← Chapters

အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်များ

Vol. 91 Ch. 1269

အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်များ

Vol. 91 Ch. 1269

မြောက်ဘက်ဧကရာဇ်ထံတွင် နတ်ဘုရားအသုံးအဆောင် ချပ်ဝတ် မရှိပေ။ ထို့ပြင် သူ၏ စိတ်ဝိညာဉ်က အသံလှိုင်းဧကရာဇ်၏ ဝိညာဉ်ဖမ်းစားတေးသွားကြောင့် ယစ်မူးနေသည်။ ထိုအခြေအနေတွင် ကျန်းရီက သူ့ကို မသတ်နိုင်ဆိုပါက နတ်ဘုရားဇီဝန်ခြွေသည် ကျော်ကြားမှုနှင့် ထိုက်တန်တော့မည် မဟုတ်ပေ။ ကျန်းရီ၏ အတွင်းအားက အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားဇီဝိန်ခြွေ၏ စွမ်းအားကလည်း မြင့်တက်လာခဲ့သည်။ ၎င်းကို ဝိညာဉ်လေဓားများနှင့် ပေါင်းစည်းလိုက်သောအခါ မြောက်ဘက်ဧကရာဇ်၏ နတ်ဘုရားဒိုင်းကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့ပေသည်။

ဝှစ်...ဝှစ်...

မြောက်ဘက်ဧကရာဇ်၏ နတ်ဘုရားဓားက လင်းလက်သွားပြီး ရှင်းမိုထံသို့ ပျံသန်းသွားသည်။ အသံလှိုင်းဧကရာဇ် သေသွားပြီဖြစ်၍ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က အသိပြန်ကပ်လာကြသည်။ သူတို့သည် အသိပြန်ကပ်လာလျင်လာချင်း ကြောက်ရွံ့တကြီးဖြင့် ပြန်ဆုတ်သွားကြသည်။ ယခင်တွင် အဆုံးမဲ့ပင်လယ်နက်၌ ကျန်းရီက မိစ္ဆာဧကရာဇ်ကို သတ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ယခုတွင် ကျန်းရီသည် သူတို့နှစ်ယောက်ကို ပို၍လွယ်ကူစွာ သတ်နိုင်ပေသည်။

“ပြေးချင်သေးတာလား”

အသံလှိုင်းဧကရာဇ်၏ သေဆုံးမှုက ကျန်းရီကို ဒေါသူပုန်ထသွားစေသည်။ သူသည် သားရဲဧကရာဇ်ကို ကြည့်၍ မီးနဂါးဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းပင် မီးနဂါးသုံးကောင် ပျံထွက်သွားသည်။ တစ်ချိန်တည်းမှာပဲ မိုးမြေဖိအားက သားရဲဧကရာဇ်၏ ခန္ဓာကိုယ်ကို လေထဲမှာပင် ဖိနှိပ်လိုက်သည်။ ထို့ကြောင့် သားရဲဧကရာဇ်သည် မီးနဂါးသုံးကောင်က သူ့အား ဝါးမျိုလိုက်သည်ကို မည်သို့မှ မခုခံနိုင်‌တော့ပေ။

“ဂိုဏ်းချုပ်... ကျွန်တော်ကို ကယ်ပါဦး...”

သားရဲဧကရာဇ်က အော်ပြောသည်။ သို့သော် ရှင်းမိုသည် ဝင်ပါမည့် လက္ခဏာမရှိဘဲ ငေးကြည့်၍သာ နေသည်။ သူသည် သားရဲဧကရာဇ်က မီးနဂါးသုံးကောင်ကြောင့် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်ကို မျက်နှာတစ်ချက်မပျက်ဘဲ ကြည့်နေလေသည်။

“ဂိုဏ်းချုပ်... ဘာလို့ ထူရှန်းကို မကယ်ရတာပါလဲ”

ဓားဧကရာဇ်က ပျံသန်းနေရင်း တိုက်ပွဲဧကရာဇ် အသတ်ခံလိုက်ရသည်ကို လှမ်းကြည့်လိုက်သည်။ သူသည် အတန်ငယ် စိတ်မကောင်းဖြစ်သွားပြီး ရှင်းမိုအပေါ်လည်း အတန်ငယ် မကျေမနပ် ဖြစ်သွားသည်။ သားရဲဧကရာဇ်နှင့် သူက ရှင်းမို၏ အမိန့်များကို နာခံမည်ဟု သစ္စာဆိုခဲ့ကြသည်။ သို့သော် ရှင်းမိုက သားရဲဧကရာဇ် အသတ်ခံရမည်ကို ဝင်မကူဘဲ ရပ်ကြည့်နေခဲ့သည်လော။

ဝှစ်...

