တို့နှစ်ယောက်ရဲ့ည
Vol. 7 Ch. Chapter 20
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 21 - တို့နှစ်ယောက်ရဲ့ည
တနင်္ဂနွေနေ့။
လူတိုင်းမျှော်နေ့ကြတဲ့ အလုပ်ပိတ်ရက်လေးပေါ့။
အိပ်နေရာကနေ မက်ဒါနာမျက်လုံးဖွင့်လိုက်တယ်။ ဒီနေ့က ပိတ်ရက်မလို့ အေမီက မနက်စောစောလာမနှိုးပေမဲ့ နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီထိုးဖို့ ခုနစ်မိနစ်လိုသေးတယ်။ မက်ဒါနာ အလိုလိုနေရင်း ပြုံးလိုက်မိပါတယ်။
မနေ့က ဖြစ်ခဲ့တဲ့အရာတွေကို သူမယုံနိုင်သေးဘူး။ ရဲရင့်တဲ့မိန်းကလေး လင်ဒါက သူ့ရှေ့ကိုရောက်လာပြီး ကယ်တင်ရှင်တစ်ယောက်လိုမျိုး သူ့ကိုအရှုပ်ထုတ်ထဲကနေ ဆွဲထုတ်ပေးခဲ့တယ်။ အခုထိအဲဒီအခိုက်အတန့်ကိုစဥ်းစားမိတိုင်း သူရင်ခုန်နေတုန်းပဲ။
သူအိပ်ရာပေါ်ကနေ ထပြီး ညအိပ်ဝတ်တွေကို ချွတ်ပစ်လိုက်တယ်။ နောက်တော့ အကူအရိုးတွေကိုတပ်လိုက်ပြီး ကိုယ်တိုင်အိပ်ရာပေါ်ကနေထရင်း ကိုယ်လက်သန့်ရှင်းရေးစလုပ်တယ်။ အိမ်စေမလေးအေမီက မက်ဒါနာရဲ့အဆောင်ခန်းထဲဝင်လာတော့ သခင်မလေး အစောကြီးနိုးနေတဲ့အတွက် အံ့ဩသွားပုံပဲ။ ဒါပေမဲ့ ကျင့်သားရနေပြီဖြစ်တဲ့ပုံစံအတိုင်းမှာ ဂါဝန်စလေးကိုမြှောက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်တယ်။
"မင်္ဂလာပါ မမလေးရှင့်၊ ဒီနေ့အစောကြီးနိုးနေပါလား။" အေမီက စိတ်ထဲရှိတဲ့အတိုင်း 'ခါတိုင်းပိတ်ရက်တွေဆို နေဖင်ထိုးအောင်အိပ်တာပါ။'လို့ ပြောလိုက်ချင်ပေမဲ့ အတိတ်မေ့နေတုန်းက အိမ်စေအစစ်တစ်ယောက်ပြုမူကျင့်ကြံပုံအတိုင်း ကျင့်ကြံခဲ့မိတဲ့အတွက် အေမီက သူ့ရဲ့ပါးစပ်ကလေးကို လက်ဝါးလေးနဲ့အုပ်ပြီး စကားကိုလက်စသတ်လိုက်တယ်။
မက်ဒါနာကတော့ အေမီရှေ့ကိုရောက်လာပြီး အေမီရဲ့ပါးလေးကို ဖျစ်ဆွဲလိုက်တယ်။ "မင်္ဂလာနံနက်ခင်း၊ အေမီရေ။ဒီနေ့ငါ့ကို လှလှလေးဖြစ်အောင်ဆင်ပေး။"
သခင်မလေးရဲ့ပုံမှန်မဟုတ်တဲ့ တောင်းဆိုမှုကိုကြားပေမဲ့ အေမီက အသက်ရှုနှစ်ရှိုက်အတွင်းမှာပဲ ပုံမှန်ဖြစ်သွားပြီး မခို့တရို့လေးပြုံးလိုက်ပါတယ်။ နောက်တော့ လေသံနိမ့်နိမ့်လေးနဲ့ပြောလိုက်လေရဲ့။
"ဟုတ်ကဲ့၊ သခင်မလေးကို ဒီနေ့အလှဆုံးဖြစ်အောင် ပြင်ဆင်ပေးဖို့ ကျွန်မတာဝန်ထားလိုက်ပါ။"
အေမီက မက်ဒါနာကို ကိုယ်လက်သန့်စင်ဖို့ ကူညီပေးပြီးတဲ့နောက် သူအလှဆုံးလို့ထင်ထားတဲ့ ဂါဝန်လေးတစ်ထည်ကို ဝတ်ပေးပြီး မှန်တင်ခုံရှေ့မှာ ထိုင်ခိုင်းလိုက်တယ်။ ချိုင်းပြတ်ဖြစ်ပြီး ပေါင်တစ်ဝက်လောက်ထိပဲရှည်တဲ့ ဂါဝန်နီနီလေးပါ။ အေမီက မက်ဒါနာရဲ့လည်ပင်းမှာ ဟာတာတာဖြစ်မနေအောင် ရွှေလည်ဆွဲလေးတစ်ခုကိုလည်း ဆွဲပေးတယ်။ လော့ကတ်သီးက သစ်ရွက်ပုံစံဖြစ်ပြီး မက်ဒါနာရဲ့လည်တိုင်ဖြူဖြူမှာ ဝင်းဝါနေပါတယ်။
