← Chapters

အဖေက မင်းကို စောင့်နေခဲ့တာ ကြာပြီ *

Vol. 91 Ch. 1260

အဖေက မင်းကို စောင့်နေခဲ့တာ ကြာပြီ *

Vol. 91 Ch. 1260

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း သုံးစေ၍ မြောက်ဘက်သို့ ဦးတည်သွားစေနေသည်။ ဗုဒ္ဓဧကရာဇ်က ကျန်ထျန်းတိကို သူတို့ မရှိချိန်တွင် ဖြစ်ပျက်ခဲ့သည့် အပြင်လောကမှ အကြောင်းများကို ဆက်ပြောစေလိုက်သည်။ အရာအားလုံးကို နားထောင်ပြီးနောက် ဗုဒ္ဓဧကရာဇ် တွေးတောလိုက်သည်။ ငါးမိနစ်ကြာ တွေးပြီးသောအခါ သူ ပြတ်သားစွာ ပြောလိုက်သည်။

“ကျန်းရီ... ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရပ်လိုက်။ ငါတို့ လူခွဲသွားကြမယ်”

ဗုဒ္ဓဧကရာဇ်သည် ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ၊ ရွှမ်အင်ပါယာနှင့် ညအင်ပါယာတို့ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“မင်းတို့ အပြင်ကို ရောက်တာနဲ့ ချက်ချင်း လျှို့ဝှက်လှုပ်ရှားကြပါ။ မင်းတို့ထဲက တစ်ယောက်က ထန်ရှန်းကျိကိုသွားရှာ။ အဲ့အဘိုးကြီးက တကယ် အပြင်းအထန် ဒဏ်ရာရထားတာ မဖြစ်နိုင်ဘူး။ တစ်ခုခုမှားနေတာကို သိလို့ ဟန်ဆောင်နေတာဖြစ်မယ်။ သူ့ကို နှင်းဒေသကို သွားဖို့ ဖျောင်းဖျပါ...”

“ကျန်တဲ့သူတွေက ရှန်မျိုးနွယ်၊ မိုမျိုးနွယ်၊ ကောင်းကင်နဂါးဂိုဏ်းနဲ့ နှောင်ကြိုးမဲ့ဂိုဏ်းတွေဆီ သွားကြပါ။ အဲ့မျိုးနွယ်တွေ၊ ဂိုဏ်းတွေကို သူတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်တွေ၊ ဂိုဏ်းချုပ်တွေဆီ လျှို့ဝှက် သတင်းပို့ပေးဖို့ ပြောလိုက်ပါ။ သူတို့ကို ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး ပြောပြပါ။ သူတို့က ငါတို့ကို မကူညီဘူးဆိုရင်တောင် ရန်သူကို ကူညီလို့မဖြစ်ဘူး”

ဗုဒ္ဓအင်ပါယာက ခေါင်းညိတ်သည်။ ယဉ်အင်ပါယာကမူ ခေတ္တမျှ ချီတုံချတုံဖြစ်သွားပြီး ‌မေးလိုက်သည်။

“မျိုးနွယ်တချို့က မြောက်ဘက်ဧကရာဇ်နဲ့ ကောင်းကင်တမလွန်ဂိုဏ်းအပေါ် သစ္စာရှိကြမှာပဲ။ ကျွန်တော်တို့ အဲ့လိုသတင်းပို့လိုက်ရင် သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားနိုင်တယ်”

“မစိုးရိမ်ပါနဲ့”

ဗုဒ္ဓဧကရာဇ်က လက်ဝှေ့ယမ်းလိုက်သည်။

“အဲ့အဘိုးကြီးတွေက မတုံးပါဘူး။ မဟုတ်ရင် သူတို့ရဲ့ မျိုးနွယ်တွေ၊ ဂိုဏ်းတွေက အရင်ကတည်းက ပျက်စီးသွားခဲ့ပြီ။ သူတို့က အရမ်းပါးနပ်ကြတယ်။ ဘယ်သူကမှ လက်ထောက်ခေါင်းဆောင်ရာထူးကို လက်မခံခဲ့တာကိုပဲ ကြည့်လေ။ ပြီးတော့... ငါက တမင် ရန်သူကို သတိပေးချင်တာ။ တကယ်လို့ ဝူရှန်းနှင့် ရှင်းမိုက ငါတို့ ပြန်ရောက်လာပြီဆိုတာကို သိသွားရင် နှင်းဒေသကို တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး”

