← Chapters

သေခြင်းလမ်းကြောင်းများ

Vol. 92 Ch. 1276

သေခြင်းလမ်းကြောင်းများ

Vol. 92 Ch. 1276

ကျန်းရီသည် တမလွန်ဧကရာဇ်ကို မသိပေ။ သူက စိတ်ထဲရှိရာ ပြောခဲ့ခြင်းသာ။ တမလွန်ဘုံမှ ဒဏ္ဍာရီလာ သတ္တဝါများက အမှန်တကယ် ရှိသည်ဟုလည်း မထင်ခဲ့ချေ။ ထို့ကြောင့် ဆံပင်ဖြူနှင့် အဘိုးအို၏ စကားများကို ကြားလိုက်ရသောအခါ ထိုအဘိုးအိုက သူ့ကို ဗဟုသုတနည်းသူဆို၍ လိမ်ရန် ကြိုးစားနေခြင်းလောဟု စတင်သံသယဖြစ်လာလေသည်။

ကျန်းရီသည် ယုံတစ်ဝက်၊ မယုံတစ်ဝက်နှင့် မေးလိုက်သည်။

“အစောက အရိုးစုကြီးက တကယ်ပဲ တမလွန်ဘုံကလား”

“ဟင်းဟင်း”

အဘိုးအိုက ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ပြန်ဖြေသည်။

“မင်း ငါ့ကို မယုံဘူးဆိုရင် တစ်လနေတော့ မင်းဘာသာ ကြည့်ကြည့်ပေါ့။ အင်း... ငါ မင်းကို ပြောဖို့ မေ့နေတာ။ ငါ့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစမှာ စွမ်းအင်သိပ်မကျန်တော့ဘူး။ နှစ်တစ်သန်းက ငါ့စိတ်ဝိညာဉ်ရဲ့ စွမ်းအင်အများစုကို ကုန်သွားစေခဲ့တယ်။ အစောကလည်း ငါ မင်းကို တမလွန်ဘုံရဲ့ စစ်သူကြီးကို အနိုင်ယူနိုင်ဖို့ ကူညီပေးခဲ့သေးတယ်။ တစ်လကြာပြီးလို့ တမလွန်ဘုံရဲ့ စစ်တပ်ကြီးက မင်းကို လာတိုက်ခိုက်ရင် ငါတစ်ယောက်တည်း မင်းကို ကာကွယ်မပေးနိုင်တော့ဘူး။ မင်း တခြားနည်းလမ်းတစ်ခု ရှာရလိမ့်မယ်”

“အဲ့လိုမလုပ်ပါနဲ့...”

ကျန်းရီ စိတ်လှုပ်ရှားလာ၏။ ထို့နောက် ရှုံ့မဲ့သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

“အဘိုး... ကျွန်တော်မှားတာပါ။ ကျွန်တော် အဘိုးရဲ့ စကားတွေကို သံသယမဖြစ်ခဲ့သင့်ပါဘူး။ ကျွန်တော်တို့ကို ကူညီပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီလောက,က သက်ရှိတွေကို ကူညီပေးပါ။ အဘိုးလည်း သန်းထောင်ချီတဲ့ သက်ရှိတွေ သေကြေပျက်စီးရမှာကို မကြည့်ရက်ဘူးမလား”

“အဲ့ဒါက ငါ ကြည့်ရက်တာ၊ မကြည့်ရက်တာနဲ့ မဆိုင်ဘူး”

