သေမင်းလမ်းကြောင်း *
Vol. 91 Ch. 1258
မြန်မြန်သွားလေလေ၊ ကျောက်တုံးဒဏ်ကို များများခံရလေလေပင်။ လက်မအရွယ် ကျောက်တုံးလေးတစ်တုံးသည်ပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားဒိုင်းကို ဖောက်သွားနိုင်လောက်သည်။ ထို့ပြင် ကျောက်တုံးလေးများ၏ အမြန်နှုန်းက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်၏ အမြန်နှုန်းလောက်ရှိသည်။
ဥက္ကာပျံ သတ်ဖြတ်အစီအရင်က ကြောက်မက်ဖွယ်ပင်။ ကျောက်တုံးများက ပြောပလောက်အောင် မမာကျောသဖြင့် ကျန်းရီသည် ၎င်းတို့ကို လက်သီးဖြင့် ထိုးခွဲနိုင်နေသည်။ သို့သော် ၎င်းတို့က အလွန်လျင်မြန်ပြီး အရေအတွက်ကလည်း အလွန်များနေသဖြင့် သူ့တွင် လက်ဆယ်ဘက်ရှိလျှင်ပင် အပြည့်အဝ ခုခံနိုင်မည် မဟုတ်ချေ။
ဖုန်း...ဖုန်း...ဖုန်း...
ထောင်ဧကရာဇ်ဒိုင်းနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့က အဆက်မပြတ် လင်းလက်နေသည်။ ကျောက်တုံးများကလည်း စက္ကန့်မလပ် ထိမှန်နေသည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ခုခံစွမ်းအားကြီးသော်လည်း ကျောက်တုံးထိမှန်သွားတိုင်း ကျန်းရီ တုန်ယင်သွားရသည်။ သို့သော် ယခုတွင် သူ့ခန္ဓာကိုယ်က ယခင်ကထက် များစွာပို၍ သန်မာနေပြီဖြစ်ရာ ထိုမျှလောက်နှင့် သူ ထိခိုက်မည် မဟုတ်ပေ။
ဝုန်း...
အနံဆယ်မီတာ ရှိသော ဧရာမကျောက်တုံးကြီးတစ်တုံးက ကျန်းရီ၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ သို့သော် ကျန်းရီက တစ်ချက်ပင် မရပ်တန့်ဘဲ အရှေ့သို့ ဆက်သွားနေသည်။ ထိုကျောက်တုံးကြီး၏ ထိတိုက်မှုအဟုန်က ပြင်းထန်ပေသည်။ ကြယ်ခုနစ်ပွင့်၊ ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ လက်သီးချက်ကို ခံလိုက်ရသကဲ့သို့ပင်။
“ဒီအစီအရင်က တကယ်ကို ကြောက်စရာကောင်းတာပဲ”
ကျန်းရီ တီးတိုးရေရွတ်လိုက်၏။ သူသာ သူ၏ခန္ဓာကိုယ်ကို လက်ရှိအနေအထားအထိ သန်မာအောင် မလုပ်ထားလျှင် ယခုတွင် သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ ထိုဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းက မည်မျှ ရှည်လျားကြောင်း မသိရပေ။ ထိုလမ်းကြောင်းထဲတွင်လည်း သူ၏ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍မရချေ။ ထို့ကြောင့် သူ လမ်းကြောင်းအတိုင်းသာ ဆက်သွားနေရသည်။
ဝှစ်...ဝှစ်...
ဥက္ကာပျံများ တတိယအချီ ရောက်ရှိလာ၏။ ဤတစ်ကြိမ်တွင် ကျောက်တုံးများက ပိုများသလို၊ ပိုလည်းကြီးကြသည်။ ၎င်းတို့က အလွန်လျင်မြန်ကြသဖြင့် ကျန်းရီသည် ၎င်းတို့ကို ရှင်းလင်းစွာပင် မမြင်ရပေ။ ထို့ကြောင့် သူ အချိန်မီ မတုံ့ပြန်နိုင်ပေ။ ကျောက်တုံးများကို ကာရန် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် ထောင်ဧကရာဇ်ဒိုင်းတို့ကိုသာ အားထားရပေမည်။
ဖုန်း...ဖုန်း...ဖုန်း...