"ဒီဆွဲကြိုးက ဘယ်ကရလာတာလဲ။" မက်ဒါနာက ရွှေဆွဲကြိုးလေးကိုကိုင်ရင်း မေးလိုက်တယ်။ ရွှေက အစစ်ဖြစ်ပုံမရသလို ဆွဲကြိုးက တန်ဖိုးသိပ်ကြီးပုံလည်းမရပေမဲ့ သူနဲ့သိပ်လိုက်တယ်။ အေမီက မက်ဒါနာရဲ့ဆံပင်တွေကို ဘီးနဲ့သေသပ်အောင် ဖြီးသင်ပေးနေရင်း ပြောတယ်။
"ကျွန်မပေးတဲ့လက်ဆောင်လို့ သဘောထားလိုက်ပါ သခင်မလေး။ သခင်မလေးက ကျွန်မအတိတ်မေ့နေတုန်း အများကြီးကူညီထားတာပဲလေ။"
မက်ဒါနာက ခေါင်းညိတ်ပြီး အသက်ကိုဖြည်းဖြည်းချင်း ရှုထုတ်လိုက်တယ်။ အေမီက ဆံပင်ကိုဖြီးပေးပြီးတဲ့နောက် အလှကုန်ပစ္စည်းဘူးထဲက နှုတ်ခမ်းနီလေးတစ်ထောင့်ကိုထုတ်ပြီး မက်ဒါနာရဲ့နှုတ်ခမ်းပါးမှာ ဆွဲပေးလိုက်တယ်။ ပြီးတဲ့နောက် မျက်နှာကိုသေချာမြင်ရအောင် မှန်ငယ်တစ်ချပ်နဲ့ မက်ဒါနာရှေ့ထိုးပြလိုက်တယ်။
"အရောင်မပါဘူးလား၊ ဒီအတိုင်း နှုတ်ခမ်းခြောက်ရင် ဆိုးတဲ့နှုတ်ခမ်းနီမဟုတ်လား။"
အေမီက ခေါင်းကိုအသာလေးညိမ့်ရင်း ပစ္စည်းတွေကို ပြန်သိမ်းလိုက်တယ်။ "ဟုတ်ပါတယ် မမလေးရှင့်၊
မမလေးက သဘာဝအတိုင်းပြီးပြည့်စုံနေပြီးသားမလို့ နှုတ်ခမ်းအစိုဓာတ်ထိန်းပေးဖို့ပဲ ဆိုးပေးလိုက်တာပါ။"
သူတို့စကားပြောနေတုန်း ကျောင်းဝင်းထဲကို ကားဝင်လာတဲ့အသံကြားတယ်။ ကျောင်းသားတွေမရှိတဲ့အတွက် ကားက ဝန်ထမ်းအဆောင်ထိဝင်လာပြီးရပ်တယ်။ မက်ဒါနာက ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကိုပြူကြည့်လိုက်ရင်း ပြုံးလိုက်ပါတယ်။
"သူလာပြီထင်တယ်။" ဆန့်ကျင်ဘက်အနေနဲ့တော့ အေမီရဲ့မျက်နှာက မည်းမှောင်သွားပေမဲ့ သခင်မလေးသတိမထားမိအောင် အပြုံးတုကို ဆင်မြန်းထားလို့ပေါ့။
အေမီက သခင်မလေးအတွက် အခန်းတံခါးဖွင့်ပေးတယ်။ မက်ဒါနာ အခန်းထဲကနေ ရွရွလေးပြေးထွက်သွားပြီးနောက် မြင်လိုက်ရတဲ့မြင်ကွင်းက ကားတစ်စီးကို မှီပြီးရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကိုပါ။
အဲဒီမိန်းကလေးမှာ အညိုရောင်ဆံပင်ရှည်တွေရှိပြီး
မြင်းစီးကေဖြစ်အောင် နောက်မှာစုချည်ထားတယ်။ အဝတ်အစားက မိန်းကလေးတစ်ယောက်ဝတ်လေ့ဝတ်ထမရှိတဲ့ ပုံစံဖြစ်တဲ့ ပွဲတက်အနောက်တိုင်းဝတ်စုံ
(tuxedo)ပါ။ လက်ထဲမှာလည်း သေသေသပ်သပ် ထုတ်ပိုးထားတဲ့ အနီရောင်ကျူးလစ်ပန်းစည်းကိုကိုင်ထားတယ်။ မနက်ခင်းနေရောင်အောက်မှာ နူးညံ့ပုံမပေါ်တဲ့ မိန်းကလေးက သူ့ကိုမြင်တာနဲ့ ပြုံးပြလိုက်တယ်။
"လင်ဒါ...." မက်ဒါနာက အဲဒီမိန်းကလေးကို မှတ်မိသွားပြီး ခပ်သွက်သွက်လေးပြေးသွားလိုက်တယ်။ နောက်ကနေ သံမဏိအရုပ်မက မည်းမှောင်နေတဲ့ မျက်နှာထားနဲ့လိုက်လာပြီး မျက်မှောင်ကြုတ်ထားတယ်။ မက်ဒါနာကတော့ သတိထားမိပုံမပေါ်ပေမဲ့ လင်ဒါကတော့ အရုပ်မအေမီကိုမြင်တာနဲ့ သူ့မျက်နှာပေါ်က ပျော်နေတဲ့အမူအရာတောင် အေးခဲသွားသလိုပဲ။
"ဒီနေ့အတွက် သခင်မလေးကို ဂရုစိုက်ပေးပါဦး၊ မစ်လင်ဒါ။"
