ရှင်းမို၏ အစွမ်းအစ
Vol. 91 Ch. 1264
ရာဇသံတစ်ခု...
ထိုရာဇသံကို မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမိုတို့က ထုတ်ပြန်ခြင်း မဟုတ်လျှင် အားလုံး နှာခေါင်းရှုံ့မိပေလိမ့်မည်။ ကျန်းရီနှင့် ဗုဒ္ဓဧကရာဇ်တို့၏ တိုက်ခိုက်စွမ်းအားက တစ်ဘက်ကို အပြည့်အဝ ဖိနှိပ်နိုင်လောက်ကြောင်း သူတို့ တွက်ချက်မိသည်။ သို့သော် ရှင်းမို ပြောခဲ့သော စကားများက အနည်းငယ်ပင် ရယ်စရာမကောင်းတော့ချေ။
ကျန်းရီ၏ တိုက်ပွဲစွမ်းအားက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ ဗုဒ္ဓဧကရာဇ်၊ သူတော်စင်အင်ပါယာနှင့် သူတော်စင်ဧကရီတို့က ကြယ်ကိုးပွင့်အဆင့်တွင် ရှိကြသည်။ ထန်ရှန်းကျိနှင့် အခြားသူများကလည်း သူတို့ဘက်တွင် ရှိနေသည်။ ထို့ပြင် ရှန်မျိုးနွယ်ခေါင်းဆောင်၊ မိုမျိုးနွယ်ခေါင်းဆောင်၊ နှောင်ကြိုးမဲ့ဂိုဏ်းချုပ်နှင့် ကျန်းရှောင်နူတို့ကလည်း ကျန်းရီတို့ဘက်မှဖြစ်သည်။
မြောက်ဘက်ဧကရာဇ်ထံတွင် နတ်ဘုရားလက်နက်တစ်ခု ရှိနေသည်။ ရှင်းမို၏ စိတ်ဝိညာဉ်ကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် သူတို့နှစ်ယောက်မှလွဲ၍ သူတို့ဘက်တွင် အခြားလောက်လောက်လားလား ပညာရှင်များ မရှိချေ။ ရှင်းမုန့်ဝမ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များနှင့် တိုက်ခိုက်ရန် တိုက်ပွဲအစီအရင်များအပေါ်တွင်သာ မှီခိုရမည်ဖြစ်သည်။ အကယ်၍ လူများစွာက တစ်ပြိုင်တည်း တိုက်ခိုက်မည်ဆိုလျှင် ရှင်းမိုတို့က ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် အဘယ်က မှားနေခြင်းနည်း။
ကျန်းရီ မသိပေ။ ဗုဒ္ဓဧကရာဇ်၊ သူတော်စင်ဧကရီနှင့် အခြားအဘိုးကြီးများလည်း မသိပေ။ ထို့ကြောင့် သူတို့ မလှုပ်ရှားဝံ့ဘဲ ဖြစ်နေကြသည်။ သို့သော် မည်သူကမှတော့ အညံ့မခံပါပေ။ မည်သူကမှလည်း ဗုဒ္ဓဧကရာဇ်တို့ထံ ပျံသန်းမသွားချေ။
ဝှစ်...ဝှစ်...ဝှစ်...
စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက် တစ်စုံတစ်ယောက်က စတင်လှုပ်ရှားလာသည်။ ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ထူမျိုးနွယ်တို့အပေါ် မှီခိုနေခဲ့ရသော မျိုးနွယ်ကြီးအချို့သည် ရှင်းမို၏ ကောင်းကင်ကံကြမ္မာသင်္ဘောထံသို့ ပျံသန်းသွားကာ ဒူးတစ်ဘက်ထောက်၍ ဦးညွှတ်အရိုအသေပေးလိုက်ကြလေသည်။
ထိုမျိုးနွယ်များသည် ဒူးထောက်လိုက်သည်နှင့် မပြန်လမ်းပေါ်သို့ ရောက်သွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြသည်။ သို့သော် သူတို့ မြောက်ဘက်ဧကရာဇ်တို့ကို မရွေးချယ်ခဲ့လျှင် ကျန်းရီ အနိုင်ရသွားသောအခါ သူတို့တွင် ပြေးရန်မြေ ရှိမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် မြည်းများကဲ့သို့ ခေါင်းမာစွာဖြင့် မြောက်ဘက်ဧကရာဇ်တို့ဘက်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ဝှစ်...ဝှစ်...
