက် ခုန်ထွက်လိုက်သည်။
ဟူလင်းအာက ချောင်းကြည့်ရန် ခေါင်းလှည့်လိုက်သော်လည်း ယန်ကျင့်ကျင့် ကမန်းကတန်း ပြောလိုက်သည်။ “ချောင်းမကြည့်နဲ့လေ”
“သခင်လေးမှာ အမြီးရှိလား ကြည့်နေတာ” သူမက ခပ်တိုးတိုး ပြန်ပြော၏။
“အမြီး တွေ့လား” ယန်ကျင့်ကျင့် စိတ်ဝင်တစား မေးလိုက်မိသည်။
“မရှိဘူး ဖင်ပြောင်ကြီး” ဟူလင်းအာ၏ အသံမှာ စိတ်ပျက်နေဟန်ရှိသည်။
ချင်မူ မြန်မြန်ဆန်ဆန် အဝတ်ဝတ်လိုက်သည်။ ဝတ်စုံက အပြာရောင်ဖြစ်ပြီး နေနှင့်လ သင်္ကေတအမှတ်အသားများကို အလှဖော်ပန်းထိုးထားပြီး အစအောက်နား၌မူ နဂါးသင်္ကေတများနှင့် မီးငှက်သင်္ကေတများ ရှိသည်။ ချုပ်ရိုးချုပ်သားက ကွက်တိကျကာ သေသပ်၏။ တချို့နေရာများက ခမ်းနားလှပသော်လည်း ထင်းထင်းကြီး ဖြစ်မနေပေ။ ရိုးရိုးရှင်းရှင်းနှင့် တင့်တင့်တယ်တယ် ရှိသည်။
“မဆိုးဘူး”
အလွန်သက်တောင့်သက်သာ ရှိလှ၍ ချင်မူ အံ့အားသင့်နေသည်။ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ထုတ်ဖော်ကြည့်သည့်အခါ သူ၏ကြွက်သားများက နဂါးများပမာ ကြီးထွားပြန့်ကားလာပြီး သူ့အဝတ်အစားလည်း ကျယ်လာသည်။ သို့သော် ကိုယ်တိုင်းနှင့် ကွက်တိကျနေဆဲ ဖြစ်၏။
“သိပ်ကောင်းတဲ့ လက်ရာပဲ”
ချင်မူ အံ့ဩဝမ်းသာသွားမိသည်။ ချီစွမ်းအင် ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည့်အချိန်တွင် အဝတ်အစားများကလည်း အရေပြားပမာ လှုပ်ရှားသွားသည်ကို သူ ခံစားလိုက်ရ၏။ ထို့အပြင် ဤဝတ်ရုံက ခန္ဓာကိုယ်ကို မည်မျှပြောင်းလဲစေကာမူ အလိုအလျောက် ချဲ့နိုင်၊ ချုံ့နိုင်သည်။
“ဒါ ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ လက်ရာပဲ ဖြစ်မယ်” ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “ကောင်းကင်ငှက်မွှေးမျိုးနွယ် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်လို့ကတော့ အပ်ချုပ်ပညာနဲ့တင် အသက်မွေးဝမ်းကြောင်းလို့ ရပြီ”
သူ ကန်ထဲ ပြန်ဝင်ပြီး ရေစိမ်ကြည့်သည်။ အဝတ်အစားများ ရေမစိုပေ။ ရေထဲမှ ထွက်လိုက်သည့်အခါ ခြောက်နေဆဲ ဖြစ်သည်။ ချင်မူ တအံ့တဩ စုပ်သပ်လိုက်မိသည်။
ရေကန်ထဲတွင် သန့်စင်ယန်ချီများ စုဝေးနေသည့်အတွက် ရေစိမ်ခြင်းဖြင့် ကုန်ခမ်းသွားသော အသက်ဓာတ်ကို ပြန်ဖြည့်နိုင်သည်။ ယန်ကျင့်ကျင့်က သန့်စင်ယန်ခန္ဓာဖြစ်၍ အကျိုးသက်ရောက်မှုအများဆုံး ရှိသည်။ ချင်မူလည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ခြင်းဖြင့် ရေကန်ထဲရှိ သန့်စင်ယန်ချီကို စုပ်ယူနိုင်သည်။ သူ၏အသက်ဓာတ်များ တရှိန်ထိုး ပြန်ပြည့်လာသည်ကိုသာမက သူ၏ကျင့်စဉ်စွမ်းအင်လည်း မြင့်တက်လာသည်ကို သူ ခံစားနေရ၏။ ချီစွမ်းအင်လည်း ပိုမိုသန့်စင်လာသည်။ သူတို့နှစ်ယောက် ရေထဲတွင် တစ်ရက်၊ နှစ်ရက်ခန့် စိမ်ပြီးသည့်အခါ အကောင်းနီးပါး သက်သာလာသည်။
ဟူလင်းအာ၏ မီးလောင်ဒဏ်ရာများ ပျောက်ကင်းသွားသည်မှာ ကြာပြီဖြစ်သော်လည်း သူမက ပေကပ်နေပြီး ထွက်မသွားပေ။ ချင်မူ သူမအား ကောင်းကင်နတ်သိုင်းများ၊ သိုင်းကွက်များနှင့် ကျင့်စဉ်များအပြင် ဓားကိုင်နည်းလည်း သင်ပေးလိုက်သည်။ ယန်ကျင့်ကျင့်ကိုလည်း ကောင်းကင်မျက်လုံးနှင့်ပတ်သက်ပြီး လိုအပ်သည်များ ထောက်ပြပေးလိုက်၏။ ဤသို့ဖြင့် နေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ယန့်ကျင့်ကျင်မှာ အသက်ဓာတ်ပြန်ပြည့်ဝလာသော်လည်း ပိန်ချုံးနေဆဲ ဖြစ်သည်။ နေသင်္ဘောက သူမ၏ရုပ်ခန္ဓာကို အလွန်အကျူး ဝါးမြိုခဲ့၍ အချိန်တိုအတွင်း သက်သာလာဦးမည်မဟုတ်ပေ။
