← Chapters

တိုက်ပွဲအစစ်အမှန်

Vol. 91 Ch. 1270

တိုက်ပွဲအစစ်အမှန်

Vol. 91 Ch. 1270

နောက်ဆုံးတွင် တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်လာပေပြီ။ အနည်းဆုံးတော့ မဟာမိတ်စစ်တပ်မှ လူသားများအတွက် ယခုက တိုက်ပွဲ၏ အရေးအကြီးဆုံး အပိုင်းဖြစ်သည်။ ကျန်းရီနှင့် ရှင်းမိုတို့ကြားမှ တိုက်ပွဲတွင် အနိုင်ရသူက သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်မည်ဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးမှ သန်းထောင်ချီသော လူများ၏ ကံကြမ္မာကိုလည်း အဆုံးအဖြတ်ပေးပေလိမ့်မည်။

လူများစွာသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်၍ ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများမှ အဆုံးမဲ့ဖြစ်၍ ၎င်းတို့ကို သတ်ရန် ကြိုးစားနေလျှင်လည်း အချည်းနှီးသာ။ အကယ်၍ ကျန်းရီ အနိုင်မရပါက ထိုဖုတ်ကောင်များကို သတ်နေလျှင်လည်း မည်သို့မှ အသုံးဝင်မည် မဟုတ်ပေ။

ကျန်းရီသည် မျက်လုံးပေါင်းများစွာ၏ စိုက်ကြည့်မှုကို ခံနေရ၍ ဖိအား ခံစားလာရသည်။ သူသည် ရှင်းမိုထံသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ ယုံကြည်မှုမရှိသော်လည်း သူသေကိုယ်သေ တိုက်ခိုက်ရပေတော့မည်။

ပေတစ်သိန်း၊ ပေငါးသောင်း... ပေတစ်သောင်း...

ရှင်းမိုက တစ်လက်မပင် မရွေ့ပေ။ ကျန်းရီသည် မချင့်မရဲ ဖြစ်လာ၍ အရှိန်ကို ထပ်တင်လိုက်သည်။ သူ့အရှေ့တွင်မူ ထောင်ဧကရာဇ်ဒိုင်းက ကာရံထားပေသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်ရန်လည်း စွမ်းအားစုစည်းလိုက်သည်။

ရှင်းမိုတွင် နတ်ဘုရားအသုံးအဆောင် ချပ်ဝတ် မရှိလောက်ပေ။ မဟုတ်လျှင် သူ၏ခန္ဓာကိုယ်က သေမင်းကုန်းမြေတွင် သူတော်စင်အင်ပါယာ၏ ဖျက်ဆီးမှုကို ခံရမည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် ရှင်းမို၏ ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်မည့် နည်းလမ်းတစ်ခုကို ရှာနိုင်သည်နှင့် တစ်ချက်တည်း ပြင်းထန်စွာ တိုက်ခိုက်လိုက်မည်ဖြစ်သည်။ စိတ်ဝိညာဉ်က မည်မျှသန်မာပါစေ ရုပ်ခန္ဓာမရှိလျှင် မည်သို့မှ အသုံးကျမည် မဟုတ်ပေ။ ရှင်းမို၏ ရုပ်ခန္ဓာကို ဖျက်ဆီးပြီးမှ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်မည့် နည်းလမ်းကို ထပ်ရှာ၍ ရပေသည်။

ကျန်းရီသည် သူ၏ဗျူဟာက အတော်‌လေးကောင်းသည်ဟု တွေးမိနေသည်။ သူက နတ်ဘုရားဇီဝိန်ခြွေအတွက်လည်း စွမ်းအားစုစည်းနိုင်လိုက်ပြီဖြစ်သည်။ သို့သော် တိုက်ခိုက်မှုကို ပစ်မှတ်ကို ထိမှန်စေမည့် နည်းလမ်းကို ရှာရပေဦးမည်။ သူသည် ထောင်ဧကရာဇ်ဒိုင်းကို ထိန်းချုပ်ရင်း ရှင်းမိုကို ပစ်မှတ်ထားနိုင်ရန် ပြင်ဆင်နေသည်။ ထိုအခိုက်တွင် ရှင်းမို၏ မျက်ဝန်းများက လင်းလက်သွားပြီး အနက်ရောင်အလင်းတန်း နှစ်တန်း ပျံထွက်လာသည်။ ကျန်းရီသည် ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအင်တန်းနှစ်တန်းက သူ့ကိုယ်ထဲ ဝင်သွားပြီး သူ၏စိတ်ဝိညာဉ်ပင်လယ်သို့ ဦးတည်သွားနေကြောင်း ခံစားလိုက်ရ၍ အလွန်ကြောက်ရွံ့သွားသည်။

စိတ်ဝိညာဉ်တိုက်ခိုက်မှု...

