← Chapters

မြောက်ဘက်ဧကရာဇ် ဘယ်မှာလဲ

Vol. 91 Ch. 1259

မြောက်ဘက်ဧကရာဇ် ဘယ်မှာလဲ

Vol. 91 Ch. 1259

ဆန်းကြယ်နတ်ဘုရားတောင် အထက်တွင် မည်းမှောင်သော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာခြင်းက ထိုပတ်ဝန်းကျင်ကို စောင့်ကြပ်နေသော ကျန်မျိုးနွယ်ဝင်များကို အာရုံစိုက်သွားစေသည်။ အကြီးအကဲတစ်ယောက်က ကောင်းကင်ဧကရာဇ်များကို ခေါ်၍ တောင်ပေါ်သို့ တက်သွားသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီအပေါ်သို့ ရောက်နေကြသည်။

“ကျန်းရီလား”

ကျန်မျိုးနွယ်ဝင်များ၏ မျက်နှာထားများ ပြောင်းလဲသွားသည်။ သူတို့သည် ရပ်တန့်လိုက်ကြပြီး အမိန့်ပြားများကို ထုတ်ကာ သတင်းပို့ရန် ဟန်ပြင်လိုက်ကြသည်။ ထိုအခိုက်တွင် ကျန်းရီသည် သူတို့က မည်သည်ကို လုပ်နေကြောင်း သိရှိသွား၏။ ထို့ကြောင့် အားကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်၍ ထိုတစ်အုပ်စုလုံးကို လွှမ်းခြုံစေလိုက်သည်။ ထို့နောက် သူတို့၏ နားထဲတွင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

“လှုပ်တဲ့သူ မှန်သမျှ အသတ်ခံရမယ်”

အကြီးအကဲမှာ ကြယ်လေးပွင့်အဆင့် သိုင်းပညာရှင်သာဖြစ်သည်။ ကျန်လူလေးယောက်၊ ငါးယောက်မှာလည်း အဆင့်မြင့် ကောင်းကင်ဧကရာဇ်များသာ။ ကျန်းရီက သူတို့ထံသို့ ဖိအားပို့လွှတ်လိုက်သောအခါ သူတို့ တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။ မည်သူကမှ မလှုပ်နိုင်တော့ပေ။ ထို့နောက် ကျန်းရီသည် သူတို့ထံသို့ လေးမှလွှတ်လိုက်သော မြားတစ်စင်းအလား ပြေးဆင်းလာသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ထဲမှ ဓားပျော့ကို ဝှေ့ယမ်း၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်သည်။ အားလုံး၏ စိတ်ဝိညာဉ်များ မှင်တက်သွားသည်။ ကျန်းရီသည် ထိုအခွင့်အရေးကို အသုံးချ၍ သူတို့အားလုံးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ပို့လိုက်သည်။ ထို့နောက် သူလည်း နန်းတော်ထဲသို့ လိုက်ဝင်သွားသည်။ မကြာခင်မှာပင် နန်းတော်က လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

“အန်...”

ဆန်းကြယ်ဧကရာဇ်မြို့ထဲမှနေ၍ ကျန်မျိုးနွယ်ဝင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ပျံထွက်လာ၏။ သူသည် ပတ်ဝန်းကျင်မှ အာကာပြင်က လှုပ်ရှားသွားကြောင်း ခံစားလိုက်ရ၏။ သူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံလိုက်သောအခါ ဆန်းကြယ်နန်းဘုရားနန်းတော်က ကောင်းကင်ထက်ရှိ အက်ကြောင်းထဲသို့ ဝင်ကာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ သူသည် အကြိမ်များစွာ အာရုံခံလိုက်သော်လည်း မည်သည့် မူမမှန်‌သောအရာကိုမှ မတွေ့လိုက်ရချေ။

***

“ကျန်းရီ ဘာဖြစ်လို့လဲ”

ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများသည် တစ်ချိန်လုံး ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ၌ စောင့်နေခဲ့သည်။ သူတို့သည် ကျန်းရီက ကျန်မျိုးနွယ်မှ လူတစ်စုနှင့်အတူ ရှေ့ဆင့်နောက်ဆင့် ဝင်လာသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။ ကျန်းရီက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲကနေ ထွက်နိုင်သွားပြီး ဆန်းကြယ်နတ်ဘုရားတောင်ပေါ်ကို တည်နေရာပြောင်းရွှေ့ခံလိုက်ရတာပဲ။ အဲ့မှာ ကျန်မျိုးနွယ်ဝင်တချို့ ကင်းစောင့်နေကြတာလေ။ အပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မေးရအောင် သူတို့ကို ဖမ်းခေါ်လာခဲ့တာပါ”

