ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ မဟာအရှင်သခင်
Vol. 91 Ch. 1267
ကောင်းကင်တမလွန် နတ်ဘုရားအစီအရင် ပျက်စီးသွားပြီဖြစ်၍ မျှော်လင့်ချက် ရှိသေးပေသည်။ အကယ်၍ အစီအရင်ကိုသာ မဖျက်ဆီးနိုင်ခဲ့လျှင် ရှင်းမိုက သူတို့အားလုံးကို ဖုတ်ကောင်များနှင့်ပင် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ ဖုတ်ကောင်အရေအတွက်က အတိုင်းအဆမရှိ အလွန်များသည် မဟုတ်လော။
ကျန်းရီတို့သည် မဟာမိတ်စစ်တပ်၏ သေရေးရှင်ရေး၊ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် နှင်းဒေသတို့၏ လုံခြုံရေးနှင့် ကောင်းကင်ကံကြမ္မာနယ်နမိတ်တစ်ခုလုံး၏ ကံကြမ္မာကို အရေးမစိုက်လျှင် ထွက်ပြေးနိုင်ပေသည်။ သို့သော် သူတို့ မည်သို့ ပြေးရမည်နည်း။ ထိုတိုက်ပွဲသာ ရှုံးနိမ့်သွားလျှင် ကျန်းရီတို့က ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးလျှင်ပင် လိုက်လံသတ်ဖြတ်ခံရမည်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
လူများသည် အပြည့်အဝပင် မပြုံးရသေးခင် ပြန်၍ မျက်နှာတည်သွားကြသည်။ ပေါက်ကွဲသံ အနည်းငယ်က အားလုံးကို ထပ်မံ စိတ်ဓာတ်ကျသွားစေသည်။ အရိပ်ဆယ်ခုက လှစ်ခနဲ ပျံဝင်သွားပြီး ဗုဒ္ဓဧကရာဇ်၊ ကျန်းရီ၊ ရွှမ်ဧကရာဇ်၊ သူတော်စင်ဧကရီ၊ သူတော်စင်အင်ပါယာ၊ ကျန်းရှောင်နူနှင့် အခြားသူများအားလုံး လွင့်ထွက်သွားကြသည်။ လူများစွာသည် အရိုးကျိုးသံများကိုပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
နောက်ဆုံးတွင် လူများသည် အရိပ်ဆယ်ခုကို ကောင်းစွာ မြင်လာရသည်။ ထိုအရိပ်ဆယ်ခုသည် အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော လူသားပုံစံ ဖုတ်ကောင်တပ်သားများဖြစ်သည်။ ၎င်းတို့၏ တစ်ကိုယ်လုံးက ချပ်ဝတ်အောက်တွင် ရှိနေသဖြင့် နီရဲနေသော မျက်လုံးဆယ်စုံကိုသာ တွေ့ရသည်။
ဖုတ်ကောင်တပ်သားဆယ်ကောင်တွင် မည်သည့်လက်နက်မှ မရှိပေ။ ၎င်းတို့က လက်သီးကို သုံး၍သာ အရိုးရှင်းဆုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုရိုးရှင်းသောလက်သီးချက်က ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ညဧကရီ၊ ဗုဒ္ဓအင်ပါယာ၊ ကျန်းရီနှင့် အခြားသူများ၏ နတ်ဘုရားဒိုင်းများကို ပျက်စီးသွားစေခဲ့သည်။ ထို့ပြင် ထိုလက်သီးချက်တစ်ချက်က ညဧကရီနှင့် အခြားလူအချို့၏ ရင်ဘတ်ကို ချိုင့်ဝင်သွားစေခဲ့သေးသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီတို့သည် လွင့်ပျံထွက်သွားပြီး အရှေ့ဘက်ရှိ တောင်တစ်လုံးနှင့် သွားဆောင့်ကြ၏။ တောင်ပေါ်တွင် ဧရာမတွင်းကြီးတစ်တွင်း ပေါ်သွားသည်။ တောင်ကလည်း နှင်းပြိုကျသကဲ့သို့ အပြင်းအထန် တုန်ခါသွားသည်။ ကျန်းရီတို့က ပျံထွက်မလာနိုင်ခင်မှာပင် ဖုတ်ကောင်တပ်သားဆယ်ကောင်က တောင်ထဲသို့ ပျံဝင်သွားကြသည်။
“အဲ့အမြန်နှုန်း...”