အေမီက စိတ်မပါတစ်ပါပုံစံမျိုးနဲ့ လင်ဒါကိုဦးညွှတ်လိုက်တယ်။ "တကယ်လို့ သခင်မလေးတစ်ခုခုဖြစ်ရင်တော့။" အေမီက ခါးကိုပြန်ဖြောင့်မတ်လိုက်ရင််း လင်ဒါကို အေးစက်နေတဲ့မျက်လုံးတွေနဲ့ ခိုးကြည့်ကာပြောလိုက်ပါတယ်။
လင်ဒါကတော့ အေမီကိုလစ်လျူရှုနိုင်ဖို့ ကြိုးစားရင်း မက်ဒါနာရဲ့လက်ကို ကြင်နာသူတစ်ယောက်လိုမျိုး ဖမ်းဆုပ်ကာပြောလိုက်တယ်။
"မက်ဒါနာ၊ ကားပေါ်ကိုတက်။"
"လင်ဒါရေ၊ ကျွန်မကိုဘယ်ခေါ်သွားမလို့လဲ။"
"ဒီနေ့ ငါတို့တွေနေရာအများကြီး လျှောက်လည်ကြမယ်။"
လင်ဒါက ပြောပြောဆိုဆိုနဲ့ ကားတံခါးကိုဖွင့်ပြီး မက်ဒါနာကို ကားပေါ်တင်ပေးတယ်။ နောက်တော့ ကားဒရိုက်ဘာခုံကိုသွားပြီး စက်နှိုးကာ ကျောင်းဝင်းထဲက မောင်းထွက်သွားတယ်။
....
အေမီက သခင်မလေးနဲ့လင်ဒါတို့ သူ့မြင်ကွင်းထဲကနေ လုံးဝပျောက်သွားတဲ့အထိကြည့်နေတယ်။ သူတို့ကျောင်းဝင်းထဲက ထွက်သွားပြီးတာနဲ့ အေမီ့မျက်နှာပေါ်က အပြုံးတုပျောက်သွားပြီး မျက်နှာထားက တင်းမာသွားတယ်။ စက္ကန့်မခြားဆိုသလိုပဲ ဖရက်က ပျက်စီးနေတဲ့ ကျောင်းဆောင်တစ်ခုအကွယ်ကနေ ထွက်လာပြီး အေမီကိုပြောလိုက်တယ်။
"မင်းသမီးလေးကို ဒီအတိုင်းပဲ သူနဲ့ထည့်ပေးတော့မှာလား။"
အေမီက ဒီစကားကိုကြားတာနဲ့ ခါးခါးသီးသီးခေါင်းခါလိုက်တယ်။ "ဟင့်အင်း၊ တိတ်တဆိတ်နောက်ယောင်ခံလိုက်ပြီး သံသယဖြစ်စရာတစ်ခုခုတွေ့တာနဲ့ ဝင်ရောက်ချေမှုန်းရပါမယ်။"
နောက်တော့ အေမီက သူနဲ့ဆန့်ကျင်ဘက် သစ်ပင်ကြီးတစ်ပင်ကို ကြည့်လိုက်ပြီး ခပ်တည်တည်အမူအရာနဲ့ ပြောလိုက်ပါတယ်။ "ရှင့်သဘောထားကရော အတူတူပဲမဟုတ်လား ဖလေရာ။"
အေမီစကားဆုံးတာနဲ့ သစ်ပင်ကြီးနားမှာ အလင်းမှုန်တွေလှုပ်ရှားသွားပြီး ပလာဒင်ဝတ်စုံပေါ်လာတယ်။ ဖလေရာက တစ်ချိန်လုံးကိုယ်ဖျောက်ပြီး စောင့်နေတာပါ။
"ငါက ငါ့ဝတ်စုံကိုသုံးပြီး မက်ဒါနာအလစ် အဲဒီဟာမကို လည်မျိုညှစ်ဖို့စဥ်းစားနေတာ။"
ဖလေရာက အတည်ပေါက်လေသံနဲ့ပြောတယ်။ အေမီက ဖလေရာနားကို ချဥ်းကပ်သွားပြီး အထင်သေးပုံပေါက်နေပေမဲ့ တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
"ပထမဆုံးအနေနဲ့ ရှင့်ဝတ်စုံက အကြာကြီးကိုယ်ယောင်မဖျောက်နိုင်ဘူး။ ဒုတိယအနေနဲ့ ကျွန်မတို့အပေးအယူလုပ်ထားတဲ့အတိုင်း သခင်မလေးနဲ့လင်ဒါရဲ့ဒိတ်ကို အကြမ်းဖက်ပြီးဖျက်ဆီးလို့မရပါဘူး။"
ဖလေရာက ဒေါသထွက်နေတဲ့ပုံစံနဲ့ လေထုကိုဆုပ်ကိုင်ရင်း သူ့ဝတ်စုံကိုချွတ်လိုက်တယ်။ နောက်တော့ သူက အေမီနဲ့ဖရက်ကိုကြည့်ပြီး ပြောလိုက်တယ်။
"ဒီတော့ နင်တို့မှာဘာအကြံရှိလဲ၊ လောလောဆယ် မက်ဒါနာက မာယာများတဲ့မြေခွေးမညို့တာခံထားရတာနော်။ သူခိုင်းတာမှန်သမျှ မငြင်းဘဲလုပ်နေတာ။"
"ကျွန်မလည်း မမလေးကို စိတ်ပူနေပေမဲ့ လင်ဒါက သခင်မလေးကိုကယ်ထားတာဆိုတော့ သူတောင်းဆိုထားတဲ့အတိုင်း ဒိတ်ကိုခွင့်ပြုရမှာပါ။ ဒါပေမဲ့ ဒိတ်တာထက် ပိုလာရင်တော့...."
