← Chapters

သတ်ဖြတ်လက်နက်ကြီး

Vol. 92 Ch. 1272

သတ်ဖြတ်လက်နက်ကြီး

Vol. 92 Ch. 1272

“ဒါက...”

တံဆိပ်စာလုံးများ ထွက်ပေါ်လာ‌သောအခါ ရှင်းမို၏ စိတ်ဝိညာဉ်က ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်။ သူသည် ကျန်းရီ၏ စိတ်ဝိညာဉ်အား တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိုတံဆိပ်စာလုံးများထံသို့ ဖုတ်ကောင်အရှိန်အဝါ ပို့လွှတ်လိုက်သည်။ ၎င်းတို့က မည်သည့်အရာများဖြစ်ကြောင်း သူ သိလိုပေသည်။

ရွှီး...

ဖုတ်ကောင်အရှိန်အဝါသည် တံဆိပ်စာလုံးများကို ထိသွားသောအခါ စာလုံးများပေါ်မှ အနက်ရောင်အလင်းကြောင့် ရုတ်ခြည်း အပိုင်းပိုင်း ပြတ်တောက်သွားသည်။ ထို့ကြောင့် တံဆိပ်စာလုံးများက မည်သည့်အရာများဖြစ်ကြောင်း ရှင်းမို မသိရှိနိုင်တော့ပေ။

“ဒါက သေချာပေါက် ကောင်းကင်ကြယ်တာရာနယ်နမိတ်က မဟုတ်ဘူး။ အထက်ဘုံကများလား”

ရှင်းမို၏ စိတ်ဝိညာဉ်သည် အတန်ငယ် တုန်ယင်သွားပြီး အန္တရာယ်ကို ရုတ်ခြည်း ခံစားလိုက်ရသည်။ အကယ်၍ ထိုစာလုံးများက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ ဆန်းကြယ်စွမ်းရည် သို့မဟုတ် ရတနာတစ်ခု ဖြစ်ပါက သူ အရေးစိုက်မည် မဟုတ်ချေ။ သူ၏ စိတ်ဝိညာဉ်က နတ်ဘုရားလိပ်ပြာအဆင့်ကို ရောက်နေပြီဖြစ်ပြီး နတ်ဘုရားအစစ်အမှန်တစ်ပါး၏ စိတ်ဝိညာဉ်နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် သာမန်ဆန်းကြယ်စွမ်းရည်များနှင့် ရတနာများက သူ၏စိတ်ဝိညာဉ်ကို သတ်နိုင်မည် မဟုတ်ပေ။ သို့သော် အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်များနှင့် ရတနာများကတော့ သူ့စိတ်ဝိညာဉ်ကို သတ်နိုင်လောက်သည်။

“သတ်...”

ရှင်းမို၏ စိတ်ဝိညာဉ်က ငွေရောင်တစ်ချက် လက်သွား၏။ သူ ဆက်၍ အချိန်ဆွဲမနေနိုင်တော့ပေ။ ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်ရှားပါးကာ အသုံးဝင်မှုများစွာရှိ၍ သူ ၎င်းကို မဖျက်ဆီးပစ်လိုခဲ့သော်လည်း ယခုတွင်မူ ရွေးချယ်စရာ မရှိတော့ဘဲ ဖျက်ဆီးပစ်ရပေတော့မည်။

ရွှစ်...ရွှစ်...

ရှင်းမို၏ စိတ်ဝိညာဉ်သည် အနက်ရောင်မီးခိုးတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ကျန်းရီ၏ ဓားပုံစံ စိတ်ဝိညာဉ်ထဲမှ ပျံထွက်သွား၏။ ယင်းနောက် ၎င်းသည် ဧရာမတူကြီးတစ်လက်အဖြစ် ပုံစံပြောင်းသွားကာ ကျန်းရီ၏ စိတ်ဝိညာဉ်ကို ထုချလိုက်သည်။ ရှင်းမို၏ တူကြီးက ဝိညာဉ်ပုံရိပ် မဟုတ်ပေ။ ၎င်းက သူ၏ နတ်ဘုရားလိပ်ပြာမှ ဖြစ်လာသော ဒြပ်ထည်ရှိအရာဝတ္ထုတစ်ခုဖြစ်သည်။ ထိုတူနှင့် အထုခံရလျှင် ဗုဒ္ဓဧကရာဇ်၏ စိတ်ဝိညာဉ်အပါအဝင် မည်သည့်အရာမဆို ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ သို့ဖြစ်ရာ ကျန်းရီ၏ စိတ်ဝိညာဉ်ကရော ခံနိုင်ပါမည်လော။

“ကျယ်ပြောတဲ့ မိုးမြေထဲမှာ တာအိုသည်သာ ထာဝရဖြစ်တယ်။ ကောင်းကင်စည်းမျဉ်း၏ သက်သေကို ရဖို့ မိမိကိုယ်ကိုယ် ကျင့်ကြံရမယ်...”

