မြောက်ဘက်ဧကရာဇ်၊ သေပြီ
Vol. 91 Ch. 1268
“အရှင်ငယ်”
ရွှမ်ဧကရာဇ်သည်လည်း ဒဏ်ရာ အပြင်းအထန် ရထားပြီး သေမင်းခံတွင်းဝသို့ အကြိမ်များစွာ ရောက်ခဲ့သည်။ သို့သော် သူသည် သူ၏နောက်ဆုံးလက်ကျန် ကောင်းကင်စွမ်းအားကို အသုံးမပြုသေးပေ။ ထိုအခိုက်တွင် သူသည် ကျန်းရီ၏ မျက်ဝန်းများထဲမှ ရူးသွပ်သည့် အရိပ်အယောင်ကို မြင်လိုက်ရ၍ အသံပို့လွှတ်လိုက်သည်။
“အရှင်မဖျောင်ဖျောင်က ကျုပ်ကို ကောင်းကင်စွမ်းအားနည်းနည်း ပေးခဲ့ပါတယ်။ အဲ့ဒါက နတ်ဘုရားအစစ်အမှန်တစ်ပါးရဲ့ နတ်ဘုရားအတွင်းအားပါ။ ရှင်းမိုကို သတ်ဖို့ အဲ့စွမ်းအားကိုသုံးလိုက်ပါ”
ရွှီး...
ရွှမ်ဧကရာဇ်၏ ရင်ဘတ်က လင်းလက်သွားပြီး ရင်ဘတ်ထဲမှ နေ၍ ရွှေရောင်အလင်းတစ်တန်း ထွက်လာကာ ကျန်းရီ၏ ရင်ဘတ်ထဲသို့ ဝင်သွားလေသည်။ ကျန်းရီ၏ မီးနဂါးဓားလည်း လင်းလက်သွားသည်။ ထို့နောက် ကျန်းရီက အော်ပြောလိုက်သည်။
“အားလုံး ရှောင်ကြ”
မီးနဂါးဓားကို ယမ်းလိုက်ရာ မီးနဂါးသုံးကောင်က အရှေ့သို့ ပျံထွက်သွားပြီး ဖုတ်ကောင်အချို့၏ အနက်ရောင်ချပ်ဝတ်များကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ကာ ၎င်းဖုတ်ကောင်များကို လွင့်ပျံထွက်သွားစေလိုက်သည်။ ကျန်းရီ၏ အတွင်းအားကလည်း တုန်ခါနေသည်။ သူသည် ထက်ရှသော ဓားတစ်စင်းအလား အရှေ့သို့ ဆက်ပျံသန်းသွားလိုက်လေသည်။
ထန်း...ထန်း...
သူတော်စင်အင်ပါယာနှင့် ကျန်းရှောင်နူတို့သည် ကျန်းရီ၏ အသံပို့လွှတ်မှုကို ကြားလိုက်၍ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ ကျန်းရှောင်နူသည် လက်သည်းများနှင့် ဖုတ်ကောင်နှစ်ကောင်ကို ကုတ်ချလိုက်သည်။ ထို့ကြောင့် သတ္တုချင်းထိတိုက်သံများ ထွက်ပေါ်လာသည်။ ဖုတ်ကောင်နှစ်ကောင်ကလည်း အဝေးသို့ လွင့်ပျံထွက်သွားသည်။
ဝုန်း...
သူတော်စင်အင်ပါယာသည် ယခင်ကထက် ပို၍ခက်ထန်လာသည်။ သူသည် ဖုတ်ကောင်များ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုလိုက်ပြီး သူ၏ဧရာမလက်သီးကြီးနှစ်ဘက်ဖြင့် ဖုတ်ကောင်တစ်ကောင်ကို ဂုံနီအိတ်တစ်လုံးကဲ့သို့ လွင့်ထွက်သွားအောင် ထိုးချလိုက်သည်။ သူတော်စင်အင်ပါယာနှင့် ကျန်းရှောင်နူတို့က ကိုယ်ရံတော်နှစ်ယောက်ကဲ့သို့ ကျန်းရီ၏ ဘေးဘယ်ညာနှစ်ဘက်သို့ လာနေသည့် ဖုတ်ကောင်များကို ကာထားပြီး ကျန်းရီကို ဝန်းရံထားမှုမှ ဖောက်ထွက်နိုင်ရန် ကူညီပေးနေကြသည်။
ဗုဒ္ဓဧကရာဇ်တို့ကလည်း ဖုတ်ကောင်များက ကျန်းရီတို့သုံးယောက်ထံသို့ မသွားနိုင်ရန် အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီက ရှင်းမိုကို သတ်နိုင်လိမ့်မည်ဟု သူတို့ မတွေးပေ။ သို့သော် ယခုတွင် ဗုဒ္ဓဧကရာဇ်နှင့် သူတော်စင်ဧကရီတို့က အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်၍ နတ်ဘုရားအသုံးအဆောင်များကို ပိုင်ဆိုင်ထားသော ကျန်းရီကသာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေပြီဖြစ်သည်။
“ဟင်းဟင်း...”
