← Chapters

စွမ်းအားအကြီးဆုံး တိုက်ခိုက်မှု

Vol. 91 Ch. 1266

စွမ်းအားအကြီးဆုံး တိုက်ခိုက်မှု

Vol. 91 Ch. 1266

သူတော်စင်တောင်ခြေမှ မြင်ကွင်းက အလွန်တုန်လှုပ်ဖွယ်ကောင်းသည်။

သူတော်စင်တောင်၏ တောင်ဘက်လွင်ပြင်တွင် ကီလိုမီတာငါးရာ ရှည်သော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။ မြေပြင်တွင်လည်း ဧရာမတွင်းကြီးများ ရှိနေသည်။ ထိုအက်ကြောင်းကြီးနှင့် တွင်းများထဲမှနေ၍ ဖုတ်ကောင်များက အဆက်မပြတ် ထွက်လာနေကြသည်။

ကျယ်ပြောသော လွင်ပြင်ကြီးထဲတွင် သိုင်းသမား သန်းနှစ်ဆယ်ကျော် ရှိနေသည်။ သူတို့အားလုံး၏ နတ်ဘုရားဒိုင်းများနှင့် လက်နက်များက တလက်လက် တောက်ပနေကြသည်။ သူတို့က သေသည်အထိ တိုက်ပွဲဝင်ကြတော့မည်ဖြစ်သည်။

ဖုတ်ကောင်များက စက္ကန့်မလပ် ဖျက်ဆီးခံနေရ၍ အောက်ခြေနှင်းထုက သွေးနက်များနှင့် မည်းနက်နေပေပြီ။ လူသားများလည်း သတ်ဖြတ်ခံရပေသည်။ သေဆုံးသွားသော လူသားအလောင်းများကို နေနက်မိစ္ဆာနွယ်များက တွင်းကြီးများထဲသို့ ဆွဲခေါ်သွားနေကြသည်။

ကောင်းကင်ထက်တွင်မူ စွမ်းအားကြီး သိုင်းပညာရှင်တစ်စုသည် ကြောက်မက်ဖွယ်အရှိန်အဝါများနှင့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို ထုတ်လွှတ်၍ အနက်ရောင်ဒိုင်းကြီးကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။ ထိုဒိုင်းက အနက်ရောင်အရှိန်အဝါမှ ဖြစ်တည်လာခြင်းပင်။ ထို့ပြင် ဒိုင်းသည် အကြည်ဖြစ်သဖြင့် အတွင်းမှ အရာအားလုံးကို ဖောက်မြင်နိုင်ပေသည်။ စွမ်းအားကြီး သိုင်းပညာရှင်အုပ်စုသည် လေးနက်သော မျက်ဝန်းများဖြင့် တစ်စက္ကန့်ပင် မရပ်နားဘဲ အသည်းအသန် တိုက်ခိုက်နေကြ၏။ အခြေအနေက မည်မျှ အရေးကြီးကြောင် သိနိုင်ပေသည်။ သို့သော် ထိုဒိုင်းက မပျက်စီးသေးချေ။

ဒိုင်းထဲမှ လူများကလည်း အပြင်မှ သိုင်းပညာရှင်များနှင့်ပြောင်းပြန် ပြုမူနေကြသည်။ လူနှစ်သန်း၊ သုံးသန်းလောက်သည် ကောင်းကင်ကံကြမ္မာသင်္ဘောအနားတွင် စုဝေးကာ တိတ်တဆိတ် ရပ်နေကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ရှိနေသည်။ သင်္ဘောအထက်တွင်မူ နတ်ဘုရားတစ်ပိုင်း ပညာရှင် လေးဆယ့်ကိုးယောက်က လှပသောမိန်းမပျိုလေးတစ်ယောက်ကို စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ထို့ကြောင့် သူတို့ဖန်တီးထားသော အစီအရင်ကလည်း လည်ပတ်နေသည်။ ထိုမိန်းမပျို ရှင်းမုန့်ဝမ် သိုင်းကနေပုံမှာ မျက်စိပသာဒဖြစ်ဖွယ်ပင်။ သို့သော် သူမပတ်ပတ်လည်တွင် အနက်ရောင်အရှိန်အဝါက စုဝေးနေပြီး လှပသော မြင်ကွင်းကို ဖျက်ဆီးနေပေသည်။