“ဟုတ်တယ်...”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူတို့က အပြင်လောကကို ပြန်ရောက်လာပေပြီ။ ဝူရှန်းနှင့် ရှင်းမိုတို့သည် သူတို့အား မည်သို့ကိုယ်တွယ်ရမည်ကိုသာ အရင်ဆုံး တွေးမိပေလိမ့်မည်။ နှင်းဒေသကို သိမ်းပိုက်ရန် အာရုံစိုက်နိုင်တော့မည် မဟုတ်ချေ။ နှင်းဒေသက သူတို့အတွက် အန္တရာယ်မဟုတ်ပေ။ ကျန်းရီတို့ကို သတ်ပြီးသည်နှင့် နှင်းဒေသက သူတို့လက်ထဲသို့ အလွယ်တကူ ရောက်လာမည်သာ။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော် မြောက်ဘက်ဧကရာဇ်မြို့ကို သွားပြီး အဲ့ကလူတွေကို တိုက်ခိုက်မယ်ဆိုရင်ရော။ အဲ့ဒါဆို ဝူရှန်းက သူ့မြို့ကို ပြန်လာပြီး ကာကွယ်ရမှာပဲ”

ဗုဒ္ဓဧကရာဇ်နှင့် ရွှမ်ဧကရာဇ်တို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် ဗုဒ္ဓဧကရာဇ်က ပြန်ဖြေလိုက်သည်။

“အဲ့ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းရီ... မင်း အရပ်သူ၊ အရပ်သားတွေနဲ့ အားနည်းတဲ့သူတွေကို မသတ်ဘူးလို့တော့ ကတိပေးရမယ်။ ဒီကပ်ဘေးကြီးကြောင့် လူတွေအများကြီး သေခဲ့ရပြီးပြီ။ မင်း မဆိုင်တဲ့သူတွေကို သတ်လို့ မဖြစ်ဘူး။ မင်းက မြောက်ဘက်ဧကရာဇ်မြို့ကို သွားလိုက်ပါ၊ ငါတို့က နှင်းဒေသကို လျှို့ဝှက်ပြီး သွားလိုက်မယ်။ အင်ပါယာတွေကတော့ ထန်ရှန်းကျိနဲ့ တခြားသူတွေဆီ သွားလိမ့်မယ်။ ကိစ္စအကုန်လုံး လုပ်ပြီးတာနဲ့ အခြေအနေတွေက ငါတို့ဘက်ကို ပြန်ပါလာနိုင်ပါတယ်”

“ဟုတ်ကဲ့ပါ”

ကိစ္စများကို အသေးစိတ် ဆွေးနွေးပြီးနောက် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကောင်းကင်ရှောင်တိမ်းခြင်း ရပ်စေလိုက်သည်။ နန်းတော်တွင် စွမ်းအင် သိပ်မကျန်တော့သဖြင့် ကောင်းကင်ရှောင်တိမ်းခြင်း သုံးနေသော်လည်း အဝေးကြီး မရောက်သေးပေ။ ထိုနှုန်းဖြင့်ဆိုလျှင် သူတို့ နှင်းဒေသသို့ ရောက်ချိန်၌ အလောင်းများပင် အေးစက်နေလောက်ပြီဟု ကျန်းရီ တွေးမိပေသည်။

တည်နေရာပြောင်းရွှေ့အစီအရင်များကို သုံးမည်ဆိုလျှင် နှင်းဒေသကို ပိုစောစော ရောက်နိုင်သည်။ နှင်းဒေသအစပ်သို့ ရောက်သောအခါ ဗုဒ္ဓဧကရာဇ်တို့က အရှိန်ကုန် ပျံသန်း၍ တိုက်ပွဲနေရာသို့ သွားနိုင်သည်။ ယင်းက အမြန်ဆုံးနည်း ဖြစ်ပေလိမ့်မည်။

