← Chapters

မဟာနတ်ဆိုးအရှင်သခင်

Vol. 92 Ch. 1273

မဟာနတ်ဆိုးအရှင်သခင်

Vol. 92 Ch. 1273

ဤတစ်ကြိမ်တွင် မဟာမိတ်စစ်တပ်နှင့်အတူ ကောင်းကင်တမလွန်ဂိုဏ်းမှ ဂိုဏ်းသား ခုနစ်ရာ၊ ရှစ်ရာလောက်သာ ပါလာခဲ့သည်။ ထို့ပြင် သူတို့၏ နတ်ဘုရားတစ်ပိုင်း ပညာရှင်အားလုံးက သေဆုံးသွားခဲ့ပြီဖြစ်သည်။ အဆုံးမဲ့ပင်လယ်နက်ထဲတွင် ဒါဇင်အနည်းငယ် သေခဲ့ပြီး ကျန်းရီ၏ အရည်ကျိုနတ်ဘုရားမိစ္ဆာမီးတောက်နှင့် နတ်ဘုရားဇီဝိန်ခြွေကြောင့် နောက်ထပ်လေးဆယ့်ကိုးယောက် သေဆုံးခဲ့သည်။ ထို့ကြောင့် ရှင်းမုန့်ဝမ်အပြင် နတ်ဘုရားတစ်ပိုင်း ပညာရှင် လေးယောက်၊ ငါးယောက်သာ ကျန်တော့သည်။ ကျန်သူများမှာ ကြယ်လေးပွင့်အဆင့်၊ ကြယ်ငါးပွင့်အဆင့် သိုင်းသမားများသာ။

ဝှစ်...ဝှစ်...ဝှစ်...

ရှင်းမုန့်ဝမ်က အော်၍ အမိန့်ပေးလိုက်သောအခါ ကောင်းကင်တမလွန်ဂိုဏ်းမှ ဂိုဏ်သား ခုနစ်ရာ၊ ရှစ်ရာစလုံး ကောင်းကင်ထက်သို့ ပျံတက်ကာ ရှင်းမုန့်ဝမ်အနားတွင် ရပ်လိုက်ကြသည်။ သူတို့က ကျပန်းရပ်သည်မဟုတ်ဘဲ နေရာတကျရပ်၍ ထူးဆန်းသော အစီအရင်တစ်ခုကို ဖန်တီးလိုက်ကြသည်။ အောက်မှ ကြည့်လျှင် သူတို့နေရာယူထားပုံက ကောင်းကင်နက္ခတ်တစ်ခုနှင့် တူနေသည်။ အားလုံးက နေရာယူပြီးသောအခါ ရှင်းမုန့်ဝမ်သည် လက်တစ်ဘက်မြှောက်၍ အသံကုန် ဟစ်အော်လိုက်သည်။

“ကောင်းကင်တမလွန်အစီအရင်.. နိုးထ...”

ရွှီး...

ကောင်းကင်တမလွန်ဂိုဏ်းသားအားလုံးသည် အနက်ရောင်အလင်း စတင်တောက်ပလာသည်။ ထိုလူခုနစ်ရာ၊ ရှစ်ရာစလုံး၏ ခန္ဓာကိုယ်များမှနေ၍လည်း အနက်ရောင်အရှိန်အဝါများ ထွက်လာကြသည်။ ထိုအရှိန်အဝါများက ရှင်းမုန့်ဝမ်၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စုဝေးသွားသည်။ ထို့နောက် လူခုနစ်ရာ၊ ရှစ်ရာစလုံး၏ ခန္ဓာကိုယ်များက လျင်မြန်စွာ ခြောက်ကပ်လာကာ အရိုးနှင့်အရည် ဖြစ်သွားတော့သည်။ သို့သော် သူတို့က အနက်ရောင်အရှိန်အဝါကို ဆက်ထုတ်လွှတ်နေကြသေးသည်။ နောက်ဆုံးတွင် လူတစ်ယောက်၏ ခန္ဓာကိုယ်က အသွေးအသားအားလုံး ပျောက်ကွယ်ကာ အရိုးကျသွားသည်။

