လှည့်ကွက်တစ်ခုတော့ ရှိရမည်
Vol. 91 Ch. 1261
ကျန်းရီသည် နှင်းဒေသသို့ ငါးရက်အတွင်း သွားနိုင်သည်။ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလျှင် သုံးရက်အတွင်းမှာပင် ရောက်နိုင်သေးသည်။
ကျန်းရီ နားမလည်သည်မှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက မကျိုးပေါက်သေးဘဲ အဘယ်သို့ စုလောရွှယ်က ရှင်းမုန့်ဝမ်၏လက်ထဲ ရောက်နေရခြင်းပင်။ ယုတ္တိအရဆိုလျှင် စုလောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲတွင် လုံခြုံစွာ ရှိနေသင့်သည်။ သူမက သူမဘာသာ အပြင်သို့ ထွက်မသွားလောက်ပေ။
‘အဆောင်အဆိပ်’
ကျန်းရီသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိ၏။ စုလောရွှယ်၏ စိတ်ဝိညာဉ်က အဆိပ်မိထားသည်။ ကောင်းကင်တမလွန်ဂိုဏ်းက အဆောင်အဆိပ်ကို အသုံးပြု၍ သူတို့၏ ဂိုဏ်းသူဂိုဏ်းသားများကို ထိန်းချုပ်သည်ဟု ပြောကြသည်။ ရှင်းမို သို့မဟုတ် ရှင်းမုန့်ဝမ်က စုလောရွှယ်ကို ထိန်းချုပ်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲမှ ထွက်လာစေခဲ့ခြင်း ဖြစ်နိုင်သည်။
အထက်ပါအကြောင်းမှလွဲ၍ ကျန်းရီသည် အခြားအကြောင်းများကို မတွေးနိုင်ပေ။ သို့သော် အကြောင်းက မည်သို့ဖြစ်စေ ယခုတွင် သူ မြောက်ဘက်ဧကရာဇ်မြို့ကို မတိုက်ခိုက်နိုင်တော့ချေ။ စုလောရွှယ်နှင့် မိုရှန်းက အဖမ်းခံထားရသည်။ သို့ဖြစ်ရာ သူ နာခံစွာဖြင့် နှင်းဒေသသို့ သွားရပေတော့မည်။
သို့သော်...
ကျန်းရီသည် ယခင်ကကဲ့သို့ အရူးတစ်ယောက် မဟုတ်တော့ပေ။ သူ့ရန်သူများ၏ လက်ထဲတွင် ဓားစာခံများ ရှိနေသော်လည်း သူသည် သူတို့ခိုင်းသမျှကို လုပ်မည်မဟုတ်ချေ။ သူသည် ဓားပျော့ကို ဝှေ့ယမ်း၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်သည်။ မြို့ထဲတွင် ကြောက်မက်ဖွယ်အသံတစ်သံ ပဲ့တင်ထပ်သွား၏။ ထိုအခါ မြို့ထဲရှိ လူများ မြေပြင်တွင် လူးလွန့်သွားကြသည်။ ထို့နောက် ကျန်းရီသည် မြောက်ဘက်အင်ပါယာဆီသို့ လျှပ်စီးတန်းတစ်တန်းကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
ရွှစ်...