အားလုံး အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြသည်။ ကျန်းရီက သူတော်စင်အင်ပါယာ၊ ကျန်းရှောင်နူ၊ ရီချန်၊ ယဉ်ရို့ပင်းနှင့် ရှောင်ဖေးတို့ကို ဦးဆောင်သည်။ ဗုဒ္ဓဧကရာဇ်က ကျန်ဧကရာဇ်များနှင့် လူရိုင်းမျိုးနွယ်စုခေါင်းဆောင် အယောက်ခြောက်ဆယ်ကို ဦးဆောင်သည်။ ဗုဒ္ဓအင်ပါယာက အခြားအင်ပါယာများကို ဦးဆောင်၍ ထန်ရှန်းကျိုတို့နှင့် လျှို့ဝှက်ဆက်သွယ်ရမည်ဖြစ်သည်။

ဗုဒ္ဓအင်ပါယာနှင့် ဗုဒ္ဓဧကရာဇ်တို့က လျှို့ဝှက်လုပ်‌ဆောင်ရမည်ဖြစ်ပြီး ကျန်းရီက ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ရမည်ဖြစ်သည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံထုတ်၍ အာရုံခံလိုက်ရာ အနီးရှိ မြို့ငယ်တစ်မြို့ကို တွေ့လိုက်သည်။ သူသည် ထိုမြို့ဆီသို့ အမြန်ဆုံး ပျံသန်းသွားလိုက်သည်။ ဤတစ်ခေါက်တွင် သူသည် စိတ်ဝိညာဉ်အရှိန်အဝါရော ရုပ်သွင်ကိုပါ မပြောင်းလဲတော့ပေ။ သူ ပျံသန်းလာသောအခါ မြို့ထဲရှိ သိုင်းသမားများက သူ့ကို သတိပြုမိလိုက်ကြသည်။ ချက်ချင်းပင် သူတို့ သတင်းပို့ကြလေသည်။

ကျန်းရီ မြို့ငယ်လေးသို့ ရောက်သောအချိန်တွင် မြို့ကို ဧရာမ အကာအရံအလွှာကြီးတစ်ခုက ကာရံထားပေပြီ။ စွမ်းအားကြီး သိုင်းသမားများအားလုံးကလည်း မြို့ရင်ပြင်တွင် စုဝေးကာ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

“ချိုးဖျက်...”

မြို့ထဲမှ စွမ်းအားကြီး သိုင်းသမားများသည် ကျန်းရီအတွက် ပုရွက်ဆိတ်များနှင့် မခြားပေ။ သူသည် အကာအရံအလွှာကြီးကို လက်သီးဖြင့်ထိုးကာ ချိုးဖျက်လိုက်ပြီး သူတို့ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

ကျန်းရီသည် သိုင်းသမားများက သူ့အား စတင်တိုက်ခိုက်မည်ကို မစောင့်ဘဲ မြို့ရင်ပြင်ထဲသို့ ပျံဝင်သွားလိုက်သည်။ သူ မြို့ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင် ‌ရှေ့တွင် ရပ်ကာ သိုင်းသမားများကို သတ်ဖြတ်အရှိန်အဝါဖြင့် ကြည့်လိုက်သည်။ ထို့နောက် အစောင့်များကို ကြည့်၍ ပြောလိုက်သည်။

“ဒီတည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်၊ မဟုတ်ရင် မင်းတို့အကုန်လုံး သေရမယ်”

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးကြ”

မြို့အရှင်က အရူးမဟုတ်ပေ။ သူသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်က ဖြစ်၍ ကျန်းရီက သူ့ကို ပုရွက်ဆိတ်သတ်သလို သတ်ပစ်နိုင်ကြောင်း သိပေသည်။ ထို့ကြောင့် သူသည် သူ့လူများကို တည်နေရာပြောင်းရွှေ့အစီအရင် နှိုးရန် အမိန့်ပေးလိုက်သည်။ ကျန်းရီက တည်နေရာပြောင်းရွှေ့၍ ထိုဒေသရှိ မြို့ကြီးတစ်မြို့သို့ ‌ရောက်သွားမည်ကို သူ လိုလားသည်။ ကျန်းရီ ထိုမြို့ကြီးသို့ ရောက်ပြီးနောက် မည်သို့လုပ်မည်ကိုမူ သူ ဂရုမစိုက်ပေ။ ဂရုစိုက်လိုလျှင်လည်း သူ့တွင် အရည်အချင်း မရှိချေ။

ရွှီး...

