← Chapters

မင်း အဲ့ဓားကို ဘယ်က ရခဲ့တာလဲ *

Vol. 92 Ch. 1274

မင်း အဲ့ဓားကို ဘယ်က ရခဲ့တာလဲ *

Vol. 92 Ch. 1274

ကျန်းရီက အလွယ်တကူ အရှုံးပေးတတ်သူတစ်ယောက် မဟုတ်ပေ။ သူသည် ကောင်းကင်တောင်ပံမြို့တွင် နေခဲ့စဉ်ကတည်းက အခက်ခဲများစွာနှင့် အရှက်ရမှုများစွာကို တောင့်ခံခဲ့ရသည်။ သို့ဖြစ်၍ ယခုတွင် သူ၏စိတ်ဓာတ်က အလွန်မာကြောနေပြီဖြစ်သည်။ သူသည် အမြဲ အကောင်းမြင်စိတ်ထားပြီး ဤလောကကြီးက ကောင်းမွန်ကာ လှပသေးသည်ဟု ယုံကြည်ခဲ့သည်။ သူ့အနေဖြင့် ထိုလောကကြီးကို ထိန်းသိမ်း၍ ပိုကောင်းလာအောင် လုပ်ရန်သာလိုသည်။

သို့သော် ဤတစ်ကြိမ်တွင်...

ကျန်းရီတစ်ယောက် လုံးဝ မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်သည်။ သူသည် ထပ်မံ၍ မရုန်းကန်လိုတော့ပေ။ မီးနဂါးဓားကိုလည်း မမြှောက်နိုင်တော့ချေ။ ယခု ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်သုဉ်းမှုနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သူသိသည်။ မည်သူကမှ ထိုကပ်ဘေးမှနေ၍ မလွတ်မြောက်နိုင်ချေ။

ရန်သူက အလွန်စွမ်းအားကြီးလွန်းသည်။ သူတို့၏အဆင့်က လုံးဝကွာခြားသည်။ ထိုသို့အင်အားကွာခြားသော ရန်သူနှင့် ရင်ဆိုင်ရသောအခါ မည်သည့်ဗျူဟာ၊ မည်သည့်အစီအစဉ်ကမှ ကူညီပေးနိုင်မည် မဟုတ်ပေ။ ထိုဧရာမအရိုးစုကြီးက အကြွင်းမဲ့အင်အားကို ပိုင်ဆိုင်ထားပေသည်။

“ဟွန်း...”

ကောင်းကင်ထက်ရှိ ဧရာမအရိုးစုကြီးထံမှနေ၍ နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။ သူတော်စင်အင်ပါယာမှလွဲ၍ အားလုံး ငြိမ်သက်သွားကြသည်။ သူတော်စင်အင်ပါယာ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်း လင်းလက်လာသည်။ ထိုရွှေရောင်အလင်းများက သူ၏ဧရာမလက်သီးကြီးတွင် စုဝေးသွားသည်။ ထို့နောက် သူသည် အရိုးစုကြီးကို တိုက်ခိုက်ရန် လေးမှလွတ်လိုက်သော မြားတစ်စင်းအလား ခုန်လိုက်လေသည်။

ဓားခုတ်ကောင်တစ်ကောင်က ညောင်ပင်ကြီးတစ်ပင်ကို ခုတ်ပိုင်းရန် ကြိုးစားနေသကဲ့သို့ပင်။

ကျန်းရီနှင့် အခြားသူများအားလုံး အထက်ပါအတိုင်း တွေးလိုက်ကြသည်။ သို့သော် သူတို့သည် သူတော်စင်အင်ပါယာ၏ သတ္တိကို အထင်ကြီးသွားကြသည်။ ထိုအခိုက်တွင် သူတော်စင်အင်ပါယာကဲ့သို့သော သူကသာ ဧရာမအရိုးစုကြီးကို တိုက်ခိုက်ဝံ့ပေလိမ့်မည်။

ဝှစ်...