ကျန်းရီ၏ အမြန်နှုန်းက အလွန်မြန်သည်။ သူက အတွင်းအား မထုတ်ဘဲ ရုပ်ခန္ဓာအမြန်နှုန်းသက်သက်ကို သုံးမည်ဆိုလျှင်ပင် မြောက်ဘက်အင်ပါယာက အချိန်မီ တုံ့ပြန်နိုင်မည် မဟုတ်ပေ။ ထို့ပြင် သူတို့က တစ်ယောက်နှင့်တစ်ယောက် နီးကပ်နေပေသည်။
မြောက်ဘက်အင်ပါယာသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မခံနိုင်ပေ။ သူ အသိပြန်ကပ်လာသည့် အချိန်တွင် ကျန်းရီက သူ့လည်ပင်းကို ဆုပ်ကိုင်ထားပေပြီ။
“ကျန်းရီ... အတင့်ရဲလိုက်တာ”
“ကျန်းရီ.. မင်း မြို့ထဲက လူတစ်ယောက်ကို ထိဝံ့ရင် စုလောရွှယ် သေရမယ်လို့ ဧကရာဇ်က မင်းကို ပြောထားတယ်မလား။ အင်ပါယာကို ပြန်လွှတ်ပေးလိုက်”
“ဟုတ်တယ် ကျန်းရီ... မင်း လျှောက်လုပ်ရင် ဧကရာဇ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
နတ်ဘုရားတစ်ပိုင်း အချို့က ဒေါသတကြီး အော်ပြောလိုက်ကြသည်။ ကျန်းရီကို ဒေါသထွက်အောင် လုပ်သူတိုင်း သေချာပေါက် သေဆုံးရပေလိမ့်မည်။ ယခင်တုန်းက ကျန်းရီသည် ဝူမျိုးနွယ်၏ ဒေသလေးခုတွင် သွေးချောင်းစီးစေခဲ့သည်။ သူ မလုပ်ရဲသောအရာ တစ်ခုမှ မရှိပေ။
ကျန်းရီသည် ထိုနတ်ဘုရားတစ်ပိုင်းများကို အရေးမစိုက်ဘဲ မြောက်ဘက်အင်ပါယာကိုသာ စိုက်ကြည့်လိုက်သည်။
“ခင်ဗျား မလှုပ်တာ ကောင်းလိမ့်မယ်.. မဟုတ်ရင်တော့ ကျွန်တော် ခင်ဗျားရဲ့ ဒန်တျန်ကို ဖျက်ဆီးပစ်မယ်။ ကျွန်တော့်ကို အလစ်တိုက်ခိုက်ဖို့တော့ တွေးတောင်းမတွေးနဲ့။ ခင်ဗျားရဲ့ စွမ်းအားလောက်နဲ့ ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ နားလည်လား”
မြောက်ဘက်အင်ပါယာက ကျန်းရီကို အေးစက်စက် မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။
“ကျန်းရီ... မင်း ငါ့ကို ဖမ်းထားပေမယ့် သေချာပေါက် သေရဦးမှာပဲ”
ရွှီး...
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်၍ မြောက်ဘက်အင်ပါယာကို အထဲပို့လိုက်သည်။ မြောက်ဘက်အင်ပါယာသည် နန်းတော်ထဲသို့ ရောက်သွားသည်နှင့် ရီချန်၊ ယဉ်ရို့ပင်းနှင့် ကျန်းရှောင်နူတို့ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ပြုံးကာ သူမတို့ကို ဓားစာခံအဖြစ် ဖမ်းရန် အရှေ့သို့ တိုးသွားလိုက်၏။ သို့သော် ထိုအခိုက်တွင် သူ့အနောက်တွင် လူရိပ်တစ်ခု ရှိနေကြောင်း သူ သိလိုက်ရသည်။ ထိုလူရိပ်က သူ့ကို သတ်ဖြတ်အရှိန်အဝါဖြင့် စိုက်ကြည့်နေပေသည်။ သူ မလှုပ်နိုင်ခင်မှာပင် ဧရာမလက်ကြီးတစ်ဘက်က သူ့ပခုံးပေါ် ကျရောက်လာသည်။ ထို့ကြောင့် သူ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။ သူသည် ထရပ်ရန် ကြိုးစားသော်လည်း မထနိုင်ပေ။
သူတော်စင်အင်ပါယာ၏ ဧရာမမျက်နှာကြီးက မြောက်ဘက်အင်ပါယာ၏ မျက်နှာအရှေ့တွင် ဘွားခနဲ ပေါ်လာသည်။ ထို့နောက် သူတော်စင်အင်ပါယာက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“မင်း ယီးတီးယားတား လုပ်တာနဲ့ သတ်ပစ်လိုက်ဖို့ အရှင်ငယ်က ငါ့ကို အမိန့်ပေးထားတယ်။ အဲ့တော့ ကောင်လေး... မင်း ကောင်းကောင်းမွန်မွန် ထိုင်နေဖို့ ငါ အကြံပေးချင်တယ်”
“သူတော်စင်အင်ပါယာ...”
