← Chapters

အစီအစဉ်အတိုင်း မလုပ်ဆောင်ခြင်း *

Vol. 91 Ch. 1271

အစီအစဉ်အတိုင်း မလုပ်ဆောင်ခြင်း *

Vol. 91 Ch. 1271

ကျန်းရီသည် အမှန်ပင် သူ၏ခန္ဓာကိုယ်အတွက် ရှင်းမိုနှင့် အားပြိုင်နေရသည်။ ရှင်းမိုက ဝူနီ၏ခန္ဓာကိုယ်ကို လုံးဝစွန့်ပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ရယူရန် ကြိုးစားလိမ့်မည်ဟု ကျန်းရီ မထင်ခဲ့ပေ။ ရှင်းမိုက မည်သည့်စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုမှ အသုံးမပြုခဲ့ဘဲ ဆန်းကြယ်စွမ်းရည်တစ်ခုကို အသုံးပြု၍ သူ၏မူလစိတ်ဝိညာဉ်ကို ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပို့လွှတ်ခဲ့သည်။

အစောတွင် ကျန်းရီသည် ရှင်းမို၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ၏စိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်ခင်တွင် သူက ရှင်းမို၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု လောင်းကြေးထပ်ခဲ့သည်။ သူ နိုင်သွားကြောင်း သံသယဖြစ်စရာ မရှိပေ။ ရှင်းမို၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး သူ့စိတ်ဝိညာဉ်က အကောင်းအတိုင်း ရှိနေသေးသည် မဟုတ်ပါလား။ သို့သော် ယခုတွင် ရှင်းမို၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းရန် ကြိုးစားနေပေသည်။

ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ထူထပ်သော အနက်ရောင်အရှိန်အဝါတစ်ခု ပြည့်နှက်နေသည်။ ထို့ပြင် ဩဇာကြီးသော အရှိန်အဝါတစ်ခုကလည်း သူ၏ မူလစိတ်ဝိညာဉ်အတွင်း ဝင်ရောက်လာသည်။ ထိုအရှိန်အဝါက မဟာအရှင်သခင်တစ်ပါးကဲ့သို့ စွမ်းအားကြီးသည်။ ကျန်းရီသည် ၎င်းကို မဆန့်ကျင်ဝံ့သလို ဆန့်ကျင်နိုင်သည့် စွမ်းအင်လည်း မရှိပေ။ ရုတ်ခြည်းအတွင်းမှာပင် ကျန်းရီ၏ မူလစိတ်ဝိညာဉ်ကို ရှင်းမိုက အပိုင်သိမ်းလိုက်နိုင်သည်။ ကျန်းရီသည် တဖြည်းဖြည်း အသိစိတ်လွတ်လာတော့သည်။

သို့သော် မီးဝိညာဉ်ပုလဲက ကျန်းရီကို အလိုလို ကာကွယ်ရန် ကြိုးစားလာပြီး အရင်းအမြစ်မသိရသော စွမ်းအင်တစ်ခုကို ထုတ်ပေးလာသည်။ ကျန်းရီသည် ထိုစွမ်းအင်ကို အသုံးပြု၍ အသိစိတ်ကို ပြန်နှိုးရန် ကြိုးစားလိုက်သည်။ သူ၏ အားကောင်းသည့် ရှင်သန်လိုသောဆန္ဒကို သူ၏ခေါင်းမာမှုနှင့် ပေါင်းစည်းလိုက်သောအခါ သူသည် အစွမ်းကုန်သုံး၍ စတင် ရုန်းကန်လေတော့သည်။ သူ၏မူလစိတ်ဝိညာဉ်ကို ပြန်ထိန်းချုပ်နိုင်ရန်လည်း စတင်တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် အစောတွင် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားခြင်းဖြစ်သည်။

‘ကောင်းကင်စွမ်းအား’

