← Chapters

အံ့အားသင့်ဖွယ်ရာ ပြောင်းလဲသွားသော ထော့ကျိုး

Vol. 29 Ch. 401

အံ့အားသင့်ဖွယ်ရာ ပြောင်းလဲသွားသော ထော့ကျိုး

Vol. 29 Ch. 401

အပြန်လမ်းတွင် ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာသို့ အရင်ဝင်လိုက်သော်လည်း ကြက်နဂါးများ၏ ကမ္ဘာသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကြက်နဂါးများက ကတော်ကတော် ‌အော်ဟစ်နေကြပြီး ကောင်းကင်ငှက်မွှေးမျိုးနွယ်ဖြင့် စစ်ဖြစ်တော့မည့်အလား ရန်လိုနေကြ၏။

ချင်မူ ရန်အထောင်ဆုံး ကြက်နဂါးကို သတ်လိုက်ပြီး ကင်လိုက်သည်။ ထိုအခါမှ ကြက်နဂါးများ နေရာမှန်သိသွားကာ ငြိမ်သွားကြသည်။

ရွာထဲတွင် မည်သူမှ မရှိ၍ ဆေးဆရာလည်း ပြန်ရောက်မလာသေးပုံပေါ်သည်။ သူ ခရီးမဆက်ခင် နှစ်သစ်ကူးအတွက် အဘွားစစ်၏ အိမ်သို့ သွားမည်ဖြစ်ကြောင်း စာရေးထားခဲ့လိုက်သည်။

လျှို့ဝှက်ရေတံခါးတွင် အစောင့်များမှာ တရွေ့ရွေ့ ချဉ်းကပ်လာနေသော လူတစ်သန်းကျော်ကို ကြည့်နေကြသည်။ မြို့ထဲတွင် စစ်သည်အင်အားက တစ်သောင်းဝန်းကျင်သာ ရှိပြီး ဤမျှများပြားသော လူအုပ်ကြီးကိုလည်း သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ကံကောင်းထောက်မစွာနှင့် လင်ယွိရှို့က သူတို့ဆီ သွားပြီး လာရသည့်အကြောင်းရင်းအား ရှင်းပြလိုက်သည်။ ထိုအခါမှ မြို့စောင့်စစ်သည်များက မြို့တံခါးဖွင့်ကာ သူတို့အား ဝင်ခွင့်ပြု၏။

ဤလူအုပ်ကြီးအတွက် ရိက္ခာပမာဏက ပြဿနာဖြစ်လာသည်။ ကောင်းကင်ငှက်မွှေးမျိုးနွယ်က အသီးအရွက်သာ စားပြီး အသားငါး မနှစ်သက်ကြပေ။ လမ်းတစ်လျှောက်လုံး သစ်သီး၊ ပျားရည်၊ ပန်းဝတ်ဆံ၊ သစ်ဥသစ်ဖု အစရှိသည်တို့ကိုသာ သူတို့ စားခဲ့ကြသည်။

သို့သော်လည်း လူတစ်သန်းကျော်အတွက် လိုအပ်သော ရိက္ခာပမာဏက ပြဿနာကြီးတစ်ရပ် ဖြစ်နေသေးသည်။

ချင်မူ ယွီကျောက်ချင်းအား ကောင်းကင်ငှက်မွှေးကမ္ဘာတွင် ကောင်းကင်ငှက်မွှေးမျိုးနွယ်ဝင်များ စားကြသည့် အစာများအကြောင်း မေးကြည့်လိုက်၏။ ကောင်းကင်ငှက်မွှေးကမ္ဘာ၌ ဆေးလုံးသစ်ပင်ဆိုသည့် သစ်ပင်များရှိသည်။ ဆေးလုံးသစ်သီးများက စွမ်းအင်ဆေးလုံးများ ဖြစ်သော်လည်း အရည်ရွှမ်းပြီး သလင်းကျောက်သဖွယ် ကြည်လဲ့၏။ ထို့အပြင် ဆေးလုံးသစ်သီးတစ်လုံး စားလျှင် အစာစားစရာလည်း မလိုသလို၊ ရေသောက်စရာပင် မလိုပေ။

