ကောင်းကင်တမလွန် နတ်ဘုရားအစီအရင်
Vol. 91 Ch. 1265
ကောင်းကင်ကြယ်တာရာနယ်နမိတ် တည်ရှိနေခဲ့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ ပစ္စုပ္ပန်နှင့် အတိတ်မှ သက်ရှိများ၏ အရေအတွက်မှာ မရေမတွက်နိုင်ပေ။ လွန်ခဲ့သော နှစ်ခုနစ်သိန်းအတွင်းတွင်လည်း လူသားမျိုးနွယ်က အဆက်မပြတ် တိုက်ခိုက်နေခဲ့ရာ လူသားများနှင့် မိစ္ဆာများ မည်မျှသေဆုံးခဲ့မည်နည်း။ နယ်မြေငယ်လေးများကို ထည့်မတွက်သေးဘဲ အရှေ့ဘက် တော်ဝင်နယ်မြေကိုသာ ကြည့်မည်ဆိုလျှင်ပင် အခိုက်အတန့်တိုင်းတွင် လူမည်မျှ သေဆုံးနေပါသနည်း။
အကယ်၍ သေဆုံးသွားသော လူသားများနှင့် မိစ္ဆာများ အားလုံး၏ အလောင်းများသည် တမလွန်လောကသို့ ခေါ်ဆောင်သွားခံရပြီး ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများအဖြစ် ပြောင်းလဲခံရပါက တမလွန်လောကတစ်ခွင်လုံးတွင် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ မည်မျှ ရှိနေမည်နည်း။
တွေးကြည့်၍ပင် မရနိုင်ပေ။
ထို့ပြင် အရေးအကြီးဆုံးအချက်မှာ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက သက်တမ်းကုန်သဖြင့် သေသည်ဟူ၍ မရှိခြင်းပင်။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက်က တိုး၍သာ လာမည်ဖြစ်သည်။ ၎င်းတို့၏ လက်ရှိအရေအတွက်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ သက်ရှိအားလုံးပေါင်းအရေအတွက်ထက် ဆယ်ဆ၊ အဆတစ်ရာ၊ အဆတစ်သောင်း ပိုများနေနိုင်သည်။
ဝုန်း...ဝုန်း...ဝုန်း... ရွှစ်...ရွှစ်... ချီ...ချီ... ဂါး...ဂါး...ဂါး...
မြေပြင်က ဆက်၍ အက်ကွဲနေပြီး ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက အဆက်မပြတ် ထွက်လာနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းတို့၏ အရေအတွက် သန်းဆယ်နှင့်ချီသွားသည်။ ကျန်းရီတို့သည် ၎င်းတို့ကြားတွင် စွမ်းအားကြီး ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများစွာ ပါလာသည်ကို တွေ့လိုက်ရသည်။
ကျန်းရီ အစိုးရိမ်ဆုံးအရာ ဖြစ်လာပေပြီ။ တမလွန်လောကသည် ဖုတ်ကောင်များကို ဖန်တီးနိုင်ရုံသာမက ထိုဖုတ်ကောင်များ ဆင့်ကဲပြောင်းလဲကာ ပိုသန်မာလာအောင်လည်း လုပ်ပေးနိုင်သည်။ ၎င်းတို့က မည်သို့ ဆင့်ကဲပြောင်းလဲကြောင်းမှာ မရှင်းသေးသော်လည်း ၎င်းတို့ထဲတွင် ဖုတ်ကောင်ဘုရင်များနှင့် ဖုတ်ကောင်အရှင်များ ရှိနေနိုင်သည်။
သတ်ရပေတော့မည်။
ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ဆက်စောင့်၍ မဖြစ်တော့ပေ။ မဟုတ်လျှင် ပို၍စွမ်းအားကြီးသော ဖုတ်ကောင်များ ထွက်ပေါ်လာပါက သူတို့အားလုံး အဆုံးသတ်သွားပေလိမ့်မည်။ ဖုတ်ကောင်အားလုံးကို သတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ရှင်းမို၊ မြောက်ဘက်ဧကရာဇ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းမှ လူအားလုံးကို သတ်နိုင်ရန်သာ ကြိုးစားရပေမည်။ ဖုတ်ကောင်များကို ထိန်းချုပ်နေသူများအားလုံး သေသွားမှ သူတို့ ရှင်သန်နိုင်မည်ဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ် ဆက်တည်ရှိနိုင်မည့် နည်းကလည်း ထိုတစ်နည်းသာရှိသည်။
ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ညဧကရီ၊ သူတော်စင်အင်ပါ၊ ကျန်းရှောင်နူ၊ သူတော်စင်ဧကရီ၊ ထန်ရှန်းကျိနှင့် အခြား စွမ်းအားကြီး သိုင်းပညာရှင်အားလုံးက ရှင်းမိုနှင့် မြောက်ဘက်ဧကရာဇ်တို့ထံသို့ ပျံသန်းသွားလိုက်ကြသည်။ ကျန်လူများက ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများထံ ပြေးသွားကြသည်။ မဟာမိတ်စစ်တပ်သည် တစ်ယောက်တစ်ပေါက်ဖြင့် ဖုတ်ကောင်စစ်တပ်ကို စတင် တိုက်ခိုက်ကြလေသည်။
“ဟားဟား... မင်းတို့က ခေါင်ကို တက်ကိုင်ချင်နေတာလား”
ရှင်းမိုက ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် လက်နောက်ပစ်၍ ရပ်နေသည်။ သူ၏ ငယ်ရွယ်ခံ့ညားသော ရုပ်သွင်၊ အသက်နှင့်မလိုက်သော ဟန်ပန်အပြုအမူများနှင့် သူ့ထံမှ အားကောင်းသော အရှိန်အဝါတို့က သူ့ကို တမူထူးခြားနေစေပေသည်။ သူသည် ကိုယ်တိုင် မတိုက်ခိုက်ဘဲ ရှင်းမုန့်ဝမ်ကိုသာ လက်ဟန်ပြလိုက်သည်။
“အစီအရင်ဆင်ကြ”
ရှင်းမုန့်ဝမ်၏အသံ ထွက်ပေါ်လာသည်။ အကြီးအကဲ လေးဆယ့်ကိုးယောက်က နေရာရွှေ့လိုက်ကြပြီး ရှင်းမုန့်ဝမ်ကို ဗဟိုပြု၍ လှည့်ပတ်လိုက်ကြသည်။ ထိုအခိုက်တွင် အောက်ဘက်ရှိ ဖုတ်ကောင်များက အော်လိုက်ကြသည်။ ၎င်းတို့၏ အနက်ရောင် အရှိန်အဝါများက ကောင်းကင်ထက်သို့ တက်လာပြီး ရှင်းမုန့်ဝမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။
ရွှီး...
အနံသုံးဆယ်ကီလိုမီတာ ရှိသော ဧရာမ အနက်ရောင်ဒိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ရှင်းမုန့်ဝမ်နှင့် ကောင်းကင်ကံကြမ္မာသင်္ဘောကို လွှမ်းခြုံသွားသည်။ ထိုအနက်ရောင်ဒိုင်းကြီးက ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် လောကကို ခြားနားပေးထားသည်။ ရှင်းမိုသည် သင်္ဘောကုန်းပတ်ပေါ်တွင် တည်ငြိမ်စွာ ထိုင်၍ လက်ဖက်ရည်သောက်နေပြီး ကျန်းရီတို့ ပျံသန်းလာသည်ကို ကြည့်နေလေသည်။
“ချိုးဖျက်...”
ဗုဒ္ဓဧကရာဇ်သည် ဧရာမ ဗုဒ္ဓပုတီးစေ့ဆယ်စေ့ကို အရှေ့သို့ ပစ်လွှတ်လိုက်၏။ ပုတီးစေ့ဆယ်စေ့စလုံးက ရွှေရောင်တောက်ပကာ အဖျက်အရှိန်အဝါတစ်ခုကို သယ်ဆောင်၍ အနက်ရောင်ဒိုင်းကြီးကို ထိမှန်သွားသည်။
သို့သော် ဗုဒ္ဓပုတီးစေ့များသည် ဒိုင်းကြီးကို မဖျက်ဆီးနိုင်လိုက်ပေ။ အတန်ငယ်သာ လှုပ်သွားစေခဲ့သည်။ ထို့ကြောင့် ရွှမ်ဧကရာဇ်က ဆက်တိုက်ခိုက်လိုက်သည်။ အေးစက်စက် အလင်းတန်းတစ်တန်းက အရှေ့သို့ ပျံထွက်သွား၏။ သို့သော် အနက်ရောင်ဒိုင်းကြီးနှင့် ထိသောအခါ ပျောက်ကွယ်သွားသည်။
ဝုန်း...