ကျောက်တုံးများက ကျန်းရီ၏ ခန္ဓာကိုယ်ကို စက္ကန့်မလပ် ထိမှန်နေသည်။ ကျောက်တုံးတစ်တုံးက သူ့ခန္ဓာကိုယ်ကို တစ်ဘက်သို့ တွန်းလိုက်တိုင်း ထိုဘက်မှ ကျောက်တုံးက အခြားဘက်သို့ ပြန်တွန်းသည်။ သူသည် လှိုင်းထန်သော ပင်လယ်ပြင်ထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ပင်။ သူက မည်သို့မှ မတတ်နိုင်ဘဲ တွန်းထိုးမှုများကို ခံနေရပေသည်။
ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် ထောင်ဧကရာဇ်ဒိုင်းတို့က စွမ်းအားကြီးကြသည်။ သို့သော် ထောင်ဧကရာဇ်ဒိုင်းက တစ်ဘက်မှ ကျောက်တုံးများကိုသာ ကာပေးနိုင်သည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ကျောက်တုံးများကြောင့် မပျက်စီးသွားနိုင်သော်လည်း ထိမှန်မှုအဟုန်က အလွန်ပြင်းထန်လာလျှင် ကျန်းရီ၏ ခန္ဓာကိုယ်က ဒဏ်ရာရသွားနိုင်ပေသည်။ ယခင်တွင် ကျန်းရီသည် အဆုံးမဲ့ပင်လယ်နက်၌ တိုက်ပွဲဧကရာဇ်၏ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန် မိစ္ဆာဖျက်လှံကို ခံခဲ့ရသည်။ ထိုတုန်းက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က ပျက်စီးမသွားသော်လည်း သူ၏ အရိုးများ ကျိုးသွားခဲ့သည်။ သူ့ကိုယ်တွင်းအင်္ဂါများလည်း အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က မပြီးပြည့်စုံကြောင်း သိခဲ့ရသည်။ ၎င်းက အကောင်းအတိုင်း ရှိနေလျှင်ပင် ကျန်းရီက ထိခိုက်နိုင်ပေသေးသည်။
‘တော်ဝင်သားရဲဆယ်ကောင်ရဲ့ သွေးစွမ်းအင်ကြောင့်သာ မဟုတ်ရင် ငါ အခုထိ အသက်ရှင်နိုင်ပါဦးမလား။ ဆန်းကြယ်ဧကရာဇ်ရဲ့ ဥက္ကာပျံ သတ်ဖြတ်အစီအရင်က အရမ်းကြောက်စရာကောင်းတာပဲ’
ကျန်းရီသည် ဥက္ကာပျံများ၏ တိုက်ခိုက်မှုကို ဆယ်ချီ ခံပြီးနောက် တစ်ကိုယ်လုံး ကိုက်ခဲလာသည်။ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်း အသီးသီးတွင်လည်း သွေးများခဲလာသည်။ သူ မည်မျှ ဆက်ခံနိုင်ဦးမည်ကို သူ မသိပေ။ သူသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ဥက္ကာပျံ သတ်ဖြတ်အစီအရင်က သူ့ကို အဆက်မပြတ် တိုက်ခိုက်နေ၍ အခြေအနေမှာ မဟန်လှချေ။ အကယ်၍ ဗုဒ္ဓအင်ပါယာတို့သာ ဤလမ်းကြောင်းကို ဖြတ်ကျော်မည်ဆိုလျှင် အစောကတည်းက သေပြီးနေလောက်ပေပြီ။ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့သည်ပင် ယခုလောက်ဆို ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီဖြစ်သည်။
‘ဝိညာဉ်လေတွေ’
ကျန်းရီသည် သူ မည်မျှ ဆက်ခံနိုင်ဦးမည်ကို မသိ၍ အစွမ်းများကို လျှိုမထားဝံ့တော့ပေ။ သူသည် ဝိညာဉ်လေများကို ထုတ်လွှတ်၍ ဝိညာဉ်လေနတ်ဘုရားဒိုင်း ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားနတ်ဘုရားဒိုင်းတစ်ခုကိုလည်း ထုတ်ကာ သူ၏ခံစစ်ကို မြှင့်တင်လိုက်သည်။
ဝှစ်...ဝှစ်...
သို့သော် ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် အခြားနတ်ဘုရားဒိုင်းတို့က အလွန်အားနည်းလွန်းသည်။ ဥက္ကာပျံများ နောက်တစ်ချီ ထပ်ရောက်လာသောအခါ ဝိညာဉ်လေနတ်ဘုရားဒိုင်းသည် ဧရာမကျောက်တုံးကြီးသုံးတုံးနှင့် ထိမှန်ခံလိုက်ရသည်နှင့် ပျက်စီးသွားလေသည်။ အခြားနတ်ဘုရားဒိုင်းက ပိုဆိုးသည်။ ကျောက်တုံးတစ်တုံးကို ကာပြီးနောက်မှာပင် ပျက်စီးသွားသည်။
ရွှစ်...ရွှစ်...