သာမန်သစ်သီးများကလည်း သူတို့အတွက် ဗိုက်ပြည့်သည်။ အရသာကသာ သိပ်မကောင်းခြင်းဖြစ်၏။

“ဆေးလုံးသစ်ပင်ဟုတ်လား... မဟာမြို့ပျက်မှာရော၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာရော စွမ်းအင်းဆေးလုံး သီးတဲ့ သစ်ပင်မရှိဘူး”

ဆေးလုံးသစ်သီးများ၏ အာနိသင်ကို ချင်မူ မေးကြည့်သည့်အခါ ယွီကျောက်ချင်းက အသေးစိတ် ရှင်းပြသည်။ ထို့နောက် ချင်မူ ထိုကဲ့သို့ စွမ်းအင်ဆေးလုံးများအား ဖော်ကြည့်သော်လည်း တစ်လုံးဖော်ပြီးတိုင်း ယွီကျောက်ချင်းက ခေါင်းယမ်း၏။

နောက်ဆုံးတော့ ချင်မူ မိုးရေဖြင့် မိုးပြာရောင်ဆေးလုံးများ ဖော်လိုက်သည်။ ဤဆေးလုံးများအတွက် သူ အတော်လေး အားစိုက်ထုတ်ခဲ့ရလေသည်။

မိုးပြာရောင်ဆေးလုံးတစ်လုံး မြည်းပြီးနောက် ယွီကျောက်ချင်းက ချီးကျူးလိုက်သည်။ “အရသာက ငါးဆယ်၊ ခြောက်ဆယ်ရာခိုင်နှုန်းလောက် တူနေပါပြီ မင်းသား”

ချင်မူ စိတ်သက်သာရာရသွားပြီး ကောင်းကင်ငှက်မွှေးမျိုးနွယ်၏ ဆေးဆရာများ သူတို့ဘာသာ ဆေးဖော်နိုင်အောင် ဆေးညွှန်းကို ယွီကျောက်ချင်းဆီ ပေးလိုက်သည်။ ထိုနည်းဖြင့် သူတို့ ဗိုက်ဖြည့်ရန် တောရိုင်းသစ်သီးများ လိုက်ခူးစရာလိုတော့မည်မဟုတ်ပေ။

‘ကောင်းကင်ငှက်မွှေးမျိုးနွယ်အနေနဲ့ တောင်ပိုင်းမှာပဲ နေဖို့ သင့်တော်တယ်။ တောင်ပိုင်းက နွေးတော့ သူတို့အတွက် အဆင်ပြေဆုံးပဲ”

ဤမျှလူအများကြီးအတွက် နေရာချထားရေးနှင့် ပတ်သက်ပြီး ချင်မူ ခေါင်းကိုက်လာသည်။ နောက်ဆုံးတော့ ဧကရာဇ်ယန်ဖုန်းကိုသာ‌ ခေါင်းကိုက်ခိုင်းရန် ဆုံးဖြတ်လိုက်တော့၏။

လျှို့ဝှက်ရေတံခါးမှ လေသင်္ဘောတစ်စင်း လေ‌ပေါ် ပျံတက်လာပြီး ချင်မူ၏အစီရင်ခံစာနှင့်အတူ မြို့တော်ဆီ တရှိန်ထိုး ထွက်သွားသည်။

ထိုအချိန်တွင် ချင်မူက နဂါးထိန်းဧကရာဇ်အား ဆင့်ခေါ်၍ အကုန်လုံးကို သူ၏ဧရာမကိုယ်လုံးကြီးအပေါ် တက်ခိုင်းလိုက်သည်။ ထိုမြင်ကွင်းမှာ အင်မတန် ရင်သပ်ရှုမောဖွယ်ကောင်းချေသည်။