အဖြူရောင်အလင်း လင်းလက်သွားပြီး ကျန်းရီက ထိုဒေသ၏ မြို့တော်သို့ ရောက်သွားသည်။ မြို့ထဲရှိ လူများက ကျန်းရီ ရောက်လာမည်ကို ကြိုသတင်းရထားပြီးပေပြီ။ ထို့ကြောင့် စစ်တပ်နှင့် ပါမသွားသော စွမ်းအားကြီး သိုင်းသမားများက မြို့ရင်ပြင်ထဲတွင် စုဝေးနေကြသည်။ သူတို့ထဲတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်နှင့် ကြယ်လေးပွင့်အဆင့်၊ ကြယ်ငါးပွင့်အဆင့် သိုင်းပညာရှင်များစွာ ပါသည်။

သို့သော် မည်သူကမှ မတိုက်ခိုက်ဝံ့ကြပေ။ ကျန်းရီက အရှေ့ဘက် တော်ဝင်နယ်မြေတွင် အမည်ဆိုးဖြင့် ကျော်ကြားသလို သူ၏ ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်များကြောင့်လည်း ကျော်ကြားပေသည်။ သူ့ကို တိုက်ခိုက်ဝံ့သူတိုင်း သေချာပေါက် သေရပေလိမ့်မည်။

ကျန်းရီသည်လည်း မည်သို့မှ မလုပ်လိုက်ဘဲ နတ်ဘုရားတစ်ပိုင်းကို ကြည့်၍သာ ပြောလိုက်သည်။

“ဒီ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်။ ကျွန်တော် မြောက်ဘက်ဧကရာဇ်မြို့ကို သွားချင်တယ်။ လမ်းတစ်လျှောက်က မြို့တွေကိုလည်း သတင်းပို့ထားလိုက်... ကျွန်တော်က ဖြတ်သွားရုံပဲလို့။ အဲ.. ကျွန်တော့်ကို တားတဲ့သူတွေကတော့ အမေးအမြန်းမရှိ အသတ်ခံရမယ်”

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ကြ...”

နတ်ဘုရားတစ်ပိုင်းသည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ထိုကပ်ဘေးနတ်ဘုရားကို အဝေးသို့ ပို့ပေးရန် အမိန့်ပေးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် မြောက်ဘက်ဧကရာဇ်မြို့သို့ သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ မြို့များဆီသို့ ကျန်းရီက ဖြတ်သွားရုံသာ ဖြစ်ကြောင်းနှင့် မည်သူကမှ သူ့ကို မတားရန် သတင်းပို့လိုက်သည်။

လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က ထွက်ခွာသွားခဲ့သည်မှာ ဆယ်ရက်ကျော် ကြာခဲ့ပြီဖြစ်သည်။ ယခုတွင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ စွမ်းအားကြီး သိုင်းပညာရှင်များ သိပ်မကျန်ခဲ့ပေ။ ထိုကဲ့သို့သော အချိန်တွင် ကျန်းရီက အ‌ရှေ့ဘက် တော်ဝင်နယ်မြေတွင် သွေးချောင်းစီးသွားအောင် လုပ်လိုပါက မည်သည့်မြို့၊ မည်သည့်မျိုးနွယ်ကမှ သူ့ကို တားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် မည်သူကမှ မသေလိုသလို၊ မည်သူကမှ အရူးမဟုတ်ချေ။ ကျန်းရီက ဝူမျိုးနွယ်ကိုသာ ပြဿနာသွားရှာလိုနေခြင်းဖြစ်သည်။ ကျန်မျိုးနွယ်များသည် မိမိတို့ကိုယ်တိုင် ပျက်သုဉ်းရမည်ထက် အခြားသူ ပျက်သုဉ်းသည်က တော်သေးသည်ဟု တွေးကြသည်။ မိမိ၏ အသက်နှင့် ယှဉ်လာသောအခါ အခြားအရာများကို အရေးမစိုက်နိုင်ကြတော့ပေ။