အခြား မျိုးနွယ်ကြီးအချို့နှင့် မျိုးနွယ်ငယ်အချို့သည်လည်း မြောက်ဘက်ဧကရာဇ်တို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပျံသန်းသွားလိုက်ကြသည်။ သို့သော် အများစုကတော့ မလှုပ်မယှက်ပင် ဆက်ရပ်နေကြသည်။ မျိုးနွယ်အချို့ကလည်း ကျန်းရီ၏ ကောင်းကင်ကံကြမ္မာသင်္ဘောထံ ပျံသန်းသွားကြသည်။ ဤတစ်ကြိမ်တွင် ရှင်းမိုသည် သူတို့ကို မတားလိုက်ပေ။ ငါးမိနစ်အတွင်း သူတို့ ရွေးချယ်ခွင့် ရှိပေသည်။
ငါးမိနစ်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။
စည်းကို အလွန်ရှင်းလင်းစွာ တားထားပြီးဖြစ်သည်။ လူတစ်သန်းနီးပါးလောက်က မြောက်ဘက်ဧကရာဇ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောအောက်တွင် ဒူးထောက်နေကြသည်။ ဧကရာဇ်သုံးပါး၏ မျိုးနွယ်များအပြင် အခြားမျိုးနွယ်ဆယ်ခုက သူတို့ထံ၌ အညံ့ခံခဲ့ကြသည်။ ကျန်တပ်သားများမှာ မည်သည့်ဘက်ကိုမှ မရွေးဘဲ မလှုပ်မယှက် ရပ်နေကြပေသည်။
အများစုသည် နှစ်ဘက်စလုံးကို မရွေးဘဲ ကြားနေအဖြစ် နေကြသည်။ မျိုးနွယ်များစွာသည် အခြေအနေက မရှင်းလင်းမခြင်း မလှုပ်ရှားလိုကြပေ။ သူတို့ အရွေးမှားသွားလျှင် သေရမည် မဟုတ်ပါလော။
“ကောင်းပြီ... အချိန်ပြည့်သွားပြီ”
ရှင်းမိုက မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် အော်ပြောလိုက်သည်။ အားလုံး တိတ်ဆိတ်သွားကြသည်။ ကျန်းရီ၏ မျက်နှာထားကလည်း တင်းမာသွားသည်။ သူသည် ရှင်းမိုက စလှုပ်ရှားမည့်အချိန်ကို စောင့်နေခြင်းပင်။
သို့သော် ရှင်းမို မလှုပ်ရှားခဲ့ပေ။ ရှင်းမုန့်ဝမ်က သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်ပြောင်းသော လက်ကလေးကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောအောက်မှ လူများက ပျံတက်လာပြီး သင်္ဘောကို ဝန်းရံလိုက်ကြသည်။ မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့က ကျန်းရီကို လှောင်ပြုံးဖြင့် ကြည့်လိုက်ကြသည်။
“ကျန်းရီ... ငါက မင်းရဲ့ ပါရမီကို လေးစားပါတယ်။ အဲ့တော့ ငါ မင်းကို နောက်ဆုံးတစ်ခေါက် မေးမယ်။ အညံ့ခံမှာလား၊ သေမှာလား”
ရှင်းမိုသည် ကျန်းရီကို ကြည့်၍ နောက်ဆုံးအခွင့်အရေး ပေးလိုက်သည်။ သို့သော် ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာပြီး ကိုယ်ပေါ်တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ထွက်ပေါ်လာသည်။ သူသည် လုပ်ရပ်ဖြင့် သူ၏ရွေးချယ်မှုကို ပြသလိုက်ခြင်းပင်။ ထို့ကြောင့် ရှင်းမိုသည် စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချကာ လက်ဝှေ့ယမ်းလိုက်ပြီး လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“ဝမ်အာ... သူတို့ကို စေလွှတ်လိုက်တော့”
“အစီအရင်ဆင်ကြ”
ရှင်းမုန့်ဝမ် အထက်သို့ ပျံတက်လိုက်သည်။ သူမအနောက်တွင် ဝတ်ရုံနက် ဝတ်ဆင်ထားသော အကြီးအကဲလေးဆယ့်ကိုးယောက်က ထပ်ကြပ်မကွာ လိုက်လာသည်။ သူမတို့အယောက်ငါးဆယ်သည် လေထဲတွင် နေရာယူ၍ ထူးဆန်းသော အစီအရင်တစ်ခုကို ဖန်တီးလိုက်ကြသည်။ ဤတစ်ခေါက်တွင် သူမတို့သည် ပဉ္စဂံပုံစံ၊ စက်ဝိုင်းပုံစံ မဖန်တီးလိုက်ပေ။ သူမတို့၏ပုံစံက အောက်မှကြည့်လျှင် တံစဉ်းတစ်လက်နှင့် တူနေလေသည်။
ရွှီး...