အထက်ပါအရာများထက် ပို၍ ထူးဆန်းသည်မှာ ကောင်းကင်ကံကြမ္မာသင်္ဘောကိုယ်တိုင် ဖြစ်သည်။ ဝူနီ၏ ခန္ဓာကိုယ်ကို ယူထားသော ရှင်းမို၊ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က သင်္ဘောကုန်းပတ်ပေါ်ရှိ စားပွဲတစ်လုံးတွင် ထိုင်နေကြသည်။ သူတို့အားလုံးက လက်ဖက်ရည်သောက်ရင်း အောက်ဘက်ရှိ ပြင်းထန်နေသော တိုက်ပွဲကို ကြည့်နေကြသည်။ ရှင်းမိုနှင့် မြောက်ဘက်ဧကရာဇ်တို့က အလွန်တည်ငြိမ်သည်။ သူတို့သည် ပြိုင်ပွဲကွင်းထဲတွင် အဆင့်နိမ့် တပ်သားများနှင့် သားရဲရိုင်းများ တိုက်ခိုက်သည်ကို ကြည့်နေသော ပွဲကြည့်ပရိသတ်များကဲ့သို့ပင်။ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ကမူ နှလုံးသားရှိပုံ ပေါ်သေးသည်။ သူတို့၏ နက်ရှိုင်းသောမျက်ဝန်းတစ်နေရာတွင် စိတ်မသက်မသာဖြစ်သော အရိပ်အယောင်တစ်ခု ရှိနေပေသည်။

တိုက်ပွဲက ပို၍ပင် ပြင်းထန်လာသည်။

ဖုတ်ကောင်အရေအတွက်က ရေတွက်၍မရနိုင်‌အောင် ရှိနေပေပြီ။ ၎င်းတို့က ဆက်၍လည်း ထွက်လာနေသေးသည်။ ခန့်မှန်းကြည့်ရသော် ၎င်းတို့၏ အရေအတွက်က သန်းရာဂဏန်းအနည်းငယ်လောက် ရှိနေလောက်ပေပြီ။ ၎င်းတို့ကြားတွင် စွမ်းအားကြီး ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက သန်းနှင့်ချီ ရှိနေသည်။ ထိုစွမ်းအားကြီးဖုတ်ကောင်များသည် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားများကို ထိခိုက်အောင် လုပ်နိုင်ကြပေသည်။

အနက်ရောင်အခိုးအငွေ့များက ကီလိုမီတာထောင်ချီ၍ ဖုံးလွှမ်းသွားသဖြင့် ကောင်းကင်က တဖြည်းဖြည်း မည်းမှောင်လာသည်။ ထိုအခိုးအငွေ့များသည် ဖုတ်ကောင်များ၏ ဖုတ်ကောင်အရှိန်အဝါမှ ဖြစ်ပေါ်လာခြင်းပင်။ တိုက်ပွဲက ကြာလာလေလေ၊ အနက်ရောင်အခိုးအငွေ့များက သိပ်သည်းလာလေလေပင်။ ထိုအခါ မဟာမိတ်စစ်တပ်အတွက်လည်း အန္တရာယ်ပိုများလာပေသည်။ သူတို့၏ နတ်ဘုရားဒိုင်းများက တိုက်စားခံရကာ ပျက်စီးကုန်ပါက သူတို့ သေရပေလိမ့်မည်။

လူတော်‌တော်များများသည် ပြန်ဆုတ်ရန် စတင်တွေးလာကြပြီဖြစ်သည်။ သို့သော် ဖုတ်ကောင်များက နေရာအနှံ့တွင် ရှိနေကြသည်။ ထို့ကြောင့် သူတို့အတွက် ပြန်ဆုတ်စရာ လမ်းမရှိပေ။ သူတို့ ပျံသန်းသွားလျှင် ပို၍ပင် အန္တရာယ်များလောက်သည်။ ကျန်းရီတို့ ရင်ဆိုင်နေရသော တိုက်ခိုက်မှုများအရ ကောင်းကင်ထက်က မြေပြင်ပေါ်ထက် သေရန်ပိုလွယ်ကူလောက်ပေသည်။

အရေးအကြီးဆုံးမှာ ပြန်ဆုတ်လျှင်ပင် သွားရန်နေရာ မရှိခြင်းပင်။

ဤလောကထဲတွင် မည်သည့်နေရာက လုံခြုံပါသနည်း။ မဟာမိတ်စစ်တပ် ရှုံးနိမ့်သွားလျှင် ရှင်းမို၊ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် အခြားသူများက သူတို့ကို အမဲလိုက်သလို လိုက်ဖမ်းပေလိမ့်မည်။