ရှင်းမို၏ လက်ထဲမှ နတ်ဘုရားဓားက လင်းလက်လာပြီး ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ဓားဧကရာဇ်၏ လည်ပင်းဆီသို့ ပျံဝင်သွားလိမ့်မည်ဟု မည်သူက ကြိုသိပါမည်နည်း။ တစ်ချိန်တည်းမှာပင် ရှင်းမို၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားပြီး အနက်ရောင်အလင်းတန်း တစ်တန်းက ဓားဧကရာဇ်ထံသို့ ပျံဝင်သွားကာ ဓားဧကရာဇ်ကို ရပ်တန့်သွားစေလိုက်သည်။

ရွှက်...

ခေါင်းတစ်လုံး လွင့်ပျံသွားပြီး ဓားဧကရာဇ်၏လည်ပင်းမှ သွေးများ ပန်းထွက်သွားသည်။ ထိုခေါင်းရှိ မျက်လုံးများက ပွင့်နေသည်။ ၎င်းသည် မြေပြင်ပေါ်သို့ ကျသွားကာ အပတ်အနည်းငယ် လိမ့်သွားလေသည်။ ထိုအခိုက်တွင် ကျန့်မျိုးနွယ်ဝင်အားလုံး မျက်နှာပျက်သွားကြသည်။

“အမှိုက်ကောင်”

ရှင်းမိုက အေးစက်စက် ရယ်၍ ဒေါသထွက်နေသော ကျန့်မျိုးနွယ်ဝင်များနှင့် ထူမျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။

“ငါ့ကို ဆန့်ကျင်တဲ့သူတိုင်း အဲ့လိုဇာတ်သိမ်းရမယ်။ အားလုံးပဲ သွားတိုက်ခိုက်ကြပါ။ ငါ့အမိန့်ကို မနာခံတဲ့သူတိုင်း အသတ်ခံရမယ်”

“သတ်ကြ...”

မည်သူကမှ ရှင်းမိုကို မဆန့်ကျင်ဝံ့ပေ။ ယခုတွင် ဘက်ပြောင်းရန်မှာလည်း အလွန်နောက်ကျသွားပေပြီ။ အကယ်၍ ကျန်းရီတို့ နိုင်သွားလျှင် သူတို့မျိုးနွယ်နှစ်ခုသည် သေချာပေါက် ရှင်းပစ်ခံရပေလိမ့်မည်။ အရေးကြီးဆုံးမှာ ကျန်းရီတို့က နိုင်လိမ့်မည်ဟု မည်သူကမှ မယုံကြည်ခြင်းပင်။ ထို့ကြောင့် သူတို့သည် ဒေါသတကြီး အော်ဟစ်ကာ ကျန်းရီထံသို့ အသည်းအသန် ပျံသန်းသွားလိုက်ကြသည်။

“ထွက်သွားကြစမ်း”

ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်၍ လမ်းရှင်းလိုက်သည်။ ကျန့်မျိုးနွယ်နှင့် ထူမျိုးနွယ်တို့မှ မျိုးနွယ်ဝင် ရာဂဏန်းအနည်းငယ်သည် ရုတ်ခြည်း အသတ်ခံလိုက်ကြရသည်။ ထို့ကြောင့် ကျန်လူများက အနားမကပ်ဝံ့ကြတော့ပေ။ သူတို့သည် အခြားနေရာများသို့ သွား၍သာ တိုက်ပွဲဝင်လိုက်ကြသည်။ ကျန်းရီသည် ရှင်းမိုကို စိုက်ကြည့်၍ အော်ပြောလိုက်သည်။

“ရှင်းမို... ငါ့ကို လာတိုက်”

“မင်းက အဆင့်မမီသေးဘူး”

ရှင်းမိုက လက်ဝှေ့ယမ်းလိုက်ရာ ဓားဧကရာဇ်၏ ခေါင်းကို ဖြတ်သွားသော နတ်ဘုရားဓားက ကျန်းရီထံသို့ ပျံဝင်သွားလေသည်။ ထို့ကြောင့် ကျန်းရီ ပိုမြင့်သော ကောင်းကင်ထက်သို့ ပျံတက်လိုက်ရသည်။ သို့သော် ဓားက သူ့နောက်မှ လိုက်လာပေသည်။