ရှင်းမိုသည် အရှိန်အဟုန်ဖြင့် ပျံသန်းလာသော ကျန်းရီကို ကြည့်၍ မြောက်ဘက်ဧကရာဇ်ကို ပြောလိုက်သည်။
“ဝူရှန်း... အဲ့ကောင်လေးနဲ့ သွားကစားလိုက်”
“ဟုတ်ကဲ့ပါ”
ဝူရှန်းသည် သူ၏နတ်ဘုရားဓားကို ကိုင်၍ သင်္ဘောကို ကန်အားပြုကာ နဂါးတစ်ကောင်အလား အရှေ့သို့ ပျံသန်းသွားသည်။ သူ၏ကန်အားကြောင့် သင်္ဘောပင် တုန်ခါသွားသည်။ သူသည် ပျံသန်းနေရင်း ကျန်းရီကို နတ်ဘုရားဓားဖြင့် လှမ်းပိုင်းလိုက်သည်။
ရွှက်...ရွှက်...
ဧရာမ ဓားအလင်းကွေးကြီး တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကို ထက်ခြမ်းပိုင်းသွား၏။ ဓားအလင်းကွေးက အလွန်လျင်မြန်သဖြင့် ကျန်းရီသည် ၎င်းက သူ့ထံရောက်မလာခင် ဖုတ်ကောင်နှစ်ကောင်ကို ဆွဲယူ၍ သူ့အရှေ့သို့ ပစ်လွှတ်လိုက်ရသည်။
“ထောင်ဧကရာဇ်ဒိုင်း”
ကျန်းရီ အော်လိုက်ရာ ရွှေအိုရောင် ဒိုင်းတံဆိပ်ပြားလေးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက လျင်မြန်စွာ အရွယ်အစားကြီးသွားပြီး လိပ်ခွံကြီးတစ်ခုကဲ့သို့ ကျန်းရီ၏အရှေ့တွင် ကာရံလိုက်သည်။ ကြောက်မက်ဖွယ် ဓားအလင်းကွေးသည် ဖုတ်ကောင်နှစ်ကောင်ကို ပိုင်းဖြတ်ကာ ထောင်ဧကရာဇ်ဒိုင်းပေါ် ကျရောက်သွားသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ပေါက်ကွဲမှု အဟုန်လှိုင်းများက အနီးရှိ ဖုတ်ကောင်အချို့ကို လွင့်ပျံထွက်သွားစေသည်။ သို့သော် ထောင်ဧကရာဇ်ဒိုင်းက အတန်ငယ်သာ တုန်ခါသွားပေသည်။ ထိုဒိုင်း၏ ခုခံစွမ်းရည်က အံ့အားသင့်ဖွယ်ပင်။
ဝှစ်...
ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းကို ရှေ့တွင်ထား၍ ဆက်ပျံသန်းသွားလိုက်သည်။ သူနှင့် ဝူရှန်းကြားမှ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာသည်။ ဝူရှန်းသည် နတ်ဘုရားဓားကို ယမ်း၍ ကျန်းရီကို ဆက်ပိုင်းနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဝူရှန်းက အကြိမ်ရာချီ ခုတ်ပိုင်းပြီးသွားလေသည်။
“အာကာသအချုပ်အနှောင်”
ကျန်းရီက ပေတစ်ထောင်အကွာသို့ ရောက်လာသောအခါ ဝူရှန်းသည် တိုက်ခိုက်မှုများကို ရပ်၍ သူ၏ ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ထွက်လာပြီး ထောင်ဧကရာဇ်ဒိုင်းဆီသို့ ပျံဝင်သွားသည်။ ထို့နောက် အာကာပြင်ထဲတွင် ဧရာမအာကာသတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျန်းရီနှင့် ထောင်ဧကရာဇ်ဒိုင်းကို ချုပ်နှောင်လိုက်လေသည်။
“ထူရှန်း... မင်းတို့လည်း သွားကစားပြီး အဲ့ကောင်လေးကို သတ်လိုက်ကြ”
ရှင်းမိုက အမိန့်ပေးလိုက်ရာ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က အရှေ့သို့ ပျံသန်းသွားကြသည်။ သူတို့သည် ထောင်ဧကရာဇ်ဒိုင်းကို ကွေ့ပတ်၍ ကျန်းရီ၏ ဘေးတစ်ဘက်တစ်ချက်စီသို့ သွားလိုက်ကြသည်။ ထို့နောက် သူတို့၏ တာအိုပုံသဏ္ဌာန်များကို ထုတ်လွှတ်လိုက်ရာ အလင်းတန်းတစ်တန်းနှင့် ဧရာမလက်သီးကြီးတစ်လုံးက ကျန်းရီပေါ်သို့ ကျသွားလေသည်။
“သခင်လေး...” “အရှင်ငယ်...”
