အညံ့ခံမည်လော၊ သေမည်လော
Vol. 91 Ch. 1263
ဝူနီက မြောက်ဘက်ဧကရာဇ်၊ ရှင်းမုန့်ဝမ်၊ သားရဲဧကရာဇ်၊ ဓားဧကရာဇ်တို့နှင့် တစ်စားပွဲတည်း ထိုင်နေနိုင်ခဲ့သည်ကပင် ထူးဆန်းနေပြီဖြစ်သည်။ ထို့ပြင် သူက တည်ငြိမ်စွာလည်း ထိုင်နေခဲ့သည်။ ထို့ကြောင့် လူများသည် တစ်ခုခုတော့ မှားနေပြီဟု ခံစားခဲ့ရသည်။ သို့သော် အစောမှ အခြေအနေက အလွန်ထူးဆန်းနေခဲ့သည်ဖြစ်ရာ မည်သူမှ ထိုအကြောင်းကို များစွာ မတွေးခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်တွင် အားလုံးသည် ပြဿနာကို နားလည်သွားပေပြီ။ ဝူနီက ထိုလေသံဖြင့် ပြောမည် မဟုတ်ပေ။ မြောက်ဘက်ဧကရာဇ်၊ ရှင်းမုန့်ဝမ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က မည်သို့မှ မပြောရသေးခင်မှာပင် ဝူနီက ဝင်ပြောခဲ့သည်။ ထို့ကြောင့် ဝူနီနှင့် ပတ်သတ်၍ တစ်ခုခု မှားနေကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။
သို့သော် ကျန်းရီက အံ့အားသင့်မသွားပေ။ ဝူနီ၏ ရုပ်ခန္ဓာစွမ်းရည်များက မဆိုးပေ။ သူက ငယ်လည်း ငယ်ရွယ်သည်။ ရှင်းမိုက ပူးကပ်ရမည့် ခန္ဓာကိုယ်ကို ရှာလိုလျှင် ဝူနီမှာ မဆိုးသော ရွေးချယ်မှုပင်။
ကျန်းရီက ဝူနီကို စိုက်ကြည့်၍ ပြောလိုက်သည်။
“ရှင်းမို... ကျွန်တော် ခင်ဗျားကို စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်အနေနဲ့ လေးစားပါတယ်။ ဓားစာခံတွေကို သွားခွင့်ပေးလိုက်ပါ။ အဲ့ဒါဆို ကျွန်တော်လည်း မြောက်ဘက်အင်ပါယာကို လွှတ်ပေးပါမယ်။ တကယ်လို့ ခင်ဗျားက တိုက်ခိုက်ချင်၊ သတ်ဖြတ်ချင်တယ်ဆိုရင် ထိပ်တိုက် တိုက်ခိုက်ကြတာပေါ့။ ဘယ်လိုလဲ”
“ကောင်းပြီ”
ဝူနီ၏ ခန္ဓာကိုယ်ကို ယူထားသော ရှင်းမိုက အံ့အားသင့်ဖွယ်ကောင်းအောင် ပြတ်ပြတ်သားသား လက်ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်က မိုရှန်းနှင့် စုလောရွှယ်တို့ကို သူတော်စင်တောင်ဆီ ပစ်လိုက်သည်။ သူတော်စင်ဧကရီက လက်မြှောက်လိုက်ရာ ပဉ္စမအကြီးအကဲက ချက်ချင်း ပျံတက်သွားပြီး သူတို့နှစ်ယောက်ကို ဖမ်းယူကာ ပြန်ခေါ်သွားသည်။ ထို့နောက် သူမသည် စုလောရွှယ်ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲသို့ ချက်ချင်း ပြန်ခေါ်သွားပြီး အားဖြည့်စေလိုက်သည်။
“ကျန်းရီ... စုလောရွှယ်က အဆိပ်ပြင်းပြင်းမိထားတယ်။ မင်း ရှင်းမုန့်ဝမ်ကို မသတ်နိုင်ရင် စုလောရွှယ်ရဲ့ဘဝက ရှင်းမုန့်ဝမ်ရဲ့ လက်ထဲမှာ ရှိနေမှာပဲ”
သူတော်စင်ဧကရီက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ ထို့ကြောင့် ကျန်းရီ ရှင်းမုန့်ဝမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ကျီထင်ယွီသည် အစကတည်းက ရှင်းမုန့်ဝမ်၏ ညွှန်ကြားချက်များကို လိုက်နာနေခဲ့သည့်ပုံပင်။ ရှင်းမုန့်ဝမ်က ကျီထင်ယွီ၏ အစီအစဉ်များအားလုံး အလွန်ကောင်းစွာ သိထားသည်။ စုလောရွှယ်က ကျီထင်ယွီကြောင့် အဆိပ်မိခဲ့ရသည် မဟုတ်ပါလား။
“လုံချူ... သူ့ကို လွှတ်ပေးလိုက်”