ရှင်းမုန့်ဝမ်၏ ခန္ဓာကိုယ်အရှိန်အဝါက စတင် တိုးပွားလာ၏။ သူမသည် ရီဖျောင်ဖျောင်က ရွှမ်ဧကရာဇ်ကို ပေးခဲ့သော အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်ကို သုံးလိုက်သကဲ့သို့ပင်။

“မကောင်းတော့ဘူး... ကျန်းရီ သူ့ကို မြန်မြန်တားလိုက်”

“အရှင်ငယ်... ရှင်းမုန့်ဝမ်ကို မြန်မြန်သတ်လိုက်ပါ”

“ကျန်းရီ... အဲ့မိန်းမကို သတ်လိုက်...”

ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် သူတော်စင်ဧကရီတို့က ရှင်းမုန့်ဝမ်ထံမှ ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားလိုက်ရသည်။ ထိုအစီအရင်ကို နှိုးရန် လူများစွာ၏ သွေးစွမ်းအင်နှင့် အရှိန်အဝါကို လိုအပ်ပေသည်။ ယင်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ အကယ်၍ ရှင်းမုန့်ဝမ်က ထောင်ချီ၊ သောင်းချီသော ချပ်ဝတ်နက်ဝတ် ဖုတ်ကောင်တပ်သားများနှင့် သားရဲများကို ဆင့်ခေါ်နိုင်လိုက်လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်သုဉ်းရပေလိမ့်မည်။

ဝှစ်...

ကျန်းရီ စတင်လှုပ်ရှားလိုက်သည်။ သူသည် ရှင်းမုန့်ဝမ်ထံသို့ ပျံသန်းသွားသည်။ တံဆိပ်စာလုံးများက သူ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပြန်ဝင်ကာ ဓားပုံစံ စိတ်ဝိညာဉ်အတွင်းသို့ ပြန်ရောက်သွားပြီဖြစ်သည်။

ကျန်းရီသည် မီးနဂါးဓားကို ဝှေ့ယမ်း၍ နတ်ဘုရားဇီဝိန်ခြွေအတွက် စွမ်းအားစုစည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှင်းမုန့်ဝမ်၏ လုပ်‌ဆောင်မှုများကို ရပ်တန့်ရန် မိုင်တစ်ထောင်ရေခဲလွှမ်းနှင့် ဝိညာဉ်လေဓားများကိုလည်း ထုတ်လွှတ်လိုက်သည်။

ရွှီး...ရွှီး...

သို့သော် မိုင်တစ်ထောင်ရေခဲလွှမ်းက ရှင်းမုန့်ဝမ်ထံသို့ မရောက်သေးခင်မှာပင် သူမ၏တစ်ကိုယ်လုံးပေါ်တွင် အနက်ရောင်မီးတောက်များ တောက်လောင်လာလေသည်။ ထို့နောက် ဧရာမ အနက်ရောင်အလင်းတန်းကြီးတစ်တန်းက ဟင်းလင်းပြင်ထဲသို့ ထိုးတက်သွားသည်။

တစ်ကိုယ်လုံး မီးတောက်နေသော ရှင်းမုန့်ဝမ်က ပျံသန်းလာသော ကျန်းရီကို တည်ငြိမ်စွာ ကြည့်နေသည်။ သူမသည် ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“ကျန်းရီ... အရမ်းနောက်ကျသွားပြီ။ ဒီကောင်းကင်တမလွန်အစီအရင်ကို နှိုးလိုက်တာနဲ့ ပြန်ဖျက်လို့ မရတော့ဘူး။ တမလွန်ဧကရာဇ်... အရှင့်ရဲ့ အစေခံ ရှင်းမုန့်ဝမ်က အခု အရှင့်နောက်ကို လိုက်ခဲ့ပါတော့မယ်”

ဖုန်း...ဖုန်း...ဖုန်း...