တစ်စုံတစ်ယောက်က ရှေ့မှဦးဆောင်၍ ပြန်ဆုတ်လိုက်လျှင်မူ လမ်းကြောင်းတစ်ခု ပေါ်လာနိုင်သည်။ သို့သော် သူတို့ ဆုတ်လိုက်သည်နှင့် မဟာမိတ်စစ်တပ်က ရှုံးနိမ့်သွားပေလိမ့်မည်။ ထိုအခါ ကောင်းကင်ကြယ်တာရာနယ်နမိတ်လည်း ပျက်သုဉ်းရပေမည်။ ထို့ကြောင့် မည်သူကမှ စ၍မဆုတ်ဝံ့ဖြစ်နေလေသည်။ ပထမဆုံး စတင်ပြန်ဆုတ်သူသည် တစ်သက်လုံး အရှက်ရကာ လှောင်ပြောင်ခံရမည်ဖြစ်သည်။

ပျံသန်းနိုင်သော စွမ်းအားကြီး ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများက ကျန်းရီတို့ထံ ဦးတည်သွားနေကြသည်။ ကျန်းရီတို့က ထိုနေရာရှိ စွမ်းအားအကြီးဆုံး လူသားများဖြစ်ရာ ဖုတ်ကောင်များ၏ အကြီးအားဆုံး ပစ်မှတ်များ ဖြစ်လာသည်မှာ သဘာဝကျပေသည်။

ဝှစ်...ဝှစ်...

ဧရာမ ဖုတ်ကောင်နဂါးကြီးတစ်ကောင်က ဟိန်း၍ ကျန်းရီထံ ဦးတည်သွားသည်။ ထိုဧရာမနဂါးကြီး၏ ကိုယ်မှနေ၍ အနက်ရောင်သွေးများ စီးကျနေသည်။ ၎င်းက ကျန်းရီအနားသို့ မရောက်ခင်မှာပင် ၎င်း၏ ဖုတ်ကောင်အရှိန်အဝါက ကျန်းရီကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် ဧရာမနဂါးအမြီးကြီးက ကျယ်လောင်သော လေခွင်းသံကြီးနှင့်အတူ ကျန်းရီကို ရိုက်ချလိုက်သည်။ ၎င်းသည် အမြီးရိုက်ချက်တစ်ချက်တည်းနှင့် ကျန်းရီကို သတ်ပစ်လိုနေခြင်းပင်။

“ထွက်သွားစမ်း”

ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို အကြိမ်များစွာ ထုတ်လွှတ်ခဲ့ပြီးပြီဖြစ်သော်လည်း အနက်ရောင်ဒိုင်းကြီးကို မဖျက်ဆီးနိုင်သေးပေ။ သို့ဖြစ်၍ ထိုအခိုက်တွင် သူ အလွန်ဒေါသထွက်နေသည်။ သူသည် ထိုဒေါသကို ဖုတ်ကောင်နဂါးကြီးပေါ်တွင် ပုံချလိုက်လေသည်။ မီးနဂါးဓားက ‌တောက်ပလာပြီး သောင်းချီသော မီးနဂါးလေးများ ထွက်လာသည်။ ၎င်းမီးနဂါးလေးများက ဖုတ်ကောင်နဂါးကြီးကို သွားရောက် တိုက်ခိုက်ကြသည်။

ဝုန်း...

ကျန်းရီ၏ သတ္တမမြောက် ကြယ်စက်လုံးက ပြောင်းလဲထားပြီး သူ၏အတွင်းအားက အထွတ်အထိပ်သို့ ရောက်နေသည်။ ထို့ကြောင့် ၎င်းကဲ့သို့ သာမန်တိုက်ခိုက်မှုတစ်ခု၏ စွမ်းအားကပင် ယခင်ကထက် မြင့်တက်နေပြီဖြစ်သည်။ သောင်းချီသော မီးနဂါးလေးများက ဖုတ်ကောင်နဂါး၏ ပုပ်သိုးနေသော အသားများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပြီး နဂါးကို လွင့်ပျံထွက်သွားစေသည်။ ဖုတ်ကောင်နဂါးသည် အဝေးရှိ တောင်ငယ်တစ်လုံးနှင့် ပြင်းထန်စွာ သွားဆောင့်သည်။

ဟိန်း...