ရန်သူများက ဓားစာခံများကို လွှတ်ပေးလိုက်ပြီဖြစ်၍ ကျန်းရီသည် မြောက်ဘက်အင်ပါယာကို ဆက်ဖမ်းထားရန် အကြောင်းမရှိတော့ပေ။ လုံချူက မြောက်ဘက်အင်ပါယာကို မမြှောက်၍ လွှင့်ပစ်လိုက်သည်။ မြောက်ဘက်အင်ပါယာသည် ဒန်တျန် ဖျက်ဆီးမခံထားရသဖြင့် မြောက်ဘက်ဆီသို့ မြန်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားသည်။ အခြားကောင်းကင်ကံကြမ္မာသင်္ဘောထံသို့ ရောက်မှ သူ နောက်လှည့်ကြည့်ဝံ့သည်။ သူ့ရင်ထဲတွင်မူ အကြောက်တရား ကြီးစိုးနေဆဲပင်။
ရှင်းမိုက ထရပ်ပြီးပေပြီ။ သူသည် ကုန်းပတ်အစွန်းသို့ လျှောက်သွား၍ အောက်ဘက်ရှိ သန်းဆယ်ချီသော တပ်သားများကို ငုံ့ကြည့်လိုက်သည်။ နောက်ဆုံးမှ ကျန်းရီကို စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကျန်းရီ.. မင်းသိလား။ မင်းသာ ပေါ်မလာရင် ကိစ္စတွေက ဒီနေ့လိုပုံစံ ဖြစ်နေမှာ မဟုတ်ဘူး။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ ကပ်ဘေးမှာလည်း လူနည်းနည်းပဲ သေရလိမ့်မယ်။ ဒီကပ်ဘေးတစ်ခုလုံးရဲ့ ကြိုးကိုင်သူက ငါဆိုပေမယ့် တကယ်အပြစ်ရှိတဲ့သူက... မင်းဖြစ်နေတုန်းပဲ”
“ဝိုး...”
ထိုနေရာရှိ လူအားလုံး တုန်လှုပ်သွားကြသည်။ ရှင်းမိုသည် သူက အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း လူအများရှေ့တွင် အမှန်တကယ် ဝန်ခံနေသည်လော။ လျှို့ဝှက်ဂိုဏ်းချုပ်များနှင့် ရှေးဟောင်းမျိုးနွယ်ခေါင်းဆောင်များ ကျောစိမ့်သွားကြသည်။ ရှင်းမိုနှင့် မြောက်ဘက်ဧကရာဇ်တို့က ရူးသွားခြင်း မဟုတ်လျှင် သူတို့၏ လုပ်ရပ်အတွက် ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ သူတို့တွင် အကြောက်တရား လုံးဝမရှိခြင်းပင်။ သူတို့သည် လူသားမျိုးနွယ်မှ စွမ်းအားကြီး သိုင်းပညာရှင်အားလုံးကို သူတို့ဘာသာ ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေသည်။ ယနေ့တွင် သူတို့က အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ထားသည်။ သူတို့တွင် စိုးရိမ်စရာ တစ်ခုမှ မရှိချေ။
လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က သိသိသာသာ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ မြောက်ဘက်ဧကရာဇ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောအနီးမှ မျိုးနွယ်များသည် အဝေးသို့ ရှဲသွားကြသည်။ သို့သော် ရှင်းမိုက ထိုလူများကို အေးစက်စက် ကြည့်လိုက်သောအခါ မည်သူမှ မလှုပ်ဝံ့ကြတော့ပေ။ ရှင်းမို၏ စိတ်ဝိညာဉ်က အလွန်သန်မာသည်။ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံး ကြောက်ရွံ့သွားကြသည်။ သူတို့သည် သေခြင်းတရား၏ အရှိန်အဝါကိုပင် ခံစားလိုက်ကြရပေသည်။ ယခုတွင် လှုပ်ဝံ့သူ တစ်ယောက်မှ မရှိတော့ချေ။
ကျန်းရီ၏ မျက်နှာက မည်းမှောင်သွားသည်။ သူသည် ဗုဒ္ဓဧကရာဇ်တို့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ရှင်းမို၏ အကြံအစည်က မည်သည်ဖြစ်ကြောင်း သိအောင်လုပ်ဖို့ မျက်နှာရိပ်ပြလိုက်သည်။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“အို့... ကျွန်တော်က အဲ့အကြောင်းကို မသိဘူး။ ကျေးဇူးပြုပြီး ရှင်းပြစမ်းပါဦး”