မြောက်ဘက်အင်ပါယာသည် သူတော်စင်အင်ပါယာကို သိပေသည်။ သေမင်း၏ သိပ်သည်းပင်လယ်မှ ကိစ္စအကုန်လုံးကိုလည်း သိသည်။ ထိုအခိုက်တွင် သူ လုံးဝမလှုပ်ဝံ့တော့ဘဲ ရင်ခုန်မြန်သွားသည်။ ထိုလူရိုင်းကလည်း ကျန်းရီနှင့်အတူ အပြင်လောကသို့ လိုက်ခဲ့၏။ သူတို့ ပြဿနာတက်ပေပြီ။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်း သုံးလိုက်သည်။ ဗုဒ္ဓဧကရာဇ်တို့က တည်နေရာပြောင်းရွှေ့အစီအရင်များကို သုံး၍ သွားခဲ့သဖြင့် ယခုလောက်ဆို နှင်းဒေသသို့ ရောက်နေလောက်ပေပြီ။ ထို့ကြောင့် ကျန်းရီသည် နယ်စပ်သို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ဗုဒ္ဓဧကရာဇ်တို့ကို ရှာလိုက်လေသည်။
စုလောရွှယ်နှင့် မိုရှန်းတို့က မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့၏ လက်ထဲတွင် ရှိနေသည်။ သို့သော် ကျန်းရီ စိတ်လှုပ်ရှားမသွားပေ။ ယခင်က လူများသည် ဓားစားခံများကို အသုံးပြု၍ သူ့ကို အကြပ်ကိုင်ခဲ့သည်။ ယခုတွင် သူသည် ယခင်ကဲ့သို့ အလောသုံးဆယ်နိုင်သော လူငယ်လေးမဟုတ်တော့ပေ။ သူသည် ဓားစားခံများကြောင့် အညံ့ခံမည်ဆိုသော ရူးမိုက်သည့် အတွေးမျိုးကို တွေးပင်မတွေးတော့ချေ။
အညံ့ခံခြင်းက ကျန်းရီကိုရော ဓားစာခံများကိုပါ သေသွားစေနိုင်သည်။ သူနှင့် မြောက်ဘက်ဧကရာဇ်ကြားမှ ရန်ငြိုးသည် မည်သည့်အခါတွင်မှ ပြေနိုင်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်တွင် တစ်ယောက်ယောက် သေမှ ပွဲပြီးမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် လောလောဆယ်တွင် ဓားစာခံများကို အရေးမစိုက်သေးရန် ဆုံးဖြတ်ထားသည်။ အရင်ဆုံး မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့ကို သတ်နိုင်မည့် နည်လမ်းကို ရှာရပေမည်။ အကယ်၍ ယင်းကြောင့် စုလောရွှယ်နှင့် မိုရှန်းတို့ သေသွားလျှင် ကိစ္စအားလုံး ပြီးသွားပြီးနောက်တွင် ကျန်းရီသည် သူ့ကိုယ်သူ သတ်သေမည်ဖြစ်သည်။ ယခုတွင် သူ ထိုသို့ စီစဉ်ထားပေသည်။
‘သူတို့က တကယ့်ကို လမ်းတစ်ဝက် ရောက်နေပြီပဲ’
ကျန်းရီသည် နေ့တစ်ဝက်ကြာ ကောင်းကင်ရှောင်တိမ်းခြင်း ထပ်သုံးပြီးနောက် နှင်းဒေသနှင့် အရှေ့ဘက် တော်ဝင်နယ်မြေကြားရှိ လွင်တီးခေါင်ထဲတွင် ဗုဒ္ဓဧကရာဇ်ကို တွေ့လိုက်လေသည်။ ကျန်လူများကိုမူ မတွေ့ရပေ။ သူတို့က ဗုဒ္ဓဧကရာဇ်၏ လေဟာနယ်အသုံးအဆောင်အထဲသို့ ဝင်နေခြင်းဖြစ်မည်။