အေမီက စကားပြောနေရင်း ခနရပ်လိုက်ပြီး လက်ညိုးတစ်ချောင်းထောင်ကာ လည်ပင်းကိုဖြတ်တဲ့ပုံစံမျိုး လုပ်ပြတယ်။ ကျန်တဲ့သူတွေလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ သူတို့မျက်လုံးထဲမှာ မီးတောက်တွေကိုမြင်နေရတယ်။
"ဒါဖြင့်လည်း ပုံမှန်နည်းအတိုင်း နောက်ယောင်ခံလိုက်ကြတာပေါ့။"
....
ကွန်ပေါင်းရေကန်အပန်းဖြေစခန်းက ၁၈၄၆ ခုနစ်ကတည်းက နယူးအင်္ဂလန်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့သက်တမ်းအရင့်ဆုံး အပန်းဖြေစခန်းတွေထဲက တစ်ခုပါ။ ဧကသုံးရာကျယ်တဲ့အပြင် အပန်းဖြေစခန်းတစ်ခုလုံးက စိမ်းစိမ်းစိုစိုရှိနေပြီး ရေကန်ကြီးနားမှာဆောက်ထားတဲ့အတွက် အေးမြတဲ့ရာသီဥတုကို ပေးစွမ်းပါတယ်။ ပြီးတော့ နယူးယောက်မြို့ကနေသွားဖို့ နှစ်နာရီပဲအချိန်ပေးရတယ်။
မက်ဒါနာနဲ့ဖလေရာတို့ မနက်စာကို ဖြစ်သလိုအမြန်စာမှာစားပြီးတဲ့နောက် သူတို့ကားလေးက အပန်းဖြေစခန်းအဝင်ဝကို ရောက်လာကြတယ်။ နေရာတိုင်းမှာ သစ်ပင်တွေတွေ့နေရပြီး ရေကန်ကမ်းခြေကိုလည်း ပင်လယ်ကမ်းသောင်ယံလို ပြင်ဆင်ထားတာတွေ့ရတယ်။ သူတို့ကားဥယျာဥ်ထဲကို ဝင်လာချင်းချင်းမှာပဲ ဝန်ထမ်းတစ်ယောက်ကလာပြီး သတိပေးတယ်။
"မစ်တို့ ဥယျာဥ်ထဲမှာ ကားနဲ့လျှောက်လည်လို့မရပါဘူး။ ကားကို ပါကင်မှာရပ်ထားမှရမယ်။"
"ကောင်းပြီလေ။" လင်ဒါက အစောင့်ဝန်ထမ်းကို ကားသော့နဲ့ပိုက်ဆံနည်းနည်းပေးလိုက်ပြီး မက်ဒါနာနဲ့အတူ ကားပေါ်ကနေဆင်းလိုက်တယ်။ မက်ဒါနာက ဥယျာဥ်ကျယ်တဲ့အတွက် ခြေလျင်လည်ဖို့ ယုံကြည်မှုမရှိတဲ့လေသံနဲ့ ပြောလိုက်တယ်။
"လင်ဒါ၊ ငါ့ခြေထောက်တွေက...." ဒါပေမဲ့ လင်ဒါက မက်ဒါနာရဲ့ပါးစပ်ကို သူ့လက်ဝါးနဲ့အုပ်လိုက်ပြီး တစ်နေရာကို လက်ညိုးထိုးပြလိုက်တယ်။ အဲဒီမှာ နာရီကြေးပေးပြီးငှားရတဲ့ စက်ဘီးတွေထောင်ထားတယ်။
"ကိုယ်မင်းကို တင်နင်းနိုင်ပါတယ်။" ဘာကြောင့်မှန်းမသိ လင်ဒါက ကျားကျားယားယားပြုမူနေလို့ မက်ဒါနာရဲ့ကြွေသားမျက်နှာမှာ ချယ်ရီရောင်ရှက်သွေး လေး ဖြတ်ပြေးသွားလေရဲ့။
"ကျေးဇူးတင်ပါတယ်။" မက်ဒါနာက နူးညံ့ပြီး သူများဦးဆောင်ရာလိုက်မယ့် ကြောင်မလေးလိုမျိုး ချစ်စရာကောင်းတဲ့လေသံနဲ့ပြန်ဖြေတယ်။ ခနနေတော့ လင်ဒါက ပျော်ပျော်ကြီး မက်ဒါနာကို စက်ဘီးပေါ်တင်နင်းနေပြီ။ ကောင်မလေးလှလှလေးကို နောက်မှာတင်ပြီး အားရှိပါးရှိစက်ဘီးနင်းနေတဲ့ အစ်မကြီးကိုတွေ့တော့ ဥယျာဥ်ထဲမှာရှိနေတဲ့ လူမျိုးအရွယ်စုံကျားမမရွေး သူတို့ကိုလက်မထောင်ပြကြတယ်။ အခုလိုခေတ်မှာ ပန်းကလေးတွေအတူတူတွဲတယ်ဆိုတာက အထူးအဆန်းမဟုတ်တော့ဘူးလေ။ ကွေးတာလည်း အချစ်ပဲမဟုတ်လား။
ရိုလာကိုစတာနားရောက်လာတော့ လင်ဒါက မက်ဒါနာကိုမေးလိုက်တယ်။ "ရိုလာကိုစတာစီးချင်လား။" ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်တယ်။ ထုံးစံအတိုင်း အသည်းငယ်တဲ့မိန်းကလေးတစ်ယောက်မလို့ ရိုလာကိုစတာလိုကြောက်စရာတွေ စီးချင်ပုံမရဘူး။ ရဟတ်လည်းရှိပေမဲ့ ညနေခင်းမရောက်သေးတဲ့အတွက်ကြောင့် လင်ဒါက သက်ပြင်းချလိုက်တယ်။
"နည်းနည်းကလေးဆန်တယ်ဆိုပေမဲ့ မြင်းရုပ်စီးကြမလား။"
"....." မက်ဒါနာက မငြင်းဘဲခေါင်းညိတ်ပြလို့ လင်ဒါပြောစရာစကားမဲ့သွားတယ်။ ဒါပေမဲ့ခနနေတော့ နှစ်ယောက်လုံး မြင်းရုပ်တစ်ရုပ်တည်းပေါ်မှာထိုင်နေကြပြီ။
....