ကျန်းရီက အ‌ရှေ့ဘက် တော်ဝင်နယ်မြေတွင် ထွက်ပေါ်လာသည်ဆိုသော သတင်းက မြောက်ဘက်ဧကရာဇ်မြို့ဆီသို့ ရောက်ရှိသွားသည်။ သတင်းက နှင်းပွင့် အရည်ပျော်သကဲ့သို့ အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ဘက်ဒေသတစ်ခွင်လုံး၌ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော မျိုးနွယ်များ၏ သတင်းပို့အစီအရင်များက အဆက်မပြတ် လင်းလက်နေရာ ကောင်းကင်ပင် လင်းထိန်နေသည်။ သတင်းက တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီဖြစ်ရာ မြောက်ဘက်ဧကရာဇ်တို့လည်း သိရှိသွားကြသည်။

မြောက်ဘက်ဧကရာဇ်မြို့က အုတ်အော်သောင်းနင်း ဖြစ်နေသည်။

ထန်ရှန်းကျိက အပြင်းအထန် ဒဏ်ရာရသွားသဖြင့် လက်ထောက်ခေါင်းဆောင် ရာထူးမှ အနားယူလိုက်ရရာ မြောက်ဘက်အင်ပါယာက နောက်ပိုင်းကိစ္စများကို ကိုင်တွယ်ရန် တာဝန်ယူထားရသည်။ မြောက်ဘက်ဧကရာဇ်က နှင်းဒေသသို့ သွားရောက်တိုက်ခိုက်နေစဉ်အတွင်း မြောက်ဘက်ဧကရာဇ်မြို့ကို စောင့်ကြပ်ရန်မှာ မြောက်ဘက်အင်ပါယာ၏ အဓိကနောက်ပိုင်းတာဝန်ဖြစ်သည်။ ထို့ကြောင့် သူသည် စစ်တပ်နှင့် လိုက်ပါမသွားခဲ့ပေ။ ကျန်းရီ ပြန်ရောက်လာပြီဆိုသော သတင်းကို ရလျှင်ရချင်း သူ မြောက်ဘက်ဧကရာဇ်ဆီသို့ သတင်းလှမ်းပို့သည်။ ထို့နောက် ဝူမျိုးနွယ်ဝင်များကို ဝေးရာသို့ ရွှေ့‌ပြောင်းစေလိုက်ပြီး ကျန်ခဲ့သည့် စွမ်းအားကြီး သိုင်းသမားများကို စုဝေး၍ မြို့ကို သေသည်အထိ ကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။

ကျန်းရီက လျင်မြန်သောနှုန်းဖြင့် တည်နေရာပြောင်း‌ရွှေ့လာနေသည်။ လမ်းတစ်လျှောက်တွင် မည်သူကမှ သူ့ကို မတားဝံ့ကြပေ။ ထို့ကြောင့် လေးနာရီအတွင်းမှာပင် သူက ဝူမျိုးနွယ်ပိုင်နက်၏ မြောက်ဘက်ရှိ ရှန်မျိုးနွယ်ပိုင်နက်သို့ ရောက်ရှိသွားသည်။ သူသည် မြောက်ဘက်ဧကရာဇ်မြို့သို့ တိုက်ရိုက် တည်နေရာပြောင်း‌ရွှေ့သွားလိုသော်လည်း ဝူမျိုးနွယ်က မြို့ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်အားလုံးကို ပိတ်ထားသည်။ ထို့ကြောင့် သူ တည်နေရာမပြောင်းရွှေ့နိုင်တော့ပေ။

ရွှက်...ရွှက်...