ကျန်းရီသည် တိုက်ပွဲကို အချိန်ဆွဲထားရန် ကြံစည်နေခြင်းပင်။ လက်ရှိ အခြေအနေက တစ်ခုခု မှားနေပုံပေါ်သည်။ ရှင်းမိုနှင့် မြောက်ဘက်ဧကရာဇ်တို့၏ အကြံအစည်ကို ရှင်းရှင်းလင်းလင်း မသိရသေးလျှင် သူတို့ အနိုင်ရရန် မလွယ်လောက်ပေ။ ဗုဒ္ဓဧကရာဇ်တို့က ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြသည်။ သူတို့သည် ချုံခိုတိုက်ခိုက်မည့်သူများ သို့မဟုတ် စစ်ကူများကို တွေ့ရန် မျှော်လင့်နေသည်။
တစ်ချိန်တည်းမှာပင် ဗုဒ္ဓဧကရာဇ်သည် ရှန်မျိုးနွယ်ခေါင်းဆောင်နှင့် မိုမျိုးနွယ်ခေါင်းဆောင်တို့ကို ကြည့်၍ အသံပို့လွှတ်လိုက်သည်။ သူတို့သည်လည်း တစ်အောင့်နေလျှင် တိုက်ပွဲကို မည်သို့ အတူတကွ တိုက်ခိုက်မည်ကို ဆွေးနွေးလိုက်ကြသည်။
ရှင်းမိုက အားလုံး၏ အကြံအစည်များကို ရိပ်မိပုံ မပေါ်ဟန်ဖြင့် သက်ပြင်းသဲ့သဲ့ ချကာ ပြောလိုက်သည်။
“ကျန်းရီ... မင်းက ငါ့ရဲ့ ရန်သူဆိုပေမယ့် ဒီလောကရဲ့ ထူးကဲတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာကိုတော့ ငါ အသိအမှတ်ပြုရမယ်။ မင်းရဲ့ ဘဝက ဆန်းကြယ်ဧကရာဇ်ရဲ့ ဘဝနဲ့ အတော်လေးဆင်တယ်။ မင်းတို့နှစ်ယောက်စလုံးက နယ်မြေအသေးလေးတစ်ခုက လာခဲ့ပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတယ်။ မင်းတို့နှစ်ယောက်ရဲ့ ကွာခြားချက်ကတော့... ဆန်းကြယ်ဧကရာဇ်က လောကကြီး ပရမ်းပတာ ဖြစ်နေချိန်မှာ ထွက်ပေါ်လာခဲ့တာပဲ။ အဲ့ဒါကြောင့် သူက ဒဏ္ဍာရီသူရဲကောင်းတစ်ယောက် ဖြစ်သွားတယ်။ မင်းကတော့ အချိန်မှားမှာ ပေါ်လာခဲ့တာပဲ...”
“မင်းက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ရှုပ်ထွေးစေခဲ့တယ်။ ပြီးတော့ မင်းမှာ အကန့်အသတ်မဲ့တဲ့ အလားအလာ ရှိနေတုန်းပဲ။ ငါတို့သာ မင်းကို ဒီအတိုင်းထားလိုက်ရင် အခြေအနေတစ်ခုလုံးက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့မှာ။ အဲ့ဒါကြောင့် မင်း သေဖို့လိုအပ်တယ်လို့ ငါတို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်နမိတ်က အခြေအနေတွေကို တိုးတက်အောင် လုပ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ငါတို့က ကတ်တွေကို ပြန်မွှေပြီး ကစားပွဲကို အစက ပြန်စရမယ်”
ရှင်းမို၏ စကားများက အလွန်ရိုးသားသည်။ ထို့ပြင် လေးလည်းလေးနက်သည်။ သို့သော် ထိုစကားများ နောက်ကွယ်မှ အဓိပ္ပာယ်က အားလုံးကို ထပ်မံ တုန်လှုပ်သွားစေလေသည်။
ရှင်းမို၏ လေသံသည် သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ပြိုင်ဘက်ကင်း ဘုရင်တစ်ယောက် ဖြစ်နေသကဲ့သို့ပင်။ သူသည် ကတ်များကို ပြန်မွှေ၍ ကစားပွဲကို အစမှ ပြန်စရန် ပြောနေသည်။ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ အခြေအနေကိုပင် ရှေ့တန်းတင်ခဲ့သေးသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ အရာအားလုံးက အမှန်ပင် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်လော။
ကျန်းရီသည်လည်း အတန်ငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူ အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက်မှ ဆုံးဖြတ်ချက်ချကာ တည့်တိုးမေးလိုက်သည်။