ကျန်းရီသည် တစ်ချက်ပင် မတုံ့ဆိုင်းဘဲ သူပိုင်ဆိုင်ထားသည့် ကောင်းကင်စွမ်းအား အနည်းငယ်ကို အသုံးပြုလိုက်သည်။ ယခုက အလွန်အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။ သူ၏ မူလစိတ်ဝိညာဉ်သာ အပြည့်အဝ သိမ်းပိုက်ခံလိုက်ရလျှင် သူ အသိစိတ်ပျောက်သွားပြီး သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာက ရှင်းမို၏အပိုင် ဖြစ်သွားပေလိမ့်မည်။

ထိုအခါ ရှင်းမိုက ကျန်းရီ၏ သန်မာသောခန္ဓာကိုယ်ကို အသုံးပြု၍ ကျန်းရီ ဂရုစိုက်သော လူအားလုံးကို သတ်ပစ်ပေလိမ့်မည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူသားအားလုံးလည်း ကျွန်ပြုခံရမည်ဖြစ်သည်။

ကောင်းကင်စွမ်းအားက အနည်းငယ်သာ ဖြစ်သော်လည်း အလွန်စွမ်းအားကြီးသည်။ ၎င်းတွင် လွန်စွာအားကောင်းသောစွမ်းအင် ပါဝင်သည်။ သူက ကောင်းကင်စွမ်းအားကို ထိန်းချုပ်လိုက်သောအခါ ၎င်းသည် ရွှေရောင်စွမ်းအင်ဖြစ်လာကာ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်သွားလေသည်။

ရွှီး...

ကျန်းရီ၏ ဓားပုံစံ စိတ်ဝိညာဉ်က ချက်ချင်း လင်းလက်လာသည်။ အစောတွင် ၎င်းကို အနက်ရောင်အရှိန်အဝါက လွှမ်းခြုံထားခဲ့သည်။ သို့သော် ယခုတွင် ကျန်းရီသည် ၎င်း၏သုံးပုံတစ်ပုံကို အနက်ရောင်အရှိန်အဝါအပြင်သို့ ထုတ်နိုင်လိုက်ပြီဖြစ်သည်။ ထိုသုံးပုံတစ်ပုံက ရွှေရောင်အလင်း လင်းလက်လာသည်။ ကျန်သုံးပုံနှစ်ပုံသည် ရှင်းမို၏ ထိန်းချုပ်မှုအောက်တွင်ပင် ရှိနေသေးသည်။ ထိုအပိုင်းများက မည်းနက်နေပြီး ဖုတ်ကောင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“ဟားဟားဟား... ကျန်းရီ ခုခံမနေပါနဲ့တော့။ အဲ့ကောင်းကင်စွမ်းအားကတောင် မင်းကို မကယ်နိုင်ပါဘူး။ ကောင်းကင်စွမ်းအားဆိုတာ အဆင့်မြင့်တဲ့ အတွင်းအားပုံစံတစ်မျိုးပဲ... အဲ့ဒါကို ဘယ်တော့မှ စိတ်ဝိညာဉ်နဲ့ ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်က နတ်ဘုရားလိပ်ပြာ ဖြစ်နေပြီ။ မင်းရဲ့ ပမွှားစိတ်ဝိညာဉ်လေးက ငါ့နတ်ဘုရားလိပ်ပြာကို ယှဉ်နိုင်ပါ့မလား”

အသံမဲ့ အတွေးတစ်ခု ရောက်ရှိလာပြီး ကျန်းရီ၏ မူလစိတ်ဝိညာဉ် သုံးပုံနှစ်ပုံက အနက်ရောင်အလင်း တောက်ပသွားသည်။ ထို့နောက် အနက်ရောင်အလင်းက အနက်ရောင်အခိုးအငွေ့ဖြစ်လာကာ ကျန်းရီထိန်းချုပ်ထားသော မူလစိတ်ဝိညာဉ်အပိုင်းဆီသို့ ရွေ့လျားသွားသည်။ ထိုအပိုင်းလေးသည် တဖြည်းဖြည်းမှိန်လာပြီး ရွှေရောင်စွမ်းအင်လည်း လျင်မြန်စွာ ကုန်ဆုံးလာသည်။ ရှင်းမို၏စကားက မှန်၏။ ကောင်းကင်စွမ်းအားမှာ စိတ်ဝိညာဉ်စွမ်းအင် မဟုတ်ပေ။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်နှင့် မယှဉ်နိုင်နိုင်ချေ။ ကျန်းရီ၏ စိတ်ဝိညာဉ်ကလည်း ရှင်းမို၏ စိတ်ဝိညာဉ်နှင့် ယှဉ်သောအခါ အလွန်အားနည်းနေသည်။