“ဆန်းကြယ်နတ်ဘုရားတောင်လား”

အားလုံး အံ့ဩသွားကြသည်။ သေမင်းဆန်းကြယ်နယ်မြေက အရှေ့ဘက် တော်ဝင်နယ်မြေ၏ အနောက်ဘက်ရှိ ပင်လယ်နက်ထဲတွင် တည်ရှိသည်။ ဆန်းကြယ်နတ်ဘုရားတောင်မှာမူ အရှေ့ဘက် တော်ဝင်နယ်မြေ၏ အလယ်ဗဟိုတွင်ဖြစ်သည်။ သို့သော် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲမှ ထွက်လိုက်သောအခါ ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ ရောက်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အပြင်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသောအခါ အားလုံး စိတ်အေးသွားကြသည်။ ဗုဒ္ဓအင်ပါယာက ကျန်မျိုးနွယ်မှ အကြီးအကဲထံ လျှောက်သွားလိုက်ပြီး သူ့ခေါင်းကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။ အကြီးအကဲက ချက်ချင်း သတိလည်လာ၏။ သူသည် တိုက်ခိုက်လိုသော်လည်း ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ညဧကရီနှင့် အခြားသူများကို တွေ့လိုက်သောအခါ မျက်နှာထားပြောင်းသွားသည်။ သူသည် တစ္ဆေများကို မြင်လိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာလေသည်။

“မင်းက ကျန်ထျန်းတိမလား”

ယဉ်အင်ပါယာက ထိုအကြီးအကဲကို သိ၍ ချက်ချင်း ပြောလိုက်သည်။

“ငါတို့တွေက မသေသေးပါဘူး။ တစ္ဆေတွေ မဟုတ်ပါဘူး။ ငါတို့အင်ပါယာတွေနဲ့ ဧကရာဇ်တွေကို တွေ့တာတောင် မင်းက ဦးမညွှတ်သေးဘူးလား”

ကျန်မျိုးနွယ်မှ အကြီးအကဲသည် မျက်လုံးပြူးသွားပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဒူးထောက်လိုက်သည်။

“ကျန်ထျန်းတိ အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်။ အရှင်တို့က... တကယ်ပဲ မသေသေးဘူးလား”

“ပေါက်ကရတွေ...”

ယဉ်အင်ပါယာက ကြိမ်း‌‌မောင်းလိုက်သည်။ ထို့နောက် အားလုံး၏ကိုယ်စား လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

“အပြင်မှာ ဘာတွေဖြစ်နေတာလဲ။ ငါတို့ကို အသေးစိတ် ပြောပြပါ။ တကယ်လို့ မင်း တစ်ခုခုကို ထိမ်ချန်ထားမယ်ဆိုရင် မင်းရဲ့ တန်ဖိုးမရှိတဲ့ အသက်ကို အဆုံးရှုံးခံဖို့ ပြင်ထားပေတော့”

“အာ...”

ထိုအခိုက်တွင် ကျန်မျိုးနွယ်မှ ကောင်းကင်ဧကရာဇ်များလည်း သတိလည်လာပြီး အနီးမှ လူများကို ကြည့်လိုက်ကြသည်။ သို့သော် သူတို့ မည်သို့မှ မပြောပေ။ ထိုနေရာမှ လူများက အဆင့်အတန်းမြင့်သောလူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျန်ထျန်းတိကိုသာ ငေးကြည့်နေကြသည်။

ကျန်ထျန်းတိက ကျန်းရီကို မုန်းတီးသော မျက်နှာထားဖြင့် အကြိမ်ကြိမ် ကြည့်နေ၏။

“အရှင်တို့.. ဘာလို့ အရှင်တို့က ဒီလူသားသစ္စာဖောက်နဲ့ အတူရှိနေရတာပါလဲ။ အဲ့လူက ကျွန်တော်တို့ရဲ့ ဧကရာဇ်ကို သတ်ခဲ့တာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့အတွက် လက်စားချေပေးပါ”

“ဘာ...”

ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ကျန်းရီနှင့် အခြားသူအားလုံး အံ့အားသင့်သွားကြသည်။ ဗုဒ္ဓဧကရာဇ်၊ သူတော်စင်အင်ပါယာနှင့် မျိုးနွယ်စုခေါင်းဆောင်‌ အယောက်ခြောက်ဆယ်သာ မျက်နှာထား ပြောင်းမသွားကြချေ။ ထို့နောက် ဗုဒ္ဓဧကရာဇ်က သက်ပြင်းသဲ့သဲ့ချ၍ ပြောလိုက်သည်။

“အပြင်မှာ ကိစ္စကြီးတစ်ခု ဖြစ်နေပြီမှန်းတော့ ငါသိပါတယ်။ ကျန်အဘိုးကြီးက တကယ်ပဲ အသတ်ခံလိုက်ရပြီလား”

ဗုဒ္ဓအင်ပါယာသည်လည်း ပြူးကျယ်သော မျက်ဝန်းများဖြင့် အေးစက်စက် မေးလိုက်သည်။

“တိုက်ပွဲဧကရာဇ်က ဘယ်တုန်းက သေသွားခဲ့တာလဲ။ ဘယ်မှာ သေသွားခဲ့တာလဲ”

ကျန်ထျန်းတိက ကျန်းရီကို စူးစူးဝါးဝါး စိုက်ကြည့်၍ ပြန်ဖြေသည်။

“သူက လွန်ခဲ့တဲ့ သုံးလလောက်တုန်း သေသွားခဲ့တာပါ။ သူ့ကို ကျန်းရီနဲ့ အောင်းလုတို့က မီးတောက်နယ်မြေမှာ လုပ်ကြံသွားခဲ့တာပါ။ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံး အဲ့အကြောင်းကို သိပါတယ်။ အရှင်တို့ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ ဧကရာဇ်အတွက် လက်စားချေပေးကြပါ”

“ဟင်းဟင်း...”

ကျန်းရီက ခပ်သဲ့သဲ့သာ ရယ်လိုက်ပြီး မည်သို့မှ ရှင်းပြမနေတော့ပေ။ သို့သော် ဗုဒ္ဓအင်ပါယာက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ကျန်းရီက ပင်လယ်နက်ထဲမှာ ငါတို့နဲ့အတူ လေးလ၊ ငါးလလောက် ရှိနေခဲ့တာပဲ။ သူက ဘယ်လိုလုပ် မီးတောက်နယ်မြေက တိုက်ပွဲဧကရာဇ်ကို သတ်နိုင်မှာလဲ။ ငါတို့ မရှိတဲ့အချိန် အရှေ့ဘက် တော်ဝင်နယ်မြေမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေ အကုန်လုံးကို မြန်မြန်ပြောစမ်း။ အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးက လူတွေရဲ့ အသက်တွေနဲ့ သက်ဆိုင်တယ်”

“ဒါက...”

ကျန်ထျန်းတိက ဗုဒ္ဓအင်ပါယာတို့အုပ်စုကို သံသယဖြင့် ကြည့်လိုက်သည်။ သူသည် သူတို့၏ စကားများကို မယုံသဖြင့် မေးလိုက်လေသည်။

“ကျန်းရီက တကယ်ပဲ ပြီးခဲ့တဲ့ လေးလ၊ ငါးလလုံးလုံး အရှင်တို့နဲ့ ရှိနေခဲ့တာပါလား”

“စကားတွေရှည်လိုက်တာ”

ယဉ်ဧကရာဇ်က စိတ်မရှည်ဟန်ဖြင့် ဝင်ပြောသည်။

“ငါတို့က ဘာလို့ မင်းကို လိမ်ရမှာလဲ”

ထိုနေရာတွင် ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ညဧကရီနှင့် ရွှမ်ဧကရာဇ်တို့ရှိနေသည်။ သူတို့က ဧကရာဇ်လေးပါးဖြစ်သည်။ သူတို့ကဲ့သို့သော လူများသည် လိမ်မည် မဟုတ်ပေ။ အထူးသဖြင့် ဂုဏ်သတင်းကျော်ဇောသော ဗုဒ္ဓဧကရာဇ်က မလိမ်နိုင်ချေ။ ထို့ကြောင့် ကျန်ထျန်းတိသည် သူတို့၏ စကားများကို တစ်ဝက်ယုံ၊ တစ်ဝက်မယုံ ဖြစ်လာပြီး ပြန်ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ သုံးလလောက်က မီးတောက်နယ်မြေမှာ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်လာတာကို သတင်းရခဲ့ပါတယ်။ အဲ့မှာ နယ်မြေတွေအများကြီးက အချင်းချင်း တိုက်ခိုက်နေခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ဧကရာဇ်နဲ့ မြောက်ဘက်ဧကရာဇ်တို့က အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ စွမ်းအားကြီး သိုင်းပညာရှင်တွေကို စုစည်းပြီး အဲ့က တိုက်ပွဲတွေကို တားဖို့ သွားခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့...”