ထိုအခိုက်တွင် ဒါဇင်ချီသော တံဆိပ်စာလုံးများသည် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ပျံသန်း၍ ရုတ်တရက် စီတန်းကာ အမည်မဲ့ကျင့်စဉ်၏ ပုံသေနည်းကို ရေးသားလိုက်သည်။ ထို့နောက် ၎င်းတို့သည် ပြန်၍ စာစီလိုက်သည်။ နောက်ဆုံး၌ ဧရာမ‘တာအို’စာလုံးကြီး ထွက်ပေါ်လာလေသည်။

‘အဲ့ဒါက တကယ်ကို အထက်ဘုံက ဆန်းကြယ်စွမ်းရည်တစ်ခုပဲ’

ရှင်းမိုသည် ‘တာအို’စာလုံးကို ကြည့်လိုက်၏။ ထိုစာလုံးက အကန့်အသတ်မဲ့သော ဖိအားနှင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဩဇာအကြီးဆုံး အရှိန်အဝါကို ထုတ်လွှတ်နေသည်ဟု သူ ခံစားနေရသည်။ ထိုစာလုံးအရှေ့တွင် ရှင်းမို၏ တူက လှုပ်ပင် မလှုပ်နိုင်တော့ချေ။ ‘တာအို’စာလုံးမှာ ကောင်းကင်ကဲ့သို့၊ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ရှင်းမိုသည် သေမျိုးတစ်ယောက်သာ ဖြစ်သည်။ ‘တာအို’ စာလုံးနှင့် ရင်ဆိုင်ရသောအခါ သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ ထိုစာလုံးက သူ့ကို အလွယ်တကူ ဖိချေပစ်နိုင်ပေသည်။

‘ကျန်းရီရဲ့ ဇာစ်မြစ်ကဘာလဲ။ ဘာလို့ သူက ဒီလိုကြောက်စရာကောင်းတဲ့ အထက်ဘုံက ဆန်းကြယ်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားရတာလဲ’

ရှင်းမိုသည် အံ့ဩတုန်လှုပ်ကာ မယုံနိုင်ဖြစ်နေသည်။ ဤအဆင့်အနိမ့်ဆုံးဘုံ ကောင်းကင်ကြယ်တာရာနယ်နမိတ်လေးထဲတွင် နတ်ဘုရားအစစ်အမှန်တစ်ပါးက ပြိုင်ဘက်ကင်းပင်။ ထို့ကြောင့် ရှင်းမိုသည် ဤနေရာတွင် သူ့ကို ယှဉ်နိုင်သူမရှိဟု ယူဆခဲ့သည်။ သူ့တွင် စစ်မှန်သော နတ်ဘုရားဝိညာဉ် ရှိနေသည် မဟုတ်ပါလား။ သို့သော် ဤဘုံလေးထဲတွင် အထက်ဘုံမှ ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက် အမှန်ပင်ရှိနေသည်လော။ ထို့ပြင် ယင်းကျင့်စဉ်က အလွန်အစွမ်းထက်သဖြင့် သူ ၎င်းကို မယှဉ်နိုင်လောက်ပေ။

‘ပြေးတော့...’