ကျန်းရှောင်နူနှင့် သူတော်စင်အင်ပါယာတို့က စိုးရိမ်တကြီး အော်လိုက်ကြသည်။ သို့သော် ရှင်းမုန့်ဝမ်က သူတို့ကို နှစ်ယောက်ကို ဝန်းရံဖို့ အနက်ရောင်ချပ်ဝတ်ဝတ် ဖုတ်ကောင်တစ်ဒါဇင်ကို စေလွှတ်လိုက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် ကျန်းရီထံသို့ မသွားနိုင်ကြတော့ပေ။ ဖုတ်ကောင်များ၏ ခုခံစွမ်းရည်က အလွန်အားကောင်းသည်။ ထိုနှစ်ယောက်၏ တိုက်ခိုက်စွမ်းအားအရ သူတို့သည် အချိန်တိုအတွင်း ဖုတ်ကောင်အားလုံးကို ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။
ဝုန်း...ဝုန်း...ဝုန်း...
ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က ကျန်းရီကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ မြောက်ဘက်ဧကရာဇ်ကလည်း အာကာသအချုပ်အနှောင်ကို မပြတ်စွမ်းအားဖြည့်ပေးနေသည်။ ကျန်းရီသည် မလှုပ်နိုင်သဖြင့် ဧကရာဇ်နှစ်ပါး၏ ကြယ်ရှစ်ပွင့်အဆင့် တိုက်ခိုက်မှုများကို တောင်ခံနိုင်ရန်သာ အကောင်းဆုံး ကြိုးစားနေရလေသည်။
တော်သေးသည်မှာ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်နေ၍ပင်။ ၎င်းကို ဖျက်ဆီး၍ မရပေ။ ထို့ပြင် ကျန်းရီ၏ ခန္ဓာကိုယ်ကလည်း တော်ဝင်သားရဲဆယ်ကောင်၏ သွေးစွမ်းအင်နှင့် ရီချန်၏ လျှပ်စီးစွမ်းအားကြောင့် မယုံနိုင်လောက်အောင် သန်မာနေပြီဖြစ်သည်။ ရုပ်ခန္ဓာအရဆိုလျှင် သူ့ထက် ပိုသန်မာသူက သူတော်စင်အင်ပါယာသာ ရှိနိုင်သည်။ ထို့ကြောင့် ဧကရာဇ်နှစ်ပါး၏ တိုက်ခိုက်မှုများက သိပ်ထိရောက်မှု မရှိပါပေ။
ကျန်းရီက တောင့်ခံနိုင်သေးသော်လည်း ပြဿနာမှာ အချိန်ကြာလာသည်နှင့်အမျှ ဗုဒ္ဓဧကရာဇ်တို့က ဆက်တောင့်ခံမထားနိုင်လောက်တော့ခြင်းပင်။
ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် အခြားသူများကလည်း အပြင်းအထန် ဒဏ်ရာရထားသွားကြသည်။ ညဧကရီဆိုလျှင် သွေးအလူးလူး ဖြစ်နေပေပြီ။ ယဉ်ဧကရာဇ်၏ ရင်ဘတ်ကလည်း သွေးထွက်နေဆဲပင်။ ထို့ပြင် မျိုးနွယ်စုခေါင်းဆောင် ဆယ့်ငါးယောက်ကျော် သေသွားပြီဖြစ်သည်။ မျိုးနွယ်များနှင့် ဂိုဏ်းများမှ နတ်ဘုရားတစ်ပိုင်း ပညာရှင် တစ်ဝက်ကျော်လောက်လည်း သေသွားကြပေပြီ။
အောက်ဘက်မှ တိုက်ပွဲက ပို၍ပင် ပြင်းထန်လာသည်။ ဖုတ်ကောင်အရှိန်အဝါ၏ တိုက်စားနိုင်စွမ်းက သိုင်းသမားများစွာကို အခက်တွေ့စေနေသည်။ တိုက်စားမှုကြောင့် နတ်ဘုရားဒိုင်းများ ပျက်စီးသွားပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်များက ဖုတ်ကောင်အရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံကြရသည်။ ထိုအခါ သူတို့၏ တိုက်ခိုက်စွမ်းအားက များစွာလျော့ကျသွားသည်။ ထို့ကြောင့် သူတို့သည် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ၏ သတ်ဖြတ်မှုကို ခံရတော့သည်။ လက်ရှိတွင် မဟာမိတ်စစ်တပ်၏ အင်အားသန်းနှစ်ဆယ်တွင် တစ်ဝက်ကျော်လောက် ကျဆုံးသွားပြီဖြစ်သည်။