‘အခြေအနေကဆိုးပြီ။ ဘာလို့ မီးနဂါးဓားရဲ့ အသုံးအဆောင်ဝိညာဉ်က ထွက်လာပြီး မကူညီပေးသေးတာလဲ’

ကျန်းရီသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်က အားနည်းလာကြောင်းကို ခံစားလိုက်ရသောအခါ ထိတ်လန့်လာသည်။ ယခင်တွင် သူ့စိတ်ဝိညာဉ်က မေ့ရူ၏ ထိန်းချုပ်မှုကို ခံရ‌တော့မည့်အခိုက်၌ မီးနဂါးဓား၏ အသုံးအဆောင်ဝိညာဉ်က သူ့မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် နတ်ဘုရားဇီဝိန်ခြွေ ထုတ်လွှတ်ခဲ့သည်။ ထို့ပြင် အသုံးအဆောင်ဝိညာဉ်သည် မေ့ရူကို ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်သွားအောင်လည်း လုပ်ခဲ့သည်။

‘မင်းက ဒီလိုစွမ်းအားကြီးရတနာတစ်ခုကို ပိုင်ဆိုင်ထားတာတောင် ဘယ်လိုအသုံးပြုရမလဲ မသိဘူး။ မင်းက ကိုယ့်ရဲ့မူလစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့တောင် တွေးခဲ့သေးတယ်ပေါ့လေ။ ဒီစိတ်ဝိညာဉ်ဓားကို ဘယ်လိုသုံးရတယ်ဆိုတာ ကြည့်ထား’

ကျန်းရီသည် အသုံးအဆောင်ဝိညာဉ် ပြောခဲ့သော စကားများကို ရှင်းလင်းစွာ မှတ်မိနေဆဲပင်။ ထိုဓားပုံစံ စိတ်ဝိညာဉ်က အလွန်စွမ်းအားကြီးကြောင်းကိုလည်း သူသိသည်။ ပြဿနာမှာ ၎င်းအား မည်သို့အသုံးပြုရမည်ကို သူ မသိခြင်းပင်။ ထို့ပြင် ရှင်းမို၏ စိတ်ဝိညာဉ်နှင့် အရှိန်အဝါက မီးနဂါးဓားလေးထဲသို့ ရောက်နေပြီဖြစ်သည်။ ကျန်းရီတွင် လွတ်လမ်း မရှိတော့ပေ။

‘အသုံးအဆောင်ဝိညာဉ်... မြန်မြန် ထွက်လာခဲ့ပါ’

ကျန်းရီသည် ရင်ထဲမှ အဆက်မပြတ် အော်ခေါ်နေသည်။ ရှင်းမိုက တိုက်ခိုက်လိုက်တိုင်း ကောင်းကင်စွမ်းအား၏ ရွှေရောင်စွမ်းအင်က အားနည်းလာသည်။ ထိုစွမ်းအင် ကုန်သွားလျှင် ကျန်းရီ အသိစိတ် ပျောက်ကွယ်သွားပေတော့မည်။ ထိုအခါ ကျန်းရီ၏ စိတ်ဝိညာဉ်က အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံရပေလိမ့်မည်။

သို့သော်...