သူတော်စင်အင်ပါယာ၏ လှုပ်ရှားမှုက လူများစွာကို အသိပြန်ကပ်သွားစေသည်။ ဗုဒ္ဓဧကရာဇ်နှင့် သူတော်စင်ဧကရီတို့က အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့၏ ဒဏ်ရာအပြင်းအထန်ရထားသော ခန္ဓာကိုယ်များကို လျစ်လျူရှုကာ ပျံတက်သွားလိုက်ကြသည်။ သူတို့ နိုင်နိုင်သည်ဖြစ်စေ၊ မနိုင်နိုင်သည်ဖြစ်စေ အစွမ်းကုန်ကြိုးစားရမည်သာ။ သူတို့သည် သေခြင်းတရားကို ရပ်စောင့်နေတတ်သူများ မဟုတ်ကြပါပေ။

“လာခဲ့စမ်း.. တမလွန်ဘုံက သတ္တဝါကြီး။ မင်းရဲ့ အစွမ်းတွေကို ထုတ်ပြလိုက်”

ရွှမ်ဧကရာဇ်သည်လည်း အော်ပြောကာ ပျံတက်သွားလိုက်သည်။ ယဉ်ဧကရာဇ်က သူ့နောက်မှ လိုက်သွားသည်။ အခြားလူများစွာလည်း ပျံတက်လိုက်ကြသည်။ ဗုဒ္ဓအင်ပါယာ၊ ရွှမ်အင်ပါယာ၊ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ကျန်လူများအားလုံးသည် သူတို့က ထိုဧရာမရိုးစုကြီး၏ ပြိုင်ဘက်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိပေ။

“သတ်ကြ...”

ကျန်းရီသည် ဧရာမအရိုးစုကြီး၏ အရှိန်အဝါကြောင့် မှင်တက်သွားခဲ့သော်လည်း ယခုတွင် အသိပြန်ကပ်လာကာ မီးနဂါးဓားကို မြှောက်၍ အော်ပြောလိုက်ပြီး အရှေ့သို့ ပျံထွက်သွားလိုက်သည်။ ကျန်းရှောင်နူသည် ကျန်းရီက လှုပ်ရှားလိုက်သည်ကို မြင်၍ ကျန်းရီနောက်သို့ လိုက်ကာ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။

မြင့်မားသော ကောင်းကင်ထက်တွင် ဝိညာဉ်လေများ သိပ်သည်းသည်။ အားလုံး၏ တိုက်ခိုက်မှုများက အလုပ်ဖြစ်မည်၊ မဖြစ်မည်ကို မသိရသေးပေ။ ထို့ပြင် လူအများစုက ဒဏ်ရာရထားကြပြီးဖြစ်သည်။ သူတို့ သတိတစ်ချက်လွတ်သွားပါက ဝိညာဉ်လေများကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပေလိမ့်မည်။ သို့သော် အားလုံး၏ မျက်ဝန်းများက ပြတ်သားနေသည်။ သူတို့သည် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ကာ ဧရာမအရိုးစုကြီးထံသို့ ပျံသန်းသွားကြသည်။ ပိုးဖလံမျိုး မီးကိုတိုးပင်။

ဂါး...ဂါး...

ဧရာမအရိုးစုကြီးက အတန်ငယ် လှုပ်ရှား၍ ကြက်သီးထဖွယ် အော်လိုက်သည်။ ထို့နောက် ၎င်းသည် လက်တစ်ဘက်မြှောက်ကာ အောက်ဘက်သို့ ညင်သာစွာ ဖိချလိုက်သည်။ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော ဖိအားအရှိန်အဝါတစ်ခုက အောက်ဘက်သို့ ရုတ်တရက် ကျဆင်းလာသည်။ အားလုံးသည် အောက်ဘက်သို့ ဖိချခံလိုက်ရသဖြင့် အရိုးစုကြီးနားသို့ မကပ်နိုင်ကြတော့ပေ။ ဗုဒ္ဓဧကရာဇ်၊ သူ‌တော်စင်ဧကရီနှင့် အခြားသူများက သွေးအန်လိုက်ပြီး လေထဲမှာတွင် သတိမေ့သွားကြကာ မြေပြင်‌ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကြလေသည်။

“ဖူး...”

