ဗဟုသုတနည်းသော ကောင်စုတ်လေး
Vol. 92 Ch. 1275
“ငါက အသုံးအဆောင်ဝိညာဉ် မဟုတ်ဘူး။ ငါက ပိုင်ရှင်ဟောင်းပဲ”
ကျန်းရီသည် ဦးနှောက်ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရ၏။ ထိုအသုံးအဆောင်ဝိညာဉ်က အလွန်စိတ်ကြီးဝင်ကာ ရှင်းမိုကို ပမွှားလေးဟု ပြောခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ကျန်းရီသည် ထိုဝိညာဉ်မှာ မီးနဂါးဓား၏ အသုံးအဆောင်ဝိညာဉ်ဟု ထင်ခဲ့သည်။ ၎င်းက ဓား၏ ပိုင်ရှင်ဟောင်း ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
‘တစ်ခုခုတော့ မှားနေပြီ...’
ကျန်းရီသည် ထပ်မံခေါင်းရှုပ်သွား၏။ ယခင်က မီးနဂါးဓားတွင် အသုံးအဆောင်ဝိညာဉ် မရှိခဲ့ပေ။ ၎င်းက ဆန်းကြယ်နတ်ဘုရားဓားကို ဝါးမျိုပြီးမှ အသုံးအဆောင်ဝိညာဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ထိုအဘိုးအိုက ဆန်းကြယ်နတ်ဘုရားဓား၏ ပိုင်ရှင် ဖြစ်သင့်သည် မဟုတ်လော။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို မြင်ခဲ့ဖူးသည်။ ထိုအဘိုးအိုနှင့် ဆန်းကြယ်ဧကရာဇ်က လုံးဝကွဲပြားပေသည်။
“ခင်ဗျားက ဘယ်သူလဲ”
ကျန်းရီ နားမလည်နိုင်ဖြစ်နေချိန်တွင် ဧရာမအရိုးစုကြီးက ၎င်း၏မေးရိုးကို လှုပ်၍ စကာလုံးအနည်းငယ် ပြောလိုက်သည်။ ၎င်းသည် အေးစက်စက် မျက်ဝန်းများနှင့်ကြည့်ကာ ဆက်ပြောသည်။
“အဲ့ဓားက ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်ရမယ်။ ခင်ဗျားက အဲ့ဓားရဲ့ ပိုင်ရှင်လား။ ခင်ဗျားက အထက်ဘုံကလား”
“ငါ့နာမည်ကို မင်းလိုကောင်တွေ သိစရာမလိုဘူး”
အဘိုးအို၏ ဝိညာဉ်ပုံရိပ်က ခပ်တိုးတိုးပြောသည်။
“မင်းက ဒီလောကထဲကို ခွင့်ပြုချက်မရှိဘဲ ရောက်လာခဲ့တယ်။ ဒီလောကထဲက လူတစ်ယောက်က ကောင်းကင်တမလွန်အစီအရင်ကို သုံးပြီး မင်းကို ဆင့်ခေါ်ခဲ့တာဆိုပေမဲ့ ဒီလောကမှာ မင်းရဲ့တည်ရှိမှုက မိုးမြေစည်းမျဉ်းနဲ့ ဆန့်ကျင်နေတယ်။ မင်းက ဒီလောကကို ထာဝရပျက်သုဉ်းသွားအောင် ဖျက်ဆီးပစ်နိုင်တယ်”
ဂါး...ဂါး...