ကျန်းရီသည် အာကာပြင်ကို စုတ်ဖြဲ၍ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးကာ ကျန်ခရီးကို ဆက်သွားလိုက်သည်။ ဝူမျိုးနွယ်၏ ပတ်ဝန်းကျင်ဒေသက ကြီးသည်ဟု မဆိုနိုင်ပေ။ ကောင်းကင်ရှောင်တိမ်းခြင်း၏ အမြန်နှုန်းကြောင့် ကျန်းရီသည် တစ်နာရီအတွင်းမှာပင် မြောက်ဘက်ဧကရာဇ်မြို့သို့ ရောက်သွားလေသည်။

မြောက်ဘက်ဧကရာဇ်မြို့ကို အကာအရံအလွှာတစ်ခုက ကာရံထားသည်။ မြို့ထဲတွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ မြောက်ဘက်အင်ပါယာနှင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က ဝူရဲတိုက်ဝန်းထဲမှ ပျံထွက်လာကြသည်။ သူတို့အောက်ဘက်တွင် ဝူမျိုးနွယ်ဝင် သိုင်းသမားများ စီတန်းရပ်နေကြသည်။ မြောက်ဘက်အင်ပါယာ၏ မျက်နှာပေါ်တွင် စိုးရိမ်သော အရိပ်အယောင်များ ရှိမနေပေ။ သူက အဝေးမှနေ၍ ပျံသန်းလာသည့် ကျန်းရီကို စိုက်ကြည့်ကာ ရုတ်တရက် အော်ပြောလိုက်သည်။

“အကာအရံအလွှာကို ဖွင့်လိုက်”

ဝှစ်...ဝှစ်...

နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က လက်ဝှေ့ယမ်းလိုက်ရာ အကာအရံအလွှာကြီး ပွင့်သွားသည်။ မြို့တွင် အကာအရံ မရှိတော့ပေ။ မြောက်ဘက်အင်ပါယာသည် မြို့ပြင်တွင် ရပ်နေသော ကျန်းရီကို သတ်ဖြတ်အရှိန်အဝါနှင့် ကြည့်ကာ အေးစက်စက် အော်ပြောလိုက်သည်။

“ကျန်းရီ... အဖေက မင်းကို စောင့်နေခဲ့တာ ကြာပြီ”

ရွှီး...

နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် တစ်ပြိုင်တည်း အတွင်းအား ထုတ်လွှတ်လိုက်သည်။ သူတို့အောက်ဘက်ရှိ ရဲတိုက်အချို့က လင်းလက်သွားပြီး ကောင်းကင်ထက်သို့ ဧရာမအလင်းတန်းကြီးတစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းထဲတွင် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၍ ကျန်းရီ မျက်နှာထားပြောင်းသွားသည်။

ထိုပုံရိပ်မှာ နှင်းဒေသရှိ သူတော်စင်တောင် အပြင်ဘက်မှ မြင်ကွင်းဖြစ်သည်။ ထိုအခိုက်တွင် သူတော်စင်တောင်ကို သန်းဆယ်ချီသော တပ်သားများက ဝန်းရံထားသည်။ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်၊ ရှင်းမုန့်ဝမ်းနှင့် အခြားသူများလည်း ရှိနေသည်။ ထို့ပြင် အခြား မျက်နှာရင်းနှစ်ယောက်လည်း ရှိနေသည်။ မြောက်ဘက်ဧကရာဇ်၏ ခြေထောက်အောက်တွင် မိုရှန်း ရှိနေသည်။ သူ့တစ်ကိုယ်လုံး သွေးအလူလူးနှင့်ပင်။ ရှင်းမုန့်ဝမ်က စုလောရွှယ်ကို ကိုင်ထားသည်။ စုလောရွှယ်သည် သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေပုံပင်။

“ကျန်းရီ... ငါတို့ မင်းကို နှင်းဒေသမှာ ငါးရက်စောင့်မယ်။ ငါးရက်အတွင်း မင်း ရောက်မလာဘူးဆိုရင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းလုံးကို မီး‌လောင်တိုက် သွင်းပစ်မယ်။ မင်း ချစ်ရတဲ့သူအားလုံး သေရမယ်။ ပြီးတော့... မင်း မြောက်ဘက်ဧကရာဇ်မြို့ထဲက လူတစ်ယောက်ကို သတ်ရင်တောင် အကျိုးဆက်ကို ကောင်းကောင်းကြီး ခံစားရလိမ့်မယ်”

မြောက်ဘက်ဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် ပုံရိပ်ကြီး ပျောက်ကွယ်သွားသည်။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေပြီ။ မည်သူကမှလည်း စကားတစ်ခွန်းမှ မပြောကြပေ။

***

All Chapters