ကောင်းကင်တမလွန်ဂိုဏ်းသား ခုနစ်ရာ၊ ရှစ်ရာစလုံးက တစ်ချိန်တည်းမှာပင် သွေးမှုန်သွေးမွှားများအဖြစ် ပေါက်ကွဲထွက်သွားသည်။ သူတို့၏ အစအနပင် မကျန်ခဲ့တော့ချေ။ ရှင်းမုန့်ဝမ်၏ ကိုယ်ပေါ်မှ မီးတောက်များက ပို၍အားကောင်းလာသည်။ သူမ၏ကိုယ်အောက်ပိုင်းသည် မီးတောက်များကြောင့် ပြာကျသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကျန်းရီသည် လေထဲတွင် ရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ကို မော့ကြည့်လိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ထိုနေရာရှိ လူအားလုံးလည်း ဟင်းလင်းပြင်ကို မော့ကြည့်ကြသည်။ ထိုအခိုက်တွင် ဟင်းလင်းပြင်ထဲ၌ လမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဟင်းလင်းပြင်မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ရှေးဟောင်းသားရဲ၏ အရှိန်အဝါနှင့် ဆင်တူသော အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာသည်။

ဟင်းလင်းပြင်က ထက်ခြမ်းပွင့်သွားခြင်းလော။

နှင်းဒေသမှ အာကာပြင်က အလွန်ခိုင်မာသည်။ အားလုံးသည် ထိုအကြောင်းကို ရှင်းလင်းစွာ သိကြသည်။ ယခုတွင် မြေပြင်အထက် ပေသောင်းချီ အမြင့်ရှိ ဟင်းလင်းပြင်ထဲ၌ အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်နေပေပြီ။ ထိုနေရာရှိ ဝိညာဉ်လေများက လွန်စွာသိပ်သည်းသည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ရှိသော ကျန်းရီပင် ထိုဝိညာဉ်လေများကို မခံနိုင်လောက်ပေ။ သို့ဖြစ်ရာ ထိုဟင်းလင်းပြင်က အဘယ်သို့ ထက်ခြမ်းပွင့်သွားရသနည်း။

ရွှီး...

အက်ကြောင်းက ပို၍ပို၍ ကြီးလာသည်။ မိနစ်ဝက်အတွင်းမှာပင် ၎င်းသည် ပေတစ်ထောင်လောက်ရှည်သွားပြီး ပေတစ်ရာလောက် ကျယ်သွားသည်။ ထို့ပြင် ၎င်းက ကြောက်မက်ဖွယ်နှုန်းဖြင့် ဆက်ပြန့်ကားနေပေသေးသည်။

ပေတစ်သောင်း၊ ပေတစ်သိန်း၊ ပေတစ်သန်း...

လူအားလုံးသည် ကောင်းကင်က နှစ်ခြမ်းပြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်ထဲတွင် ပေတစ်သန်းရှည်၍ ပေတစ်သိန်းကျယ်သော ရွှေရောင်အက်ကြောင်းကြီး ထွက်ပေါ်လာပေပြီ။ ၎င်းအက်ကြောင်းထဲတွင် ရွှေရောင်အလင်းများ ထိန်နေ၍ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် အက်ကြောင်းထဲမှ ထွက်လာသော အရှိန်အဝါက ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေသည်။

ရွှစ်...ရွှစ်...

ရုတ်တရက် ရွှေရောင်အက်ကြောင်းကြီးထဲမှနေ၍ စူးရှသော အသံများကို ကြားလိုက်ရသည်။ ထို့နောက် ၎င်းထဲမှ ဧရာမအရိုးလက်ကြီးတစ်ဘက် ထွက်လာသည်။ အရိုးလက်ကြီးက အားလုံးကို တုန်လှုပ်သွားစေသည်။ ထိုလက်တစ်ဘက်သည်ပင် ပေတစ်ရာကျယ်နေပေပြီ။

ထိုလက်မှာ ရွှေအိုရောင်ဖြစ်ပြီး ၎င်းပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ ရွေ့လျားစီးဆင်းနေကြသည်။ ၎င်းထွက်ပေါ်လာသောအခါ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူအားလုံးသည် ရေတွင်းအောက်ခြေမှ ဖားသူငယ်ကဲ့သို့ ခံစားလိုက်ရသည်။ ယခုတွင် ဧရာမလက်ကြီးတစ်ဘက်က သူတို့ကို ဖိချေသတ်ဖြတ်ရန် ရေတွင်းထဲသို့ နှိုက်လာနေပေသည်။

“ကျား...”