အရိုးစုကြီးက ပါးစပ်ဟ၍ ကြက်သီးထဖွယ်အသံ ပြုလုပ်လိုက်သည်။ ၎င်းကိုယ်ပေါ်ရှိ သင်္ကေတပုံသဏ္ဌန်များက စတင်စီးဆင်းလာပြီး ရွှေအိုရောင်အလင်း ဖြာထုတ်လိုက်၏။ ၎င်း၏ အားကောင်းသော အရှိန်အဝါကလည်း လေထဲရှိ ကျန်းရီကို ဖိနှိပ်လိုက်သည်။ မြေပေါ်ရှိ လူအားလုံးလည်း မတ်မတ်မရပ်နိုင်ကြတော့ပေ။
အရိုးစုကြီးသည် ဆံပင်အဖြူရောင်နှင့် အဘိုးအိုကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျားက အထက်ဘုံက ဆိုရင်တောင် အခု ခင်ဗျားမှာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုပဲ ကျန်တော့တယ်။ ခင်ဗျားက ကျုပ်ကို ဘယ်လိုလုပ် ခြောက်လှန့်နိုင်မှာလဲ။ ခင်ဗျား ဉာဏ်ရှိသေးရင် ထွက်သွားလိုက်တော့။ ဒီဘုံက ကောင်စုတ်တစ်ကောင်က တမလွန်ဘုံရဲ့ တမန်တော်တစ်ယောက်ကို ဖျက်ဆီးပစ်လိုက်တယ်။ အဲ့တော့ ကျုပ်တို့ရဲ့ စည်းမျဉ်းတွေအရ ဒီဘုံကို ဖျက်ဆီးပစ်ရမှာပဲ။ ကျုပ် ခင်ဗျားကို ရွေးချယ်ခွင့်နှစ်ခု ပေးမယ်။ ခင်ဗျား ဒီဘုံက ထွက်သွားမလား ဒါမှမဟုတ် သူတို့နဲ့အတူ သေမလား”
“ဟွန်း...”
အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး စကားပြောကာ အချိန်ဖြုန်းမနေတော့ပေ။ သူ့လက်ထဲမှ မီးနဂါးဓားက လင်းလက်လာသည်။ သူ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
“ခင်ဗျားက ခေါင်းမာနေသေးမှတော့ သွားသေလိုက်တော့”
အရိုးစုကြီးက ၎င်း၏ ဧရာမအရိုးလက်ကြီးဖြင့် ဆံပင်ဖြူနှင့် အဘိုးအိုကို ရိုက်ချလိုက်သည်။ အရိုးလက်ကြီး လှုပ်ရှားသွားသောအခါ တစ်ကိုယ်လုံးရှိ သင်္ကေတပုံသဏ္ဌာန်များ စတင်ရွေ့လျားလာပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက လက်ကြီးဆီသို့ စီးဆင်းသွားလေသည်။ ကျန်းရီတို့သည် ထိုရိုက်ချက်က အရှေ့ဘက် တော်ဝင်နယ်မြေရှိ အမြင့်ဆုံးတောင်ကိုပင် ဖျက်ဆီးပစ်နိုင်လောက်ကြောင်း ယုံကြည်ကြပေသည်။
“ကောင်လေး... ဒီဓားကို ဘယ်လိုသုံးရတယ်ဆိုတာကို သေချာကြည့်ထား”
ဆံပင်ဖြူနှင့် အဘိုးအိုက ဧရာမအရိုးလက်ကြီးကို လုံးလုံးလျစ်လျူရှု၍ ကျန်းရီကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာက တည်ငြိမ်နေသည်။ သူ လက်ကို လှုပ်ခါလိုက်ရာ မီးနဂါးဓား ဝေ့ယမ်းသွားပြီး မီးနဂါးသုံးကောင် ထွက်လာသည်။ မီးနဂါးဓားမှနေ၍ အစောကထက်ပို၍ အားကောင်းသော၊ အရိုးစုကြီး၏ အရှိန်အဝါနှင့် ယှဉ်နိုင်သော အရှိန်အဝါတစ်ခုလည်း ထွက်လာသည်။ အဘိုးအိုသည် မီးနဂါဓားကို အရှေ့သို့ ညင်သာစွာ ချိန်၍ ခုတ်ချလိုက်သည်။
ရွှက်...
မီးနဂါးသုံးကောင်က အရှေ့သို့ ပျံထွက်သွားသည်။ သို့သော် ၎င်းတို့က တကွဲတပြားစီ ပျံသန်းမသွားဘဲ ပေါင်းစည်းလိုက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဓားအလင်းတန်းတစ်ခုဖြစ်သွားကာ အရိုးစုကြီးထံ ပျံဝင်သွားလေသည်။
ဒုတ်...ဒုတ်...