အဘိုးအိုက ခေါင်းခါ၍ ဆက်ပြောသည်။

“ငါ့မှာ တကယ်ကို ရွေးချယ်စရာမရှိဘူး။ ငါသာ အသက်ရှင်နေသေးရင် တလွန်ဘုံစစ်သူကြီး အယောက်သန်းထောင်ချီလာရင်တောင် ငါ မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့.... အခုက ငါ့စိတ်ဝိညာဉ် မပျောက်ကွယ်သွားခင် ငါ တမလွန်ဘုံစစ်သူကြီး ငါးယောက်လောက်ကိုပဲ သတ်နိုင်တော့မယ်။ ဒီတစ်ခေါက် တမလွန်ဘုံစစ်သူကြီးကို သတ်လိုက်တာက တမလွန်ဘုံဧကရာဇ်နဲ့ ဒီလောက,က တမလွန်ဘုံဘုရင်ကို သေချာပေါက် ဒေါသထွက်သွားစေလိမ့်မယ်။ အခုလောက်ဆို သူတို့က မဟာအစီအရင်ကြီး ဆင်နေလောက်ပြီ။ တစ်လအတွင်း အနည်းဆုံး တမလွန်ဘုံစစ်သူကြီး အယောက်တစ်ထောင်လောက် ရောက်လာလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်”

“အာ...”

ကျန်းရီ စတင် တုန်လှုပ်လာသည်။ ထိုတမလွန်ဘုံစစ်သူကြီးများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ စစ်သူကြီးတစ်ယောက်သည်ပင် သူတို့အားလုံးကို မျှော်လင့်ချက်မဲ့သွားစေခဲ့သည်။ အကယ်၍ အယောက်တစ်ထောင်သာ ရောက်လာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ တစ်လပြည့်ပြီးနောက် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ဆက်တည်ရှိနိုင်ပါဦးမည်လော။

ထိုအဘိုးအို၏ လေသံက လေးနက်နေသည်။ သူက ကျန်းရီကို လိမ်နေပုံမပေါ်ပေ။ ထို့ပြင် ကျန်းရီသည် စိတ်ဝိညာဉ်အပိုင်းအစများကို အတန်ငယ် နားလည်သည်။ ဆန်းကြယ်ဧကရာဇ်ကလည်း သူ၏စိတ်ဝိညာဉ်ကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ချန်ထားခဲ့သည်။ သို့သော် ထိုစိတ်ဝိညာဉ်ကလည်း အချိန်၏ တိုက်စားမှုကို မခံနိုင်ခဲ့ပေ။ အဘိုးအို၏ စိတ်ဝိညာဉ်အပိုင်းအစ၏ စွမ်းအင်က လျော့ကျနေသည်။ ထိုအဘိုးအိုက မီးနဂါးဓားထဲတွင် နှစ်တစ်သန်းကျော်လည်း ပုန်းနေခဲ့သေးသည်။

အဘိုးအို၏ စိတ်ဝိညာဉ်အပိုင်းအစက နှစ်တစ်သန်းအတွင်းမှာ ပျောက်ကွယ်မသွားဘဲ ယခု တမလွန်ဘုံစစ်သူကြီးတစ်ယောက်ကိုပင် ဖျက်ဆီးနိုင်ခဲ့ခြင်းသည်ပင် ကျန်းရီ မျှော်လင့်ထားသည်ထက် သာလွန်နေပြီဖြစ်သည်။ သို့သော် ထိုစိတ်ဝိညာဉ်အပိုင်းအစက တမလွန်ဘုံစစ်သူကြီး အယောက်တစ်ထောင်လောက်ကိုတော့ မယှဉ်နိုင်လောက်တော့ပေ။

“တကယ်တော့... အဲ့ကောင်စုတ် ဆန်းကြယ်ဧကရာဇ်သာ နတ်ဘုရားအဆင့်ကို မတက်လှမ်းသွားရင် မင်းတို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံရမှာ မဟုတ်ဘူး။ ဆန်းကြယ်ဧကရာဇ် အဆင့်တက်သွားပြီးတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲကို တမလွန်ဘုံအရှိန်အဝါတန်းတစ်တန်း ဝင်လာခဲ့တယ်။ နောက်တော့ အဲ့အရှိန်အဝါတန်းက ကောင်းကင်တမလွန်ဂိုဏ်းကို တဖြည်းဖြည်း ထိန်းချုပ်ခဲ့တယ်။ အဲ့ကောင်းကင်တမလွန်ဂိုဏ်းက ကောင်စုတ်လေးပြောတာလည်း မမှားဘူး။ တကယ်လို့ မင်းသာ ထွက်ပေါ်မလာခဲ့ဘူးဆိုရင် ဒီကပ်ဘေးက ဖြစ်လာမှာ မဟုတ်ဘူး။ ကောင်းကင်တမလွန်ဂိုဏ်း.. ဒါမှမဟုတ် တမလွန်ဘုံက အမြဲတမ်း အဓိကဗျူဟာတစ်ခုပဲ ရှိခဲ့တယ်။ သူတို့က သက်ရှိတွေကို အင်အားတစ်ခုရှိလာပြီး သတ်ဖို့အဆင့်သင့်ဖြစ်တဲ့ အထိပျိုးထောင်ကြတယ်..နောက်တော့ အဲ့သက်ရှိအကုန်လုံးကို သတ်ပစ်လိုက်တယ်...”

“သူတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ တိုက်ပွဲတွေ ဖြစ်နေအောင် လုပ်ထားရင် အမြဲတမ်း အလောင်းတွေ ရနေမှာပဲ။ ပြီးရင် အဲ့အလောင်းတွေကို ဖုတ်ကောင်တပ်သားနဲ့ ဖုတ်ကောင်စစ်သူကြီးတွေအဖြစ် ပြောင်းပြီး တမလွန်ဘုံကို ပြန်ပို့တယ်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က သက်ရှိတွေအကုန်လုံးကို တမလွန်ဘုံက ပျိုးထောင်ထားတာပဲ။ ကောင်လေး... တွေးကြည့်ပါ။ တကယ်လို့ မင်း မွေးထားတဲ့ တိရိစ္ဆာန်တွေက ရုတ်တရက် မင်းကို သတ်ဖို့ ကြိုးစားမယ်ဆိုရင် ပိုင်ရှင်အနေနဲ့ မင်း ဘာလုပ်မလဲ”

ကျန်းရီသည် အဘိုးအို၏ စကားကို ကြားလိုက်သောအခါ တုန်ယင်သွားသည်။ ထို့နောက် သူ ပြန်ဖြေလိုက်သည်။

“ကျွန်‌တော် အဲ့တိရိစ္ဆာန်တွေအကုန်လုံးကို သတ်ပစ်ပါမယ်”

“အမှန်ပဲ”

အဘိုးအိုက ကောင်းကင်ထက်သို့ မော့ကြည့်၍ မျက်နှာထားတည်တည်ဖြင့် ဆက်ပြောသည်။

“တကယ်တော့ သူတို့အတွက် ဒီလောကကို ဖျက်ဆီးဖို့ဆိုတာ အရမ်းလွယ်တယ်။ ဒီလောကထဲကို တမလွန်ဘုံစစ်သူကြီးတွေ ပို့လိုက်ရုံပဲ။ ဒီလောက,က သက်ရှိအကုန်လုံးကို သတ်ပြီးသွားရင် သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တခြားသက်ရှိတွေကို နှစ်နှစ်သိန်းအတွင်း ပြန်ဖန်တီးနိုင်တယ်။ နှစ်နှစ်သိန်းကြာပြီးရင် ဒီဘုံက ပြန်ပြီး စည်ပင်လာမှာပါ။ အဲ့အချိန်ကျ သူတို့က ကြိုက်တဲ့ဂိုဏ်းတစ်ဂိုဏ်းကို ထိန်းချုပ်ပြီး အဲ့ဂိုဏ်းကို စွမ်းရည်တချို့နဲ့ နတ်ဘုရားအသုံးအဆောင်တွေ ပေးလိုက်ရုံပဲ။ ပြီးရင် ဒီဘုံတစ်ခုလုံးကို ထပ်ပြီး ထိန်းချုပ်နိုင်ပြီပေါ့”

“နတ်ဘုရားအသုံးအ‌ဆောင်တွေ.. အစီအရင်တွေ”

ရုတ်တရက် ကျန်းရီသည် တစ်စုံတစ်ခုကို တွေးမိသွား၏။ ကောင်းကင်တမလွန်ဂိုဏ်းက အံ့အားသင့်ဖွယ်ကောင်းသော အစီအရင်များစွာနှင့် နတ်ဘုရားအသုံးအဆောင်များစွာကို ပိုင်ဆိုင်ထားခြင်းမှာ မထူးဆန်းတော့ပေ။ ထိုအရာအားလုံးကို တမလွန်ဘုံက ကောင်းကင်တမလွန်ဂိုဏ်းအား ပေးထားခြင်းဖြစ်ပေသည်။