ဖုတ်ကောင်နဂါးသည် အတောင်ပံများကို ဖြန့်၍ ထပ်မံ ပျံတက်လိုက်၏။ ၎င်းက ဖုတ်ကောင်ဖြစ်သဖြင့် နာကျင်မှုကို မခံစားရပေ။ ထို့ပြင် ၎င်းသည် သေပြီးသားဖြစ်၍ ခန္ဓာကိုယ်က ထက်ခြမ်းပြတ်သွားလျှင်ပင် လှုပ်ရှားနိုင်သေးသည်။ လှုပ်ရှားနိုင်သေးသ၍ ဆက်တိုက်ခိုက်နေမည်လည်း ဖြစ်သည်။

ဗုဒ္ဓဧကရာဇ်တို့သည်လည်း တိုက်ခိုက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။ သို့သော် ထိုတိုက်ခိုက်မှုများက သူတို့အတွက် မပြောပလောက်ချေ။ သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးမသွားစေရန် ဖုတ်ကောင်အရှိန်အဝါကို သတိဖြင့် ရှောင်တိမ်းနေသ၍ သူတို့ အဆင်ပြေပေလိမ့်မည်။

ဝှစ်...ဝှစ်...

ကျန်းရှောင်နူတွင် နတ်ဘုရားဒိုင်း မရှိသော်လည်း သူမ၏ အမြန်နှုန်းက အလွန်လျင်မြန်ပေသည်။ မည်သည့် ဖုတ်ကောင်ကမှ သူမကို မှန်အောင်မတိုက်ခိုက်နိုင်ကြချေ။ သူမသည် အနက်ရောင်ဒိုင်းကြီးကို အတော်ကြာ တိုက်ခိုက်ပြီးနောက် ဆက်တိုက်ခိုက်နေလျှင်လည်း အကျိုးမရှိကြောင်း သိသွားပြီး အောက်ဘက်သို့ ပျံဆင်းကာ စွမ်းအားကြီးဖုတ်ကောင်များကို တိုက်ခိုက်ရန်သာ အာရုံစိုက်လိုက်လေသည်။ သူမ၏ခန္ဓာကိုယ်က တစ်ချက်လင်းလက်သွားတိုင်း ဧရာမဖုတ်ကောင်ကြီးတစ်ကောင် အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံလိုက်ရသည်။ သူမ၏ ကိုယ်ပေါ်တွင်မူ သွေးနက်တစ်စက်ပင် မရှိချေ။ အစိမ်းရောင်အလင်း တောက်ပနေသော သူမ၏ လက်သည်းများက အလွန်ထက်ရှရာ မည်သည့် ဖုတ်ကောင်ကမှ မခုခံနိုင်ကြပေ။

“ဧကရာဇ် ကျွန်တော်တို့ ဘာလုပ်သင့်လဲ”

ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်၍ ဖုတ်ကောင်နဂါးကြီးကို အမှုန့်ဖြစ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် ဗုဒ္ဓဧကရာဇ်ကို လှမ်းကြည့်၍ အသံပို့လွှတ်လိုက်သည်။ လူသားမျိုးနွယ်ဘက်မှ ကျဆုံးသူအရေအတွက်က ငါးသန်းပြည့်သွားပြီဖြစ်သည်။ ထိုအတိုင်း ဆက်သွားပါက လူသား သန်းနှစ်ဆယ်လုံး နှင်းဒေသမှာပင် သေဆုံးသွားပေလိမ့်မည်။

“အားလုံးပဲ ငါ တိုက်ခိုက်တာကို ကြည့်ပြီး လိုက်တိုက်ခိုက်ကြပါ။ ငါ ကောင်းကင်စွမ်းအားကို သုံးပြီး ငါ့ရဲ့ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ထုတ်လိုက်မယ်”

ဗုဒ္ဓဧကရာဇ်က ခေတ္တမျှ တွေးတောလိုက်ပြီး အသံပြန်ပို့လွှတ်လိုက်သည်။ သူသည် သူတော်စင်ဧကရီ၊ ရွှမ်ဧကရာဇ်နှင့် အခြားသူများထံသို့လည်း အတူတိုက်ခိုက်ရန် အသံပို့လွှတ်လိုက်သေးသည်။