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ ထို့နောက် သူ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဓားမှနေ၍ သောင်းချီသော မီးနဂါးလေးများ ထွက်သွားသည်။ သူ ပြန်တိုက်ခိုက်ရပေမည်။ အကယ်၍ သူ အပြင်းအထန် ဒဏ်ရာရသွားလျှင် လာမည့်အန္တရာယ်များကို ခုခံနိုင်တော့မည် မဟုတ်ပေ။ မီးနဂါးလေးများက အရိပ်မျက်နှာအနှံ့သို့ ပျံသန်းသွားသည်။ ၎င်းတို့သည် ဧရာမကျောက်တုံးကြီးများကို မဖျက်ဆီးနိုင်သော်လည်း ကျောက်တုံးလေးများကို ဖျက်ဆီးပေးနိုင်ပေသည်။
ကျန်းရီသည် ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ထုတ်လိုက်၊ ကိုယ်ပိုင်နတ်ဘုရားဒိုင်းကို ထုတ်လိုက်၊ မီးနဂါးလေးများကို ထုတ်လွှတ်လိုက်နှင့် ခံစစ်နှင့် တိုက်စစ်ကို တစ်ချိန်တည်း ကစားနေပေသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူသည် ဥက္ကာပျံ အချီနှစ်ဆယ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း၏ အဆုံးကို မမြင်ရသေးသဖြင့် သူ စိတ်ပျက်လာသည်။
‘ဒီလမ်းကြောင်းထဲကို ဝင်သွားခဲ့တဲ့ အင်အားကြီး လူရိုင်းဆယ်ယောက်လုံး ပြန်မလာနိုင်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ သူတော်စင်အင်ပါယာတောင် ဒီရက်စက်တဲ့ ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို ခံနိုင်လောက်မှာ မဟုတ်ဘူး’
ကျန်းရီတစ်ယောက် ဖြည်းဖြည်းချင်း သဘောပေါက်လာ၏။ ဆန်းကြယ်ဧကရာဇ်က မည်သို့သော အတွေးနှင့်များ ဤအစီအရင်ကို ဆင်ခဲ့ပါသနည်းဟုလည်း တွေးမိလာသည်။ သူသည် ဆန်းကြယ်နယ်မြေထဲသို့ ဝင်သွားသူတိုင်းကို မည်သည့်အခါတွင်မှ ပြန်မထွက်လာစေလိုခဲ့ခြင်းလော။ မဟုတ်လျှင် အဘယ်ကြောင့် ထိုမျှ စွမ်းအားကြီးသော အစီအရင်ကို ဆင်ရပါမည်နည်း။ သာမန်လူများသည် သေချာပေါက် ဤအစီအရင်ကို ခံနိုင်မည် မဟုတ်ချေ။
“ဖူး...”
ကျန်းရီသည် တိုက်ခိုက်မှုများကို သုံးချီ ထပ်ခံပြီးနောက် သွေးအန်လာလေသည်။ ထိုသုံးချီတွင် သူသည် ကျောက်တုံးများကို ရင်ဆိုင်ခဲ့ရသည်မဟုတ်ဘဲ အနောက်ရောင် သတ္တုတုံးကြီးများကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ကျန်းရီ၏ မီးနဂါးလေးများက သတ္တုတုံးများကို ဖျက်ဆီးမပစ်နိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် အံကြိတ်၍သာ ထိမှန်ခံလိုက်ရသည်။ သူ့ကိုယ်တွင်းအင်္ဂါများက ထိခိုက်ထားပြီးဖြစ်သည်။ သတ္တုတုံးများ ထိမှန်ခံရသောအခါတွင်မူ သွေးဖိအားက မြင့်တက်သွားပြီး သူ သွေးအန်သွားခြင်းဖြစ်သည်။
‘သုံးချီ... သုံးချီမတိုင်ခင် ဒီလမ်းကြောင်းရဲ့ အဆုံးကို မရောက်ရင်တော့ ငါ ဒီဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲမှာပဲ သေရတော့မယ်’
ကျန်းရီသည် မီးနဂါးဓားကို အသည်းအသန် ဝှေ့ယမ်းနေသည်။ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်ရန် လုပ်နေခြင်းပင်။ သူ ၎င်းကို ယခု ထုတ်မသုံးပါက နောင်တွင်သုံးရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
ဝှစ်...ဝှစ်...ဝှစ်...ဝှစ်...