ကျန်းရီ၊ သူတော်စင်အင်ပါယာနှင့် ကျန်းရှောင်နူတို့သည်လည်း လေးလံသော ဖိအားကြီးကြောင့် အောက်ဘက်သို့ လျှောကျသွားပြီး တစ်ချိန်တည်း သွေးအန်သွားကြသည်။ သို့သော် သူတော်စင်အင်ပါယာက မာန်သွင်းဟစ်အော်၍ ထပ်မံခုန်တက်လိုက်သည်။ ဤတစ်ကြိမ်တွင် အရိုးစုကြီးသည် လက်ကိုသုံး၍ ဖိမချတော့ဘဲ ချဉ်းကပ်လာသည့် သူတော်စင်အင်ပါယာကို အေးစက်စက် စိုက်ကြည့်နေလေသည်။

“သေပေတော့...”

သူတော်စင်အင်ပါယာက အော်ပြော၍ အရိုးစုကြီး၏ ရင်ဘတ်ကို ဧရာမလက်သီးကြီးဖြင့် ထိုချလိုက်သည်။ သို့သော် သူ၏လက်သီးက အရိုးစုကြီး၏ ရင်ဘတ်နှင့် မထိသေးခင်မှာပင် အရိုးစုကြီးသည် ဖျတ်ခနဲ လှုပ်ရှား၍ သူ့ကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

သူတော်စင်အင်ပါယာက အရပ် ဆယ်ပေကျော်မြင့်သူဖြစ်သည်။ သူသည် နဂါးတစ်ကောင်၊ ဆင်တစ်ကောင်နှင့် မကွာပေ။ သို့သော် အရိုးစုကြီး၏ လက်ဝါးက ပေတစ်ရာကျယ်သည်။ ထို့ကြောင့် သူတော်စင်အင်ပါယာသည် လူလက်ထဲမှ ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ယင်းမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ပင်။

“မဖြစ်ဘူး...”

ကျန်းရီ၏ ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန် ထွက်လာသည်။ သူသည် ထက်ရှသော ဓားတစ်ချောင်းအလား ပျံတက်သွားသည်။ ထိုစဉ် အရိုးစုကြီးက လက်ကိုညင်သာစွာဆုပ်၍ သူတော်စင်အင်ပါယာကို စိစိညက်ညက်ဖြစ်သွားအောင် ဖျစ်သတ်လိုက်သည်ကို သူ မြင်လိုက်ရ၏။ သူတော်စင်အင်ပါယာ၏ ခန္ဓာကိုယ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်နှင့် ညီသည်။ သို့ပင်လျှင် အရိုးစုကြီး၏ ညင်သာစွာဖျစ်ညှစ်မှုကို မခံနိုင်လိုက်ပေ။

“ကောင်လေး... မင်း အဲ့ဓားကို ဘယ်ကရခဲ့တာလဲ”

အရိုးစုကြီးက ကျန်းရီကို ကြည့်၍ နားလည်ရန်ခက်သော စကားတစ်ခွန်း ပြောလိုက်သည်။ ထို့နောက်တွင် ပို၍မိစ္ဆာဆန်ကာ ပို‌အေးစက်သော အရှိန်အဝါတစ်ခုက ကျန်းရီကို လွှမ်းခြုံသွားသည်။ ကျန်းရီ မလှုပ်နိုင်တော့ပေ။ ထို့ကြောင့် အရိုးစုကြီး၏ လက်ကြီးက သူ့ကို လာဖမ်းဆုပ်သည်ကို ကြည့်၍သာနေရလေသည်။

“ငါတို့တော့ သွားပြီ”

ဗုဒ္ဓအင်ပါယာက ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူ‌တော်စင်အင်ပါယာပင် အလွယ်တကူ ဖျစ်သတ်ခံလိုက်ရလျှင် ထိုတမလွန်ဘုံမှ မဟာနတ်ဆိုးအရှင်သခင်သည် ကျန်းရီကို ပုရွက်ဆိတ်တစ်ကောင် သတ်သလိုမျိုး အလွယ်တကူ ချေမွှသတ်ပစ်နိုင်ပေသည်။ ကျန်းရီ၏ သေဆုံးမှုက ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ပျက်သုဉ်းမှုပင်။

ဂျွတ်...