ရှင်းမိုသည် အရဲမကိုးပေ။ အစောတွင် တံဆိပ်စာလုံးများက သူ့ကို အန္တရာယ်အငွေ့အသက် ခံစားရစေခဲ့သည်။ ယခု ထို‘တာအို’စာလုံးက သူ့ကို လုံးဝ မျှော်လင့်ချက်မဲ့သွားစေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအားများက အသည်းအသန်စုဝေး၍ သူ့တူကို ဝန်းရံစေလိုက်သည်။ တူက မီးတောက်လာပြီး ‘တာအို’စာလုံးကို ထုချလိုက်လေသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်အရှိန်အဝါတန်းတစ်ခုက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှနေ၍ ခိုးကြောင်ခိုးဝှက် ထွက်သွားသည်။

ရှင်းမိုက အလွန်ဉာဏ်ကောင်းသည်။ သူက သူ့စိတ်ဝိညာဉ်မှ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်လိုက်ခြင်းပင်။ ထိုအစိတ်အပိုင်းက ရှင်သန်နေသ၍ သူ အခြားခန္ဓာကိုယ်တစ်ခုကို ပူးကပ်ကာ ပြန်ဦးမော့လာနိုင်ရန် စီစဉ်နိုင်ပေသည်။

ဂျိန်း...ဂျိန်း...ဂျိန်း...

‘တာအို’စာလုံး ထွက်ပေါ်လာချိန်တွင် နှင်းဒေသထဲ၌ လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ ရွေ့လျားသွားသည်။ မိုးချုန်းကာ လျှပ်စီးများလည်းလက်လာသည်။ ထို့နောက် မိုးမြေအတွင်းအားသည် ကျန်းရီထံသို့ ရွေ့လျားစီးဆင်းသွားသည်။ ကျန်းရီ၏ ခန္ဓာကိုယ်မှနေ၍ ကြောက်ရွံ့မွန်းကြပ်ဖွယ် အရှိန်အဝါတစ်ခုလည်း ထွက်လာသည်။ ထိုအခိုက်တွင် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများအားလုံး လှုပ်ရှားမှုရပ်တန့်သွားကြသည်။ ကျန်းရီသည် မိစ္ဆာတစ်သောင်းကို သိမ်းသွင်းနိုင်သော နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ပင်။

“မကောင်းတော့ဘူး”

ရှင်းမုန့်ဝမ်က အပြင်းအထန် ဒဏ်ရာရထားသည်။ လက်ရှိတွင် သူမသည် ကောင်းကင်တမလွန်ဂိုဏ်းမှ စွမ်းအားကြီး သိုင်းပညာရှင်များ၏ အကာအကွယ်ဖြင့် ဒဏ်ရာကုသနေသည်။ အစောတွင် သူမသည် အောင်ပွဲက လက်တစ်ကမ်းအကွာတွင် ရှိနေခဲ့ပြီဟု တွေးခဲ့၍ အခြေအနေကို များစွာအာရုံမစိုက်ခဲ့ချေ။ ယခုတွင်မူ သူမ သတိကပ်သွားပေပြီ။ သူမ၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။ အခြေအနေကို ပြောင်းလဲသွားစေမည့် အရာများ ဖြစ်ပေါ်လာပေပြီ။

“ဒါက...”

ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားသူများအားလုံးက မြေပေါ်သို့ ရောက်နေကြပြီဖြစ်သည်။ သူတို့သည် ထပ်မံပျံတက်၍ ဆက်တိုက်ခိုက်လိုသော်လည်း ကောင်းကင်မှ ထူးဆန်းသော ဖြစ်ရပ်များကို တွေ့လိုက်သောအခါ ကြောက်ရွံ့သွားကြသည်။ ကျန်းရီ၏ ခန္ဓာကိုယ်မှနေ၍ အလွန်စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်နေသည်။ ကျန်းရီက နတ်ဘုရားအစစ်အမှန်ဖြစ်သွားကာ ဆန်းကြယ်ဧကရာဇ်၏အဆင့်သို့ ရောက်ရှိသွားခြင်းပေလော။

“မဖြစ်နိုင်ဘူး”

ဗုဒ္ဓဧကရာဇ်သည် သူ၏အတွေးကို ဖျက်ချင်း ဖယ်ရှားလိုက်သည်။ လူတစ်ယောက်က နတ်ဘုရားအစစ်အမှန်အဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်ချက်သုံးခုကို ဖြည့်စီးရမည်ဟု ဆန်းကြယ်ဧကရာဇ်က ပြောခဲ့သည်။ ပထမလိုအပ်ချက်မှာ အတွင်းအားက အထွတ်အထိပ်အဆင့်သို့ ရောက်ပြီး နတ်ဘုရားအမြုတေကို စုစည်းရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ မဟာတာအိုပုံသဏ္ဌာန်တစ်ခုကို ပေါင်းစည်းရန်ဖြစ်သည်။ တတိယမှာကား နတ်ဘုရားဝိညာဉ် ဖန်တီးရန်ဖြစ်ပေသည်။

ကျန်းရီသည် ထိုလိုအပ်ချက်သုံးခုကို မဖြည့်စီးနိုင်သေးပေ။ သူက မဟာတာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ပြီးထားပြီဆိုလျှင်ပင် အချိန်တိုအတွင်း နတ်ဘုရားအမြုတေနှင့် နတ်ဘုရားဝိညာဉ်ကို ဖန်တီးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏အဆင့်သို့ မရောက်နိုင်လောက်သေးပေ။

သို့သော် မည်သို့ပင်ဖြစ်စေ...