ယန်ကျင့်ကျင့်မှာ တအံ့တဩ စုတ်သပ်လိုက်မိသည်။ နေရေတွင်းထဲတွင် နဂါးထိန်းဧကရာဇ်သို့ ဧရာမသတ္တဝါကြီးအား တစ်ခါမှ မမြင်ခဲ့ဖူး၍ သူမ စိတ်မဝင်စားမိဘဲ မနေနိုင်အောင် ဖြစ်နေသည်။

သူတို့ ဖန့်စုန်းပြည်နယ်၏ တောင်ပိုင်းဆီသို့ ရောက်သည့်အခါ ချင်မူ ကောင်းကင်ငှက်မွှေးမျိုးနွယ်အား အနီးနားရှိ တောအုပ်ထဲတွင် စခန်းချခိုင်းလိုက်သည်။ သူက မိန်းကလေးများကို‌ အဘွားစစ်၏အိမ်ထံ ခေါ်သွားပြီး ယွီကျောက်ချင်းလည်း ဧကရာဇ်ယန်ဖုန်း၏အမိန့်တော်ကို စောင့်ရန်အတွက် သူ့နောက်မှ လိုက်လာသည်။

အကုန်လုံး အဘွားစစ်၏အိမ်ကို ရောက်သည့်အခါ အကြီးအကျယ် အံ့အားသင့်သွားကြသည်။ ဤနေရာမှာ သေမျိုးလူ့ပြည်၏ အထွတ်အမြတ်မြေအလား၊ နတ်ဘုံဗိမာန်အလား ထင်ရသည်။ ဝိညာဉ်ချီစွမ်းအင်က အလွန်သိပ်သည်းနေ၍ ရေစက်များအသွင်ပင် ဖွဲ့တည်နေကြသည်။

သို့သော် သူတို့ ထွက်လာတုန်းကလို မဟုတ်ဘဲ ထူးထူးခြားခြား စည်ကားသိုက်ဝန်းနေသည်။ ဟိုနေရာ၌၊ သည်နေရာ၌ တံမြက်စည်းလှဲနေသော နန်းတွင်းအပျိုတော်များလည်း ရှိနေ၏။ လင်ယွိရှို့ အံ့အားသင့်သွားပြီး သူတို့ထဲမှ နှစ်ယောက်အား လှမ်းခေါ်လိုက်သည်။ “ကျန့်ချီ၊ ချင်ချီ နင်တို့နှစ်ယောက် အဘွားတော်နားမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီရောက်နေတာလဲ”

နန်းတွင်းသူနှစ်ယောက်က အဆိပ်ဘုရင်ငယ် ဖုယွင်ချင်း လုပ်ကြံမည်စိုး၍ ချင်မူ့ကို အိမ်ပြန်ပို့ပေးခဲ့သော မိန်းကလေးနှစ်ယောက် ဖြစ်သည်။ သူတို့က လင်ယွိရှို့နှင့် ချင်မူ့အား ကပျာကယာ နှုတ်ဆက်လိုက်ကြသည်။ သူတို့နှစ်ယောက်အနက် တစ်ယောက်က ဘယ်ပါးချိုင့်ရှိပြီး တစ်ယောက်က ညာပါးချိုင့်ရှိလေသည်။

ကျင့်ချီက ပြုံးလိုက်ပြီး လျှောက်တင်၏။ “ဧကရာဇ်မယ်တော်ကြီး ဒီရောက်နေလို့ ကျွန်မတို့လည်း ဒီရောက်နေတာပါ”

လင်ယွိရှို့ အံ့အားသင့်သွားသည်။ “အဘွားတော်လည်း ‌ရောက်နေတာလား။ ဘာလို့လဲ”

ကျင့်ချီနှင့် ချင်ချီမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အပြောရခက်နေဟန်တူသည်။ ကျင့်ချီက အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် ပြောလိုက်သည်။ “မယ်တော်ကြီးက ပျော်တော်ဆက်ယွီနောက် လိုက်တာပါ... မင်းသမီး တိုးတိုးပြောပါနော်၊ မယ်တော်ကြီး သိသွားရင် ကျွန်မတို့ ခေါင်းပြတ်လိမ့်မယ်”