သူတော်စင်အင်ပါယာ၏ လက်သီးကြီးကလည်း ဒိုင်းပေါ်သို့ ကျသွားသည်။ အာကာပြင်က တုန်ခါသွားပြီး ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ သို့သော် ထိုလက်သီးချက်ကလည်း ထိရောက်မှု မရှိပေ။ ညဧကရီ၊ ယဉ်ဧကရာဇ်၊ ဗုဒ္ဓအင်ပါယာ၊ ထန်ရှန်းကျိနှင့် အခြားသူများ၏ တိုက်ခိုက်မှုများက ပို၍ပင် ထိရောက်မှု မရှိသေးသည်။ ၎င်းတို့သည် ဒိုင်းကို လှုပ်ပင်မလှုပ်သွားစေခဲ့ပေ။
ရွှက်...ရွှက်...
ကျန်းရီက နတ်ဘုရားဇီဝိန်ခြွေ ထုတ်လွှတ်လိုက်သောအခါ ဧရာမမီးနဂါးကြီးသုံးကောင် ထွက်ပေါ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က ချော်ရည်ပူများနှင့် ပြည့်နှက်နေပြီး ကောင်းကင်ထက်တွင် တောက်ပနေသည်။ နဂါးသုံးကောင် ပျံသန်းသွားသည့် နေရာတိုင်းတွင် အာကာပြင်က တုန်ခါအက်ကွဲသွားသည်။ နှင်းဒေသ၏ ခိုင်မာသော အာကာပြင်ပင် အက်ကွဲသွားရာ နတ်ဘုရားဇီဝိန်ခြွေက မည်မျှ စွမ်းအားကြီးကြောင် သိနိုင်ပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
သို့သော် ကျန်းရီ၏ တိုက်ခိုက်မှုကလည်း ထိရောက်မှု သိပ်မရှိပေ။ ဗုဒ္ဓဧကရာဇ်၏ တိုက်ခိုက်မှုနှင့် အနည်းနှင့်အများဆိုသလို အတူတူပင်ဖြစ်သည်။ သူတော်စင်ဧကရီကလည်း အခြားတစ်ဘက်မှနေ၍ စတင် တိုက်ခိုက်လိုက်သည်။ ကောင်းကင်ထက်တွင် လေနှင့်တိမ်များ ရွေ့လျားသွားပြီး ကိုးရောင်ခြယ် ဧရာမလက်ကြီးဖြစ်ပေါ်လာကာ အောက်ဘက်သို့ ကျဆင်းလာလေသည်။ သို့သော် ၎င်းသည်လည်း အနက်ရောင်ဒိုင်းကြီးကို အတန်ငယ်သာ တုန်ခါသွားစေသည်။ အက်ကြောင်းတစ်ကြောင်းပင် မထင်စေခဲ့ချေ။ ထိုဒိုင်းကို ဖောက်ထွင်း၍ မရနိုင်ပေ။
“အဲ့ဒါက သေချာပေါက် ကောင်းကင်ကြယ်တာရာနယ်နမိတ်က အစီအရင်တစ်ခု မဟုတ်ဘူး”
ရွှမ်ဧကရာဇ်က မျက်မှောင်ကြုတ်၍ အော်ပြောလိုက်သည်။
စွမ်းအားကြီး သိုင်းပညာရှင်များစွာ၏ ပူးပေါင်းတိုက်ခိုက်မှုများကပင် ထိုဒိုင်းကို မဖောက်နိုင်ခဲ့ချေ။ ၎င်း၏ ခုခံစွမ်းအားက ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ခုခံစွမ်းအားထက်ပင် ပိုသာသည်။ ထို့ပြင် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ခုခံစွမ်းအားက အားကောင်းနေရခြင်းမှာ နန်းတော်က နှစ်ပေါင်းများစွာ စွမ်းအင်စုစည်းခဲ့၍ဖြစ်သည်။ ထို့ကြောင့် ရွှမ်ဧကရာဇ်သည် ထိုအစီအရင်က သေချာပေါက် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ အစီအရင်မဟုတ်နိုင်ဟု ဆိုလိုက်ခြင်းပင်။
ရှင်းမုန့်ဝမ်သည် ဒိုင်းထဲတွင် လှုပ်ရှား၍ အောက်မှ တက်လာသော အနက်ရောင်အရှိန်အဝါများကို ဆက်စုပ်ယူနေဆဲပင်။ သို့ဖြစ်ရာ အောက်ဘက်တွင် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ ရှိနေသေးသ၍ သူမက ၎င်းတို့ထံမှ စွမ်းအင် ရနေဦးမည်ဖြစ်သည်။ ဒိုင်းကလည်း ဘယ်တော့မှ ပျက်စီးမည် မဟုတ်ချေ။
ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများကို ရှင်းပစ်နိုင်ပါမည်လော။
“ကျား...”