အားလုံး၏ မျက်လုံးများက အရောင်လက်လာသည်။ ကျန်းရီ၏ ခန္ဓာကိုယ်က ယခုကဲ့သို့သော အချိန်မျိုးတွင် ပြောင်းလဲနေသည်။ ယင်းမှာ သေချာပေါက် ကောင်းသောကိစ္စပင်။ လူများစွာသည် ကျန်းရီက ဆန်းကြယ်မှုတစ်ခုကို ဖန်တီး၍ သူတို့အားလုံးကို ကယ်နိုင်ပါစေဟု တိတ်တဆိတ် ဆုတောင်းနေကြလေသည်။

***

ဝုန်း...

ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရှင်းမို၏ တူကြီးက ‘တာအို’စာလုံးကို မထုမိသေးခင်မှာပင် ‘တာအို’စာလုံးက တူကို ရုတ်တရက် ဖိချလိုက်သည်။ ထိုအခိုက်တွင် ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစက နာကျင်တကြီး အော်ဟစ်လိုက်သည်။ သို့သော် သူသည် မတုံ့ဆိုင်းဘဲ ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှနေ၍ မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားလိုက်သည်။

ရွှစ်...ရွှစ်...

ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစက အနက်ရောင်မီးခိုများအဖြစ် ကျန်းရီ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး လေထဲတွင် ဝိညာဉ်ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်သည်။

“ငါ့ရဲ့ နတ်ဘုရားဝိညာဉ်... ငါ့ရဲ့ နတ်ဘုရားဝိညာဉ်။ ကျန်းရီ.. ငါ မင်းကို မရှုမလှသေရစေမယ်။ ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”

ရွှီး...

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားက လင်းလက်လာပြီး တံဆိပ်စာလုံးလေးများ ပျံထွက်လာကာ ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစဆီသို့ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ဦးတည်သွားလိုက်သည်။ ရှင်းမိုသည် ရုတ်ခြည်း မျက်နှာပျက်သွားပြီး အဝေးသို့ လျင်မြန်စွာ ထွက်ပြေး၍ ရှင်းမုန့်ဝမ်ကို အော်ပြောလိုက်သည်။

“ဝမ်အာ... သတ်ဖြတ်လက်နက်ကြီးကို ထုတ်သုံးလိုက်တော့။ ငါ ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ချင်တယ်။ ငါနဲ့အတူ အကုန် သေရမယ်”

ဝှစ်...

ရှင်းမုန့်ဝမ်သည် မြေပြင်ကို လက်ဝါးဖြင့်ရိုက်ကာ အားယူ၍ လေထဲသို့ ပျံတက်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို ကြည့်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ ရပ်လိုက်တော့။ ရှင် ကျွန်မရဲ့ အဖေကို သတ်ဝံ့ရင် ကျွန်မ သတ်ဖြတ်လက်နက်ကြီးကို နှိုးလိုက်မယ်။ အဲ့ဒါကို သုံးလိုက်ရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံး ပျက်သုဉ်းရလိမ့်မယ်”

“ဟွန်း...”

ကျန်းရီ၏ မျက်လုံးများ ပွင့်လာသည်။ သူ့မျက်ဝန်းများထဲတွင် အကန့်အသတ်မဲ့သော သတ်ဖြတ်အရှိန်အဝါနှင့် အေးစက်မှုတို့ ပြည့်နှက်နေသည်။ သူသည် ရှင်းမုန့်ဝမ်ကို မကြည့်သလို သူမ၏စကားများကိုလည်း အရေးမစိုက်ဘဲ တံဆိပ်စာလုံးလေးများကိုသာ ထိန်းချုပ်၍ ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစဆီသို့ ဦးတည်သွားစေလိုက်သည်။