ကျင့်ချီက လင်ယွိရှို့၏နားအနား ကပ်၍ ပြောလိုက်သည်။ “ပျော်တော်ဆက်ယွီနောက် လိုက်လာကြတဲ့ မိန်းမတွေ အများကြီးပဲ။ သူ သူ့မျက်နှာအစစ်ကို ပြလိုက်တော့ အလှီးခံထားရန်မှန်း မြင်ပြီး အကုန်လုံး အံ့ဩသွားကြတယ်။ ဒါပေမဲ့လေ တစ်ယောက်မှ မပြန်ကြဘူးသိလား။ ဒီမိန်းမတွေအကုန်လုံးက သိုင်းလောကမှာ အင်မတန် ရက်စက်ပြီး နာမည်ကျော်ကြားတဲ့ လူတွေချည်းပဲ။ ဂိုဏ်းခေါင်းဆောင်တွေတောင် ပါသေးတယ်။ နောက်ဆုံးတော့ ဧကရာဇ်မယ်တော်ကြီးလည်း သည်းမခံနိုင်တော့ဘဲ သူတို့အားလုံးနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့သေးတယ်။ ဒါပေမဲ့ သူတို့ကို မနိုင်လို့ အားလုံး ဒီနေရာမှာ နေနေကြတော့တာပဲ..”

လင်ယွိရှို့ အနေရခက်သွားပြီး ချင်မူ့ဆီသို့ လှမ်းကြည့်လိုက်သည်။ “ပျော်တော်ဆက်ယွီက ရွာကလား”

“သူက ဘိုးဘိုးဆေးဆရာလေ၊ ‌ကျောက်စိမ်းမျက်နှာဘုရင်လို့လည်း အသိများတယ်” ချင်မူ သတင်းကြောင့် အလွန်ဝမ်းသာသွားသည်။ “ဒီတိုင်းဆို ဘိုးဘိုးဆေးဆရာလည်း ဒီမှာပဲဖြစ်ရမယ်။ သူတော့ မိန်းမတွေနဲ့ ခြေချုပ်မိပြီး ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”

ယန်ကျင့်ကျင့် ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့်လိုက်သည်။ ဟိုဟိုသည်သည် သွားလာနေသော နန်းတွင်းသူများအပြင် ထူးဆန်းသောအရာများကိုလည်း သူမ မြင်လိုက်ရ၏။ လူ့ခေါင်းငါးကိုယ်ရှိသော ကြောက်မက်ဖွယ်ရာ ရေသူထီးတစ်ကောင်နှင့် ငါးခေါင်းလူကိုယ်ရှိသော ထူးထူးဆန်းဆန်း ရေသူထီးတစ်ကောင် ရှိသည်။ သူတို့က ဟိုမှသည် သွားလာ၍ နှစ်ကူးအတွက် ပြင်ဆင်နေကြသည်။

သစ်ပင်မိစ္ဆာများ၊ ပန်းမိစ္ဆာများနှင့် ဆန်းကြယ်မိစ္ဆာများလည်း တောထဲတောင်ထဲတွင် ပြည့်နှက်နေသည်။ သစ်ပင်မိစ္ဆာများက ကြမ်းတမ်းသောစိတ်သဘာဝ ရှိ၍ သမင်မိစ္ဆာများနှင့် မကြာခဏ ထသတ်တတ်ကြသည်။

“ကောင်စုတ်လေး၊ နှစ်သစ်ကူးအတွက် မိန်းကလေးတွေ ခေါ်တာတယ်ပေါ့လေ”