ကျန်းရီသည် စွမ်းအားစုစည်းပြီးသွား၍ နတ်ဘုရားဇီဝိန်ခြွေကို ထိုဧရာမလက်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။ အံ့အားသင့်ဖွယ် တိုက်ခိုက်စွမ်းအားကို ပိုင်ထားသော ထိုလက်ကြီးက မည်သူ၏လက်ဖြစ်ကြောင်းကို သူ မသိပေ။ သို့သော် ထိုလက်ပိုင်ရှင်ကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲသို့ ရောက်လာစေ၍ မဖြစ်ကြောင်းကိုမူ သူသိပေသည်။ မဟုတ်လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။

ဟိန်း...ဟိန်း...

ပေတစ်သောင်းရှည်သော မီးနဂါးသုံးကောင်က ထိုဧရာလက်ကြီးကို ပြင်းထန်စွာ ဝင်တိုက်လိုက်ကြသည်။ ထိုအခိုက်တွင် အားလုံး ရင်တုန်ပန်းတုန် ဖြစ်သွားကြသည်။ သူတို့သည် ဆန်းကြယ်မှုတစ်ခု ဖြစ်လာရန် မျှော်လင့်နေကြပေသည်။

ဖူး...ဖူး...

သို့သော် ဆန်းကြယ်မှု ဖြစ်ပေါ်မလာပေ။ မီးနဂါးသုံးကောင်သည် ကျောက်ဆောင်ကြီးတစ်ခုကို ရိုက်ခတ်မိသော လှိုင်းလုံးလေးသုံးလုံးကဲ့သို့ပင်။ လက်ကြီးတွင် မည်သည့်ထိခိုက်မှုမှ ဖြစ်မသွားချေ။ အနည်းငယ်ပင် ‌ရွေ့မသွားခဲ့ပေ။

ရွှစ်...ရွှစ်...

ရွှေရောင်အက်ကြောင်းထဲမှနေ၍ အခြားလက်တစ်ဘက် ထွက်လာသည်။ ထို့နောက် လက်နှစ်ဘက်စလုံးက အက်ကြောင်းအစွန်းများကို စတင် စုတ်ဖြဲလိုက်သည်။ ထို့ကြောင့် အက်ကြောင်းကြီးက ပိုကျယ်လာလေသည်။ ထိုအရိုးလက်နှစ်ဘက်၏ ပိုင်ရှင်၏ ဦးခေါင်းကြီးလည်း ထွက်ပေါ်လာသည်။

“ဘုရားရေ...”

“အဲ့ဒါက ဘယ်လိုမိစ္ဆာမျိုးလဲ”

“အဲ့ဒါက တမလွန်ဘုံက တမလွန်နတ်ဘုရားလား”

“အားလုံး ပြီးသွားပြီ...”

လူအားလုံးသည် ဦးခေါင်းကြီးကို မြင်လိုက်ရသည့်အခိုက်တွင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြသည်။ အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်သွား၍ လူများစွာသည် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ၏ တိုက်ခိုက်မှုများကို ကာရန်ပင် မေ့လျော့သွားကြသည်။ ထို့ကြောင့် သူတို့၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားပြီး သူတို့က သွေးမှုန်သွေးမွှားများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။

ဟိန်း...ဟိန်း...

ဧရာမလက်ကြီးများ၏ ပိုင်ရှင်က အက်ကြောင်းထဲမှနေ၍ ဟင်းလင်းပြင်ထဲသို့ ထွက်လာသည်။ မြင့်မားသောကောင်းကင်ထက်ရှိ ဝိညာဉ်လေများက အလွန်သိပ်သည်းသော်လည်း ထိုသတ္တဝါကြီးကို ထိခိုက်အောင် မလုပ်နိုင်ပုံပင်။ ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်၊ သူတော်စင်ဧကရီ၊ သူတော်စင်အင်ပါယာ၊ ရွှမ်ဧကရာဇ်နှင့် အခြားသူများသည် ထိုထူးဆန်းသောသတ္တဝါကြီးကို မြင်လိုက်ရသောအခါ လုံးဝ မျှော်လင့်ချက်ပျောက်ဆုံးသွားကြလေသည်။

အဘယ်ကြောင့်ဆိုသော်...