အဘိုးအို၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းရီ အရာအားလုံးကို နားလည်သွားပြီး ခါးသက်သက် ပြုံးလိုက်သည်။ အမှန်တရားက ရက်စက်လွန်းသည်။ ပြီးခဲ့သော နှစ်သိန်းချီအတွင်း အရှေ့ဘက် တော်ဝင်နယ်မြေ၏ ဒေသတစ်ရာ့ရှစ်ခုက အမြဲမပြတ် တိုက်ပွဲဖြစ်နေခဲ့သည်။ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် တစ်စုံတစ်ယောက် သေဆုံးခဲ့သည်။ ထိုအရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကောင်းကင်တမလွန်ဂိုဏ်း ဖြစ်နေသည်။ ဤလောကရှိ သူရဲကောင်းများက အခြားသူများအား သတ်ရသည်ကို သဘောကျပုံပေါ်သည်။ သို့သော် ယင်းမှာလည်း ကောင်းကင်တမလွန်ဂိုဏ်း၏ နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့မှုကြောင့် ဖြစ်သည်။

တမလွန်ဘုံက ထိုသို့ကြံစည်ခဲ့ခြင်းမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် အလောင်းများနှင့် ပြည့်နှက်သွားစေရန်ဖြစ်သည်။ သို့သော် ထိုအကြောင်းများကို ဤမှ လူများက လုံးဝ မသိခဲ့ချေ။ သူတို့သည် တမလွန်ဘုံက မွေးထားသော တိရိစ္ဆာန်များကဲ့သို့ပင်။ ကောင်းကင်တမလွန်ဂိုဏ်းသည် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်စစ်သူကြီးများကို ပိုလိုချင်၍ လူသန်းဆယ်ချီ သေရမည့် စစ်ပွဲကြီးများကို စတင်ခဲ့ခြင်းပင်။ နောက်ဆုံးတွင် ထိုလူများက ဖုတ်ကောင်တပ်သားများ၊ ဖုတ်ကောင်စစ်သူကြီးများ ဖြစ်သွားကြပေသည်။

“အဘိုး... တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား”

ကျန်းရီသည် အဘိုးအို၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်သည်။ သူသည် အခြားလူများ‌ရှေ့တွင် ဒူးထောက်ရသည်ကို မကြိုက်ပေ။ သို့သော် ယခုတွင် သူနှင့် သူချစ်ရသူများအတွက် သူ ဒူးထောက်ရန် လိုအပ်နေသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ သက်ရှိများအတွက် သူ ဦးညွှတ်ကာ လက်ဆုပ်၍ အော်ပြောလိုက်သည်။

“အဘိုး... ကျေးဇူးပြုပြီးတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကယ်တင်ပေးပါ။ ဒီလောက,က အပြစ်မဲ့တဲ့သူတွေကို ကယ်တင်ပေးပါ။ ကျွန်တော် ကျန်းရီက အဘိုး ခိုင်းသမျှကို သေတဲ့အထိ လုပ်ဆောင်ပေးပါမယ်”

ဒုတ်...ဒုတ်...

အောက်ဘက်မှ လူများသည် ကျန်းရီတို့နှစ်ယောက် ပြောနေသော စကားများကို မကြားရသော်လည်း ကျန်းရီက ဒူးထောက်လိုက်ကြောင်း မြင်လိုက်သောအခါ သူတို့လည်း အလျင်အမြန် ဒူးထောက်လိုက်ကြသည်။ အပြင်းအထန် ဒဏ်ရာရထားသော ရွှမ်ဧကရာဇ်သည်ပင် ဒူးထောက်လိုက်သည်။ ရွှမ်ဧကရာဇ်သည် ကျန်းရီက ထိုအဘိုးအိုကို မည်သည့်အရာ တောင်းဆိုနေကြောင်း မသိပေ။ သို့သော် ထိုအဘိုးအိုက တမလွန်ဘုံစစ်သူကြီးကို သတ်နိုင်ခဲ့သည်နှင့်ပင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က သူ့အပေါ် အကြွေးတင်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အားလုံး၏ ဒူးထောက်အရိုအသေပေးမှုနှင့် ထိုက်တန်ပေသည်။ သူ၏စွမ်းရည်များကပင် လေးစားခံရရန်၊ ချီးကျူးခံရရန် ထိုက်တန်နေပြီဖြစ်သည်။