သူတို့ ဟိုကြည့်သည်ကြည့် ကြည့်နေသည့်အချိန်တွင် မွှေးပျံ့ချိုအီသော သင်းရနံ့က သူတို့၏နှာခေါင်းဝထဲ တိုးဝင်လာ၍ အကုန်လုံး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ နတ်သက်ကြွေလာသကဲ့သို့ လှပကြော့ရှင်းသော မိန်းမတစ်ယောက် လျှောက်လာသည်ကို မြင်သည့်အခါ အားလုံး ကြက်သေသေသွားကြ၏။ သူမက လူသားတစ်ယောက်နှင့် မတူဘဲ ဒဏ္ဍာရီထဲမှ ခုန်ထွက်လာသော နတ်ဘုရားမအလား ပြစ်ချက်ကင်းသော အလှတရားကို ပိုင်ဆိုင်ထားပေသည်။

မိန်းကလေးများအားလုံး မှင်သက်နေကြပြီး သိမ်ငယ်သွားကြသည်။ သို့သော် သူမအပေါ် ခင်မင်တွယ်တာစိတ်တို့ ဖြစ်ပေါ်လာကာ သူမအနား တိုးကပ်သွားချင်မိကြသည်။

“ဒေါ်လေး” စစ်ယွင်ရှန်းက စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ “ဒေါ်လေးလည်း ဒီရောက်နေတာပဲ”

အဘွားစစ်က တခစ်ခစ် ရယ်ကာ ပြောလိုက်၏။ “တူမလေးရှန်း၊ ငါတို့မူအာနဲ့ ဝေးဝေးနေ”

“ဒေါ်လေး ကျွန်မတို့က တူဝရီးလေ၊ ဘာလို့ သူ့ဘက် ပါနေတာလဲ” စစ်ယွင်ရှန်း သုန်မှုန်စွာ ဆူဆောင့်လိုက်သည်။

အဘွားစစ်က သူမကို ဘေးသို့ တွန်းထုတ်ပြီး ကျန်မိန်းကလေးများဆီ လျှောက်သွားသည်။ သူမက သူတို့ကို အကဲခတ်ကာ ပြုံးပြလိုက်၏။ “ငါက မူအာ့ကို ပေါက်စလေးကတည်းက ထိန်းလာတာ။ နင့်ထက် သူနဲ့ပိုရင်းနှီးတယ်။ နင့်ကိုက တစ်ခါမှ ချီဖူးတာတောင် မဟုတ်ဘူး။ မူအာ သူက မကောင်းတဲ့အတွေးတွေပဲ ပြည့်နေတဲ့ ကဝေမလေးသိလား။ သူ့ကို သတိထားဖို့လိုတယ်”

ဟူလင်းအာ ထခုန်ကာ အော်လိုက်သည်။ “သူက ကဝေမမှန်း ကျွန်မ သိတယ်။ ဘွားဘွား၊ ကျွန်မ သခင်လေးကို သေချာစောင့်ရှောက်ထားတယ်သိလား။ ဘယ်ကဝေမကိုမှ သူ့အနား ကပ်ခွင့်မပေးခဲ့ဘူး”

အဘွားစစ်က ချင်မူ့ဘေးနားရောက်လာပြီး သူ့ခေါင်းကို ပွတ်သပ်ပေးရန် လက်မြှောက်လိုက်သော်လည်း မမှီပေ။ သူမ စိတ်တိုတိုဖြင့်‌ ဆူလိုက်သည်။ “အရပ်ကြီး ရှည်လာလိုက်တာ။ ကိုယ့်ဘွားဘွားကို ခါးကိုင်းပေးမယ် မရှိဘူး”

ချင်မူ ကပျာကယာ ခါးကိုင်းပေးလိုက်၍ အဘွားစစ်က သူ့ခေါင်းကို ပွတ်သပ်သာ သက်ပြင်းချလိုက်သည်။ “မင်းအရပ်က သားသတ်သမားနဲ့တောင် အတူတူရှိတော့မယ်။ ဘာလို့ဒီလောက်မြန်မြန် ကြီးလာရတာလဲ။ ဘွားဘွားနဲ့ တွေ့ပေးဖို့ မိန်းကလေးတွေ ခေါ်လာဖို့တောင် သိနေပြီ..” သူမမျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝဲလာသည်။ “အိမ်က ထွက်သွားကဖြင့် တစ်နှစ်၊ နှစ်နှစ်ပဲ ရှိသေးတယ်။ တစ်အိုးတစ်အိမ် ထူထောင်နေပြီပေါ့လေ...”