ထိုအခိုက်တွင် ရှင်းမုန့်ဝမ်နှင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်က ကျန်းရီထံသို့ ဦးတည်ပျံသန်းသွားကြသည်။ ရှင်းမိုသည်လည်း ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ကောင်လေး.. မင်း ဝမ်အာရဲ့ အစီအရင်ကို ဖောက်နိုင်ရင် ငါနဲ့ တိုက်ဖို့ အဆင့်မီပြီ”

“ကျန်းရီ... ရှင့်မှာ အညံ့ခံဖို့ အခွင့်အရေး ရှိသေးတယ်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာရှိတဲ့ ဘယ်သူကမှ ကောင်းကင်တမလွန်ဂိုဏ်းကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး။ ရှင် ခေါင်းမာနေဦးမှာလား။ တကယ်လို့ ရှင် အညံ့ခံမယ်ဆိုရင် ကျွန်မ ရှင့်ကို လက်ထပ်ဖို့ စဉ်းစားပေးမယ်... ကျွန်မနဲ့သာ လက်ထပ်လိုက်ရင် ရှင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ မဟာဧကရာဇ်တစ်ပါး ဖြစ်လာမှာပဲ။ ဘယ်လိုလဲ...”

ရှင်းမုန့်ဝမ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်ကို ခေါ်၍ နတ်မိမယ်တစ်ပါးကဲ့သို့ ပျံသန်းလာသည်။ ထိုလောကနံပါတ်(၁) အလှပဂေးလေးက ရုပ်ရည်၊ အရှိန်အဝါနှင့် စွမ်းဆောင်နိုင်စွမ်းတို့တွင် ပြိုင်ဘက်ကင်းပင်။ သူမ၏ စကားသံက ထူးခြားသော မှော်အစွမ်းတစ်ခုကို သယ်ဆောင်လာသကဲ့သို့ ယောက်ျားများ၏ နှလုံးသားနှင့် စိတ်အပေါ်တွင် သက်ရောက်နိုင်စွမ်းရှိသည်။

တစ်လမ်းက သေခြင်းတရားနှင့် ပျက်သုဉ်းခြင်းထံ ဦးတည်သည်။ ကျန်တစ်လမ်းက လောကနံပါတ်(၁) အလှပဂေးလေးနှင့် လက်ထပ်ကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ မဟာဧကရာဇ် ဖြစ်လာနိုင်မည့် အခွင့်အရေးထံ ဦးတည်သည်။

ထိုနှစ်လမ်းက ကောင်းကင်ဘုံနှင့် ငရဲကဲ့သို့ ကွာခြားပေသည်။ ကျန်းရီသည် မတိုက်ခိုက်သေးဘဲ ရပ်လိုက်၏။ ထို့နောက် သူသည် ရှင်းမုန့်ဝမ်၏ အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားကာ မေးလိုက်သည်။

“ငါက မဟာဧကရာဇ်ဖြစ်လာမှာတဲ့လား။ အဲ့ဒါဆို ကောင်းကင်တမလွန်ဂိုဏ်းနဲ့ ငါ့ကြားမှာ ဘယ်သူက ဘယ်သူကို နာခံရမှာလဲ”

“ဟင်းဟင်း”

ရှင်းမုန့်ဝမ်ကလည်း ရပ်တန့်လိုက်ပြီး လက်ဟန်ပြကာ သူမနောက်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်ကို အစီအရင်ဆင်စေလိုက်သည်။ ထို့နောက် သူမသည် စနောက်ဟန်ဖြင့် ပြောလိုက်သည်။

“ရှင်က အခုထိ ခေါင်းမာချင်နေတုန်းပဲလား။ အဲ့လိုဆိုတော့လည်း ကျွန်မ ရှင့်ကို ငရဲပို့ပေးရတော့မှာပေါ့”

“အဲ့လိုလား”

ကျန်းရီက အေးစက်စက် ရယ်လိုက်၏။ ထို့နောက် သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်သွားပြီး မီးဖိုတစ်ဖို ထွက်ပေါ်လာလေသည်။ သူသည် မီးဖိုထဲသို့ အတွင်းအား လျင်မြန်စွာ ထည့်သွင်းလိုက်သည်။ သူ့ကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားအကုန်လုံးကိုလည်း မီးဖိုထဲသို့ စီးဆင်းသွားစေလိုက်သည်။ ထိုအခါ မီးဖိုက စတင် လင်းလက်လာပြီး ပြန့်ကားသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မီးဖိုသည် ရဲတိုက်တစ်လုံး အရွယ်အစား ဖြစ်သွားလေသည်။

ရွှီး...