ကျန်ထျန်းတိသည် ဖြစ်ပျက်ခဲ့သောအရာအားလုံးကို အသေးစိတ် ပြောပြလိုက်သည်။ သူက တိုက်ပွဲဧကရာဇ် အသတ်ခံရသည့် အကြောင်းကို ပြောသောအခါ အားလုံး စိတ်မကောင်းဖြစ်သွားကြသည်။ ကျန်းရီသည်ပင် မျက်နှာထားတည်သွားသည်။ သူသည် တိုက်ပွဲဧကရာဇ်နှင့် အဆင်မပြေခဲ့သော်လည်း တိုက်ပွဲဧကရာဇ်က ကြိုးကိုင်သူမဟုတ်ကြောင်း သိသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်တစ်ယောက် အသတ်ခံလိုက်ရခြင်းမှာ လူသားမျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပေသည်။

ထို့နောက် ကျန်ထျန်းတိသည် မြောက်ဘက်ဧကရာဇ်က လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ကို ဖွဲ့စည်း၍ စစ်တပ်၏ ခေါင်းဆောင်ဖြစ်နေကြောင်း ဆက်ပြောပြသည်။ ထိုအခါ ကျန်းရီတို့အားလုံး မျက်နှာပျက်သွားကြသည်။ နောက်ဆုံးတွင် မြောက်ဘက်ဧကရာဇ်က သူ၏ဘီလူးခေါင်းကို ထုတ်ပြပေပြီ။ သူက အမှန်ပင် တစ်လောကလုံးကို သိမ်းပိုက်၍ ဒုတိယဆန်းကြယ်ဧကရာဇ် ဖြစ်လိုနေခြင်း ဖြစ်ပေသည်။

ကျန်ထျန်းတိသည် မြောက်ဘက်ဧကရာဇ်က ခေါင်းဆောင်ဖြစ်နိုင်ရန် သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့က ပံပိုးပေးခဲ့ကြောင်း၊ သူတို့ကလည်း လက်ထောက်ခေါင်းဆောင်များ ဖြစ်နေကြောင်း၊ ရှင်းမုန့်ဝမ်လည်း ရောက်လာခဲ့ကြောင်းတို့ကို ဆက်ပြောသည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်တို့ မယုံနိုင်ဖြစ်နေကြပေသည်။

ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က မြောက်ဘက်ဧကရာဇ်၏ လက်အောက်ငယ်သားများ ဖြစ်နေသည်လော။ ယင်းမှာ မဖြစ်နိုင်လုနီးပါးပင်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အမြဲ တင်းကြပ်သော စည်းမျဉ်းများကို လိုက်နာခဲ့သည်။ ဧကရာဇ်ကိုးပါးစလုံးကလည်း မာနကြီးကြသည်။ သူတို့သည် မြောက်ဘက်ဧကရာဇ်၏ လက်အောက်ငယ်သားအဖြစ်နေ၍ ကူညီရန် အလွယ်တကူ သဘောတူကြမည် မဟုတ်ပေ။ ထို့ပြင် သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့သည် မြောက်ဘက်ဧကရာဇ်ထံတွင် လက်အောက်ခံခြင်းမှနေ၍ မည်သည့်အကျိုးကျေးဇူးမှ မရနိုင်ချေ။

“သူတို့က ထိန်းချုပ်ခံထားရတာများလား။ သူတို့က မြောက်ဘက်ဧကရာဇ်ရဲ့ ဝိညာဉ်ကျွန်တွေ ဖြစ်နေတာလား။ အဲ့ဒါ မဖြစ်နိုင်ဘူး...”