“ဘွားဘွားကလည်း ကျွန်တော် တစ်အိုးတစ်အိမ် ထူထောင်နေတာမဟုတ်ပါဘူး။ ဘိုးဘိုးမျက်ကန်းပေါ့ ကျွန်တော့်ကို အတင်းဖိအားပေးခဲ့တာ။ ဘွားဘွား ယွိရှို့ကိုတော့ တွေ့ဖူးပါတယ်။ ဒီဖက်ကတစ်ယောက်က နေထိန်းကျောင်းသူမျိုးနွယ်ရဲ့ နေစောင့်ရှောက်သူပဲ။ ဧကရာဇ်အတိုင်ပင်ခံကို မောင်းထုတ်ခဲ့တဲ့ နေသင်္ဘောကို ‌မောင်းနှင်တဲ့တစ်ယောက်လေ၊ ယန်ကျင့်ကျင့်တဲ့။ ဒီဖက်ကတော့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ရဲ့ ခေါင်းဆောင် ယွီကျောက်ချင်းတဲ့။ ကျွန်တော် နှစ်သစ်ကူးအတွက် ဘွားဘွားဆီ သွားမယ်ပြောလို့ သူတို့လည်း လိုက်လာခဲ့ကြတာ”

အဘွားစစ်က မျက်ရည်ဝဲနေရာမှ ရယ်လိုက်သည်။ “ဒီမိန်းက‌လေးတွေက ယောက္ခမတွေကို လာတွေ့ကြတာပေါ့။ ကောင်းတယ် ကောင်းတယ်။ လာလာ ထိုင်ကြပါဦး”

မိန်းကလေးအားလုံး မျက်နှာများရဲနေကြသည်။

သို့ရာတွင် ယွီကျောက်ချင်းသည် မျိုးနွယ်တစ်စု၏ ခေါင်းဆောင်ဖြစ်သည့်အပြင် ကျင့်စဉ်အဆင့်လည်း မြင့်မား၏။ ကောင်းကင်ငှက်မွှေးကမ္ဘာတွင် ထိပ်တန်းသိုင်းပညာရှင်လည်း ဖြစ်သည့်အတွက် သူမက ပြောလိုက်သည်။ “အမတော်၊ အထင်မလွဲပါနဲ့။ ကျွန်မက မင်းသားရဲ့ ကိုယ်လုပ်တော်တစ်ယောက် မဟုတ်ပါဘူး”

အဘွားစစ်မှာ ရိုးသားဖြူစင်ပြီး ဆွဲဆောင်မှုရှိသော ယွီကျောက်ချင်းကို သဘောကျသထက် သဘောကျလာကာ ပြုံးလိုက်သည်။ “ဘွားဘွားလို့ ခေါ်လည်း ရပါတယ်။ အမတော်ဆိုတာက ယဉ်‌ကျေးလွန်းရာ ကျတယ်”

ယွီကျောက်ချင်း အတန်ငယ် တွန့်ဆုတ်သွားသော်လည်း ဤကမ္ဘာ၏ အခေါ်အဝေါ်များအား အပြည့်အဝ နားမလည်သေး၍ ဘွားဘွားဟုသာ ခေါ်လိုက်သည်။

“လိမ္မာလိုက်တာ” အဘွားစစ်က သ‌ဘောကျစွာ ရယ်လိုက်သည်။

စစ်ယွင်ရှန်း ‌ရှေ့သို့ လျှောက်သွားပြီး ခေါ်လိုက်၏။ “ဘွားဘွား...”