အားလုံး၏ ခန္ဓာကိုယ်များ လင်းလက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် အလင်းက အဖြူရောင်မဟုတ်ဘဲ အနက်ရောင်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှ အနက်ရောင်အခိုးအငွေ့များလည်း ထွက်လာပြီး ရှင်းမုန့်ဝမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ ကျန်းရီတို့ မျက်လုံးပြူးသွားသည်။ သူတို့သည် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေရပြီး စိတ်မသက်မသာ ဖြစ်နေကြလေသည်။
“အနက်ရောင်အခိုးအငွေ့တွေ.. အဲ့ဒါက အနက်ရောင် အတွင်းအား မဟုတ်ဘူး၊ ဖုတ်ကောင်အရှိန်အဝါပဲ။ အဲ့ဒါ ဘယ်လို အစီအရင်မျိုးလဲ။ သူတို့က ဘာလုပ်ချင်နေတာလဲ”
ကျန်းရီသည် နေရာမှာပင် မလှုပ်မယှက်ရပ်၍ ရေရွတ်လိုက်သည်။ ရှင်းမိုရော မြောက်ဘက်ဧကရာဇ်ပါ မလှုပ်ရှားခဲ့ချေ။ သူတို့သည် မည်သူကမှ ထိုအစီအရင်ကို မနှောင့်ယှက်ဟု သေချာနေကြပြီး ရှင်းမုန့်ဝမ်တို့ အစီအရင် ဖန်တီးပြီးသွားသည်အထိ စောင့်နေကြသည်။ ရန်သူ၏ စွမ်းအားကို မသိရခြင်းက ရန်သူ၏ စွမ်းအားအစစ်အမှန်ကို မြင်ရခြင်းထက် ပိုကြောက်ဖို့ကောင်းပေသည်။
ဖျပ်...ဖျပ်...
ရှင်းမုန့်ဝမ်၏ အဖြူရောင်ဝတ်စုံက လေထဲတွင် ဝဲလွင့်နေ၏။ သူမသည် နတ်မိမယ်တစ်ပါးကဲ့သို့ပင်။ သို့သော် ထိုအခိုက်တွင် သူမကို အနက်ရောင်အခိုးအငွေ့များက ဝန်းရံထားသဖြင့် သူမသည် ငရဲမှ သေမင်းတစ်ပါးဟုလည်း ထင်ရပေသည်။ သူမ၏ပုံစံက အလွန်စွမ်းအားကြီးကာ ကြောက်မက်ဖွယ်ကောင်းသည့်ပုံ ပေါ်နေလေသည်။ သူမသည် လက်ဟန်များ စတင်ပြုလိုက်လိုက်၏။ ထိုအခါ အနက်ရောင်အခိုးအငွေ့များက ဧရာမတံစဉ်းကြီးတစ်လက်အဖြစ် စုစည်းသွားသည်။
“ချိုးဖျက်...”
ထိုတံစဉ်းကြီးက သုံးကီလိုမီတာအရှည် ရှိသည်။ ၎င်းသည် သေမင်း၏ တံစဉ်းကဲ့သို့ပင်။ ရှင်းမုန့်ဝမ်သည် တံစဉ်းကြီးကို ထိန်းချုပ်၍ အောက်ဘက်သို့ ပြင်းထန်စွာ ကျဆင်းသွားစေလိုက်သည်။ ဟုတ်၏။ သူမသည် တံစဉ်းကို ကျန်းရီတို့ထံ ပစ်လွှတ်လိုက်ခြင်း မဟုတ်ဘဲ အောက်ဘက်ရှိ မြေပြင်ပြောင်ပေါ်သို့ ပစ်လွှတ်လိုက်ခြင်းပင်။
ဝုန်း...