ကျန်းရီ၏ ရုပ်ခန္ဓာရော၊ စိတ်ဝိညာဉ် တုန်ယင်သွားသည်။ ရှင်းမို၏ စိတ်ဝိညာဉ်က နတ်ဘုရားအစစ်အမှန်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုဖြစ်သည်။ ဓားဧကရာဇ်ပင် အလွယ်တကူ ခေါင်းဖြတ်ခံလိုက်ရခြင်းကို ကြည့်လျှင် ရှင်းမို၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက မည်မျှ စွမ်းအားကြီးကြောင်း သိနိုင်ပေသည်။

‘ငါ ဘာလုပ်သင့်လဲ’

စက္ကန့်ဝက်အတွင်းမှာပင် ကျန်းရီ လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်တန်းများကို လုံးဝ လျစ်လျူရှုလိုက်ပြီး မီးနဂါးဓားကို ဝှေ့ယမ်း၍ မီးနဂါးသုံးကောင်ကိုသာ ရှင်းမို၏ ရုပ်ခန္ဓာဆီ ပစ်လွှတ်လိုက်လေသည်။

ကျန်းရီသည် ရှင်းမို၏ ခန္ဓာကိုယ် ပျက်စီးသွားလျှင် ရှင်းမို၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကလည်း ပျောက်ကွယ်သွားလိမ့်မည်ဟု လောင်းကြေးထပ်လိုက်ခြင်းပင်။

ဝုန်း...ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ရှင်းမို၏ ခန္ဓာကိုယ်က အားလုံး၏ အကြည့်များအောက်မှာပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။ သူ့လက်ထဲရှိ နတ်ဘုရားဓားကလည်း ကောင်းကင်ကံကြမ္မာသင်္ဘော၏ ကုန်းပတ်ပေါ်သို့ သွားစိုက်သည်။

“အဲ့ဒါက...”

ထိုအခိုက်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအားလုံးသည် ဖုတ်ကောင်များ၏ အော်သံကိုပင် မကြားရတော့သလိုပင်။ အားလုံးက မယုံနိုင်သော မျက်ဝန်းများဖြင့် ရှင်းမို၏ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသော ခန္ဓာကိုယ် အပိုင်းအစများကို ကြည့်နေကြသည်။ အချို့ဆိုလျှင် မျက်လုံးများကိုပင် အကြိမ်ကြိမ် ပွတ်သပ်နေကြသည်။

ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်တမလွန်ဂိုဏ်းချုပ်၊ ဤကပ်ဘေးကြီး၏ နောက်ကွယ်မှ ကြိုးကိုင်သူ၊ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ တရားမဝင်ဘုရင် ရှင်းမိုကို ကျန်းရီက အလွယ်တကူ သတ်နိုင်ခဲ့သည်လော။ ယင်းက အလွန်လွယ်ကူလွန်းနေသည်ဖြစ်ရာ မယုံနိုင်စရာကောင်းသည် မဟုတ်လော။

သို့သော် ရှင်းမို၏ ခန္ဓာကိုယ်က အမှန်ပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပေပြီ။ ကောင်းကင်ထဲမှ သွေးမှုန်သွေးမွှားများ၊ ခန္ဓာကိုယ် အပိုင်းအစများက သင်္ဘောကုန်းပတ်ပေါ်သို့ ကျဆင်းလာသည်။ သက်သေအားလုံးက ရှင်းမို၏ ပျက်သုဉ်းမှုကို ညွှန်ပြနေသည်။ လူများစွာသည် မျက်နှာဝင်းပသွားကြ၏။ အချို့ဆိုလျှင် ပျော်ရွှင်စွာ အော်ဟစ်၍ပင် အောင်ပွဲခံကြသည်။

“အားလုံးပြီးသွားပြီ...”