ထိုသတ္တဝါကြီးမှာ လူသားများက ယှဉ်နိုင်သောအရာတစ်ခု မဟုတ်၍ပင်။ ၎င်းမှာ ပေသုံးထောင် မြင့်သော ဧရာမအရိုးစုကြီးဖြစ်သည်။ ၎င်း၏တစ်ကိုယ်လုံးက အရိုးများသာဖြစ်ပြီး အသွေးအသားတစ်စပင် မရှိချေ။ ၎င်း၏အရိုးများက ရွှေရောင်အလင်းကို ပေတစ်သောင်းအထိ ဖြာထုတ်နေသည်။ ထို့ပြင် ၎င်းပေါ်၌ သင်္ကေတပုံသဏ္ဌာန်များစွာလည်း စီးဆင်းနေသည်။ ထူးဆန်းသောအရာမှာ ၎င်းတွင် အသွေးအသားမရှိသော်လည်း မျက်လုံးများရှိနေခြင်းပင်။ ထိုမျက်လုံးများက လူသားများ၏ မျက်လုံးနှင့် ဆင်တူပေသည်။ တစ်ခုတည်းသော ကွဲပြားမှုမှာ ၎င်းတို့က ရေခဲတမျှ အေးစက်ပြီး မိစ္ဆာဆန်နေခြင်းပင်။

မျက်လုံးများသာမဟုတ် ထိုသတ္တဝါကြီး၏ တစ်ကိုယ်လုံးက အေးစက်မှု၊ မိစ္ဆာဆန်မှုနှင့် သေခြင်းတရားတို့ကို ထုတ်လွှတ်နေသည်။ ရှင်းမိုက နတ်ဆိုးတစ်ပါးဆိုလျှင် ထိုသတ္တဝါကြီးမှာ တမလွန်ဘုံမှ ထွက်လာသော မဟာနတ်ဆိုးအရှင်သခင် ဖြစ်ပေလိမ့်မည်။ ၎င်းသည် မည်သည့်လူသားကမှ မယှဉ်နိုင်သော တမလွန်ဘုံသားပင်။ ၎င်းက မတိုက်ခိုက်သေးသော်လည်း ၎င်းကိုယ်မှ ထွက်နေသော အရှိန်အဝါနှင့်ပင် ကျန်းရီသည် သူ့လက်နက်ကို မမြှောက်နိုင်တော့ချေ။

“သတ်ဖြတ်လက်နက်ကြီ.. အဲ့ဒါက တကယ့်ကို သတ်ဖြတ်လက်နက်ကြီးပဲ။ ရှင်းမုန့်ဝမ်က တမလွန်ဘုံက တမလွန်နတ်ဘုရားကို တကယ် ဆင့်ခေါ်လိုက်တာပဲ”

ကျန်းရီသည် ခါးသက်သက် မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ သူသည် အခက်အခဲများစွာ၊ စမ်းသပ်ချက်များစွာကို ဖြတ်ကျော်ခဲ့သည်။ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကို သတ်ခဲ့သည်။ ရှင်းမို၏ ထိန်းချုပ်မှုကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် အမည်မဲ့ကျင့်စဉ်ကို အသုံးပြု၍ ရှင်းမို၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် တမလွန်ဘုံမှ မဟာနတ်ဆိုးအရှင်တစ်ပါး ထွက်ပေါ်လာလိမ့်မည်ဟု ကျန်းရီ မမျှော်လင့်ခဲ့ပေ။

လူသားများက နတ်ဘုရားများနှင့် ယှဉ်နိုင်ပါမည်လော။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်းအဆင့် သိုင်းသမားတစ်ယောက်က နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို ယှဉ်တိုက်နိုင်မည်လော။

အဖြေမှာ အလွန်ရှင်းလင်းပေသည်။

***

All Chapters