အဘိုးအို နှုတ်ဆိတ်သွားသည်။ သူသည် ကျန်းရီကို မကြည့်ဘဲ လက်နောက်ပစ်၍ ဟင်းလင်းပြင်ကို ငေးကြည့်နေလိုက်သည်။ အတော်ကြီးကြာမှ သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ငါ မင်းကို မကူညီပေးနိုင်ဘူး။ အခု ငါ့စိတ်ဝိညာဉ်ရဲ့ စွမ်းဆောင်နိုင်စွမ်းအရ ငါက အလွန်ဆုံးမှ တမလွန်စစ်သူကြီးငါးယောက်လောက်ကိုပဲ သတ်နိုင်တော့မယ်။ ဒါပေမဲ့ တမလွန်ဘုံကသူတွေနဲ့ အထက်ဘုံကသူတွေ ဒီဘုံထဲကို ဝင်မလာနိုင်အောင် ကာပေးမဲ့ အစီအရင်ကြီးတစ်ခု ဆင်ဖို့တော့ ငါ ကူညီပေးနိုင်တယ်”

ကျန်းရီသည် အဘိုးအို၏ ပထမစကားကို ကြားလိုက်ရစဉ်တွင် စိတ်ဓာတ်ကျသွားခဲ့၏။ သို့သော် နောက်ပိုင်းစကားကို ကြားရသောအခါတွင် သူ မျှော်လင့်ချက် ပြန်ရှိလာသည်။ အထက်ဘုံမှသူများနှင့် တမလွန်ဘုံမှသူများ ဤဘုံသို့ မလာနိုင်အောင် အစီအရင်တစ်ခု ဆင်နိုင်သည်လော။ သို့ဆိုလျှင် သူတို့ လုံခြုံမည် မဟုတ်လော။

“အစောကြီး အောင်ပွဲမခံနဲ့ဦး”

ကျန်းရီက အဘိုးအိုကို ကျေးဇူးတင်ရန် ဟန်ပြင်လိုက်ချိန်တွင် အဘိုးအိုက အေးစက်စက် လေသံနှင့် ဆက်ပြောသည်။

“အဲ့အစီအရင်ကို ဆင်လိုက်တာနဲ့ အထက်ဘုံနဲ့ တမလွန်ဘုံကသူတွေတင် မကဘူး မိုးမြေအတွင်းအားကလည်း ဒီဘုံထဲကို ဝင်လာနိုင်တော့မှာ မဟုတ်ဘူး။ အဲ့တော့ အစီအရင်ဆင်ပြီးတာနဲ့ ဒီဘုံထဲက မိုးမြေအတွင်းအားက တဖြည်းဖြည်း ကုန်လာလိမ့်မယ်။ နှစ်တစ်ထောင်ကြာပြီးရင် ဒီဘုံမှာ ဘာမိုးမြေအတွင်းမှ ကျန်တော့မှာ မဟုတ်ဘူး...”

“မိုးမြေအတွင်းအားက ဝိညာဉ်စွမ်းအင်ကို ဖြစ်စေတာ။ ဝိညာဉ်စွမ်းအင်က သက်ရှိအားလုံးရဲ့ အခြေခံပဲ။ အဲ့စွမ်းအင် မရှိရင် ဒီဘုံက ဖြည်းဖြည်းချင်း သေဆုံးသွားလိမ့်မယ်။ နောက်နှစ်တစ်ထောင် ထပ်ကြာရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးက လောကသေကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ အဲ့အစီအရင်က သေခြင်းဆီ သေချာပေါက် ဦးတည်နေတဲ့ အစီအရင်ပဲ”

“အာ...”