ဗုဒ္ဓဧကရာဇ်က ရွှမ်ဧကရာဇ်ကို စိတ်မပျက်စေခဲ့ပါပေ။ သူသည် ရီဖျောင်ဖျောင်က ရွှမ်ဧကရာဇ်ကို သင်ပေးခဲ့သော အထက်ဘုံ၏ ဆန်းကြယ်စွမ်းရည်ကို အောင်အောင်မြင်မြင် သိမြင်နားလည်နိုင်ခဲ့သည်။ ရွှမ်ဧကရာဇ်ကလည်း အလွန်ရက်ရောခဲ့သည်။ သူသည် သူ၏ကောင်းကင်စွမ်းအားတစ်ဝက်ကို ဗုဒ္ဓဧကရာဇ်အား ခွဲပေးခဲ့သည်။ ကောင်းကင်စွမ်းအားရှိမှ အထက်ဘုံ၏ ဆန်းကြယ်စွမ်းရည်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

“ကောင်းပါပြီ”

စွမ်းအားကြီး သိုင်းပညာရှင်အားလုံးသည် မျက်လုံးများ အရောင်လက်သွားကြပြီး သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် တိတ်တဆိတ် အတွင်းအား စတင်စုစည်းလိုက်ကြသည်။ ရွှမ်ဧကရာဇ်ထံတွင် ကောင်းကင်စွမ်းအား အနည်းငယ်ကျန်သေး၏။ သို့သော် သူသည် ထိုစွမ်းအားကို အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။ သူက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်သာဖြစ်သည်။ သူ ကောင်းကင်စွမ်းအားကို သုံးလိုက်လျှင်ပင် သူ၏တိုက်ခိုက်စွမ်းအားက ကြယ်ကိုးပွင့်အဆင့်ထိသာ ရောက်သွားနိုင်သည်။ ထို့ကြောင့် လိုအပ်လာပါက ထိုစွမ်းအားကို ဗုဒ္ဓဧကရာဇ်အား အကုန်ပေးလိုက်ရန်သာ ဆုံးဖြတ်ထားလိုက်လေသည်။

ရွှီး...

ဗုဒ္ဓဧကရာဇ်၏ တစ်ကိုယ်လုံးက လင်းလက်လာပြီး သူ့အနောက်တွင် ပေငါးရာမြင့်သော ဧရာမဗုဒ္ဓပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် သူသည် နတ်ဘုရားတစ်ပါးနှင့်ပင် တူနေပေသည်။ ထိုအခိုက်တွင် သူ့ရင်ဘတ်ပေါ်တွင် ရွှေရောင်အလင်း တောက်ပလာပြီး သူ၏အရှိန်အဝါကလည်း အဆက်မပြတ် မြင့်တက်လာသည်။ ၎င်းအရှိန်အဝါကြောင့် ထိုနေရာရှိ လူအားလုံး ကြောက်ရွံ့သွားကြသည်။

“ဒါက...”

ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့သည် ဗုဒ္ဓဧကရာဇ်၏ အရှိန်အဝါကို ခံစားမိလိုက်သောအခါ ထရပ်လိုက်ကြသည်။ မြောက်ဘက်ဧကရာဇ်သည်လည်း ထရပ်၍ သူ၏နတ်ဘုရားဓားကို ဆွဲကိုင်လိုက်သည်။ သို့သော် ရှင်းမိုက ခပ်သဲ့သဲ့ပြုံး၍ ပြောသည်။

“ကျုပ်က အဲ့ဘုန်းကြီးအိုကြီး အစွမ်းကုန်ထုတ်သုံးမယ့်အချိန်ကို စောင့်နေတာ။ ဝမ်အာ...”