မီးဖိုပေါ်မှ ဆန်းကြယ်သော သင်္ကေတပုံသဏ္ဌာန်များက စတင် ‌ရွေ့လျားလာသည်။ ထို့နောက် မီးဖိုအဖုံးက ပွင့်သွားပြီး နဂါးနက်တစ်ကောင် ပျံထွက်လာသည်။ ထိုနဂါးနက်က ယခင်မှာ နိဗ္ဗာန်မီးတောက်များနှင့် ကွာခြားသည်။ ထိုနဂါးနက်၏ ကိုယ်ပေါ်တွင် ရွှေရောင်အနည်းငယ် ရှိနေသည်။ ၎င်း ပျံထွက်လာသည်နှင့် ကီလိုမီတာငါးရာအတွင်းရှိ နှင်းနဲ့ ရေခြများက စတင်အရည်ပျော်သွားသည်။ ကောင်းကင်ထဲတွင်လည်း ရေခိုးရေငွေ့များ ပြည့်နှက်သွားသည်။

“တောင့်ခံကြ”

သိုင်းသမားများက အော်ပြောလိုက်ကြသည်။ ထိုအပူချိန်က အလွန်ကြောက်မက်ဖွယ်ပင်။ ထို့ကြောင့် မည်သူကမှ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများကို အရေးမစိုက်နိုင်တော့ဘဲ သူတို့၏ အတွင်းအားကို အသုံးပြု၍ နတ်ဘုရားဒိုင်းများကိုသာ စွမ်းအား ဖြည့်လိုက်ရလေသည်။ နတ်ဘုရားဒိုင်း ပျက်စီးသွားသည်နှင့် သူတို့ အရှင်လတ်လတ် မီးကင်ခံလိုက်ရပေလိမ့်မည်။

“အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်တွေလား။ ကျန်းရီ.. ရှင် ကြယ်တာရာစွမ်းအားကို ဘယ်ကရခဲ့တာလဲ”

ရှင်းမုန့်ဝမ်၏ မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့လာပေပြီ။ ဤတစ်ခေါက် သူမ ဆင်လိုက်သော အစီအရင်က တိုက်ခိုက်အစီအရင်ဖြစ်သည်။ ယခုမှ အစီအရင်ကို ပြောင်းရန်မှာ နောက်သွားပြီဖြစ်သည်။ ထို့ပြင် သူမ ခုခံအစီအရင်ကို ပြောင်းလိုက်လျှင်ပင် ထိုမီးတောက်များကို ခုခံနိုင်ပါမည်လော။

ရှင်းမုန့်ဝမ်သည် အရည်ကျို နတ်ဘုရားမီးဖိုနှင့် အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်၏ စွမ်းအားကို ကောင်းစွာသိသည်။ သို့သော် ကျန်းရီက ထိုမီးတောက်ကို ထုတ်နိုင်လိမ့်မည်ဟု သူမ မထင်ခဲ့ခြင်းဖြစ်သည်။ ကျန်းရီသည် ယခင်ကတည်းက ကြယ်တာရာစွမ်းအားကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သူ့အတွင်းအားက နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်မနေလျှင် သူ အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။

ရှင်းမုန့်ဝမ် မသိသည်မှာ...

ကျန်းရီ၏ ကျင့်စဉ်က အလွန်ထူးဆန်းသည်။ သူ့ ဒန်တျန်ထဲရှိ ကြယ်စက်လုံးတစ်လုံး ပြောင်းလဲသွားတိုင်း ကောင်းကင်က သူ့အား ကြယ်တာရာစွမ်းအား ချီးမြှင့်သည်။ သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့စဉ်က မိုးမြေသည် သူ့အား ကြယ်တာရာစွမ်းအားတန်းများ ချီးမြှင့်ခဲ့သေးသည်။ သူ၏ အတွင်းအားကလည်း နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အရည်ကျို နတ်ဘုရားမီးဖိုကို တစ်ကြိမ် အသုံးပြုနိုင်သည်။

“သေပေတော့...”