ချင်မူ ဟူလင်းအာကို ချီပြီး ရေကန်ထဲမှ ထွက်လိုက်သည်။ ယန်ကျင့်ကျင့်က သူမဘာသာ တက်လာသည်။ “ဘိုးဘိုးခေါင်းဆောင်က ငါ့ကို ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး။ နေသင်္ဘောရဲ့အပြင်ကို ငါ တစ်ခါမှ မထွက်ဖူးတော့လေ...” ယန်ကျင့်ကျင့် တွန့်ဆုတ်နေသည်။
“ဒါဆိုလည်း သူ့မပြောဘဲ နေရအောင်။ တိတ်တိတ်လေး ထွက်သွားကြမယ်” ချင်မူ ပြုံးလိုက်သည်။
ယန်ကျင့်ကျင့်မှာ မျက်နှာလေးရဲလာသည်အထိ စိတ်လှုပ်ရှားလာသည်။ သူမက လက်သီးတင်းတင်း ဆုပ်လိုက်၏။ “ကောင်းပါ့မလားဟင်”
ချင်မူ သူတို့ကို အနီးနား၌ စောင့်ခိုင်းလိုက်ပြီး နေထိန်းကျောင်းသူခေါင်းဆောင်နှင့် ယွီကျောက်ချင်းအား သွားရှာလိုက်သည်။ ယွီကျောက်ချင်းက မျိုးနွယ်နှင့် တိုင်ပင်ဆွေးနွေးပြီး၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားပြီး ခဏတဖြုတ် အခြေချရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ချင်မူ စစ်ယွင်ရှန်း၊ လင်ယွိရှို့နှင့် ရေကန်ထဲ၌ ကစားနေသော နဂါးချီလင်နှင့် နဂါးအုပ်ကို လှမ်းခေါ်လိုက်သည်။ သူ နေထိန်းကျောင်းသူခေါင်းဆောင်ကို နှုတ်ဆက်စကားပြောလိုက်ပြီး ဟူလင်းအာအား ယန့်ကျင့်ကျင့်ကို ကောင်းကင်ငှက်မွှေးမျိုးနွယ်ကြားထဲ အရောခိုင်းလိုက်၏။
နေထိန်းကျောင်းသူခေါင်းဆောင်က အကုန်လုံးကို လိုက်ပို့ပြီးနောက် ပြောသည်။ “မင်းသား၊ နေစောင့်ရှောက်သူရဲ့ ခန္ဓာကိုယ်က သိပ်ကျန်းမာသေးတာမဟုတ်ဘူး။ သူ့ကို မင်းသား ကောင်းကောင်းမွန်မွန် ကြည့်ရှုပေးပါ”
ချင်မူ မှင်သက်သွားသည်။ ခေါင်းဆောင်အဘိုးအိုက သူတို့ကို လက်ပြနှုတ်ဆက်လိုက်၏။
နေရေတွင်းမှ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ယန်ကျင့်ကျင့် ချင်မူ့ဘေးနား သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ခေါင်းဆောင် ငါ့ကို သတိမထားမိဘူး”
ချင်မူ ရယ်ရမလား၊ ငိုရလား မသိတော့ပေ။ ‘မြေခွေးအိုကြီးက သတိမထားမိဘဲ နေမလား...’
လင်ယွိရှို့မှာ အံ့ဩသွားပြီး ထအော်လိုက်မိသည်။ “နွားကျောင်းသား၊ နင် နေစောင့်ရှောက်သူကို ပြန်ပေးဆွဲလာတာပဲ။ အတင့်ရဲလိုက်တာ”
စစ်ယွင်ရှန်းက သရော်တော်တော် ပြုံး၍ ပြောလိုက်သည်။ “သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မင်းသမီးကိုတောင် ပြန်ပေးဆွဲထားတာလေ” ထို့နောက် ချင်မူနှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လိုက်လာမည့် ချောမောလှပသော ကောင်းကင်ငှက်မွှေးမျိုးနွယ်ဝင်များအား သူမ ကြည့်လိုက်သည်။ “ဂိုဏ်းသခင်က ကောင်းကင်ငှက်မွှေးမျိုးနွယ်စုကိုတင်မကဘူး... နဂါးအုပ်ကိုတောင် ပြန်ပေးဆွဲခဲ့သေးတယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ တကယ် ရှိနေတာပဲ။ ဂိုဏ်းချုပ် ဆုံးဖြတ်တာ မှန်ခဲ့တယ်။ ငါသာဆို ဒီလောက်အများကြီး ပြန်ပေးဆွဲနိုင်မှာမဟုတ်ဘူး... လီထျန်းရှင်ကတော့ စကားလုပ်ပြောဖို့တောင် မတန်ဘူး”