ဧရာမအရိုးလက်ကြီးက ကျန်းရီကို ဖမ်းဆုပ်လိုက်သောအခါ အားလုံး အရိုးကျိုးသံကို ကြားလိုက်ရသည်။ ကျန်းရီသည် တစ်ကိုယ်လုံးက အရိုးလက်ကြီး၏ ဆုပ်ကိုင်မှုကို ခံထားရသည်။ သူ့ခေါင်းသည်သာ အပြင်သို့ ရောက်နေသည်။ ထို့ကြောင့် သူ၏ နာကျင်နေသော မျက်နှာထားကို လှမ်းမြင်ရသည်။ သူ့တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိသော်လည်း သူ ထိခိုက်သွားကြောင်း ထင်ရှားပေသည်။

“အရှင်ငယ်...” “ကျန်းရီ...” “သခင်လေး...”

လူများစွာက အော်ခေါ်လိုက်ကြသည်။ ကိုယ်ပေါ်တွင် သွေးလွှမ်းနေသော ကျန်းရှောင်နူသည် ကျန်းရီထံသို့ ဆက်ပျံသန်းသွားသည်။ သူမ၏လက်သည်းများက အရိုးစုကြီးကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူမသိသော်လည်း သူမသည် သေရမည်ဆိုလျှင် ကျန်းရီနှင့်အတူ သေလိုနေလေသည်။

“ကောင်လေး... ငါက မင်းကို ဒီဓားကို ဘယ်ကရခဲ့တာလဲလို့ မေးနေတာ”

အရိုးစုကြီးက ကျန်းရီကို မျက်လုံးတစ်ပြေးတည်း အမြင့်ထိ မြှောက်လိုက်၏။ ၎င်း၏ အေးစက်စက် မျက်လုံးများက ကျန်းရီကို စိုက်ကြည့်နေသည်။ ထို့ကြောင့် ကျန်းရီ မွန်းကြပ်မှုကို ခံစားလိုက်ရသည်။ အရိုးစုကြီးက လိုဏ်သံပါသော အသံဖြင့် မေးလိုက်ရာ ကျန်းရီသည် နားစည်များ ကွဲထွက်သွားတော့မလို ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ်ကလည်း တုန်ယင်သွားသည်။

“ဒီဓားကို...”

ကျန်းရီသည် အင်အားကုန်သုံး၍ အော်ပြောလိုက်သည်။

“ဒီဓားကို တမလွန်ဘုံက ဧကရာဇ်ရဲ့ ကျောရိုးနဲ့ လုပ်ထားပြီး ခင်ဗျားတို့လို မိစ္ဆာကောင်တွေရဲ့ အရိုးတွေနဲ့ မွမ်းမံထားတာ။ အဲ့အဖြေကို ခင်ဗျား ကျေနပ်ရဲ့လား”

“ဟားဟားဟား”

ကျန်းရီ၏စကား ဆုံးသွားသောအခါ ကျယ်လောင်သော ရယ်သံကြီး ထွက်ပေါ်လာသည်။ ထိုအသံက အလွန်ရှေးကျပြီး အလွန်ကျေနပ်နေပုံလည်း ပေါ်သည်။ ၎င်းတွင် ဆန်းကြယ်သော မှော်စွမ်းအားတစ်မျိုး ပါ၍ အောက်ဘက်မှ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ ရပ်တန့်သွားကြသည်။ ၎င်းတို့အားလုံး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခုလည်း ထွက်ပေါ်လာသည်။

ရွှီး...