ယဉ်အင်ပါယာက တီးတိုးရေရွတ်လိုက်သည်။ ဧကရာဇ်များကဲ့သို့ စွမ်းအားကြီး သိုင်းပညာရှင်များကို ထိန်းချုပ်ရန် အလွန်ခက်ပေသည်။ ထို့ပြင် သူတို့သည် သူတို့၏ စိတ်ဝိညာဉ်က ထိန်းချုပ်ခံထားရကြောင်း သိသည်နှင့် သေချာပေါက် သူတို့ကိုယ်သူတို့ သတ်သေသွားပေလိမ့်မည်။

မည်သူကမှ ထိုကိစ္စကို နားမလည်နိုင်ပေ။ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့သာ အဖြေကို သိပေလိမ့်မည်။ ရှင်းမုန့်ဝမ် ထွက်ပေါ်လာခြင်းကိုမူ မည်သူကမှ မအံ့ဩကြချေ။ ကောင်းကင်တမလွန်ဂိုဏ်းနှင့် မြောက်ဘက်ဧကရာဇ်တို့က တစ်ဘက်တည်းဖြစ်သည်။ သူတို့က နောက်ကွယ်မှ ကြိုးကိုင်သူများဖြစ်ကြသည်။ သို့ဖြစ်၍ ရှင်းမုန့်ဝမ်က မြောက်ဘက်ဧကရာဇ်ကို မကူညီမှသာ အံ့ဩစရာကောင်းမည်ဖြစ်သည်။

ကျန်းရီသည် အပြင်လောကမှ အခြေအနေကို သဘောမကျပေ။ ချီထျန်းချန်နှင့် ချီမျိုးနွယ်မှ သိုင်းသမားများက အသတ်ခံလိုက်ရကြောင်းကို သူ သိလိုက်ရသည်။ ထို့ကြောင့် ယခုတွင် သားရဲဧကရာဇ်က သူသတ်ရမည့်သူစာရင်းတွင် နံပါတ်(၁) ဖြစ်သွားပေပြီ။

ဝုန်း...

ကျန်ထျန်းတိက ဒုတိယမဟာစစ်ပွဲ မည်သို့ပြီးဆုံးသွားကြောင်းကို ဆက်ပြောသည်။ ကျန်းရီသည် အောင်းလု၊ အရိပ်ဧကရာဇ်နှင့် အဆုံးမဲ့ပင်လယ်နက်ထဲရှိ မိစ္ဆာအားလုံး အသတ်ခံလိုက်ကြောင်းကို ကြားလိုက်သောအခါ မူးမိုက်၍ပင် သွားသည်။ အတော်လေးကြာမှ သူ စိတ်ပြန်တည်ငြိမ်သွားပေသည်။

ကျန်းရီသည် အောင်းလုအပေါ်တွင် ကျေးဇူးကြွေးကြီးတစ်ခု တင်နေသည်။ အောင်းလုက သူ၏ ဆရာလည်းဖြစ်သလို မိတ်ဆွေလည်းဖြစ်သည်။ သူက ပင်လယ်နက်ထဲမှ ပြန်ထွက်လာနိုင်ပြီဖြစ်သော်လည်း သူတို့နှစ်ယောက်က ထာဝရ ကွဲကွာသွားပေပြီ။ ထို့ကြောင့် သူ့ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။ သူ အံကြိတ်၍ ကျန်ထျန်းတိကို ကြည့်ကာ မေးလိုက်သည်။

“မြောက်ဘက်ဧကရာဇ်က ဘယ်မှာလဲ”

“သူ..သူက...”

ကျန်ထျန်းတိသည် ကျန်းရီနှင့် အကြည့်ချင်းဆုံသောအခါ အလွန်ထိတ်လန့်သွားမိသည်။ ထို့ကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေရသည်။

“ပြီး..ပြီးခဲ့တဲ့ ဆယ်သုံးရက်တုန်းက လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က နှင်းဒေသကို ချီတက်သွားပါတယ်။ အခုလောက်ဆို သူတို့ တိုက်ခိုက်နေလောက်ပါပြီ”

“ဘာ...”

ကျန်းရီသည် တုန်လှုပ်တကြီး အော်လိုက်၏။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း သုံးစေ၍ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က လွန်ခဲ့သော ဆယ့်သုံးရက်ကတည်းက ထွက်ခွာသွားခြင်းဆိုလျှင် ယခုတွင် နှင်းဒေသကို ရောက်နေလောက်ပေပြီ။ သို့ဖြစ်ရာ ကျန်းရီတို့ ရောက်သွားချိန်တွင် နှင်းဒေသက ပျက်သုဉ်းနေလောက်ပေသည်။

***

All Chapters