အဘွားစစ်၏မျက်နှာ တမုဟုတ်ချင်း တည်သွားသည်။ “ဒေါ်လေးလို့ ခေါ်စမ်း”

စစ်ယွင်ရှန်း အလွန်မကျေမနပ် ဖြစ်သွားသော်လည်း ခေါင်းငုံံ့ပြီး ဒေါ်လေးဟုသာ ခေါ်လိုက်ရသည်။ အဘွားစစ်က သူတို့ကို နန်းတော်ထဲ ခေါ်သွားပြီး ချင်မူ့ကို ပြောလိုက်၏။ “ထော့ကျိုးကို သွားကြည့်လိုက်ဦး။ အဲဒီအဘိုးကြီး ချုံးပွဲချ ငိုနေတယ်”

“ဘယ်ခန်းမထဲမှာလဲ ဘွားဘွား” ချင်မူ ကပျာကယာ မေးလိုက်သည်။

“ဒီနေရာက ရွာအတိုင်း နေရာချထားတာ။ သူ့အိမ်ထဲမှာ ရှိတယ်”

ချင်မူ ခပ်သုတ်သုတ် ထွက်သွားသည့်အခါ အဘွားစစ်က မိန်းကလေးများဘက် လှည့်လိုက်ပြီး ပျော်ရွှင်လာသည်။ သူမက ယန်ကျင့်ကျင့်ကို ပြောလိုက်၏။ “နေစောင့်ရှောက်သူက နည်းနည်းပိန်နေတော့ အစာများများ စားဖို့ လိုတယ်။ ယွိရှို့ကတော့ အတော်လေး ထွားတာပဲ။ ဘွားဘွား ဧကရာဇ်နဲ့ တွေ့ဖူးခဲ့သေးတယ်။ အဲဒီတုန်းကတော့ စကားဘာညာ မပြောခဲ့ရဘူး။ လူကြီးချင်းတွေ့ဖို့ သူ့ကို ဘယ်တော့ ခေါ်လိုက်မှာလဲ”

ချင်မူ ထော့ကျိုး၏ခန်းမဆီ ရောက်သွားပြီး ရွှေအ၊ မျက်ကန်း၊ နားကန်းနှင့် သားသတ်သမားတို့အားလုံး ရှိနေသည်ကို မြင်လိုက်ရသည်။ ရွာလူကြီးနှစ်ယောက်လည်း ရှိနေ၏။ မဟုတ်သေး... ထမ်းစင်တစ်ခုပေါ်ရှိ တစ်ယောက်က ခြေပြတ်လက်ပြတ် ရွာလူကြီး ဖြစ်ပြီး ကျန်တစ်ခုအပေါ်တွင် လှဲနေသည်က ခြေထောက်နှစ်ချောင်းလုံး မရှိတော့သော ထော့ကျိုး ဖြစ်နေသည်။

ချင်မူ ကပျာကယာ အပြေးသွားကာ အော်လိုက်သည်။ “ဘိုးဘိုးထော့ကျိုး ဒါက..”

‌ထော့ကျိုးက အော်ဟစ်ငိုယိုနေပြီး သူ့ကို မြင်လျှင် ညည်းလိုက်သည်။ “မူအာ ပြန်လာပြီလား။ မင့်ဘိုးဘိုးထော့ကျိုးတော့ သေသွားပြီ”

ချင်မူ စိတ်ပြန်ထိန်း၍ ဘေးဘီကိုကြည့်ကာ မျက်နှာရိပ်မျက်နှာကဲဖြင့် မေးလိုက်သည်။ “ငါ့မျက်လုံးတွေကို ဖော်ထုတ်သွားတဲ့ တစ်ယောက် ပြန်ပေါ်လာပြီး ထော့ကျိုးရဲ့ ကောင်းကင်ခြေထောက်တွေကို ဖြတ်ယူသွားတယ်။ အဘိုးကြီးမာကို သတိပေးဖို့ ရွှေအလည်း မဟာမိုးခြိမ်းသံကျောင်းတော်ဆီ သွားနေပြီ။ အဲဒီတစ်ယောက်က ကောင်းကင်လက်သီးတွေအတွက် အဘိုးကြီးမာကို သွားရှာနိုင်ခြေများတယ်”