မြားများက သစ်သားပြားကို ထိမှန်သကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ဓားအလင်းတန်းသည် အရိုးစုကြီး၏ အရိုးခေါင်းကို ထိမှန်ကာ ခေါင်းထဲသို့ ဖောက်ထွင်းဝင်ရောက် ပျောက်ကွယ်သွားသည်။ အရိုးစုကြီး၏ လက်ကလည်း လေထဲမှာပင် ရပ်တန့်သွားသည်။ ၎င်း၏ မျက်ဝန်းထဲ၌ အကြောက်တရား၊ မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်နေသည်။ ၎င်းသည် မေးရိုးကို လှုပ်၍ အံ့အားသင့်စွာ အော်ပြောလိုက်သည်။
“ခင်ဗျား... ခင်ဗျားက.. ခင်ဗျားက...”
ဝုန်း...
အရိုးစုကြီး၏ အရိုးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ဧရာမခန္ဓာကိုယ်ကြီးလည်း ပေါက်ကွဲသွားသည်။ ၎င်း၏ အရိုးများက နေရာအနှံ့သို့ လွင့်ပျံသွားပြီး ၎င်းကိုယ်ပေါ်မှ ရွှေအိုရောင် သင်္ကေတပုံသဏ္ဌာန်များလည်း ပျောက်ကွယ်သွားသည်။
“...”
နေရာတစ်ခုလုံး သုဿာန်တစ်စပြင်အလား တိတ်ဆိတ်သွားသည်။ ကျန်းရီသည် သူမြင်လိုက်ရသည်ကို မယုံနိုင်ဖြစ်နေသည်။ အားလုံးသည်လည်း လေထဲမှ အရိုးပင်လယ်ကြားရှိ ခပ်ရေးရေး ပုံရိပ်ကို အံ့ဩတကြီး ကြည့်နေကြသည်။ သူတို့အားလုံးသည် အိပ်မက်မက်နေသည်ဟု ခံစားနေကြရ၏။ ဖြစ်ပျက်သွားခဲ့သော အဖြစ်မှာ လုံးဝ မယုံနိုင်စရာပင်။
ကျန်းရီအဖမ်းခံရသည်မှနေ၍ အရိုးစုကြီးပေါက်ကွဲထွက်သွားသည်အထိ ဆယ်စက္ကန့်မှ စက္ကန့်နှစ်ဆယ်လောက်သာ ကြာခဲ့သည်။
လူများစွာသည် ဘာဖြစ်သွားကြောင်းပင် ကောင်းစွာ မသိလိုက်ကြပေ။ အချို့သည်လည်း ကျန်းရီက အဖမ်းခံလိုက်ရသည်၊ ထို့နောက် အရိုးစုကြီး၏ လက်ဆုပ်အားက ပြေလျော့သွားပြီး ကျန်းရီ လွတ်ထွက်သွားသည်၊ ယင်းနောက် အဘိုးအိုပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်၊ ထိုအဘိုးအိုက ကျန်းရီ၏ ဓားကို ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်၊ နောက်ဆုံးတွင် ဧရာမအရိုးစုကြီး ပေါက်ကွဲပျက်စီးသွားသည်ဟုသာ သိလိုက်ကြသည်။
ထိုအောင်မြင်မှုက အလွန်မြန်လွန်းသည်။ လူအများစုသည် ထိုစက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့သော ကိစ္စများအပေါ် တုံ့ပင် မတုံ့ပြန်နိုင်ကြသေးဘဲ မှင်တက်နေကြသည်။
“တမလွန်လောကကို ပြန်သွားလိုက်တော့”
ဆံပင်ဖြူနှင့် အဘိုးအိုက အောက်ဘက်ရှိ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများကို ငုံ့ကြည့်၍ ပြောလိုက်၏။ အသိဉာဏ်မရှိသော ထိုဖုတ်ကောင်များသည် အမှန်ပင် မြေအောက်ထဲသို့ အသည်းအသန် ထွက်ပြေးကြလေသည်။ ထိုအဘိုးအိုမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သန်းရာချီသော ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများအားလုံး ပြန်ဆုတ်ကာ ပျောက်ကွယ်သွားကြသည်။ ၎င်းတို့သည် ၎င်းတို့ ထွက်လာခဲ့သော မြေအက်ကြောင်းများနှင့် တွင်းများမှနေ၍ တမလွန်လောကသို့ ပြန်သွားလိုက်ကြသည်။ ပြင်းထန်နေခဲ့သော တိုက်ပွဲကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထိုနေရာတစ်ခုလုံးက ရပ်တန့်သွားသကဲ့သို့ပင်။ သန်းဆယ်ချီသော မျက်လုံးများက မီးနဂါဓားနှင့် အဘိုးအိုကို မော့ကြည့်ကြသည်။ လူများသည် အသက်ပင် မရှူဝံ့ကြချေ။
ဆံပင်ဖြူနှင့် အဘိုးအို၏ မျက်နှာက အလွန်သာမန်ဆန်သည်။ သူ၏အရှိန်အဝါကလည်း အလွန်အားနည်းနေသည်။ သူသည် အောက်ဘက်ရှိ သိုင်းသမားအားလုံးကို လျစ်လျူရှု၍ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး ဒီကို ပျံတက်ခဲ့”
“ကျွန်တော်လား...”