ဗုဒ္ဓဧကရာဇ်သည် ကျန်းရီကို သတိပြုမိသောအခါ ကျန်းရီထံသို့ အလွန်လျင်မြန်စွာဖြင့် မရပ်မနား ပျံသန်းလာလေသည်။ ကျန်းရီက ဗုဒ္ဓဧကရာဇ်ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သောအခါ ဗုဒ္ဓဧကရာဇ်က ခေါင်းဆတ်၍ ပြန်ပြောသည်။
“ကျန်းရီ... ဒီတစ်ခေါက် မင်း လုပ်ခဲ့တာ မှန်တယ်။ မပူပါနဲ့... ဝူရှန်းက မင်းနဲ့ငါ့ကို သတ်ချင်တာပါ။ ငါတို့ မသေသေးသ၍ ကျန်တဲ့သူတွေ ရှင်နေဦးမှာပါ။ ဝူရှန်းက မင်း ပြန်ရောက်လာတာကို သိသွားပြီဆိုတော့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှင်းပစ်ဖို့ အလောသုံးဆယ် လုပ်တော့မှာ မဟုတ်ဘူး။ ငါတို့ ငါးရက်အတွင်း အဲ့ကို ရောက်သွားဖို့ပဲ လိုတာပါ”
“အွန်း...”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဗုဒ္ဓဧကရာဇ်က လေးနက်စွာ တွေးတော၍ ထပ်ပြောသည်။
“အင်ပါယာတွေက ထန်ရှန်းကျိနဲ့ ဆက်သွယ်ပြီးပြီ။ အခု သူတို့က ထန်ရှန်းကျိကို ဗုဒ္ဓဧကရာဇ်မြို့ဆီ ခေါ်သွားနေတယ်။ မင်းက ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်တော့ နောက်ပြန်လှည့်ပြီး ထန်ရှန်းကျိကို သွားခေါ်ပါ။ ကျန်းရီ... ဒီတိုက်ပွဲက ကောင်းကင်ကြယ်တာရာနယ်နိမိတ်တစ်ခွင်လုံးရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်။ မင်း စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ မင်း စိတ်တည်ငြိမ်မှ မြောက်ဘက်ဧကရာဇ်ရဲ့ လှည့်ကွက်တွေထဲ ကျမသွားမှာ။ ငါက နှင်းဒေသကိုသွားပြီး အခြေအနေကို အရင်စူးစမ်းလိုက်မယ်။ မင်းက နောက်မှ ငါချန်ခဲ့တဲ့ အချက်ပြသင်္ကေတတွေကို ကြည့်ပြီး လိုက်လာခဲ့ပေါ့...”
“ကောင်းပါပြီ”
ကျန်းရီသည် လုပ်ရမည်များကို ဗုဒ္ဓဧကရာဇ်နှင့် အတော်ကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ဗုဒ္ဓဧကရာဇ်မြို့ဆီ ပြန်လှည့်သွားလိုက်သည်။ နေ့ဝက်ကြာသွားပြီးနောက် သူ ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်သွားသည်။ ဗုဒ္ဓအင်ပါယာတို့က သူ့ကို အသင့်စောင့်နေကြသည်။ ထန်ရှန်းကျိ၏ ခြေထောက်များက အကောင်းအတိုင်း ရှိနေသည်။ သူ၏ တိုက်ခိုက်စွမ်းအားကလည်း များစွာလျော့ကျသွားပုံ မပေါ်ပေ။ ထို့ကြောင့် သူက အဆုံးမဲ့ပင်လယ်နက်တွင် ဟန်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိသာပေသည်။
“ကျန်းရီ...”