“ဟုတ်ကဲ့ပါ”

ရှင်းမုန့်ဝမ်၏ မျက်ဝန်းများ တောက်ပသွားသည်။ သူမ၏ခန္ဓာကိုယ်မှနေ၍ နဂါးနက်ဆယ်ကောင် ထွက်လာပြီး အောက်ဘက်သို့ ပျံဆင်းသွားကာ မြေပြင်ကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်လေသည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ မြေပြင်က ပေါက်ကွဲထွက်သွားပြီး အရိပ်ဆယ်ခု ပျံတက်လာသည်။ ထိုအရိပ်ဆယ်ခုမှ အရှိန်အဝါများက မယုံနိုင်ဖွယ်ပင်။ ၎င်းတို့သည် ဖုတ်ကောင်အရှင်များ ဖြစ်နိုင်ပြီး ဖုတ်ကောင်များအကြားတွင် စွမ်းအားအကြီးဆုံး ဖြစ်လောက်သည်။ ဖုတ်ကောင်ဆယ်ကောင်သည် တစ်ကောင်စီခွဲ၍ ဗုဒ္ဓဧကရာဇ်၊ ကျန်းရီ၊ သူတော်စင်ဧကရီ၊ ကျန်းရှောင်နူ၊ ယဉ်ဧကရာဇ်၊ ညဧကရီနှင့် အခြားသူများကို ပစ်မှတ်ထားလိုက်ကြသည်။ ၎င်းတို့၏ အရှိန်က အလွန်လျင်မြန်သဖြင့် သူတို့သာ မရှောင်လျှင် သေချာပေါက် တိုက်ခိုက်ခံလိုက်ရပေလိမ့်မည်။

“သူတို့ကို အရေးမစိုက်နဲ့... တိုက်ခိုက်ကြ”

ဗုဒ္ဓဧကရာဇ်က အော်ပြောလိုက်ပြီး အရှေ့သို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ အနံပေတစ်ထောင်ကျယ်သော ရွှေရောင်လက်ဝါးကြီးက အရှေ့သို့ ပျံထွက်သွားသည်။ ကျန်းရီနှင့် အခြားသူများသည်လည်း မာန်သွင်းကာ ချဉ်းကပ်လာသော အရိပ်နက်များကို လျစ်လျူရှု၍ ကောင်းကင်တမလွန် နတ်ဘုရားအစီအရင်ကို တိုက်ခိုက်ရန်သာ အာရုံစိုက်ထားလိုက်ကြသည်။ ဤတစ်ခေါက် သူတို့ ထိုအစီအရင်ကို မဖျက်ဆီးနိုင်လျှင် သေချာပေါက် ရှုံးနိမ့်သွားပေတော့မည်။

ဗုဒ္ဓဧကရာဇ်၏ ဧရာမရွှေလက်ဝါးကြီး၊ ကျန်းရီ၏ နတ်ဘုရားဇီဝိန်ခြွေ၊ ရွှမ်ဧကရာဇ်၏ အေးစက်ရောင်ခြည်တန်းတစ်‌သောင်း၊ သူတော်စင်ဧကရီ၏ မိစ္ဆာသတ်ဖြတ်ချိပ်စည်း၊ ယဉ်ဧကရာဇ်၏ တောင်ဖြိုလက်သီး၊ ညဧကရီ၏...

ထိုနေရာရှိ နတ်ဘုရားတစ်ပိုင်းအားလုံးက သူတို့၏ စွမ်းအားကြီး တိုက်ခိုက်မှုများကို ထုတ်လွှတ်၍ အနက်ရောင်ဒိုင်းကြီးကို တိုက်ခိုက်လိုက်ကြသည်။ ၎င်းတိုက်ခိုက်မှုများက ဒိုင်းကြီးကို ထိမှန်ကာ ပေါက်ကွဲသွားကြသည်။ ထိုအခိုက်တွင် မိုးမြေက တုန်ခါသွားသည်။ ကျယ်လောင်သော အသံကြီးတစ်သံလည်း ထွက်ပေါ်လာပြီး အားလုံး ယာယီ အမြင်ကွယ်သွားကြသည်။ ထိတိုက်မှုမှ ဖြစ်ပေါ်လာသော ပေါက်ကွဲသံကြီးက အားလုံးကို နားအူသွားစေသည်။ ထို့ပြင် ပေါက်ကွဲမှုအဟုန်က ပတ်ဝန်းကျင်ရှိ လူသားများ၊ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများကို အဝေးသို့ လွင့်ပျံထွက်သွားစေလေသည်။

သို့သော် ထိုအခိုက်တွင် လူသားများသည် အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင်လည်း ဝမ်းမြောက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူတို့သည် ယာယီအမြင်မကွယ်ခင်တွင် ဖျက်ဆီး၍ မရနိုင်သော အနက်ရောင်ဒိုင်းကြီးက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်ကို မြင်လိုက်ရသည် မဟုတ်ပါလား။

***

All Chapters