မိုမျိုးနွယ်ခေါင်းဆောင်နှင့် ရှန်မျိုးနွယ်ခေါင်းဆောင်တို့က အံ့အားသင့်ဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဖုတ်ကောင်ဆယ်ကောင်၏ အမြန်နှုန်းက ကြယ်ကိုးပွင့်အဆင့် ပညာရှင်၏ အမြန်နှုန်းထက်ပင် ပိုမြန်နေပြီး ကျန်းရှောင်နူ၏ အမြန်နှုန်းနှင့် တန်းတူလောက်ရှိသည်။ ထို့ပြင် ၎င်းတို့၏ လက်သီးတစ်ချက်က ဗုဒ္ဓဧကရာဇ်၏ နတ်ဘုရားဒိုင်းကိုပင် ပျက်စီးသွားစေခဲ့သည်။ ၎င်းတို့သည် မည်မျှသန်မာသနည်း။ လူသားမျိုးနွယ်က ထိုဖုတ်ကောင်ဆယ်ကောင်ကို အနိုင်ယူနိုင်ပါမည်လော။
ဘုန်း...
အဝေးရှိ ထိုတောင်က ရုတ်တရက် ပေါက်ကွဲသွားပြီး ဖုတ်ကောင်တပ်သားတစ်ကောင် လွင့်ပျံထွက်သွားသည်။ ထို့နောက် သူတော်စင်အင်ပါယာ၏ ဆင်ကဲ့သို့သော ခန္ဓာကိုယ်ကြီးက တွင်းထဲမှ ခုန်ထွက်လာသည်။ သူ့မျက်ဝန်းများထဲတွင် ဒေါသခိုးများ လျှံတက်နေပေသည်။
ဝုန်း...
ထို့နောက်တွင် အခြားဖုတ်ကောင်တစ်ကောင်လည်း လွင့်ထွက်သွားသည်။ ကျန်းရီ ထွက်လာပေပြီ။ သူ၏မျက်နှာထားက အလွန်အရုပ်ဆိုးနေသည်။ ထိုသို့ဖြစ်နေခြင်းမှာ သူ နာကျင်နေ၍ မဟုတ်ပေ။ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများက အပြင်းအထန် ဒဏ်ရာရသွားကြောင်းကို သိလိုက်ရ၍ပင်။
ဖုတ်ကောင်ဆယ်ကောင်က အချိန်ကိုက် တိုက်ခိုက်ခဲ့သည်။ အစောတွင် ဗုဒ္ဓဧကရာဇ်တို့သည် စွမ်းအားကုန်သုံးရန် တိုက်ခိုက်ရန် လုပ်ခဲ့သည်။ သူတို့ လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်လျှင် အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် ဖုတ်ကောင်များ၏ တိုက်ခိုက်မှုကို အရေးမစိုက်နိုင်ခဲ့ပေ။ ဖုတ်ကောင်များက သူတို့၏ နတ်ဘုရားဒိုင်းများကို ဖျက်ဆီးနိုင်ခဲ့သည်မှာလည်း ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကြောင့် မဟုတ်ဘဲ ဖုတ်ကောင်အရှိန်အဝါကြောင့်သာ ဖြစ်သည်။ ၎င်းတို့၏ ဖုတ်ကောင်အရှိန်အဝါက အလွန်သိပ်သည်းပေသည်။
ဖုတ်ကောင်များသည် ၎င်းတို့၏ ဖုတ်ကောင်အရှိန်အဝါကို အသုံးပြု၍ အားလုံး၏ နတ်ဘုရားဒိုင်းများကို ပျက်စီးသွားအောင် လုပ်ခဲ့သည်။ ပြီးနောက် အားကောင်းသော လက်သီးချက်ဖြင့် အားလုံးကို ဒဏ်ရာရသွားစေခဲ့သည်။ ကျန်းရီတွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ရှိပြီး သူတော်စင်အင်ပါယာ၏ ခန္ဓာကိုယ်က ကြယ်ကိုးပွင့်အဆင့်လောက်အထိ သန်မာသည်။ ထိုအခိုက်တွင် ကျန်းရှောင်နူလည်း ပျံထွက်လာသည်။ သူမ၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် သူမသည် တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းနိုင်လိုက်ခြင်းပင်။ ကျန်းရီ၊ သူတော်စင်အင်ပါယာနှင့် ကျန်းရှောင်နူတို့ သုံးယောက်က အပြင်းအထန် ဒဏ်ရာမရသွားသော်လည်း အခြားသူများက ဒဏ်ရာ ပြင်းထန်နေပေသည်။
ဝှစ်...