ရှင်းမိုကို လွှတ်ပေးရမည်လော။ သူ့ကို လွှတ်ပေးလိုက်လျှင်လည်း သူတို့အားလုံး သေရမည်သာ။ ထို့ပြင် သူလွတ်သွားလျှင် ကောင်းကင်တမလွန်ဂိုဏ်းက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ထာဝရ အုပ်စိုး၍ သတ်ဖြတ်မှုများကို စိတ်ကြိုက် ပြုလုပ်ကြပေလိမ့်မည်။ ယင်းနှင့် အလုံးစုံပျက်သုဉ်းခြင်းက မည်သို့ကွာခြားပါသနည်း။ ယင်းအပြင် ကျန်းရီသည် ရှင်းမုန့်ဝမ်ထံတွင် သတ်ဖြတ်လက်နက်ကြီးတစ်ခု ရှိကြောင်း မယုံပေ။ ကျန်းရီက ရှင်းမို၏ နတ်ဘုရားဝိညာဉ်ကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ ရှင်းမိုက တိုက်ခိုက်ရန် အခွင့်အရေး ထပ်ရလျှင် လုံးဝညှာတော့မည် မဟုတ်ပေ။

ဝှစ်...ဝှစ်...ဝှစ်...

တံဆိပ်စာလုံးများက ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစကို ထက်ရှသော ဓားမြှောင်လေးများအလား ထိုးစိုက်လိုက်ကြသည်။ တစ်ချက်ထိုးစိုက်ခံရတိုင်း ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစက ပိုသေးကာ ပိုနှေးသွားသည်။ ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစက အလွန်အားနည်းနေခဲ့ပြီးဖြစ်၍ တံဆိပ်စာလုံးများ၏ တစ်ချီတိုက်ခိုက်မှုကို ခံလိုက်ရသောအခါ လုံးဝပျောက်ကွယ်တော့မလို ဖြစ်သွားသည်။

“ကျန်းရီ ရပ်လိုက်”

ရှင်းမုန့်ဝမ်သည် အမှန်ပင် တုန်လှုပ်နေပေပြီ။ ရှင်းမို၏ နတ်ဘုရားဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး ယခုတွင် အပိုင်းအစတစ်ခုသာ ကျန်တော့သည်။ ကျန်းရီက ထိုအပိုင်းအစကို ဖျက်ဆီးလိုက်လျှင် ရှင်းမို သေသွားပေလိမ့်မည်။ လူတစ်ယောက်က မည်မျှစွမ်းအားကြီးပါစေ စိတ်ဝိညာဉ်ဖျက်ဆီးခံလိုက်ရသည်နှင့် သေရမည်သာ။ နတ်ဘုရားတစ်ပါးဆိုလျှင်လည်း ထိုသို့သာ ဖြစ်ပေလိမ့်မည်။

“သေပေတော့...”

ကျန်းရီသည် အော်၍ တံဆိပ်စာလုံးများကို ထိန်းချုပ်ကာ ရှင်းမို၏ စိတ်ဝိညာဉ်အပိုင်းအစကို ထပ်မံ တိုက်ခိုက်စေလိုက်သည်။ ရှင်းမိုက တစ်ကြိမ် အော်လိုက်၏။ ပြီးနောက် သူ၏စိတ်ဝိညာဉ်က လုံးဝပျက်စီးသွားလေတော့သည်။ သူ့နတ်ဘုရားဝိညာဉ် ပျက်သုဉ်းသွားပေပြီ။

“အဖေ...”

ရှင်းမုန့်ဝမ်က ခါးသီးစွာ အော်ခေါ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အေးစက်မှုများ ပြည့်နှက်သွားသည်။ သူမသည် ကျန်းရီကို မုန်းတီးစွာ ကြည့်လိုက်ပြီး ရုတ်တရက် ခပ်မဲ့မဲ့ပြုံးလိုက်သည်။ ထို့နောက် သူမ၏ အေးစက်စက် စကားသံက နေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။

“ကျန်းရီ... ရှင် လုပ်ခဲ့တာအတွက် ပြန်ပြီးပေးဆပ်ရမယ်။ ကောင်းကင်တမလွန်ဂိုဏ်းသားအကုန်လုံး ကျွန်မရဲ့ အမိန့်ကို နားထောင်ကြ။ သတ်ဖြတ်လက်နက်ကြီးကို နှိုးပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ကြ”

***

All Chapters