ကျန်းရီက အကြိမ်ဒါဇင်အနည်းငယ်မျှ ရင်ထဲမှ အော်ခေါ်ပြီးသော်လည်း အသုံးအဆောင်ဝိညာဉ် ထွက်မလာသေးပေ။ ၎င်းက သူ၏အော်သံများကို မကြားခြင်း သို့မဟုတ် လက်ရှိသခင်ကို စိတ်ပျက်နေ၍ ရှင်းမိုနောက်သို့လိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ပေသည်။

‘ဟွန်း.. ရှင်းမို... ငါသေရမယ်ဆိုရင်တောင် မင်း ဖြစ်စေချင်သလို မဖြစ်စေရဘူး’

နောက်ဆုံးအခိုက်အတန့်တွင် ကျန်းရီသည် နှာမှုတ်၍ နောက်ဆုံးနည်းလမ်းဖြစ်သော မိမိ၏မူစိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်မည့် နည်းလမ်းကို သုံးရန် ဟန်ပြင်လိုက်သည်။ သူ၏ မူလစိတ်ဝိညာဉ်က ပေါက်ကွဲသွားလျှင် ရှင်းမိုသည် သူ့မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ ထိုအခါ ကျန်းရီ၏ ခန္ဓာကိုယ်ကိုလည်း ရ‌တော့မည် မဟုတ်ချေ။

ကျန်းရီသည် သူ မူလစိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်မည့် အခိုက်အတန့်တွင် အသုံးအဆောင်ဝိညာဉ်က ထွက်လာပြီး သူ့အား ကာကွယ်မည်လောကိုလည်း သိလိုနေသည်။ အသုံးအဆောင်ဝိညာဉ် ထွက်မလာလျှင် သူ့စိတ်ဝိညာဉ်က အမှန်ပင် ပျက်စီးသွားပေလိမ့်မည်။

ရွှီး...

ကျန်းရီ၏ မူလစိတ်ဝိညာဉ်သည် မီးတောက်များ တောက်လောင်လာပြီး ပေါက်ကွဲတော့မလို ဖြစ်လာသည်။

“ဟားဟားဟား”

ရှင်းမို၏ ကျယ်လောင်စွာ ရယ်လိုက်သံက ကျန်းရီ၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“မင်းက ကိုယ့်စိတ်ဝိညာဉ်ကိုကိုယ် ဖောက်ခွဲပစ်ချင်တာပေါ့လေ။ ကဲ... ကြိုးစားကြည့်ပါဦး။ ငါက မင်းရဲ့ စိတ်ဝိညာဉ် မရှိတော့ရင်လည်း မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်တယ်။ ငါ့စိတ်ဝိညာဉ်က နတ်ဘုရားလိပ်ပြာအဆင့်ကို ရောက်နေပြီကွ။ မင်းစိတ်ဝိညာဉ် ပျက်စီးသွားလည်း ငါက နောက်ထပ် မူလစိတ်ဝိညာဉ်တစ်ခုကို အလွယ်တကူ စုစည်းလိုက်ရုံပဲ။ ကျန်းရီ... ငါက မင်းရဲ့ခန္ဓာကိုယ်နဲ့ ကောင်းကောင်းပေါင်းစည်းမှာပါ။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ မဟာဧကရာဇ်ရဲ့ ခန္ဓာကိုယ် ဖြစ်လာမှာ”

“အာ...”

ကျန်းရီသည် ခေတ္တမျှ မှင်တက်သွား၏။ သို့သော် စိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်မည့် ကိစ္စကိုတော့ မရပ်လိုက်ပေ။ သူသည် ရှင်းမို၏ စကားများကို မယုံပေ။ ထို့ပြင် အသုံးအဆောင်ဝိညာဉ် ထွက်လာအောင်လည်း ဖိအားပေးလိုနေသေးသည်။

“အရူး...”

ကျန်းရီ၏ အတွေးထဲတွင် အေးစက်စက်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့ စိတ်ဝိညာဉ်တစ်ခုလုံးလည်း အပြင်းအထန် တုန်ခါသွားသည်။ နောက်ဆုံးတွင် သူသည် အသုံးအဆောင်ဝိညာဉ် ထွက်လာအောင် ဖိအားပေးနိုင်ခဲ့ပေပြီ။

သို့သော်...