ဥက္ကာပျံ သတ်ဖြတ်အစီအရင်က နောက်တစ်ချီ ထပ်မံ တိုက်ခိုက်လိုက်သည်။ လေထဲတွင် အရိပ်နက်များ ပြည့်နှက်သွားသည်။ ထိုမြင်ကွင်းမှာ သန်းချီသော သတ္တုဓားများက ပျံဝင်လာသကဲ့သို့ပင်။ ကျန်းရီသည် ၎င်းတို့ကို မီးနဂါးဓားဖြင့် ခုတ်ချလိုက်ပြီး မီးနဂါးသုံးကောင်ကို ဆင့်ခေါ်လိုက်လေသည်။ ရုတ်ခြည်းပင် မီးနဂါးသုံးကောင် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ဝန်းရံကာ သုံးဘက်မှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ကာလိုက်သည်။ ကျန်တစ်ဘက်ကို ထောင်ဧကရာဇ်ဒိုင်းက ကာပေးသည်။
ဝုန်း...ဝုန်း...ဝုန်း...
မရေမတွက်နိုင်သော သတ္တုတုံးများက မီးနဂါးသုံးကောင်ကို ထိမှန်ကာ အမှုန့်ဖြစ်သွားကြသည်။ သတ္တုတုံးတစ်ဝက်ကျော် ဖျက်ဆီးခံလိုက်ရသည်။ ထိုမှ ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်နိုင်သည်။ ယခုတွင် သူ၏ နတ်ဘုရားဇီဝိန်ခြွေက ပို၍စွမ်းအားကြီးလာပေပြီ။ ယင်းမှာ သူ၏အတွင်းအား တိုးပွားလာ၍ ဖြစ်မည်။
ဒုန်...ဒုန်...ဒုန်...
ကျန်သတ္တုတုံးများက ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် ကိုယ်ပိုင်နတ်ဘုရားဒိုင်းတို့ကို လာထိမှန်သည်။ ထိမှန်မှုအဟုန်ကြောင့် ကျန်းရီ အဘက်ဘက်သို့ လွင့်ပျံနေသည်။ သူ့တစ်ကိုယ်လုံးက အပြင်းအထန် ဒဏ်ရာရသွားပြီဟု သူ ခံစားနေရသည်။ သူ့နှုတ်ခမ်းစွန်းမှနေ၍လည်း သွေးများ အဆက်မပြတ် စီးကျနေသည်။ သူ့ကိုယ်တွင်းအင်္ဂါများလည်း ဒဏ်ရာရနေပေပြီ။
‘အလင်း... အရှေ့မှာ ထွက်ပေါ်ပဲ...’
ရုတ်တရက် ကျန်းရီသည် ဖျော့တော့သော အလင်းရောင်ကို လှမ်းမြင်လိုက်ရ၏။ မှောင်မည်းနေသော ဤရှေးဟောင်းဥမင်ကြီးထဲတွင် မည်မျှမှိန်သော အလင်းကိုမဆို ချက်ချင်း တွေ့ရမည်ဖြစ်သည်။ ထိုအလင်းသည် ကျန်းရီအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကဲ့သို့ပင်။ သို့သော် ကီလိုမီတာသုံးဆယ် ဆက်သွားပြီးနောက် ကျန်းရီ၏ ရင်ထဲမှ အပျော်များ ပျောက်ကွယ်သွားပြီး သူ့မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာလေသည်။
“လခွမ်းပဲ...”