ကျန်းရီသည် အားမလျှော့ဘဲ နတ်ဘုရားဇီဝိန်ခြွေကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ ဗုဒ္ဓဧကရာဇ်နှင့် သူတော်စင်ဧကရီတို့ကလည်း သူနှင့် ပူးပေါင်းလိုက်ကြသည်။ သူတို့သုံးယောက်သည် သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။ သို့သော် အနက်ရောင်ဒိုင်းကြီးက အတန်ငယ်သာ တုန်ခါသွားသည်။ အက်ကြောင်းတစ်ခုပင် ထင်မသွားသလို ပျက်စီးမည့် အရိပ်အယောင်လည်း မပြပေ။
“ဟင်းဟင်း...”
ရှင်းမိုက ခပ်လှောင်လှောင် ရယ်၍ ပြောလိုက်သည်။
“မင်းတို့ တိုက်ချင်ရင် ဆက်တိုက်ပါ။ မင်းတို့ ကောင်းကင်တမလွန် နတ်ဘုရားအစီအရင်ကို ဖျက်နိုင်ရင် ငါတို့ ဆက်မခုခံဘဲ မင်းတို့ဆီမှာ အညံ့ခံမယ်။ မလောပါနဲ့... ပွဲက အခုမှ အစပဲရှိသေးတယ်။ နောက်ပိုင်းလာမယ့်ဟာတွေ အများကြီး ကျန်သေးတယ်”
မောက်မာ၏။ ရိုင်းစိုင်း၏။
ထိုနေရာရှိ စွမ်းအားကြီး သိုင်းပညာရှင်အားလုံးသည် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ကြရသည်။ ရှင်းမို၏ လေသံသည် သူက သူတို့အားလုံးကို ကစားနေသကဲ့သို့ပင်။ လက်ရှိအဖြစ်မှာ ကြောင်က ကြွက်တစ်အုပ်ကို ကစားနေသလိုမျိုးပင်။ သူတို့၏ အင်အားက အလွန်ကွာခြားပေသည်။
ဝူး...ဝူး... ဟိန်း...ဟိန်း... ဂီး...ဂီ...
ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက အဆက်မပြတ် ထွက်လာနေဆဲပင်။ ၎င်းတို့သည် နေရာအနှံ့တွင် ရှိနေပြီး မဟာမိတ်စစ်တပ်ကို ဖိသတ်တော့မလိုပင် ထင်ရပေသည်။ ထိုစဉ် လေအေးတစ်ချက် တိုက်ခတ်သွားပြီး အနက်ရောင်အခိုးအငွေ့များက ဆက်၍ ထူထပ်လာသည်။ သူတော်စင်တောင်တစ်ဝိုက်သည် ငရဲဖြစ်သွားသလိုပင်။
မဟာမိတ်စစ်တပ်၏ အင်အားကလည်း မခေလှပေ။ တပ်သားအားလုံးက အနိမ့်ဆုံး ကောင်းကင်ဧကရာဇ်အဆင့် ရှိကြသည်။ ဤတစ်ခေါက်တွင် လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားအားလုံး စုဝေးခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူတို့သည် အစုငယ်လေးများခွဲ၍ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများကို တိုက်ခိုက်နေကြသည်။
ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက သိပ်၍ မသန်မာကြပေ။ ၎င်းတို့သည် ပုပ်သိုးနေသော အသားတုံးများသာ။ သို့သော် ၎င်းတို့၏ အရေအတွက်က အလွန်များသည်။ ၎င်းတို့သည် စက္ကန့်မလပ်လည်း ဆက်၍ ထွက်ပေါ်နေသေးသည်။ ယခုတွင် ၎င်းတို့၏ အရေအတွက်က သန်းတစ်ရာလောက် ရှိနေလောက်ပေပြီ။ ထို့ပြင် အရေအတွက်က အချိန်နှင့်အမျှ ဆက်တိုးနေသည်။
မဟာမိတ်စစ်တပ်သည် အထိနာနေပြီဖြစ်သည်။ ဖုတ်ကောင်အများစုက စွမ်းအားမကြီးသော်လည်း စွမ်းအားကြီးသော ဖုတ်ကောင်များလည်း များစွာ ရှိသည်။ အထူးသဖြင့် ၎င်းတို့၏ ဖုတ်ကောင်အရှိန်အဝါက အလွန်စွမ်းအားကြီးပေသည်။
ထိုဖုတ်ကောင်များ ထုတ်လွှတ်နေသော ဖုတ်ကောင်အရှိန်အဝါများက တိုက်စားနိုင်စွမ်းသဖြင့် သိုင်းသမားများ၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးပစ်နိုင်နေသည်။ နတ်ဘုရားဒိုင်း ပျက်စီးသွားသည်နှင့် သိုင်းသမားက သေရတော့မည်ဖြစ်သည်။ ထို့ပြင် သေသွားသူများ၏ အလောင်းများကို နေနက်မိစ္ဆာနွယ်များက တမလွန်လောကဆီသို့ ဆွဲခေါ်သွားသေးသည်။
ဝုန်း...ဝုန်း...ဝုန်း...
ဗုဒ္ဓဧကရာဇ်၊ ကျန်းရီနှင့် အခြားသူများသည် အနက်ရောင်ဒိုင်းကြီးကို အဆက်မပြတ် ဆက်၍တိုက်ခိုက်နေကြသည်။ သူတို့ အနိုင်ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုဒိုင်းကို ဖောက်၍ ရှင်းမိုတို့ကို သတ်ရန်ဖြစ်သည်။ မဟုတ်လျှင် သန်းဆယ်ချီသော လူသားများ အသတ်ခံရပေလိမ့်မည်။ သူတို့ကိုယ်တိုင်လည်း အသက်ရှုံးရပေမည်။
သို့သော်...
စွမ်းအားကြီး သိုင်းပညာရှင်တစ်အုပ်က ဆယ့်ငါးမိနစ်ကြာအောင် အဆက်မပြတ် တိုက်ခိုက်ခဲ့သော်လည်း အနက်ရောင်ဒိုင်းကြီးက မပျက်စီးသေးပေ။ ၎င်းသည် နတ်ဘုရားများက ဖန်တီးထားသော ကောင်းကင်အစီအရင်တစ်ခုကဲ့သို့ပင်။ သူတို့ မည်မျှ ကြိုးစားပါစေ အလုပ်ဖြစ်ပုံ မပေါ်ချေ။ အောက်ဘက်တွင် လူသားတစ်သန်းကျော်လောက် အသတ်ခံလိုက်ရပြီဖြစ်သည်။ ထို့ပြင် သေဆုံးသူ အရေအတွက်က အချိန်နှင့်အမျှ တိုးလာနေသည်။
ဟူး...ဟူး...
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး နှင်းများ ပိုထူထပ်စွာ ကျဆင်းလာသည်။ ကောင်းကင်ကလည်း မည်းမှောင်သွားသည်။ ရာသီဥတုက လောကအဆုံးသတ်ကို ညွှန်ပြနေသကဲ့သိုပင်။
***