သို့သော် ဗုဒ္ဓဧကရာဇ်တို့က မျှော်လင့်ချက်မဲ့ကုန်ကြသည်။ သူတို့၏ အကြည့်များက ရှင်းမို၏ ပေါက်ကွဲသွားသော ခန္ဓာကိုယ်အပိုင်းအစများပေါ်တွင် မရှိဘဲ ကျန်းရီပေါ်၌သာ ရှိနေကြသည်။ သူတို့ လုံးဝမျှော်လင့်ချက်မဲ့ကုန်ကြခြင်းမှာ ကျန်းရီကြောင့်ဖြစ်သည်။

ကျန်းရီ၏ တစ်ကိုယ်လုံးက မည်းနက်လာပြီး အနက်ရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သူ၏ မျက်ဝန်းများကလည်း အသက်မဲ့ကာ မကြာခဏ အနက်ရောင်အလင်း တောက်ပလာသည်။ လူများစွာ၏ ကောင်းကင်စိတ်အာရုံများက ကျန်းရီကို အာရုံခံနေကြသည်။ သို့သော် သူတို့သည် ကျန်းရီ၏ စိတ်ဝိညာဉ်အရှိန်အဝါကို အာရုံမခံနိုင်ပါပေ။

ရှင်းမိုသည် ဝူနီ၏ ခန္ဓာကိုယ်ကို ဆက်မသုံးလို‌တော့ပေ။ ထို့ကြောင့် ကျန်းရီအား ထိုခန္ဓာကိုယ်ကို ဖျက်ဆီးခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ရှင်းမိုသည် ထိုခန္ဓာကိုယ်ကို ငါးစာအဖြစ် အသုံးချ၍ ကျန်းရီကို သူ၏စိတ်ဝိညာဉ်တိုက်ခိုက်မှုအပေါ် လျစ်လျူရှုအောင် လုပ်လိုက်ခြင်းဖြစ်သည်။

ရှင်းမို၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ကျန်းရီ၏ ခန္ဓာကိုယ်ကို ပူးကပ်၍ အပိုင်စီးရန် ဖြစ်သည်။

ကျန်းရီ၏ ခန္ဓာကိုယ်က အလွန်ပြီးပြည့်စုံသည်။ ထိုခန္ဓာကိုယ်သည် နဂါးညှိုးရော်မြက်ပင်၏ သန့်စင်မှုလည်း ခံထားရသလို တော်ဝင်သားရဲဆယ်ကောင်၏ သွေးစွမ်းအင်ကိုလည်း စုပ်ယူထားသည်။ ထို့ပြင် ကောင်းကင်မိုးကြိုးစွမ်းအားဖြင့်လည်း မွမ်းမံခံထားရသည်။ ကျန်းရီ၏ ခန္ဓာကိုယ်ထက် ပိုသန်မာသော ခန္ဓာကိုယ်ဆို၍ သူတော်စင်အင်ပါယာ၏ခန္ဓာကိုယ်သာ ရှိတော့သည်။ ထို့ပြင် ကျန်းရီက ဝူနီထက်ငယ်သည်။ ထိုခန္ဓာကိုယ်သည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးရှိ အပြီးပြည့်စုံဆုံး ခန္ဓာကိုယ်ပင်။ သို့ဖြစ်ရာ ရှင်းမိုက မည်သို့ အလိုမရှိဘဲ နေပါမည်နည်း။

ထိုအခိုက်တွင် ကျန်းရီ၏ ခန္ဓာကိုယ်က အနက်ရောင်အလင်း တောက်ပလာကာ အနက်ရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်ဝန်းများက အသက်ကင်းမဲ့နေသည်။ သူ့ထံတွင် သူ၏စိတ်ဝိညာဉ်အရှိန်အဝါ လုံးဝပျောက်ဆုံးနေပေပြီ။ ယင်းမှာ ကျန်းရီ၏ စိတ်ဝိညာဉ်က ရှင်းမို၏ စိတ်ဝိညာဉ်ကို မယှဉ်နိုင်ဟူသော အဓိပ္ပာယ်ပင်။ ကျန်းရီ၏ခန္ဓာကိုယ်က ရှင်းမို၏ခန္ဓာကိုယ် ဖြစ်သွားတော့ပေမည်။