ထန်ရှန်းကျိသည် ကျန်းရီကို မြင်လိုက်သောအခါ မျက်နှာထား ရှုပ်ထွေးသွား၏။ ဗုဒ္ဓအင်ပါယာတို့ကို သူ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ပြီးပြီဖြစ်သည်။ ထန်ရှန်းကျိသည် ထိုအကြောင်းများနှင့် သူမြင်ခဲ့ရသည်များကို ပေါင်းစပ်လိုက်သောအခါ ဇာတ်လမ်းအမှန်ကို သိရှိသွားပေပြီ။ ယခုအထိ မသိသေးလျှင်လည်း သူက ထန်မျိုးနွယ်ခေါင်းဆောင် ဖြစ်ထိုက်တော့မည် မဟုတ်ပေ။
“ထန်မျိုးနွယ်ခေါင်းဆောင်... အခြေအနေက အရေးကြီးနေပါတယ်။ ပြောစရာရှိတာတွေကို နောက်မှ ပြောကြတာပေါ့။ အခု နှင်းဒေသဆီ ချက်ချင်း သွားရပါမယ်”
ကျန်းရီသည် မျက်နှာတည်ဖြင့် ထန်ရှန်းကျိကို ပြောလိုက်ပြီး အားလုံးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ပို့လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ နှင်းဒေသသို့ တတ်နိုင်သမျှ အမြန်ဆုံး သွားလိုက်လေသည်။ ထန်ရှန်းကျိ ရှိနေလျှင် ကျန်းရီ ပို၍ ယုံကြည်မှု ရှိသည်။ ကျန်းရီ ယုံကြည်မှု ရှိရခြင်းမှာ ထန်ရှန်းကျိက အလွန်စွမ်းအားကြီး၍ မဟုတ်ဘဲ သူ၏ အဆင့်အတန်းနှင့် ဩဇာအာဏာကြောင့်ဖြစ်သည်။ သူ့ဘက်တွင် ဗုဒ္ဓဧကရာဇ်နှင့် ထန်ရှန်းကျိ ရှိနေလျှင် အခြားမျိုးနွယ်အားလုံးက မြောက်ဘက်ဧကရာဇ်ကို ဆန့်ကျင်လာနိုင်သည်။ လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က သဘောထားကွဲလွဲလာလျှင် မြောက်ဘက်ဧကရာဇ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းတို့သည် အားလုံးကို မည်သို့ ရင်ဆိုင်နိုင်ပါတော့မည်နည်း။
ကျန်းရီသည် နေ့ရောညပါ သွားနေသည်။ သူ၏ ခန္ဓာကိုယ်က အလွန်သန်မာနေပြီဖြစ်သည်။ ယခင်၌ သူ ကောင်းကင်ရှောင်းတိမ်းခြင်းကို အဆက်မပြတ် သုံးခဲ့ပါက သူ့ခန္ဓာကိုယ်သည် ဒဏ်ခံနိုင်ခဲ့မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ကောင်းကင်ရှောင်တိမ်းခြင်းကို အဆက်မပြတ် သုံးရန်မှာ သူ့အတွက် အသေးအဖွဲသာ ဖြစ်နေပေပြီ။
တစ်ရက်နှင့်တစ်ည သွားပြီးနောက် ကျန်းရီ နှင်းဒေသသို့ ရောက်သွားသည်။ သူသည် ဗုဒ္ဓဧကရာဇ်ချန်ခဲ့သော အချက်ပြသင်္ကေတများကို ကြည့်၍ ဗုဒ္ဓဧကရာဇ်နောက်သို့ လိုက်သွားလိုက်သည်။ ထိုအခိုက်တွင် ဗုဒ္ဓဧကရာဇ်က ရေခဲပင်လယ်အနီးသို့ ရောက်နေပြီဖြစ်ပြီး နှင်းဒေသရှိ ရီမျိုးနွယ်ကချထားသော ထောက်လှမ်းရေးများနှင့် ဆက်သွယ်ပြီးပြီဖြစ်သည်။ ထို့ကြောင့် သူသည် လက်ရှိအခြေအနေကို သိလိုက်ရသည်။