ဧရာမတံစဉ်းကြီးကြောင့် မိုးမြေတုန်ခါသွားပြီး မြေပြင်တွင် အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ကီလိုမီတာငါးရာ အဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးလည်း တုန်ခါသွားသည်။ သူတော်စင်တောင်သည်ပင် အဆက်မပြတ် တုန်ခါနေသည်။ အက်ကြောင်းကြီးက အဝေးသို့ ပြန့်ကားသွားသည်။ ရှင်းမုန့်ဝမ်၏ တိုက်ခိုက်မှုတစ်ချက်က နှင်းဒေသတစ်ခုလုံးကို နှစ်ခြမ်းပိုင်းလိုက်သလိုပင်။
“ဘာတွေဖြစ်နေတာလဲ”
လူများ နားမလည်နိုင်ဖြစ်သွားကြသည်။ အဘယ်ကြောင့် ရှင်းမုန့်ဝမ်က ကျန်းရီတို့ သို့မဟုတ် အောက်ဘက်ရှိ မဟာမိတ်စစ်တပ်ကို မတိုက်ခိုက်ဘဲ မြေပြင်ကို တိုက်ခိုက်ရသနည်း။ သူမက သူတို့ကို ခြောက်လှန်းရန် မြေပြင်ကို နှစ်ခြမ်းပိုင်းပြခြင်းလော။ ၎င်းစွမ်းအားတစ်ခုတည်းဖြင့် ထိုနေရာရှိ စွမ်းအားကြီး သိုင်းပညာရှင်များကို ခြောက်လှန့်နိုင်မည် မဟုတ်ပေ။ ကြယ်ခုနစ်ပွင့်အဆင့် သို့မဟုတ် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်များသည်လည်း ထိုကဲ့သို့ မြေပြင်ကို နှစ်ခြမ်းပိုင်းပစ်နိုင်ပေသည်။
ထို့နောက်တွင်...
ပဟေဠိကို ဖြေရှင်းပြီးသွားသည်။
လူများသည် မြေကြီးအောက်မှ လှုပ်ရှားမှုကို စတင်ခံစားလာရသည်။ လှုပ်ရှားမှုက ပို၍ပို၍ ပြင်းထန်လာပြီး ကီလိုမီတာငါးရာအတွင်းရှိ မြေပြင်က တုန်ခါနေသည်။ သူတို့သည် ငလျင်ကြီးတစ်ခုအလယ်သို့ ရောက်နေသလိုပင်။ တုန်ခါမှုက ပိုဆိုးလာသဖြင့် လူအချို့သည် ဟန်ချက် မထိန်းနိုင်ကြတော့ပေ။ ဘေးနှစ်ဘက်မှ တောင်များကလည်း စတင် အက်ကွဲလာသည်။ ထို့ကြောင့် တောင်များပေါ်မှနေ၍ ကျောက်တုံးများ၊ မြေတုံးများ ကျဆင်းလာလေသည်။ ထိုကျောက်တုံးများ၊ မြေတုံးများက မြေပြင်ပေါ်သို့ ကျသောအခါ နှင်းဖုံးနေသော မြေကြီးသည်ပင် ဖုန်တထောင်းထောင်း ထသွားလေသည်။
ရွှစ်...ရွှစ်...
အက်ကြောင်းကြီးထဲမှနေ၍ အနက်ရောင်ချီတန်းများ ထွက်လာပြီး လေထဲတွင် စုစည်းသွားသည်။ ထို့ကြောင့် လူအားလုံး ကြက်သီးမွေးညင်းများ ထသွားကြသည်။ သူတို့သည် ထိုမြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ချေ။
ဝူ...ဝူ...ရွှစ်...ရွှစ်...ဝှစ်...ဝှစ်...