လူများစွာသည် ကျန်းရီ၏ စိတ်ဝိညာဉ်က ပြောပလောက်အောင် စွမ်းအားကြီးကြောင်း သိရှိသွားကြသည်။ သူက နတ်ဘုရားဝိညာဉ်ကို စုစည်းနိုင်ခဲ့သည်မှာ မကြာသေးပေ။ သို့ဖြစ်ရာ ရှင်းမို၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အဘယ်သို့ ခုခံနိုင်ပါမည်နည်း။ ဗုဒ္ဓဧကရာဇ်သည်ပင် ထိုတိုက်ခိုက်မှုကို မခံနိုင်လောက်သည် မဟုတ်လော။

“ဟားဟား... ကျုပ်တို့က အရမ်းညံ့ခဲ့တာပဲ...”

ရွှမ်ဧကရာဇ်က သူ့ကိုယ်သူ လှောင်လိုက်သည်။ သူတို့သည် ကျန်းရီက ရှင်းမိုကို သတ်နိုင်လိမ့်မည်၊ ဆန်းကြယ်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ယခုတွင်မူ သူတို့၏ မျှော်လင့်ချက်များက လက်တွေ့ဘဝအရှေ့တွင် ပျက်စီးသွားပေပြီ။ သူတို့ခေါင်းထဲမှ စိတ်ကူးယဉ်အတွေးများကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

“မြန်မြန်... ကျန်းရီရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်”

ဗုဒ္ဓဧကရာဇ်က နာကျင်နေသော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။ ရှင်းမိုက ကျန်းရီ၏ခန္ဓာကိုယ်ကို အပြည့်အဝ သိမ်းပိုက်နိုင်လိုက်လျှင် တိုက်ပွဲက ပြီးဆုံးသွားပေလိမ့်မည်။ သို့သော် ကျန်းရီ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ရှင်းမို၏ စိတ်ဝိညာဉ်ကို မှီတွယ်ရာကင်းမဲ့သွားအောင် လုပ်လိုက်လျှင် အနိုင်ရနိုင်ရန် အခွင့်အရေး ရှိလောက်သေးသည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်သည် ခန္ဓာကိုယ်ဖျက်ဆီးခံလိုက်ရလျှင် ကျန်းရီ သေသွားမည်ကို သိသော်လည်း၊ ထိုအခါ ရီချန်က သူ့ကို တစ်သက်လုံး မုန်းနေတော့မည်ကို သိသော်လည်း ရင်နာမှုကို မျိုသိပ်၍ အော်ပြောလိုက်ရခြင်းဖြစ်သည်။

“ဘယ်သူ လုပ်ရဲလဲ”

ကျန်ရှောင်နူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါ ပြည့်နှက်နေသည်။ သူမက ဖုတ်ကောင်တစ်ကောင်ကို လွင့်ပျံထွက်သွားအောင် တိုက်ခိုက်ကာ ‌အော်ပြောလိုက်သည်။

“ကျွန်မ သခင်လေးရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားတဲ့သူတိုင်း အသတ်ခံရမယ်”

ဝုန်း...

သူတော်စင်အင်ပါယာသည် ဖုတ်ကောင်တစ်ကောင်ကို လက်သီးဖြင့် ထိုးပြီးနောက် ဗုဒ္ဓဧကရာဇ်ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။

“သူက ကျုပ်ရဲ့ အရှင်ငယ်ပဲ။ ဘုန်းကြီးအိုကြီး... ခင်ဗျား သူ့ကို ထိရဲရင် ထိကြည့်လိုက်”

“ဖူး...”

ဗုဒ္ဓဧကရာဇ်သည်လည်း ဖုတ်ကောင်တစ်ကောင်ကို လွင့်ပျံထွက်သွားအောင် လုပ်လိုက်ပြီး သွေးအန်လိုက်သည်။ အကျိုးအကြောင်းမသိသော အရူးနှစ်ယောက်ကြောင့် သူ ပြောစရာစကားပင် ပျောက်ဆုံးနေသည်။ သူ လူဆိုး ဆက်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သေရမည်ဆိုလျှင်လည်း အားလုံးအတူ အသေခံလိုက်ပေတော့မည်။

“ဟူး...”