ကျန်းရီ ထပ်မံ ရင်လေးသွားသည်။ အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေသည်။ အကယ်၍ သူသာ စိတ်ပျော့သူတစ်ယောက် ဖြစ်လျှင် အဘိုးအို ပြောလိုက်သည့် စကားက သူ့ကို သေလောက်အောင် ကြောက်ရွံ့သွားစေပေလိမ့်မည်။ ကျန်းရီသည် လောလောဆယ်တွင် မည်သို့မှ မပြောသေးရန် ဆုံးဖြတ်လိုက်ပြီး အဘိုးအိုက အသေးစိတ် ဆက်ရှင်းပြမည်ကိုသာ စောင့်နေလိုက်သည်။ ဆန်းကြယ်၍ စွမ်းအားကြီးသော အဘိုးအိုထံတွင် လွတ်လမ်းတစ်ခု ရှိလိမ့်မည်ဟု သူ ယုံကြည်ပေသည်။

“တခြားတစ်နည်းတော့ ရှိသေးတယ်”

အဘိုးအို၏ လေသံက အမှန်ပင် ထပ်မံပြောင်းလဲသွားသည်။ သူသည် အာကာပြင်ကို ညွှန်ပြ၍ ပြောလိုက်သည်။

“ငါက ရှင်သန်ခြင်းဆီ ဦးတည်တဲ့ နောက်ထပ်အစီအရင်တစ်ခုကိုလည်း ဆင်နိုင်တယ်။ အဲ့အစီအရင်က အထက်ဘုံနဲ့ တမလွန်ဘုံကသူတွေကို ဝင်မလာနိုင်အောင် တားပေးနိုင်တယ်။ ဒါပေမဲ့ မိုးမြေအတွင်းအားကိုတော့ ဝင်ခွင့်ပေးတယ်။ ခက်တာက အဲ့အစီအရင်ကို ဆင်နိုင်ဖို့ စွမ်းအင်အများကြီးလိုတယ်။ အခု ငါ့စိတ်ဝိညာဉ်ရဲ့ စွမ်းအင်လက်ကျန်အရ ငါ အဲ့အစီအရင်ကို ဆယ်နှစ်လောက်ပဲ ထိန်းထားနိုင်မယ်။ တစ်နည်းပြောရရင် ဆယ်နှစ်ပြည့်တာနဲ့ မင်းတို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က တမလွန်ဘုံက စစ်တပ်ကို ရင်ဆိုင်ဖို့ ကိုယ့်ဘာကိုယ် နည်းလမ်းတစ်ခု ရှာရလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ ယှဉ်နိုင်မှာ မဟုတ်လောက်ပါဘူး.. နောက်ဆုံးမှာတော့ မင်းတို့ ပျက်သုဉ်းရမှာပဲ။ ကဲ... မင်းရှေ့မှာ ‌ရွေးချယ်စရာလမ်းနှစ်လမ်း ရှိတယ်။ မင်း ဘယ်လမ်းကို ရွေးမလဲ”

“ဆယ်နှစ်လား...”

ကျန်းရီ အံ့အားသင့်သွားသည်။ ဆယ်နှစ်ဟူသော အချိန်အတွင်း သူ ဘာလုပ်နိုင်မည်နည်း။ ဆယ်နှစ်အတွင်း သူ နတ်ဘုရားအစစ်အမှန်အဆင့်ကို တက်လှမ်းနိုင်မည်လော။ တက်လှမ်းနိုင်လျှင်ပင် တမလွန်ဘံ၏ စစ်တပ်ကို ယှဉ်နိုင်ပါမည်လော။

အဘိုးအို၏ ပြောစကားများအရ ရွေးချယ်စရာ လမ်းနှစ်လမ်းတွင် တစ်လမ်းက သေခြင်းဆီ ဦးတည်ပြီး၊ ကျန်တစ်လမ်းက ရှင်သန်ခြင်းဆီ ဦးတည်သည်။ သို့သော် ကျန်းရီအတွက်မူ နှစ်လမ်းလုံးက သေခြင်းလမ်းကြောင်းများသာ ဖြစ်ပေသည်။

***

All Chapters