နောက်ယောင်ခံရအောင်လိုက်လာတဲ့ ဘော်ဒီဂတ်အဖွဲ့ကတော့ လူအုပ်ထဲမှာ အသားတကျရှိနေလေရဲ့။ ခပ်ကြောင်ကြောင် ရိုးမန့်ဝတ္ထုတွေထဲမှာ တွေ့ရသလိုမျိုး ပုံပျက်ပန်းပျက်ရုပ်ဖျက်ထားတာမဟုတ်ဘဲ သူတို့တွေက သေသေချာချာကို လူအုပ်ထဲမှာ ရောနေနိုင်တာ။
ဖရက်က ရေခဲမုန့်ရောင်းတဲ့ကားမှာ ရေခဲမုန့်ရောင်းတဲ့သူအဖြစ်နဲ့ရှိနေပြီး ကလေးတွေကို ရေခဲမုန့်ရောင်းပေးနေတယ်။ ကားပေါ်မှာ ကိုယ်လုံးတီးနဲ့တကယ့်အရောင်းဝန်ထမ်းက သတိလစ်နေပေမဲ့ပေါ့။ ဖလေရာကတော့ အဒေါ်ကြီးတစ်ယောက်လိုဝတ်စားထားပြီး ခေတ်မရှိတော့တဲ့သတင်းစာကို လက်ထဲကိုင်ဖတ်နေတာမလို့ လူတွေကြားမှာအထူးအဆန်းဖြစ်နေပေမဲ့ လူအုပ်ထဲမှာမလို့ သိပ်မသိသာဘူး။ အေမီကတော့ တစ်ယောက်ယောက်နဲ့ချိန်းတွေ့ဖို့စောင့်နေတဲ့ မိန်းကလေးလိုမျိုး ဓာတ်တိုင်လေးတစ်ခုအောက်မှာရပ်နေပြီး လက်ထဲမှာတော့ သားရေအိတ်ညိုလေးကိုကိုင်ကာ အပြာရောင်အပွင့်လေးတွေပါတဲ့ ဂါဝန်ကိုဝတ်ထားတယ်။ သူကလည်း ချစ်ဖို့ကောင်းနေလို့ ဥယျာဥ်ကိုလာလည်တဲ့ ကောင်လေးတချို့အသက်ရှုမှားပြီး လမ်းပေါ်မှာခလုတ်တိုက်ကုန်တယ်။ ပြီးတော့ သုံးယောက်လုံးက အချိတ်အဆက်မိမိလှုပ်ရှားနေတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မီနီနားကြပ်လေးတွေနဲ့ ဆက်သွယ်နေကြတာပါ။
"အေမီရေ၊ အဲဒီကောင်မက မက်ဒါနာကိုရှေ့ထားပြီး နောက်ကနေ အသားယူနေတာပဲ။ အောင်မလေးလေ၊
မြင်းရုပ်ပေါ်မှာ ခါးတောင်ဖက်ထားသေးတယ်။"
အနီးဆုံးမှာရှိနေတဲ့ ဖလေရာက သတင်းစာကိုကိုင်ထားရင်း တစ်ကိုယ်လုံးဆက်ဆက်တုန်နေပါတယ်။ ဖရက်ကတော့ ဟန်တောင်မဆောင်နိုင်တော့ဘဲ လက်ထဲကိုင်ထားတဲ့ ရေခဲမုန့်ကတော့ကို ချိုးပစ်လိုက်မိလို့ ကလေးတစ်ယောက်ငိုပြီးထွက်ပြေးသွားတယ်။ သူ့လက်တွေအကုန်လုံး ရေခဲမုန့်တွေနဲ့ပေကျံနေပြီမလို့ လက်ရေပြန်ဆေးရတယ်။
"အပေးအယူကြောင့်သာမဟုတ်ရင် အဲဒီတစ်ယောက်ကို ကျုပ်အင်ပါယာစတိတ်အဆောက်အဦးပေါ်ကနေ ပစ်ချပြီးလောက်ပြီ။" ဖရက်က လေသံနဲ့ပြောလိုက်တယ်။ အောက်မှာသတိလစ်နေတဲ့လူက ပြန်သတိလည်လာပြီး ထဖို့ကြိုးစားပေမဲ့ ဖရက်ရဲ့လက်ဝါးက မြန်မြန်လေးလှုပ်ရှားသွားပြီး ဇက်ကိုဖြတ်ရိုက်လိုက်တာကြောင့် ပြန်သတိမေ့သွားတယ်။
"အားလုံးပဲ သတိရှိရှိနဲ့စိတ်ထိန်းပါဦး။ လင်ဒါကို ဘလက်လစ်သွင်းထားပြီဆိုပေမဲ့ အခုသူလုပ်နေတာက သာမန်အတွဲတွေချိန်းတွေ့တဲ့အဆင့်မှာပဲ ရှိသေးတာလေ။ ဒီတော့ အပေးအယူက ဘောင်ဝင်တယ်။"
....