ရွှမ်ဧကရာဇ်သည် ဗုဒ္ဓဧကရာဇ်၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်းသိ၏။ သို့သော် ယခုတွင် အားလုံးက ဒဏ်ရာအပြင်းအထန် ရထားကြပြီး ဖုတ်ကောင်များ၏ ဖိအား‌ပေး တိုက်ခိုက်မှုကို ခံနေရရာ မည်သူက ကျန်းရီ၏ ခန္ဓကိုယ်ကို ဖျက်ဆီးရန် စွမ်းအင်ကျန်ပါဦးမည်နည်း။ ထို့ပြင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထိုချပ်ဝတ်ကို မည်သူက ဖျက်ဆီးနိုင်မည်နည်း။

ဝုန်း...

ရွှမ်ဧကရာဇ်က ခေတ္တမျှ သတိလွတ်သွား၍ ဖုတ်ကောင်တစ်ကောင်သည် သူ၏နောက်ကျောကို ပြင်းထန်စွာ တိုက်ခိုက်နိုင်လိုက်သည်။ သူ၏ နံရိုးသုံးချောင်းက ကျိုးနေပြီးဖြစ်သည်။ ယခုတွင် နှစ်ချောင်း ထပ်ကျိုးသွားသည်။ သူသည်လည်း အဝေးသို့ လွင့်ပျံထွက်သွားသည်။ သို့သော် သူ့မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောက်တစ်ချက်ပင် ပေါ်မလာချေ။ သူသည် ဝေဝါးနေသော မျက်လုံးများဖြင့် မည်းမှောင်နေသော ကောင်းကင်ကို မော့ကြည့်ကာ ခါးသက်သက်ပြုံး၍ ရေရွတ်လိုက်သည်။

“အရှင်မဖျောင်ဖျောင်... ကျုပ်က အသုံးမကျပါဘူး။ ကျုပ်က အရှင်မကို မကယ်နိုင်ခဲ့ဘူး။ အခုလည်း အရှင်ငယ်ကို မကယ်နိုင်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တမလွန်လောကကို အရှင်ငယ်တစ်ယောက်တည်း မသွားစေရပါဘူး”

“အား...အား...”

ရုတ်တရက် အော်သံများ ထွက်လာ၍ ရွှမ်ဧကရာဇ် သတိပြန်ကပ်သွားသည်။ အော်သံထွက်ပေါ်ရာသို့ လှမ်းကြည့်ပြီးနောက် သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ထွက်ပေါ်လာလေသည်။

ကျန်းရီက နာကျင်တကြီး အော်ဟစ်နေသည်။ သူ၏ ကြွက်သားများက ဖောင်းကြွနေပြီး သူ့မျက်လုံးများက လင်းသွားလိုက်၊ မည်းနက်သွားလိုက် ဖြစ်နေသည်။ သူသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေပုံပင်။ သူ၏စိတ်ဝိညာဉ်နှင့် ရှင်းမို၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် တိုက်ခိုက်နေကြသည်။

ရွှီး...

ကျန်းရီ၏ ရင်ဘတ်ပေါ်တွင် ရွှေရောင်လင်းလက်လာသည်။ နောက်ဆုံးတွင် ကျန်းရီသည် ရွှမ်ဧကရာဇ်က သူ့အား ပေးထားသော ကောင်းကင်စွမ်းအားကို ထုတ်သုံးပေပြီ။ ရွှမ်ဧကရာဇ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။

ကောင်းကင်စွမ်းအားကို သုံးလျှင် ကျန်းရီထံ၌ နိုင်နိုင်ခြေ ရှိလောက်သေးသည်။ ရှင်းမို၏စိတ်ဝိညာဉ်ကို ဖိနှိပ်နိုင်လောက်သေးသည်။ ကောင်းကင်စွမ်းအားဆိုသည်မှာ နတ်ဘုရားအစစ်အမှန်တစ်ပါး၏ နတ်ဘုရားအတွင်းအား မဟုတ်ပါလား။

“အရှင်ငယ်... အရှင်ငယ် နိုင်ရမယ်”

ရွှမ်ဧကရာဇ်က အင်အားကုန်သုံး၍ အော်လိုက်သည်။ တိုက်ပွဲအစစ်အမှန်က ယခုမှ စပေပြီ။ ကျန်းရီနှင့် ရှင်းမိုတို့က ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တိုက်ခိုက်နေကြသည်။ ထိုတိုက်ပွဲ၏ ရလဒ်က ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးပေလိမ်မ့ည်။

***

All Chapters