ဧရာမအနက်ရောင်နွယ်ကြီးများသည် အက်ကြောင်းထဲမှ ထိုးထွက်လာကာ ဖုတ်ကောင်များနှင့် ဖုတ်ကောင်သားရဲများကို မြေကြီးထဲမှနေ၍ အပြင်သို့ ပို့ပေးလိုက်ကြသည်။ မြေပြင်က ဆက်၍ အက်ကွဲနေပြီး ဖုတ်ကောင်များနှင့် ဖုတ်ကောင်သားရဲများကို သယ်ဆောင်လာသော အနက်ရောင်နွယ်ပင်ကြီးများ ထွက်ပေါ်လာနေသည်။ မိနစ်အနည်းငယ် အတွင်းမှာပင် ဖုတ်ကောင်များနှင့် ဖုတ်ကောင်သားရဲ တစ်သန်းလောက်က မြေပြင်ထက်သို့ ရောက်လာပေပြီ။
ဖုတ်ကောင်များနှင့် ဖုတ်ကောင်သားရဲများ၏ ကိုယ်ပေါ်တွင် သွေးနက်များ ရှိနေသည်။ ၎င်းတို့၏ မျက်လုံးများကလည်း နီရဲနေသည်။ ၎င်းတို့သည် အစွယ်များထုတ်၍ လက်သည်းများကို ဝှေ့ယမ်းနေကြသည်။ ဖုတ်ကောင်တပ်သားများမှာမူ ချပ်ဝတ် ဝတ်ဆင်ထားပြီး လက်နက်များ သယ်ဆောင်ထားကြ၏။ ထို့ပြင် ၎င်းတို့ကို အနက်ရောင်အရှိန်အဝါက လွှမ်းခြုံထားသည်။ ထိုအရှိန်အဝါက မိစ္ဆာအရှင်များနှင့် မိစ္ဆာဧကရာဇ်များ၏ အလောင်းများမှ အရှိန်အဝါနှင့် ဆင်တူသည်။
ထိုအခိုက်တွင် ငရဲဂိတ်တံခါးများက ပွင့်သွားသလိုပင်။ တမလွန်လောကမှ သတ္တဝါအားလုံးက ကမ္ဘာမြေပေါ်သို့ တက်လာပြီး သေမျိုးများကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်ရန် ခြိမ်းခြောက်နေကြလေသည်။ ၎င်းတို့သည် သေမျိုးလောကကို ဖျက်ဆီးပစ်ပေတော့မည်။
“နေနက်မိစ္ဆာနွယ်... မြေအောက်က သတ္တဝါတွေ”
ကျန်းရီသည် အနက်ရောင်နွယ်ကြီးများကို ကြည့်၍ တုန်ယင်လာ၏။ သူ့မျက်နှာတွင်လည်း သွေးရောင်မရှိတော့ပေ။ သူသည် နောက်ဆုံးတွင် ရှင်းမို၏ ယုံကြည်မှုက မည်သည့်နေရာမှ လာကြောင်း သိရှိသွားပေပြီ။ ရှင်းမို၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း နားလည်သွားပြီဖြစ်သည်။
ရှင်းမိုသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲ၌ သူမွေးထားသော သားရဲများနှင့် ပြည့်နှက်နေသည်ဟု ဆိုခဲ့သည်။ သူက ကြိုက်သည့်သူကို သတ်ပစ်နိုင်ပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးကိုပင် မီးလောင်တိုက်သွင်း၍ လူ့အဖွဲ့အစည်းကို ပြန်စနိုင်သည်ဟုလည်း ပြောခဲ့သည်။
ထိုစကားများက ရူး၍ပြောသော စကားများ မဟုတ်ပေ။
အခြားသူများက နားမလည်နိုင်လောက်သော်လည်း ကျန်းရီကတော့ နားလည်သွားပြီဖြစ်သည်။ မရေမတွက်နိုင်သော နယ်မြေများအောက်တွင် ကြောက်မက်ဖွယ် တမလွန်လောကတစ်ခု ရှိနေသည်။ ထိုလောကထဲတွင် မရေမတွက်နိုင်သော နေနက်မိစ္ဆာနွယ်များရှိနေသည်။ ထိုနွယ်များက အလောင်းများကို သွေးပင်လယ်ထဲသို့ ဆွဲခေါ်သွားရသည်။ ထို့နောက်တွင် အလောင်းများက ဖုတ်ကောင်များ၊ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ ဖြစ်သွားကြသည်။
တမလွန်လောက တည်ရှိနေခဲ့သည်မှာ မည်မျှကြာခဲ့ပြီဖြစ်ကြောင်း ကျန်းရီ မသိပေ။ သို့သော် သူ ထိုလောကထဲသို့ ရောက်သွားခဲ့စဉ်ကတော့ ထိုလောက,က အကန့်အသတ်မရှိကြောင်း သိခဲ့ရသည်။ သို့ဖြစ်ရာ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက မရေမတွက်နိုင်လောက်အောင် ရှိနေလောက်သည်။ ရှင်းမို သို့မဟုတ် တမလွန်လောကတစ်ခုလုံးကို ထိန်းချုပ်သူသည် ထိုဖုတ်ကောင်များကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲသို့ ခေါ်၍ သူတော်စင်ဝိညာဉ်များနှင့် နယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။
***