အသုံးအဆောင်စိတ်ဝိညာဉ် ဆက်ပြောလိုက်သော စကားက ကျန်းရီကို မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။

“မင်းက ငါ့ကို မင်းအတွက် ထပ်ကူညီစေချင်တာလား။ ဟားဟား... ကောင်လေး.. အရင်တစ်ခေါက်က ငါညွှန်ပြပေးပြီးတာတောင် မင်းက ဒီလိုပမွှားလေးတစ်ယောက်ကို မယှဉ်နိုင်သေးဘူးဆိုတော့.. မင်းက မီးနဂါးဓားနဲ့ မထိုက်တန်ဘူး။ ကဲ... မင်းရဲ့ စိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်လိုက်ပါ။ ငါ မီးနဂါးဓားကို နောက်သခင်တစ်ယောက် ရှာခွင့်ပေးလိုက်မယ်။ မင်းလို ငတုံးက မီးနဂါးဓားရဲ့သခင်ဖြစ်ဖို့ မထိုက်တန်ဘူး”

“လခွမ်း...”

အသုံးအ‌ဆောင်ဝိညာဉ်က အစီအစဉ်အတိုင်း မလုပ်ဆောင်ပေ။ ကျန်းရီ လုံးဝဆွံ့အသွားသည်။ ထို့ပြင် ၎င်းအသုံးအဆောင်ဝိညာဉ်က ရူးနေပေပြီ။

ပမွှားလေးတစ်ယောက် ဟုတ်သလော။

ရှင်းမိုက ပမွှားလေးတစ်ယောက်လော။ ရှင်းမိုမှာ နတ်ဘုရားအစစ်အမှန်အဆင့်ကို ရောက်နေသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပေ။ ကျန်းရီ မဆိုထားနှင့် ဆန်းကြယ်ဧကရာဇ်သည်ပင် ရှင်းမိုကို ရင်ဆိုင်ရန် အခက်တွေ့လောက်သည်။

သို့သော် အသုံးအဆောင်ဝိညာဉ်၏ စကားများက မီးနဂါးဓားပုံစံ စိတ်ဝိညာဉ်မှာ အမှန်ပင် ရတနာတစ်ခုဖြစ်ကြောင်း ကျန်းရီကို အသိပေးလိုက်သည်။ သူ၏ စိတ်ဝိညာဉ်က ရှင်းမို၏ စိတ်ဝိညာဉ်ကို ယှဉ်နိုင်လောက်သည်။ ရုတ်တရက် ကျန်းရီ၏ ရင်ထဲတွင် မျှော်လင့်ချက် ပြန်ရှိလာသည်။ ထို့ကြောင့် သူသည် အသည်းအသန် တွေးတော၍ လွတ်လမ်းတစ်ခုကို ရှာဖွေရန် ကြိုးစားလိုက်သည်။

‘ငါ့ရဲ့ စိတ်ဝိညာဉ်က ဘာတွေများ ထူးခြားနေတာလဲ’

ရုတ်ခြည်းအတွင်းမှာပင် ကျန်းရီသည် သူ့စိတ်ဝိညာဉ်၏ ဝိသေသလက္ခဏာအားလုံးကို တွေးတောလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့်ကိစ္စအားလုံးကိုလည်း ပြန်တွေးတောလိုက်သည်။ အတိတ်တွင် သူ၏ဒန်တျန်က ချိပ်ပိတ်ခံထားခဲ့ရသည်။ ထို့နောက် ချိပ်စည်း ပျက်သွားပြီး အမည်မဲ့ကျင့်စဉ်၏ ပထမအဆင့် ထွက်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် ကျန်းရီသည် အနက်ရောင်အတွင်းအားကို ကျင့်ကြံခဲ့သည်။ ပြီးနောက် သူ မီးဝိညာဉ်လဲကို ရရှိခဲ့ပြီး သူ၏ဒန်တျန်က ပြောင်းလဲသွားကာ ကြယ်စက်လုံးကိုးလုံး ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် သူ၏စိတ်ဝိညာဉ်က မီးနဂါးဓားပုံစံ ပြောင်းလဲသွားခဲ့သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲရှိ စမ်းချောင်းဝါလမ်းကြောင်းတွင်လည်း သူ၏ သက်တန့်ဝိညာဉ်လှံက ကိုးရောင်ခြယ်ဝိညာဉ်လှံအဖြစ် ပြောင်းလဲကာ သူ၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားပြီး ယနေ့ပုံစံ ဖြစ်လာခဲ့သည်။