ကျန်းရီတို့သုံးယောက်သည် တောင်ထဲသို့ ပြန်ဝင်သွား၏။ မကြာခင်မှာပင် တောင်ကြီးက အဆက်မပြတ် တုန်ခါလာကာ ကျောက်တုံးကျောက်စများ လွင့်ပျံထွက်သွားလေသည်။ ကောင်းကင်တွင်လည်း ဖုန်များ ပြည့်နှက်နေသည်။ ဖုတ်ကောင်များသည် ကျန်းရီ၊ သူတော်စင်အင်ပါယာနှင့် ကျန်းရှောင်နူတို့ကြောင့် လွင့်ထွက်ကုန်သည်။ ဆိုးသည်မှာ ထိုဖုတ်ကောင်များက အလွန်ကြောက်မက်ဖွယ်ကောင်းခြင်းသည်။ ၎င်းတို့သည် လွင့်ထွက်ပြီးသည်နှင့် ရုတ်ခြည်း အရှေ့သို့ ပြန်ပျံသန်းလာကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
လူများသည် ကူညီရန် ပျံတက်လာကြ၏။ ဗုဒ္ဓဧကရာဇ်တို့ သေ၍ မဖြစ်ပေ။ မဟုတ်လျှင် မည်သူက ရှင်းမိုကို သတ်ပါမည်နည်း။ သေမင်း၏ သိပ်သည်းပင်လယ်မှ မျိုးနွယ်စုခေါင်းဆောင် အယောက်ခြောက်ဆယ်သည်လည်း စွမ်းအားကြီး ဖုတ်ကောင်ဆယ်ကောင်ကို တိုက်ခိုက်ရန် ပြေးလာကြပြီး ကျန်းရီတို့ကို အသက်ရှူချိန် ပေးလိုက်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အရိပ်ဆယ်ခုက တောင်ထဲမှနေ၍ ကောင်းကင်ထက်သို့ လွင့်ပျံသွားသည်။ အားလုံး မော့ကြည့်လိုက်ပြီး စိတ်ဓာတ်ပြန်တက်ကြွလာသည်။ ဗုဒ္ဓဧကရာဇ်၊ သူတော်စင်ဧကရီ၊ ရွှမ်ဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့က ဖြူဖျော့နေပြီး ဒဏ်ရာရထားကြောင့် သိသာနေသော်လည်း တိုက်ခိုက်နိုင်နေသေးသည်။
“ဟင်းဟင်း”
ကောင်းကင်တမလွန် နတ်ဘုရားအစီအရင်ကြီး ပျက်စီးသွားပြီဖြစ်သော်လည်း ရှင်းမိုတို့က မလှုပ်ရှားကြသေးပေ။ ယခုတွင် ဗုဒ္ဓဧကရာဇ်တို့က ကောင်းကင်ထဲသို့ ပျံတက်လာသောအခါ ရှင်းမိုသည် ခပ်သဲ့သဲ့ပြုံး၍ မေးလိုက်လေသည်။
“ပျော်ကြရဲ့လား”
“မပျော်ဘူး”
ကျန်းရီက အော်ပြောလိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ထက်ရှသော ဓားတစ်စင်းအလား ပျံသန်းသွားလိုက်သည်။ ဗုဒ္ဓဧကရာဇ်တို့ကလည်း သူ့အနောက်မှ လျင်မြန်စွာ လိုက်သွားကြသည်။ ဖုတ်ကောင်ဆယ်ကောင်၏ ခုခံစွမ်းရည်များက အလွန်အားကောင်းခဲ့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက သံမဏိဖြင့် လုပ်ထားသည်ဟုပင် ထင်ရသည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်တို့သည် ၎င်းတို့ကို ဖျက်ဆီးပစ်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။ သူတို့သည် အောက်ဘက်မှ လူသားများကို အားမကိုးနိုင်ပေ။ သာမန်သိုင်းသမားများသည် ထိုဖုတ်ကောင်များကို ယှဉ်နိုင်မည် မဟုတ်ချေ။
သို့သော် အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ ကောင်းကင်တမလွန် နတ်ဘုရားအစီအရင်က ပျက်စီးသွားပြီဖြစ်သည်။ သူတို့ ထိုအခွင့်အရေးကို ကောင်းစွာ အသုံးမချလျှင် ဒုတိယအခွင့်အရေး ရှိလာတော့မည် မဟုတ်ချေ။