မြင်းရုပ်ရပ်သွားပြီးတဲ့နောက်တော့ မက်ဒါနာတို့နှစ်ယောက်လုံး ဗိုက်ဆာနေကြပြီ။ ဒီတော့ သူတို့လည်း နေ့လယ်စာစောစားဖို့ ဆုံးဖြတ်လိုက်ကြပြီး ဆိုင်ခန်းတွေရှိရာဘက်ကို စက်ဘီးနဲ့ခရီးဆက်ကြပြန်တယ်။ ထုံးစံအတိုင်း ကိုယ်ရံတော်သုံးဖော်ကတော့ ရုပ်ဖျက်ရင်း နောက်ကနေလိုက်လာကြတာပေါ့။
နောက်တော့ မက်ဒါနာနဲ့လင်ဒါက အချစ်ကဖေးလေးတစ်ခုကို ရှာတွေ့ပြီး ဝင်ထိုင်လိုက်ကြတယ်။ ဒီကဖေးက မြို့ထဲက ကဖေးတွေလိုမျိုး မှန်အလုံကာထားတာမျိုးမဟုတ်ဘဲ ဆေးသေချာသုတ်ထားတဲ့ စားပွဲဝိုင်းတွေမှာ ဝင်ထိုင်ရတာ။ စားပွဲတစ်ခုချင်းစီအတွက် ထီးဝိုင်းတွေထားပေးထားပေမဲ့ အပြင်မှာဖြစ်လို့ လေပြေညင်းလေး တဝေ့ဝေ့နဲ့ တောဆန်တဲ့အငွေ့အသက်ကို ခံစားရတယ်။
သူတို့စားပွဲမှာနေရာယူပြီးတာနဲ့ ခါးစည်းဖုံးဝတ်ထားတဲ့ နေလောင်ထားတဲ့အသားအရေရှိတဲ့ စားပွဲထိုးကလေးမလေးက သူတို့ဆီကိုရောက်လာပြီး ချစ်စရာလေသံနဲ့နဲ့မေးတယ်။
"ဘာသောက်မလဲရှင့်။" လင်ဒါက ဆိုင်ရဲ့မီနူးကိုဖတ်ကြည့်ပြီး ပြောလိုက်ပါတယ်။ "အမေရီကာနိုတစ်ခွက်ပေးပါ။ မက်ဒါနာရော ဘာမှာမလဲ။"
"ကပချီနိုတစ်ခွက်။ ပြီးတော့ ချေ့စ်ကိတ်ရရင်လည်း နှစ်ပွဲချပေးပါဦး။" ကလေးမလေးက သူတို့မှာတာတွေကို မှတ်စုမှာချရေးပြီး ဆိုင်ကောင်တာနောက်ကိုဝင်သွားတယ်။ နောက်တော့ ဆိုင်ရှင်ဖြစ်ပုံရတဲ့ဝဝအဒေါ်ကြီးနားကိုကပ်ပြီးပြောတယ်။ "မေမေရေ၊ ဟိုက မင်းသမီးလေးနဲ့မင်းသမီးလေးက အမေရီကာနိုနဲ့ကပချီနိုတဲ့။ ပြီးတော့ ချေ့စ်ကိတ်လေးလည်းချပါတဲ့။"
ဝဝအဒေါ်ကြီးကလည်း အတွဲချောင်းချင်စိတ်က များများမလို့ တစ်ခိခိပြုံးရင်း ကော်ဖီစဖျော်ဖို့လုပ်တယ်။ ဒီသားအမိက အတွဲတွေအလာများတဲ့အပန်းဖြေဥယျာဥ်မှာ ဆိုင်ဖွင့်ထားတာဆိုပေမဲ့ ဒီလောက်လိုက်ဖက်တင့်တယ်တဲ့ ပန်းကလေးတွေအတွဲကို ခုမှမြင်ဖူးကြတာ။ ဒီတော့ အတွဲချောင်းရင်း ကော်ဖီရောင်းရမှာကို အလွန်ပီတိဖြစ်နေကြတယ်။
ရေနွေးတစ်ကျက်စာလောက် စောင့်ပြီးတဲ့နောက် ကလေးမလေးက ကော်ဖီနှစ်ခွက်နဲ့ ကိတ်မုန့်နှစ်ပိုင်းကိုလာချပေးတယ်။ ကော်ဖီနံသင်းသင်းလေးကြားမှာ
သူတို့နှစ်ယောက်က ဘေးချင်းယှဥ်လျက်ထိုင်နေကြပြီး ရင်ခုန်သံချင်းနီးစပ်နေသလို ခံစားရတယ်။ လင်ဒါက သစ်ပင်တစ်ခုအကွယ်မှာ ရှိနေတဲ့ ဖလေရာကိုထင်မှတ်မထားဘဲ မြင်သွားပြီးတဲ့နောက် ပြုံးလိုက်ပြီး မက်ဒါနာကိုပြောလိုက်တယ်။
"မက်ဒါနာရေ၊ အာ...." လင်ဒါက လက်ထဲက ဇွန်းနဲ့ ကိတ်မုန့်အပိုင်းတစ်ခုကို ဖဲ့လိုက်ပြီး မက်ဒါနာကိုခွံကျွေးတယ်။ မက်ဒါနာက ရှက်သွားပေမဲ့ ပါးစပ်ကိုဟပြီး လင်ဒါခွံကျွေးတာကိုစားတယ်။ တစ်ချိန်တည်းမှာပဲ သစ်ပင်အကွယ်မှာပုန်းပြီးချောင်းနေတဲ့ ဖလေရာက မခံစားနိုင်တော့ဘဲ တစ်ခါတည်းထွက်ပြေးသွားတော့တယ်။