ကျန်းရီသည် တုန်ယင်သွားပြီး ကောင်းကင်ထက်သို့ ခပ်သွက်သွက် ပျံတက်လိုက်သည်။ အဘိုးအိုသည် မီးနဂါးဓားကို ကျန်းရီထံသို့ ပြန်ပစ်ပေးလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူတို့နှစ်ယောက်၏ ပတ်ပတ်လည်တွင် အလင်းအကာအရံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မှ အဘိုးအိုက ပြောသည်။
“ဒီတစ်ခေါက် ငါ မင်းကို လက်လျှော့ချင်ခဲ့တယ်။ ဒီဓားကို ဒီဘုံကနေ ယူသွားပြီး တခြားတစ်နေရာမှာ ပိုင်ရှင်အသစ် သွားရှာချင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအခိုက်တန့်မှာ ငါ စိတ်ပြောင်းခဲ့တယ်။ ဘာလို့လဲဆိုတာ မင်းသိလား”
အလင်းအကာအရံကြောင့် အပြင်မှ လူများသည် အဘိုးအိုနှင့် ကျန်းရီတို့၏ စကားများကို မကြားကြရပေ။ အဘိုးအိုသည် သူတို့၏စကားများကို အပြင်လူများ ကြားသွားမည်ကို မလိုလားပုံပင်။ ကျန်းရီသည် တည်ငြိမ်သော မျက်နှာထားဖြင့် မီးနဂါးဓားကို ရိုရိုသေသေ ပြန်ယူကာ ဦးညွှတ်၍ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပြပေးပါ”
“မင်းရဲ့ ပါရမီက အဲ့လောက်မကောင်းဘူး၊ မင်းရဲ့ အကျင့်စရိုက်ကလည်း မရင့်ကျက်သေးဘူး။ သန်းထောင်ချီတဲ့ ဘုံတွေကြားမှာ မင်းက သာမန်လောက်ပဲ။ ငါသာ မင်းကို အမည်မဲ့ကျင့်စဉ် မပေးခဲ့ဘူးဆိုရင် မင်းက ဘယ်တော့မှ နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ အထက်ဘုံကိုလည်း တက်လှမ်းနိုင်မှာ မဟုတ်ဘူး”
အဘိုးအိုက ဆက်ပြောသည်။ သူ့လေသံက တည်ငြိမ်သော်လည်း ကျန်းရီသည် သူ့စကားများကြောင့် အံ့အားသင့်နေသည်။
ကျန်းရီအား အမည်မဲ့ကျင့်စဉ် ပေးခဲ့သူမှာ ထိုအဘိုးအိုလော။ သူ၏ဒန်တျန်ကို ချိပ်ပိတ်ခဲ့သူကလည်း ထိုအဘိုးအိုပင်လော။ မီးဝိညာဉ်ပုလဲ၊ မီးနဂါးဓား၊ ဆန်းကြယ်နတ်ဘုရားဓားနှင့် အရာအားလုံးကို သူက စီစဉ်ထားခြင်းလော။