“မပျော်ဘူးလား... အဲ့ဒါဆို ပျော်စရာကောင်းတာတစ်ခု လုပ်ကြတာပေါ့”
ရှင်းမိုက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ရှင်းမုန့်ဝမ်သည် ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး အနက်ရောင်အရှိန်အဝါတန်းများကို အရှေ့သို့ လျင်မြန်စွာ ပို့လွှတ်လိုက်သည်။ အနက်ရောင်အရှိန်အဝါတန်း တစ်တန်း ထွက်သွားတိုင်း အောက်ဘက်ရှိ မြေပြင်က အက်ကွဲကာ အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ဖုတ်ကောင်တစ်ကောင်စီ ထွက်လာလေသည်။ ထိုဖုတ်ကောင်များက အားလုံး၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။
ငါးကောင်၊ ဆယ်ကောင်၊ အကောင်ငါးဆယ်...အကောင်တစ်ရာ...
စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်းရီကဲ့သို့ အစွမ်းထက်ပြီး အားကောင်းသော ခုခံစွမ်းရည်များ ပိုင်ဆိုင်ထားသည့် ဖုတ်ကောင်တပ်သား အကောင်တစ်ရာ ထွက်ပေါ်လာကာ ကျန်းရီတို့၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။ ထိုဖုတ်ကောင်များက လေထဲတွင် ဝဲပျံနေကြပြီး ကြောက်ရွံ့ဟန်တစ်ချက်ပင် မပြကြချေ။ ၎င်းတို့သည် အကြောက်တရားကို သိပုံမပေါ်ပေ။ ၎င်းတို့သည် အားလုံးကို ဝန်းရံ၍ အပြင်းအထန် တိုက်ခိုက်လိုက်ရာ ကျန်းရီတို့ ပြဿနာတက်သွားလေသည်။
“အားလုံးပြီးသွားပြီ...”
ထိုအခိုက်တွင် လူအားလုံး စိတ်ဓာတ်ကျသွားကြသည်။ စွမ်းအားကြီး ဖုတ်ကောင်တပ်သား အကောင်တစ်ရာက ဗုဒ္ဓဧကရာဇ်တို့ကို သေလုမြောပါး ဒဏ်ရာရသွားအောင် လုပ်နိုင်ရန် လုံလောက်ပေသည်။ ကျန်းရီနှင့် သူတော်စင်အင်ပါယာတို့၏ ခံနိုင်ရည်က အားကောင်းပြီး ကျန်းရှောင်နူ၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် ဖုတ်ကောင်များ၏ တိုက်ခိုက်မှုများက သူတို့ကို အပြင်းအထန် ဒဏ်ရာရမသွားစေသော်လည်း သူတို့သုံးယောက်က မည်မျှ တောင့်ခံနိုင်ပါမည်နည်း။ ဗုဒ္ဓဧကရာဇ်တို့ အသတ်ခံလိုက်ရလျှင် သူတို့သုံးယောက်တည်းနှင့် ဘာများ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ပါမည်နည်း။
“ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးမှာ ငါ ပျိုးထောင်ထားတဲ့ သတ္တဝါတွေနဲ့ ပြည့်နှက်နေတာ။ ငါက စိတ်ကြိုက်သတ်ဖြတ်နိုင်သလို နယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး လူအဖွဲ့အစည်းအသစ်တစ်ခုကို ထူထောင်နိုင်တယ်”