‘ငါ ကောင်းကင်စွမ်းအားကို သုံးသင့်လား’
ကျန်းရီ စဉ်းစားလိုက်သည်။ ရွှမ်ဧကရာဇ်က သူ့အား ပေးထားသော ကောင်းကင်စွမ်းအားကို သူ ခံစားနိုင်သည်။ သူ ၎င်းစွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် အာကာသအချုပ်အနှောင်မှ လွတ်နိုင်လောက်သည်။ သို့သော် ၎င်းကို ယခု သုံးလိုက်လျှင် ရှင်းမိုနှင့် ရင်ဆိုင်ရချိန်၌ မည်သို့ လုပ်မည်နည်း။
ထိုနတ်ဆိုးအိုကြီး၏ စိတ်ဝိညာဉ်က နတ်ဘုရားလိပ်ပြာအဖြစ် ပြောင်းလဲပြီးပေပြီ။ ယင်းမှာ စစ်မှန်သောနတ်ဘုရားအဆင့်ပင်။ ယခင်တစ်ခေါက်တွင် သူတော်စင်အင်ပါယာက ဝင်ကူခဲ့၍ ကျန်းရီ ကံကောင်းသွားခြင်းဖြစ်သည်။ ဤတစ်ခေါက်တွင်တော့ ကံမကောင်းနိုင်တော့ပေ။ ထို့ပြင် ရှင်းမိုသည် အလွန်တည်ငြိမ်နေ၏။ သူက ကျန်းရီကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေပုံပင်။
တင်...တုံ...တန်...တန်...
ထိုအခိုက်တွင် အဝေးမှနေ၍ အသံများ ထွက်ပေါ်လာသည်။ ထိုအသံများက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည့် တမလွန်လောကမှ အသံများကဲ့သို့ပင်။ ထိုအသံများက အလွန်ထူးဆန်းသည်။ မြေပြင်ပေါ်မှ လူများသည် ယင်းအသံများကို မကြားနိုင်ကြပေ။ ကျန်းရီ၊ သားရဲဧကရာဇ်၊ ဓားဧကရာဇ်နှင့် မြောက်ဘက်ဧကရာဇ်တို့သာ ကြားရသည်။ အသံများသည် လေလှိုင်းတစ်ခုကဲ့သို့ ထိုလေးယောက်ဆီသို့သာ ဦးတည်နေပေသည်။
“နတ်ဘုရားအသံ ကောင်းကင်အတတ်”
နောက်ဆုံးတွင် အသံလှိုင်းဧကရာဇ် ထွက်ပေါ်လာပေပြီ။ သူ၏ ဝိညာဉ်ဖမ်းစားတေးသွားက မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က မလှုပ်နိုင် ဖြစ်သွားစေသည်။ အသံလှိုင်းဧကရာဇ်သည် နှင်းတောင်တစ်တောင်ပေါ်တွင် အေးချမ်းစွာ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ပုံစံက နတ်ဘုရားအသံဆန်းကြယ်နယ်မြေထဲရှိ ရေကန်ဘေးတွင် အပန်းဖြေနေသလိုပင်။
“မင်းက အသက်မရှင်ချင်တော့ဘူး ထင်တယ်”
ရှင်းမိုသည် တစ်စုံတစ်ခု မှားနေကြောင်းကို သိလိုက်၍ ရှင်းမုန့်ဝမ်ကို မော့ကြည့်လိုက်သည်။ ရှင်းမုန့်ဝမ်က အော်ပြောလိုက်သည်။
“အစီအရင်ဆင်ကြ”
နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်က လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး ရှင်းမုန့်ဝမ်၏အနောက်တွင် နေရာယူကာ ဓားအစီအရင်တစ်ခု ဆင်လိုက်ကြသည်။ ရှင်းမုန့်ဝမ်၏ လက်များက အဖြူရောင်အလင်း လင်းလက်လာ၏။ သူမသည် ထိုအလင်းကို အနောက်ဘက်သို့ ပစ်လွှတ်လိုက်သည်။ ထိုအခါ အသံလှိုင်းဧကရာဇ်၏ အထက်တွင် ခုနစ်ရောင်ခြယ် ဧရာမလက်ဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာပြီး အသံလှိုင်းဧကရာဇ်ကို ဖိချလိုက်သည်။
“အသံလှိုင်းဧကရာဇ်...”