"အား.... ငါမခံစားနိုင်တော့ဘူး။"ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ပြေးသွားပေမဲ့ မက်ဒါနာကတော့ သတိမထားမိလိုက်ဘူးရယ်။ ပိုဆိုးတာက လင်ဒါက မက်ဒါနာကို ခွံကျွေးပြီးတဲ့နောက် ပါးစပ်မှာပေပွနေတဲ့ချေ့စ်တချို့ကို တစ်ရှုးနဲ့သေချာသုတ်ပေးတာပဲ။ နောက်တော့ သူ့အလှည့်ရောက်ပြီဆိုတဲ့ပုံစံနဲ့ ပါးစပ်ကိုဟပေးပြီး မက်ဒါနာခွံကျွေးတာကို ပြန်စားတယ်။
ရေခဲမုန့်အရောင်းဝန်ထမ်းဝတ်စုံကို ချွတ်ပြီးနောက် ဘဏ္ဍာစိုးဝတ်စုံနဲ့ ပြန်ဖြစ်နေပြီဖြစ်တဲ့ ဖရက်က ပန်းခြံထဲက ရှုခင်းကြည့်မှန်ပြောင်းကိုသုံးပြီး မက်ဒါနာတို့ကို ချောင်းကြည့်နေတယ်။ ရုတ်တရက်အဲဒီမြင်ကွင်းကို မြင်လိုက်ရပြီးတဲ့နောက်တော့ လက်ကနေ လျှပ်စီးတွေထွက်လာပြီး မှန်ပြောင်းက မှန်ဘီလူးတွေ ထပေါက်ကွဲကုန်တယ်။
"စိတ်ထိန်း... စိတ်ထိန်း... အေမီပြောသလောက် ဒါက ပုံမှန်ဒိတ်အဆင့်ပဲရှိသေးတာတဲ့။ စိတ်လျှော့ထား.... စိတ်လျှော့ထားစမ်း။"
နောက်ထပ် မက်ဒါနာတို့အတူသွားတာက ပန်းခြံထဲမှာရှိတဲ့ ဂိမ်းစီးတီးကိုပါ။ တွင်းထဲက ကြွက်တွေထွက်လာတာကိုထုတာတို့၊ ဇွန်ဘီတွေကို သေနတ်နဲ့ပစ်တာတို့ လုပ်ပြီးတဲ့နောက်တော့ နှစ်ယောက်လုံးအကပြိုင်တဲ့ဂိမ်းကို ဝင်ဆော့တယ်။ မက်ဒါနာက အကဂိမ်းကို မပိုင်နိုင်တဲ့အတွက် လင်ဒါက နှစ်ယောက်အတူကလို့ရတဲ့ Modeကိုပြောင်းပြီး တန်ဂိုသီချင်းတစ်ပုဒ်ကိုရွေးလိုက်တယ်။
နောက်တော့ မက်ဒါနာကိုဦးဆောင်ပြီး စကပါတယ်။
နောက်ကနေ ချောင်းရအောင်လိုက်လာတဲ့ အုပ်စုက မကျေနပ်ပေမဲ့ လင်ဒါက အကကျွမ်းလွန်းလို့ လူတွေစုပြုံကြည့်နေကြပြီး ဥယျာဥ်ရဲ့စံချိန်ကိုတောင် ချိုးနိုင်သွားသေးတယ်။ ဥယျာဥ်ရဲ့မန်နေဂျာကိုယ်တိုင်ရောက်လာပြီး မက်ဒါနာတို့ကို တစ်နှစ်စာပရီမီယံလျှော့စျေးပေးပြီးတဲ့နောက် သူတို့ဂိမ်းစီးတီးထဲကနေ ထွက်လာကြတယ်။
တစ်နေကုန် လျှောက်သွားပြီးပြီမလို့ မိုးချုပ်လုပြီဆိုပေမဲ့ သူတို့မပြန်ချင်ကြသေးဘူး။ လင်ဒါက ဂိမ်းစီးတီးကနေ ထွက်လာပြီးတဲ့နောက် အကြံရလာပြီး မက်ဒါနာကို သတိပေးလိုက်တယ်။
"အခုမိုးချုပ်နေပြီဆိုတော့ ရှုခင်းကြည့်ကြတော့မလား၊ အချစ်လေး။"
အချစ်လေးဆိုပြီးရဲရဲတင်းတင်းခေါ်လိုက်တဲ့အတွက်
မက်ဒါနာရဲ့ပါးပြင်တွေသာမက နားတွေပါနီရဲသွားတယ်။ သူက လင်ဒါနဲ့မျက်နှာချင်းမဆိုင်ရဲလို့ မျက်နှာကိုလွှဲလိုက်ပေမဲ့ လင်ဒါကတော့ မက်ဒါနာကို လက်ဆွဲခေါ်ပြီး ရှုခင်းကြည့်ရဟတ်ဆီသွားနေပါပြီ။
ရဟတ်အတွက် စုံတွဲလက်မှတ်ဖြတ်ပြီးတဲ့နောက် သူတို့တွေ ရဟတ်တွဲတစ်ခုပေါ်ကို တက်လိုက်ပါတယ်။ ရဟတ်က တဖြည်းဖြည်းမြင့်တက်လာပြီး ကွန်ပေါင်းရေကန်ဥယျာဥ်ရဲ့ညဦးပိုင်းရှုခင်းတွေကို သူတို့စမြင်ရတယ်။ ရဟတ်စီးနေသူတွေ နားဆင်ဖို့အတွက် နားထောင်ရ ငြိမ့်ညောင်းတဲ့ သံစဥ်လေးတွေကိုလည်း ဖွင့်ပေးထားသေးတယ်။
[Fly me to the moon... Let me play among the stars. Let me see what spring like on jupiter and mars.]