အခြေအနေက အလွန်ရှင်းပေသည်။
လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က နှင်းဒေသကို သိမ်းပိုက်ထားပြီးပေပြီ။ သူတို့က တိုက်ပွဲတိုင်းကို နိုင်ခဲ့သည်။ ကျန်းရီတို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်ရောက်လာချိန်တွင် သူတို့က နှင်းဒေသရှိ မျိုးနွယ်ဆယ်ခုကို ရှင်းပစ်ခဲ့ပြီးပြီဖြစ်သည်။ ဓားခုတ်ကောင်ဂိုဏ်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ လူပုမျိုးနွယ်နှင့် ကျားဖြူဂိုဏ်းတို့လည်း ပျက်သုဉ်းသွားပြီဖြစ်သည်။ မိုရှန်းသည်ပင် အဖမ်းခံထားရသည်။
မဟာမိတ်စစ်တပ်က သူတော်စင်တောင်ခြေကို ရောက်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို တိုက်ခိုက်တော့မည့် အချိန်တွင် ကျန်းရီတို့က အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြောက်ဘက်ဧကရာဇ်က စစ်တပ်တစ်တပ်လုံးကို သူတော်စင်တောင်ခြေတွင် တပ်စွဲထားရန် အမိန့်ပေးခဲ့သည်။ သူတို့သည် ကျန်းရီတို့ ရောက်လာမည်ကို တောင်ခြေမှာပင် စောင့်နေကြမည်ဖြစ်သည်။ မြောက်ဘက်ဧကရာဇ်က ကျန်းရီတို့နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်ထားပုံပင်။
“တစ်ခုခုတော့ မှားနေပြီ...”
ကျန်းရီသည် ထိုအကြောင်းများကို ကြားလိုက်သောအခါ ချက်ချင်း ခေါင်းခါလိုက်သည်။
“လှည့်ကွက်တစ်ခုတော့ ရှိရလိမ့်မယ်။ မြောက်ဘက်ဧကရာဇ်က ကျွန်တော် လာမယ်ဆိုတာကို သိတယ်။ အဲ့တော့ ကျွန်တော်နဲ့အတူ ဧကရာဇ်တို့လည်း ပါလာလိမ်မ့ယ်ဆိုတာကို သိထားမှာပဲ။ ဧကရာဇ်တို့ပါလာရင် လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က သူ့ကို ဆန့်ကျင်လာမှာကို သူ မစိုးရိမ်ဘူးလား။ သူ့မှာ သေချာပေါက် ဝှက်ဖဲတစ်ချပ် ရှိရလိမ့်မယ်”
“ဘာအန္တရာယ်ပဲရှိရှိ ငါတို့က သူတော်စင်တောင်ကို သွားရမှာပဲ”
ဗုဒ္ဓဧကရာဇ်၏ လက်ထဲတွင် အသုံးအဆောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက လင်းလက်သွားပြီး ရွှမ်ဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ညဧကရီနှင့် အခြားသူများ ထွက်ပေါ်လာသည်။ ပြီးနောက် ဗုဒ္ဓဧကရာဇ်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“သူက စစ်တပ်ဖွဲ့ပြီး တိုက်ပွဲအတွက် အသင့်ပြင်ထားမှတော့ ကျုပ်တို့အနေနဲ့ ခိုးကြောင်ခိုးဝှက်သွားလို့ မကောင်းဘူး။ သွားကြစို့... ကျုပ်တို့ ဝူရှန်နဲ့ ရှင်းမိုကို သွားတွေ့ကြမယ်”
***