ကျန်းရီသည် အော်ပြော၍ မီးနဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ မီးနဂါးသုံးကောင်နှင့် အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်နှင့် ဖွဲ့စည်းထားသော နဂါးနက်ကြီးက အရှေ့သို့ ပျံထွက်သွားပြီး ရှင်းမုန့်ဝမ်နှင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်ကို လွှမ်းခြုံလိုက်သည်။

ဝုန်း...

ရှင်းမုန့်ဝမ်တစ်ယောက် အနောက်သို့ လွင့်ထွက်သွား၏။ သူမ သွေးများစွာ အန်လိုက်ရသည်။ သူမ၏ မျက်နှာကလည်း အလွန်ဖြူဖပ်နေပေပြီ။ သူမက သေလုမြောပါး ဒဏ်ရာရသွားကြောင်း သိသာပေသည်။

ရှင်းမုန့်ဝမ်မှလွဲ၍ ကောင်းကင်တမလွန်ဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်စလုံး ပြာဖြစ်သွားသည်။ သူတို့သည် တစ်ချက်ပင် မအော်နိုင်ခဲ့ပေ။ အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်နှင့် နတ်ဘုရားဇီဝိန်ခြွေတို့၏ ပေါင်းစပ်စွမ်းအားက သာမန်နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက် မဆိုထားနှင့် သားရဲဧကရာဇ် ‌လေးဆယ့်ကိုးပါး သို့မဟုတ် ဓားဧကရာဇ် လေးဆယ့်ကိုးပါးကိုပင် တစ်ပြိုင်တည်း သတ်ပစ်နိုင်ပေသည်။

“အား...”

ထိုလေးဆယ့်ကိုးယောက်နှင့်အတူ ထူမျိုးနွယ်ဝင်များ၊ ကျန့်မျိုးနွယ်ဝင်များ၊ မရေမတွက်နိုင်သော အဆင့်နိမ့် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများလည်း သေဆုံးသွားသည်။ မဟာမိတ်စစ်တပ်မှ တပ်သားများစွာကလည်း အရှင်လတ်လတ် မီးကင်ခံလိုက်ရသည်။

သို့သော်...

ရှင်ကျန်ခဲ့သူများသည် ကျန်းရီကို လုံးဝ အပြစ်မတင်ပေ။ ထိုအစား သူတို့၏ မျက်ဝန်းများက မျှော်လင့်ချက်ဖြင့် တောက်ပလာကြသည်။

မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က သေသွားပေပြီ။ ရှင်းမုန့်ဝမ်ကလည်း အပြင်းအထန် ဒဏ်ရာရသွားပြီး ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအားလုံး ပြာကျသွားပြီဖြစ်သည်။ ယခုတွင် ရှင်းမိုသာ ကျန်တော့သည်။ အကယ်၍ ကျန်းရီက ရှင်းမိုကို သတ်နိုင်လိုက်လျှင် ယနေ့တွင် သူတို့ အနိုင်ရနိုင်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကိုလည်း ကယ်တင်နိုင်ပေလိမ့်မည်။

“အရမ်းကောင်းတယ်.. မဆိုးဘူး”

ရှင်းမို၏ မျက်နှာပေါ်မှ အပြုံးက တည်သွားသည်။ သူသည် မြေပြင်ပေါ်တွင် လဲကျနေသော ရှင်းမုန့်ဝမ်ကို ချစ်ခင်စွာ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ရုတ်တရက် အေးစက်သွားပြီး ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး... ငါက ဒီခန္ဓာကိုယ်အသစ်နဲ့ သိပ်အသားမကျသေးဘူး။ ငါ မင်းကို ကိုယ်တိုင်လည်း မသတ်ချင်ခဲ့ဘူး။ အခုတော့... ငါကိုယ်တိုင် မင်းကို သေလမ်းဆီ ပို့ပေးရတော့မှာပေါ့။ အရင်တစ်ခေါက်တုန်းက မင်းရဲ့ စိတ်ဝိညာဉ်က ကံကောင်းပြီး လွတ်သွားခဲ့တယ်။ ဒီတစ်ခေါက်တော့ သေချာပေါက် မင်းကို ငါ့ရဲ့ဝိညာဉ်ကျွန် ဖြစ်သွားအောင် လုပ်ပစ်မယ်။ မင်း ထာဝရ မလွတ်လပ်စေရဘူး”

***

All Chapters