ညမီးရောင်တွေအောက်မှာ လင်ဒါက တစ်ချိန်လုံးရှက်သွေးဖြာနေခဲ့တဲ့ မက်ဒါနာရဲ့မျက်နှာကိုကြည့်လိုက်တယ်။ သူ့ရင်ထဲမှာ တည်ငြိမ်ပြီးနွေးထွေးတဲ့ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာပါတယ်။
ရဟတ်တွဲက မော်ဒယ်အနိမ့်ဖြစ်လို့ အခန်းကျဥ်းတာကြောင့် သူတို့နှစ်ယောက်က ဟန်ချက်ညီစေဖို့ ဆန့်ကျင်ဘက်နေရာယူပြီး ထိုင်နေကြရတာဖြစ်ပေမဲ့ ဒူးတွေကတော့ ထိလုနီးနီးပါပဲ။ တစ်ယောက်ရဲ့ကိုယ်ငွေ့ကိုတစ်ယောက် ခံစားမိနေပြီး တစ်ယောက်ရဲ့နှလုံးခုန်သံကိုတစ်ယောက် ကြားနေရတယ်။
[In other word, hold my hand. In other word, Darling kiss me.]
သီချင်းက ပိုပြီးမြူးကြွလာတာနဲ့အမျှ သူတို့နှစ်ယောက်ရဲ့မျက်နှာတွေက ပိုပြီးနီးကပ်လာတယ်။ အလိုလိုနေရင်း မက်ဒါနာက မျက်လုံးကိုမှိတ်ထားလိုက်ပြီး လင်ဒါကတော့ မက်ဒါနာရဲ့လက်နှစ်ဖက်ကို ကိုင်ထားကာ နှုတ်ခမ်းဖူးလေးပေါ်ကို အနမ်းမိုးရွာသွန်းလိုက်တယ်။
[Fill my heart with song, and let me sing forever more...] သီချင်းသံကတော့ ဆက်လက်ထွက်ပေါ်နေဆဲပါ။
ရှုခင်းကြည့်ရဟတ်ကတော့ အမြင့်ဆုံးကိုရောက်နေပြီးဖြစ်တဲ့အတွက် အောက်ကိုပြန်နိမ့်ဆင်းလာနေပါပြီ။ ဆန့်ကျင်ဘက်အနေနဲ့တော့ ကောင်းကင်ပေါ်မှာ ငွေရောင်လမင်းကြီးက မြင့်တက်လာနေပြီး သူတို့ပေါ်ကို လရောင်ဖြာကျနေတယ်။ သေချာကြည့်မယ်ဆိုရင် ကောင်းကင်ပေါ်မှာ နိမ့်နိမ့်လေးဖြတ်ပြေးနေတဲ့ ကြယ်တံခွန်တစ်ခုတောင်မှ ရှိနေပါသေးတယ်။ အနမ်းမိုးတွေတိတ်သွားပြီးတဲ့နောက် သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ သံယောဇဥ်က ပိုပြီးခိုင်မာသွားသလိုပဲ။
[In other word, plase be ture. In other word, I love you.] သီချင်းလည်းပြီး ရဟတ်တစ်ပတ်ပြည့်သွားပြီဖြစ်လို့ နှစ်ယောက်လက်ချင်းတွဲပြီး ပြန်ထွက်လာကြတယ်။
"ဒါပြီးရင် ဘယ်ကိုသွားဦးမှာလဲဟင်။" မက်ဒါနာက တုန်ရင်နေတဲ့ နှလုံးသားလေးကိုထိန်းရင်း မေးလိုက်တယ်။ လင်ဒါကတော့ မက်ဒါနာရဲ့လက်လေးကိုဆွဲ မြေပြင်မှာဒူးတစ်ဖက်ထောက်လိုက်ပြီး လက်ဖမိုးလေးကိုနမ်းလိုက်တယ်။
"ကိုယ်ဦးဆောင်ရာနောက်ကို လိုက်ပေါ့။"