တစ်ချိန်တည်းမှာပင် ကျန်းရီကို ဆုပ်ကိုင်ထားသော အရိုးလက်ကြီးမှနေ၍ ရုတ်တရက် အနီရောင်အလင်း ဖြာထွက်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာသည်။ ရုတ်တရက် အရိုးလက်ကြီးက ပြေလျော့သွားပြီး ကျန်းရီက အောက်ဘက်သို့ ပြုတ်ကျသွားသည်။

“အဲ့ဒါက...”

ကျန်းရီသည် သူ့လက်ထဲရှိ မီးနဂါးဓားကို အံ့ဩတကြီး ကြည့်လိုက်သည်။ အစောမှ ရယ်သံကြီးနှင့် အရှိန်အဝါတို့က မီးနဂါးဓားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအခိုက်တွင် ကျန်းရီသည် မီးနဂါးဓားကို မနှိုးထားရသေးပေ။ သို့သော် မီးနဂါးဓားမှနေ၍ မီးနဂါးသုံးကောင် ပျံထွက်သွားပြီး စူးရှသော အလင်းတန်းများကို ဖြာထုတ်လိုက်သည်။ ကျန်းရီသည် မီးနဂါးဓားနှင့် သူ့ကြားမှ ဆက်နွယ်မှုက ပြတ်တောက်သွားသည်ဟု ခံစားလိုက်ရ၏။ ထိုဓားသည် လုံးဝသူစိမ်းဆန်သွားပြီး သူနှင့် မသက်ဆိုင်တော့ပုံ ပေါ်လေသည်။

ဝှစ်...

မီးနဂါးဓားသည် ကျန်းရီ၏လက်ထဲမှ ပျံထွက်သွားကာ အရိုးစုကြီး၏ အရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် မီးနဂါးဓားမှနေ၍ အနီရောင်အခိုးအငွေ့များ ထွက်လာပြီး ၎င်းအခိုးအငွေ့များက ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်အဖြူရောင်ရှိသည် အဘိုးအိုတစ်ယောက်အသွင်အဖြစ် ပေါင်းစည်းသွားသည်။ ထို့နောက် အဘိုးအိုသည် မီးနဂါးဓားကို ဆွဲကိုင်လိုက်သည်။

ထိုအဘိုးအိုသည် မီးနဂါးဓားကို ပွတ်သပ်၍ တီးတိုးပြောလိုက်သည်။

“ပြောတာကောင်းတယ်။ ဒီဓားကို တမလွန်ဘုံက ဧကရာဇ်ရဲ့ ကျောရိုးနဲ့ လုပ်ထားတာ မဟုတ်ပေမယ့် တမလွန်ဘုံက သတ္တဝါတွေရဲ့ သွေးနဲ့ စိမ်ထားတာပဲ။ ဒီဓားတည်ရှိနေတာ မင်းလို မိစ္ဆာကောင်တွေကို သုတ်သင်ဖို့ပဲ”

ထိုအဘိုးအိုကို ကျန်းရီကို မသိပေ။ သို့သော် သူသည် ထိုအသံကို အလွန်ရင်းနှီးပေသည်။ ယင်းမှာ အသုံးအဆောင်ဝိညာဉ်၏ အသံပင်။ ထို့ကြောင့် ကျန်းရီ အံ့ဩတကြီး အော်ပြောလိုက်သည်။

“အဘိုး... အဘိုးက အသုံးအဆောင်ဝိညာဉ်လား”

“မှားတယ်”

ဆံပင်ဖြူနှင့် အဘိုးအိုက ကျန်းရီကို လှမ်းကြည့်၍ ပြောလိုက်သည်။

“ငါက အသုံးအဆောင်ဝိညာဉ်တစ်ခု မဟုတ်ဘူး.. ဒီဓားရဲ့ ပိုင်ရှင်ဟောင်းပဲ”

***

All Chapters