ရှင်းမုန့်ဝမ်တို့၏ လှုပ်ရှားမှုက အလွန်လျင်မြန်သည်။ အသံလှိုင်းဧကရာဇ် ထွက်ပေါ်လာသည်နှင့် သူတို့က အစီအရင်ဆင်ပြီးဖြစ်သည်။ ကျန်းရီက အသံလှိုင်းဧကရာဇ်ကို လှမ်းကြည့်လိုက်ချိန်တွင် အာကာပြင်က တုန်ခါ၍ ဧရာမလက်ဝါးကြီး ဖြစ်ပေါ်နေပေပြီ။ သို့သော် အသံလှိုင်းဧကရာဇ်သည် ၎င်းကို သတိမပြုမိသေးဘဲ တေးသွားကိုသာ စိတ်နှစ်၍ ဆက်တီးခတ်နေသည်။
“မင်းက ဘာကို စောင့်နေတာလဲ။ ငါ စိတ်မဖြောင့်မတန်းနဲ့ သေသွားတာကို မြင်ချင်လို့လား”
ကျန်းရီသည် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၍ ဆတ်ခနဲတုန်သွားပြီး အသိပြန်ကပ်လာသည်။ ထို့နောက် သူသည် မာန်သွင်းကာ အော်၍ မီးနဂါးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ မီးနဂါးသုံးကောင် ထွက်ပေါ်လာကာ အာကာသအချုပ်အနှောင် ပျက်စီးသွားသည်။ ထိုမီးနဂါးသုံးကောင်သည် မလှုပ်နိုင်ဖြစ်နေသော မြောက်ဘက်ဧကရာဇ်ဆီသို့ ဆက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ဝိညာဉ်လေဓားများကိုလည်း ထုတ်လွှတ်လိုက်သည်။
အန်...
ထိုအခိုက်တွင် မြောက်ဘက်ဧကရာဇ်၏ မျက်လုံးများ လင်းလက်သွားသည်။ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်၏ ဖမ်းစားမှု လွတ်မြောက်လာခြင်းပင်။ အသံလှိုင်းဧကရာဇ်က သူ၏ မျက်စံမရှိသော မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ပြီး သွေးအန်လိုက်သည်။ ထို့နောက် ဗျပ်စောင်းကို လျင်မြန်စွာ တီးခတ်လေတော့သည်။ ဗျပ်စောင်း၏ စောင်းကြိုးဆယ့်သုံးချောင်းလုံး ပြတ်သွားပြီး မြောက်ဘက်ဧကရာ်၏ မျက်လုံးများက ပြန်ဝေဝါးသွားသည်။
ဝုန်း...ဝုန်း...
တစ်ချိန်တည်းမှာပင် မြောက်ဘက်ဧကရာဇ်၏ ခန္ဓာကိုယ်ကို မီးနဂါးသုံးကောင်နှင့် ဝိညာဉ်လေဓားများက ထိမှန်သွားသည်။ အသံလှိုင်းဧကရာဇ်သည်လည်း ခုနစ်ရောင်ခြယ် ဧရာမလက်ဝါးကြီး၏ ဖိချေမှုကို ခံလိုက်ရသည်။ မြောက်ဘက်ဧကရာဇ်၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားပြီး အသံလှိုင်းဧကရာဇ် ထိုင်နေခဲ့သော တောင်ကလည်း လုံးဝပြားကပ်သွားသည်။
မြောက်ဘက်ဧကရာဇ်၊ သေပြီ။
***