အဘိုးအိုက ကျန်းရီကို ကြည့်၍ ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“မင်းမှန်းတာ မှန်တယ်။ မင်း ကလေးဘဝကတည်းက ငါ မင်းကို ရွေးချယ်ခဲ့တာ။ ဒီဘုံမှာတော့ မင်းက ပါရမီအထူးဆုံးသူပေါ့။ ပြီးတော့ မင်းရဲ့ကိုယ်ထဲမှာ နတ်ဘုရားမျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတယ်။ မင်းအမေက အထက်ဘုံကလာခဲ့တာ။ သူရဲ့မျိုးနွယ်ကလည်း တော်တော်အစွမ်းထက်တဲ့ နတ်ဘုရားမျိုးနွယ်တစ်ခုပဲ။ ငါ ဒီဘုံမှာ ပုန်းနေခဲ့တာ နှစ်တစ်သန်းရှိသွားပြီ။ မင်းအပြင် ငါ့ရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်ခဲ့တဲ့သူဆိုလို့ ဆန်းကြယ်ဧကရာဇ်ပဲ ရှိခဲ့သေးတယ်။ ဆိုးတာက သူ့မှာ ပြစ်ချက်ကြီးတစ်ခု ရှိနေတယ်။ အဲ့ဒါကြောင့် ငါ သူ့ကို မရွေးချယ်ခဲ့တာပဲ”
“အာ...”
ကျန်းရီ အံ့ဩတကြီးဖြင့် အာမေဋိတ်သံ ပြုလိုက်သည်။ သူသည် မည်သို့ ပြန်ပြောရမည်ကို မသိ၍ အဘိုးအိုပြောသည်ကိုသာ လေးလေးစားစား ဆက်နားထောင်နေလိုက်သည်။
အဘိုးအိုက ခေတ္တ ရပ်တန့်ပြီးနောက် သက်ပြင်းသဲ့သဲ့ချကာ ဆက်ပြောပြန်သည်။
“ဒီတစ်ခေါက် ငါ မင်းကို တကယ်ပဲ လက်လျှော့ချင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာ မင်းက တလွန်ဘုံဧကရာဇ်ကို ဆဲခဲ့တယ်။ ဟားဟား... ပြီးတော့ မင်းက ဒီဓားကို တမလွန်ဧကရာဇ်ရဲ့ ကျောရိုးနဲ့ လုပ်ထားတာလို့တောင် ပြောလိုက်သေးတယ်လား။ ဗဟုသုတနည်းတဲ့ ကောင်စုတ်... မင်းက ကိစ္စတွေရဲ့ ရှုပ်ထွေးမှုကို မသိဘူး။ တမလွန်ဧကရာဇ်က ဘယ်သူလဲဆိုတာကို မင်းသိလား။ အစောက မြင်ကွင်းကို အဲ့အရိုးစုကြီးက တမလွန်ဘုံကို သေချာပေါက် ပြန်ပို့လိုက်မှာပဲ...”
“အဲ့တော့.. တစ်လအတွင်းမှာ တမလွန်ဘုံရဲ့ စစ်တပ်က သေချာပေါက် ဒီနေရာကို ရောက်လာလိမ့်မယ်။ မင်း အထက်ဘုံကို ထွက်ပြေးရင်တောင် တမလွန်ဘုံရဲ့ စစ်တပ်က မင်းနောက်ကို အဆက်မပြတ် လိုက်နေမှာပဲ။ အဲ့ဒါကြောင့်... မင်းရဲ့ ဘဝက ခက်ခဲတော့မယ်။ မင်းက သန်းထောင်ချီတဲ့ ဘုံတွေရဲ့ စွမ်းအားအကြီးဆုံးသူ ဖြစ်လာပြီး တမလွန်ဧကရာဇ်ကို အနိုင်ယူမလား ဒါမှမဟုတ် ထာဝရပျောက်ကွယ်သွားမလား... မင်းမှာ ရွေးချယ်စရာ အဲ့လမ်းနှစ်လမ်းပဲ ရှိတယ်”
***