ရှင်းမို၏ စကားများက မရေမတွက်နိုင်သော လူများ၏ ဦးနှောက်များထဲတွင် ပြန်ထွက်ပေါ်လာသည်။ ထိုစကားများက အဓိပ္ပာယ်ရှိလာပေပြီ။ အဘယ်ကြောင့် ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့က ရှင်းမို၏ လက်အောက်ခံများ ဖြစ်လိုနေခြင်းဖြစ်ကြောင်းကိုလည်း အားလုံး နားလည်သွားကြသည်။ ရှင်းမိုက အလွန်စွမ်းအားကြီးပေသည်။ သူ၏စွမ်းအားက အတိတ်မှ ဆန်းကြယ်ဧကရာဇ်၏ စွမ်းအားနှင့်ပင် ယှဉ်နိုင်သည်။ ထိုစွမ်းအားမှာ ပြိုင်ဘက်ကင်းပင်။
ကောင်းကင်တမလွန်ဂိုဏ်းက ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းထဲတွင် နံပါတ်(၁)ဖြစ်သည်။ ယခင်တွင် သူတို့သည် ဩဇာအာဏာကို အရေးမစိုက်ခဲ့သလို အရှေ့ဘက် တော်ဝင်နယ်မြေ၏ တိုက်ပွဲများတွင်လည်း တစ်ခါမှ ဝင်မပါခဲ့ချေ။ နှစ်သိန်းပေါင်းများစွာအတွင်း အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တစ်ကြိမ်၊ နှစ်ကြိမ်မျှ ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့သော်လည်း ကောင်းကင်တမလွန်ဂိုဏ်းက တစ်ခါမှ ထွက်ပေါ်မလာခဲ့ပေ။
ထိုအခိုက်တွင် လူအားလုံးသည် အဘယ်ကြောင့် ကောင်းကင်တမလွန်ဂိုဏ်းက ပဋိပက္ခများတွင် ဝင်မပါခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။ ရှင်းမိုပြောခဲ့သလိုပင် သူက စိတ်ကြိုက်သတ်ဖြတ်နိုင်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခုလုံးကိုလည်း ဖျက်ဆီးပစ်နိုင်ပေသည်။ သို့ဖြစ်ရာ ထိုပဋိပက္ခများတွင် ဝင်ပါရန် မလိုပေ။
‘ကောင်းကင်တမလွန်ဂိုဏ်းက အဲ့လောက်စွမ်းအားကြီးနေတာကို ဘာလို့ ရှင်းမိုက အကြံအစည်တွေ ထုတ်ပြီး အလုပ်ရှုပ်အောင် လုပ်ခဲ့ရတာလဲ။ ဘာလို့ သူက သေမင်းရဲ့ သိပ်သည်းပင်လယ်မှာ ထောင်ချောက်ဆင်ခဲ့ရတာလဲ။ ဘာလို့ ဖုတ်ကောင်စစ်တပ်ကို ထုတ်ပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ်က စွမ်းအားကြီး သိုင်းပညာရှင်တွေကို တစ်ခါတည်း ရှင်းမပစ်တာလဲ’
ကျန်းရီ၏ ဦးနှောက်ထဲတွင် အထက်ပါမေးခွန်း ထွက်ပေါ်လာသည်။ သို့သော် ညဧကရီ၏ အော်သံက သူ့ကို လက်တွေ့ဘဝသို့ လျင်မြန်စွာ ပြန်ခေါ်လာသည်။
ကျန်းရီသည် မီးနဂါးဓားကို ဒေါသတကြီး ဝှေ့ယမ်း၍ ဖုတ်ကောင်တစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။ ညဧကရီက သွေးအလူးလူးဖြင့် အောက်ဘက်သို့ ပြုတ်ကျသွားသည်ကိုလည်း သူ မြင်လိုက်ရသည်။ ထို့နောက် သူသည် ကျန်းရှောင်နူနှင့် သူတော်စင်အင်ပါယာတို့နှင့် တိုက်ခိုက်နေသော ဖုတ်ကောင်များကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် ရူးသွပ်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး သူ အသံပို့လွှတ်လိုက်လေသည်။
“လုံချူ၊ ရှောင်နူ... ကျွန်တော့်ကို ကာပေးပါ။ ကျွန်တော် ရှင်းမိုကို သွားသတ်မယ်”
***