‘အားလုံးက အမည်မဲ့ကျင့်စဉ်ကနေ အစပြုခဲ့တာပဲ။ အဲ့ကျင့်စဉ်က မိးဝိညာဉ်ပုလဲ၊ မီးနဂါးဓား၊ ဆန်းကြယ်နတ်ဘုရားဓား၊ ဓားပုံစံ စိတ်ဝိညာဉ်တို့နဲ့ ဆက်နွယ်မှုတစ်ခု ရှိရမယ်။ အဲ့တော့ ဓားပုံစံ စိတ်ဝိညာဉ်ကို ထိန်းချုပ်ဖို့ ငါ အမည်မဲ့ကျင့်စဉ်ကနေ စရမယ်’

ထိုအခိုက်တွင် ကျန်းရီသည် အရာများစွာကို သဘောပေါက်လာသည်။ တိမ်ပြယ်လျှင် ကောင်းကင်ပြာကို ပြန်မြင်လာရမည်သာ။

သို့သော် ထိုခံစားချက်တစ်ခုတည်းက ကျန်းရီကို ကယ်တင်နိုင်မည် မဟုတ်ပေ။ ကျန်းရီသည် အမည်မဲ့ကျင့်စဉ်၏ ပုံသေနည်းများကို ထပ်ခါထပ်ခါ တွေးတောလိုက်သည်။ ထိုအခိုက်တွင် သူသည် ရှင်းမိုနှင့် သူ့စိတ်ဝိညာဉ်သုံးပုံတစ်ပုံထဲရှိ ရွှေရောင်စွမ်းအင် ကုန်ဆုံးတော့မည်ကို မေ့လျော့သွားသည်။ သူ့အသိစိတ်က ပျောက်ကွယ်တော့မည်ကိုလည်း လုံးဝမေ့လျော့သွားသည်။ သူသည် လွတ်လမ်းတစ်ခု ရှာနိုင်ရန် အမည်မဲ့ကျင့်စဉ်အပေါ်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

ရွှီး...

ကျန်းရီသည် အမည်မဲ့ကျင့်စဉ် ပုံသေနည်းများကို ထပ်ခါထပ်ခါ တွေးတောရင်း လွတ်လမ်းရှာနေချိန်တွင် မီးနဂါးဓားလေးပေါ်မှ မီးနဂါးသုံးကောင်က စတင်ရွေ့လျားလာသည်။ ၎င်းတို့သည် တစ်ကောင်ကိုတစ်ကောင် ရစ်ပတ်သွားကြသည်။ မီးနဂါးဓားလေးကလည်း ရုတ်တရက် အနက်ရောင်အလင်း ခပ်ဖျော့ဖျော့ လင်းလက်လာသည်။

ထိုအကြောင်းကို ကျန်းရီသာ သိသွားပါက သေချာပေါက် အလွန်အံ့အားသင့်သွားပေလိမ့်မည်။ ထိုအလင်းခပ်ဖျောဖျော့မှာ အမှန်တွင် ရှေးဟောင်းတံဆိပ်စာဖြင့် ရေးထားသော အနက်ရောင်စာလုံးများပင်။ ထိုအခိုက်တွင် တံဆိပ်စာလုံးများက မီးနဂါးဓားလေးမှ အဆက်မပြတ် ပျံထွက်လာနေပြီး ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လွတ်လပ်စွာ ပျံဝဲနေလေသည်။

***

All Chapters