ချင်မူ ရင်ထဲတွင် လှုပ်ခါသွားပြီး အသက်ပြင်းပြင်း ရှူသွင်းကာ အလေးအနက် မေးလိုက်မိသည်။ “ရွာလူကြီး အဲဒီတစ်ယောက်က ဘယ်သူလဲ”

ရွာလူကြီး မဖြေခင် ‌ထောင်ထောင်မောင်းမောင်း ဆေးဆရာက ဝင်လာပြီး ပြောလိုက်သည်။ “ငါ ထွက်ပြေးနေတုန်းက တာအိုရသေ့လင်ကျင့်နဲ့ ဆုံခဲ့တယ်။ နတ်ဘုရားလိုလူတစ်ယောက်က သူ့ရဲ့ ကောင်းကင်သွေးကို လိုချင်လို့ သူ့ကို လိုက်ဖမ်းနေတာနဲ့ အသက်လုပြေးနေရတယ်တဲ့။ သူ့အသက်အတွက် သူ့ရဲ့ ကောင်းကင်သွေးကို ပြောင်းလဲပေးဖို့ ငါ့ကို တောင်းပန်ခဲ့သေးတယ်။ အဲဒီလူအကြောင်း မေးကြည့်လိုက်တော့ သူက ရွာလူကြီးနဲ့ တန်းတူအဆင့်ရှိတဲ့ လူလို့ပြောတယ်။ သူ့ကိုယ်သူ နတ်ဘုရားလို့ ခေါ်တယ်တဲ့”

ရွာလူကြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ပြောလိုက်၏။ “သူ့နာမည်က တစ်လုံးတည်း ... ‘အန်း’ တဲ့ ။ သူ့မျိုးရိုးကတော့ သိပ်ထူးဆန်းတယ်... ‘ရှင်း’ တဲ့။ သူက အင်မတန် အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားပဲ။ ဒါပေမဲ့ ငါနဲ့ ရွယ်တူလောက်ဆိုတော့ နှစ်နှစ်နေရင် သေရတော့မယ် ထင်တယ်”

“ဒါပေမဲ့ တာအိုရသေ့လင့်ကျင့် ပြောပုံအရတော့ သူက လူငယ်လေးတစ်ယောက်လို သိပ်ငယ်တယ်တဲ့” စိုးရိမ်ပူပန်မှုတို့ ဆေးဆရာ၏မျက်နှာထက်တွင် ဖြတ်ပြေးသွားပြီး သူက ပြောလိုက်သည်။ “မင်း သူ့ကို သိတယ်လား။ အဘိုးကြီးမာကို သူ သွားရှာမယ်ထင်လား။ အဘိုးကြီးမာက အခု တထာဂတ ဗုဒ္ဓမြတ်စွာ ဖြစ်နေပြီဆိုတော့ နှစ်ကူးအတွက် လာမှာမဟုတ်ဘူး။ မြင့်းမိုရ်တောင်မှာ သူတစ်ယောက်တည်း အန္တရာယ်များလိမ့်မယ်”

ချင်မူ မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ “ရှင်းအန်းဆိုတဲ့လူက တကယ်ပဲ အဲဒီလောက် သန်မာအားကောင်းတာလား။ မဟာမိုးခြိမ်းသံကျောင်းတော်ထဲအထိ ဝင်သွားနိုင်ပါ့မလား”

“သူ အခု ဘယ်လောက် သန်မာအားကောင်းနေလဲ ငါ မသိဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုကို နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးသွားရင် နတ်ဘုရားအတုတွေနဲ့ တန်းတူဖြစ်သွားနိုင်တယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးရင်တော့ နတ်ဘုရားအစစ်နဲ့ မခြားတော့ဘူး။ ဒါကြောင့် သူ အဘိုးကြီးမာကို သေချာပေါက် သွားရှာလိမ့်မယ်” ရွာလူကြီးက ပြောလိုက်သည်။

All Chapters