“ရှင်းမို... ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးလွန်းနေတာလား။ ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင် လာသတ်လိုက်ပေါ့။ ဘာလို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က အပြစ်မဲ့တဲ့သူတွေကို သေစေရတာလဲ။ သူတို့က ဘာအမှားတွေများ လုပ်ခဲ့မိလို့လဲ။ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို ခံရမှာကို ခင်ဗျား မကြောက်ဘူးလား”
“ကောင်းကင်ဘုံအမျက်ဒေါသလား... ဟားဟားဟား”
ရှင်းမိုက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏အရှိန်အဝါလည်း ထွက်ပေါ်လာသည်။ ထို့နောက် အလွန်ခက်ထန်သော လေသံဖြင့် သူ မေးလိုက်လေသည်။
“ကောင်းကင်ဘုံဆိုတာဘာလဲ။ ငါ မင်းကိုပြောမယ်... ငါက ကောင်းကင်ဘုံပဲ။ ကောင်းကင်ဘုံအမျက်ဒေါသ ရှိတယ်ဆိုရင်တောင် အဲ့အမျက်ဒေါသက ငါ့ရဲ့အမျက်ဒေါသပဲ ဖြစ်လိမ့်မယ်။ ငါက ငါ့ကိုယ်ငါ အထင်ကြီးလွန်းနေတာလား ဟုတ်လား။ တကယ်တော့ ငါ ငါ့ကိုယ်ငါ အထင်မကြီးပါဘူး။ အဲ့အပြစ်မဲ့တဲ့သူတွေဆိုတာ အတွက်ကတော့... ခပ်ရိုင်းရိုင်းပြောရရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ငါမွေးထားတဲ့ သားရဲတွေနဲ့ ပြည့်နေတာပဲ။ အဲ့တော့ ငါ ကြိုက်တဲ့သူက သတ်နိုင်တယ်။ ငါသာ လူအဖွဲ့အစည်းကို အစက ပြန်စစေချင်ရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးကို မီးလောင်တိုက် သွင်းပစ်လို့ရတယ်”
အရူး...
အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ရှင်းမိုက ရူးသွားပေပြီ။
ရှင်းမို မဆိုထားနှင့် ဆန်းကြယ်ဧကရာဇ်ပင် ထိုသို့သော ဟာသမျိုးကို ပြောရဲလိမ့်မည် မဟုတ်ပေ။ ယခု ရှင်းမို၏ စကားများက ထိုနေရာရှိ လူအားလုံးကို ဒေါသထွက်သွားစေပေပြီ။ ထိုအခိုက်တွင် ရှင်းမိုနှင့် မြောက်ဘက်ဧကရာဇ်တို့က မှန်ကန်သူများဟု တွေးသူ တစ်ယောက်မှ မရှိတော့ချေ။ သူတို့အားလုံးသည် ကျန်းရီနှင့် ဗုဒ္ဓဧကရာဇ်တို့ဘက်မှ ဖြစ်သွားပေပြီ။ လူများစွာသည် အခြေအနေကို အပြည့်အဝ နားမလည်သေးသော်လည်း ရှင်းမိုတို့က ဤဖြစ်ရပ်တစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူများဖြစ်ကြောင်း သိသွားကြပြီဖြစ်သည်။ ထိုအကြောင်းကို ရှင်းမိုကိုယ်တိုင် ဝန်ခံခဲ့ခြင်းပင်။ မြောက်ဘက်ဧကရာဇ်တို့ကလည်း ထိုအကြောင်းကို မငြင်းခဲ့ကြပေ။
ကျန်းရီတို့ လုံးဝ တိတ်ဆိတ်သွားသည်။
အားလုံး၏ ရင်ထဲတွင် လေးလံနေကြသည်။ ရှင်းမိုက မရူးလောက်ပေ။ သူက စိတ်ကြီးဝင်နေခြင်းသာ။ သို့သော် အဘယ်ကြောင့် ထိုသို့ စိတ်ကြီးဝင်နေနိုင်ရခြင်းနည်း။ အားလုံးသည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြသည်။ သို့ရာတွင် မည်သည့် မူမမှန်မှုကိုမှ မတွေ့ရပေ။
ယဉ်ဧကရာဇ်သည် ဓားဧကရာဇ်နှင် သားရဲဧကရာဇ်တို့က ရှင်းမိုနောက်တွင် တိတ်တဆိတ် ရပ်နေသေးကြောင်းကို တွေ့လိုက်၍ သူတို့ အသိပြန်ဝင်လာစေရန် အော်ပြောလိုက်သည်။
“ကျန့်အဘိုးကြီး၊ ထူအဘိုးကြီး... ခင်ဗျားတို့ အသိမဝင်သေးဘူးလား။ အဲ့နတ်ဆိုးအိုကြီးနဲ့ သစ္စာဖောက်ဝူရှန်းနောက်ကို ဆက်လိုက်ကြဦးမှာလား”
“ဟင်းဟင်း...”
ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ထို့နောက် ဓားဧကရာဇ်က ခါးသက်သက် ပြုံး၍ သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
“အားလုံးပဲ ကျုပ်ပြောတာကို နားထောင်ကြပါ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ဂိုဏ်းချုပ်နဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ သူ့ကို ဆန့်ကျင်တဲ့သူ မှန်သမျှ သေရပါလိမ့်မယ်။ အဲ့ဒါကို သံသယဖြစ်ရာ မရှိဘူး။ ခင်ဗျားတို့ မသေချင်ဘူးဆိုရင် သူ ပြောသလို လိုက်လုပ်ကြပါ”
သားရဲဧကရာဇ်ကလည်း ဝင်ထောက်ခံသည်။
“ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ဂိုဏ်းချုပ်က စွမ်းအားအကြီးဆုံးပဲ။ ခင်ဗျားတို့ သူ့ဆန္ဒအတိုင်း လိုက်လုပ်ရင် ကောင်းကျိုးခံစားရလိမ့်မယ်။ သူ့ကို ဆန့်ကျင်ရင်တော့ ခင်ဗျားတို့ သေရလိမ့်မယ်။ အားလုံးပဲ အညံ့ခံလိုက်ကြပါ”
“...”
ထိုနေရာတစ်ခွင်လုံး အကြွင်းမဲ့ တိတ်ဆိတ်သွားသည်။ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ စိတ်ဝိညာဉ်များက ထိန်းချုပ်ခံထားရခြင်း မဟုတ်ကြောင်း ထင်ရှားသည်။ သူတို့က ရှင်းမိုအပေါ် စိတ်ရင်းဖြင့် သစ္စာစောင့်သိနေကြခြင်းပင်။ သူတို့နှစ်ယောက်သည် နှစ်သိန်းနှင့်ချီ ထူထောင်ထားရသော လောကကြီး၏ သူတို့အပေါ်လေးစားမှုကို ရင်း၍ ရှင်းမိုအပေါ် သစ္စာရှိနေပေသည်။ ရှင်းမိုက မည်မျှ စွမ်းအားကြီးပါသနည်း။
“အားလုံးပဲ...”
ယခုအထိ နှုတ်ဆိတ်နေခဲ့သော ဝူရှန်းက နောက်ဆုံးတွင် စကားပြောပေပြီ။
“ခင်ဗျားတို့အားလုံးမှာ ရွေးချယ်စရာနှစ်ခုပဲ ရှိပါတယ်။ ဂိုဏ်းချုပ်ဆီမှာ အညံ့ခံမလား ဒါမှမဟုတ် နှင်းဒေသထဲမှာ ထာဝရအိပ်စက်မလား”
“ဟားဟား.. အဲ့ဒါ အမှန်ပဲ”
ရှင်းမိုက ရုတ်တရက် အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်သည်။ သူ၏ ဆံနွယ်နက်များက လေထဲတွင် ဝဲလွင့်နေသည်။ သူသည် ဝံ့ဝံ့ကြွားကြွားနှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံးတွင် ဗုဒ္ဓဧကရာဇ်တို့ကို ကြည့်၍ ပြောလိုက်သည်။
“ခင်ဗျားတို့ ဆုံးဖြတ်ဖို့ ငါးမိနစ်အချိန်ပေးမယ်။ ကျုပ်ဆီမှာ အညံ့ခံချင်တဲ့သူတွေ ကျုပ်အောက်ကို လာပြီး ဦးညွှတ်လိုက်ကြပါ။ အညံ့မခံချင်တဲ့သူတွေကတော့ ငါးမိနစ်ပြည့်တာနဲ့ တုံ့ဆိုင်းမှုမရှိ အသတ်ခံရမယ်”
***