အလင်းရောင်မှာ ထွက်ပေါ်မဟုတ်သလို သတ္တုတုံးများလည်း မဟုတ်ပေ။ လျှပ်စီးတန်းများသာ။ ရာချီသော လျှပ်စီးတန်းများက နဂါးများအလား သူ့ထံသို့ ပျံသန်းလာသည်။ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းတစ်ခုလုံး လျှပ်စီးအလင်းများကြောင့် လင်းထိန်နေသည်။ ထိုအခိုက်တွင် ကျန်းရီသည် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရလေသည်။
“ဆန်းကြယ်နတ်ဘုရားနန်းတော်”
ကျန်းရီ အော်၍ ဆင့်ခေါ်လိုက်သည်။ သူ့လက်ထဲတွင် နန်းတော်လေးတစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးလာသည်။ ကျန်းရီသည် နန်းတော်ထဲသို့ ခပ်သွက်သွက် ဝင်လိုက်လေသည်။ သူက သတ္တုတုံးများကို ခုခံနိုင်သေးသော်လည်း လျှပ်စီးတန်းများကိုမူ မခုခံနိုင်လောက်ပေ။ သူ အတင်းခုခံမည်ဆိုလျှင် သူ့တစ်ကိုယ်လုံး မီးသွေးဖြစ်သွားပေလိမ့်မည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်က သူတော်စင်အင်ပါယာမြို့ထဲတွင် နှစ်လကြာ မိုးမြေအတွင်းအား စုပ်ယူခဲ့၍ စွမ်းအင်တော်တော်များများ ပြန်ပြည့်နေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းက လျှပ်စီးတန်းများကို ပြဿနာများစွာမရှိဘဲ ခုခံနိုင်လောက်သည်ဟု ကျန်းရီ ခန့်မှန်းသည်။
ဝုန်း...
ရာချီသော လျှပ်စီးတန်းများက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ဝန်းရံလိုက်ကြသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အနက်ရောင်အလင်းက ယခင်ကထက် အဆတစ်သောင်းပို၍ တောက်ပလာ၏။ သို့သော် တိုက်ခိုက်မှုများကို ထပ်ခါ ထပ်ခါ ခံရပြီးနောက်တွင် တဖြည်းဖြည်း အရောင်မှိန်လာလေသည်။ ပေါက်ကွဲတော့မသွားပေ။
ရွှီး...
ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ပင်မဂိတ်တံခါး ပွင့်လာပြီး ကျန်းရီ ပျံထွက်လာသည်။ သူသည် ကြောက်ရွံ့မှုကို ခံစားနေရဆဲပင်။ သို့သော် သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပြန်သိမ်းလိုက်သည်။ အစောမှ တိုက်ခိုက်မှုများက နန်းတော်၏ စွမ်းအား အားလုံးနီးပါးကို ကုန်သွားစေသည်။
ထိုအခိုက်တွင် ကျန်းရီသည် သူက ဆန်းကြယ်ဧကရာဇ်လောက် စွမ်းအားမကြီးလျှင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲမှ အသက်ရှင်လျက် မထွက်နိုင်လောက်သည်လောဟု တွေးမိလာသည်။ ဆန်းကြယ်နယ်မြေထဲမှ အင်အားကြီး လူရိုင်းဆယ်ယောက်ကလည်း ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲတွင် သေဆုံးခဲ့ခြင်း ဖြစ်ပေမည်။ ဤလမ်းကြောင်းက သေမင်းလမ်းကြောင်းပင်။ ဆန်းကြယ်နတ်ဘုရားနန်းတော်သာ မရှိခဲ့လျှင် အစော၌ သူ သေသွားလောက်ပေပြီ။
“ထွက်ပေါက်”
ကျန်းရီသည် အရှေ့တွင် တောက်ပသော အလင်းရောင်ကို ထပ်တွေ့လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ထိုအလင်းက လျှပ်စီးတန်းများ မဟုတ်တော့ဘဲ ထွက်ပေါက်ဖြစ်နေသည်။ ကျန်းရီသည် အလွန်ဝမ်းသာသွားပြီး ထွက်ပေါက်ဆီသို့ လျင်မြန်စွာ သွားလိုက်သည်။ ထွက်ပေါ်မှ ထွက်လိုက်သောအခါတွင် အဖြူရောင်အလင်း လင်းလက်သွားပြီး သူ တောင်ထွတ်တစ်ခုပေါ်သို့ ရောက်သွားလေသည်။
“အာ... ဒါက ဆန်းကြယ်နတ်ဘုရားတောင်လား”
ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူက ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ ရောက်နေကြောင်း သိလိုက်ရသည်။ သူ ကောင်းကင်သို့ လှမ်းကြည့်လိုက်ရာ လျင်မြန်စွာ ပျောက်ကွယ်သွားနေသော ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို တွေ့လိုက်ရသည်။ သူ့အတွေးထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ အဘယ်ကြောင့် သေမင်းလမ်းကြောင်း၏အဆုံးက ဆန်းကြယ်နတ်ဘုရားတောင် ဖြစ်နေရသနည်း။ ယင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်က အသို့ပေနည်း။
***