ဆန်းကြယ်ဧကရာဇ်နှင့် ရီဖျောင်ဖျောင်တို့ကို သွားရှာမည်
Vol. 92 Ch. 1277
ကျန်းရီသည် တစ်လောကလုံးနှင့် သက်ဆိုင်သည့် ကိစ္စအတွက် သူ့ဘာသာ ဆုံးဖြတ်ချက် မချဝံ့ပေ။ ထို့ကြောင့် သူသည် အခြားသူများအားလုံးနှင့် ထိုအကြောင်းကို ဆွေးနွေးလိုသည်ဟု အဘိုးအိုအား ပြောလိုက်သည်။ အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ပုံရိပ်က မီးနဂါးဓားထဲ ပြန်ဝင်ကာ ပျောက်ကွယ်သွားသည်။ အလင်းအကာအရံကလည်း လွင့်ပြယ်သွားသည်။ ထိုအခါ ကျန်းရီ အောက်ဘက်သို့ ပျံဆင်းသွားလိုက်လေသည်။
ကျန်းရီသည် တောင်ပုံရာပုံ အလောင်းများ၊ ဒဏ်ရာရထားသူများ၊ တိုက်ပွဲကြောင့် ဖြစ်သွားခဲ့သော အပျက်အစီးများ၊ သတိလစ်နေသော ဗုဒ္ဓဧကရာဇ်နှင့် ကျန်လူများကို တွေ့လိုက်ရသောအခါ ဆွေးနွေးရန် အားလုံးကို ချက်ချင်း မစုဝေးနိုင်တော့ပေ။ ရှေးဦးစွာ သူသည် မျိုးနွယ်ခေါင်းဆောင်များကို ခေါ်၍ တိုက်ပွဲပြင်ကို ရှင်းလင်းရန်၊ ဒဏ်ရာရထားသူများကို ကုသပေးရန်နှင့် ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများ၏ တည်နေရာကို ခြေရာခံရန်တို့ကို ခိုင်းလိုက်သည်။ ထို့ပြင် ကျန့်မျိုးနွယ်ဝင်များ၊ ထူမျိုးနွယ်ဝင်များနှင့် ကောင်းကင်တမလွန်ဂိုဏ်းဆီတွင် လက်အောက်ခံခဲ့သော အခြားမျိုးနွယ်များမှ မျိုးနွယ်ဝင်များကို ဖမ်းရန်လည်း အမိန့်ပေးလိုက်သည်။
မည်သူကမှ ကျန်းရီ၏ အမိန့်များကို မဆန့်ကျင်ဝံ့ပေ။
ကျန်းရီက အခြေအနေကို ပြောင်းပြန်လှန်၍ အားလုံးကို ကယ်ခဲ့သူမဟုတ်ပါလား။ သူက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကယ်ခဲ့သူလည်းသည်။ ထို့ပြင် ကျန်းရီ၏ မီးနဂါးဓားမှနေ၍ အလွန်စွမ်းအားကြီးသော အဘိုးအိုတစ်ယောက်လည်း ထွက်လာခဲ့သည်။ ထိုအခိုက်တွင် မဟာမိတ်စစ်တပ်၏ မျက်လုံးများထဲ၌ ကျန်းရီက အကြွင်းမဲ့ ဩဇာအာဏာ ရှိနေပေပြီ။ သူ၏အဆင့်အတန်းက ဗုဒ္ဓဧကရာဇ်နှင့် သူတော်စင်ဧကရီတို့၏ အဆင့်အတန်းထက်ပင် မြင့်နေပြီဖြစ်သည်။
ထူမျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းဆီတွင် လက်အောက်ခံခဲ့သော မျိုးနွယ်များအားလုံးက မခုခံဘဲ အဖမ်းခံကြသည်။ ကျန်းရီက သားရဲဧကရာဇ်၊ ဓားဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမိုတို့ကို သတ်ခဲ့သူဖြစ်သည်။ သူ့ဓားထဲရှိ အဘိုးအိုကလည်း နတ်ဘုရားတစ်ပါးကဲ့သို့သော တမလွန်ဘုံစစ်သူကြီးကို သတ်ပစ်ခဲ့သည်။ သို့ဖြစ်ရာ မည်သူက ခုခံဝံ့ပါဦးမည်နည်း။ ခုခံနေလျှင်ရော ဘာအကျိုးရှိမည်နည်း။
မြေအောက်ထဲသို့ စေလွှတ်လိုက်သည့် ထောက်လှမ်းရေးများအားလုံး ပြန်ရောက်လာသည်။ ဖုတ်ကောင်တပ်သားများနှင့် ဖုတ်ကောင်သားရဲများအားလုံးက နာခံစွာဖြင့် မြေအောက်ထဲတွင်သာ ဆက်နေနေကြသည်။ ကောင်းကင်တမလွန်ဂိုဏ်း၏ အစီအရင်က ၎င်းတို့ကို မနှိုးသေးသ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို ထပ်မံ မတိုက်ခိုက်လောက်တော့ပေ။
သို့သော် ကျန်းရီသည် သတိလက်လွတ် မဖြစ်ဝံ့သေးပေ။ သူသည် ဝူမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်ထံ တစ်စုံတစ်ယောက် စေလွှတ်၍ ကောင်းကင်တမလွန်ဂိုဏ်း၏ တည်နေရာကို စစ်မေးစေလိုက်သည်။ ထို့နောက် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ဒါဇင်အား တပ်သားတစ်သိန်းကို ဦးဆောင်စေ၍ ကောင်းကင်တမလွန်ဂိုဏ်းကို သွားရှင်းပစ်ဖို့ စေခိုင်းလိုက်သည်။ ကောင်းကင်တမလွန်ဂိုဏ်းက အလွန်အန္တရာယ်များသည်။ ဂိုဏ်းသားတစ်ယောက်ကိုပင် အရှင်ထား၍ မဖြစ်ပေ။
ထို့နောက် ကျန်းရီသည် ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲသို့ ပို့၍ အားပြန်ဖြည့်စေလိုက်သည်။ မဟာမိတ်စစ်တပ်ကိုမူ ထျန်းရီမြို့နှင့် ရှန်းစီမြို့တို့သို့ စေလွှတ်၍ အနားယူကာ အမိန့်များကို စောင့်နေရန် ပြောလိုက်သည်။
ဗုဒ္ဓဧကရာဇ်နှင့် သူတော်စင်ဧကရီတို့၏ ဒဏ်ရာများက အတော်လေးပြင်းထန်သည်။ သူတို့ကို အဆင့်အမြင့်ဆုံး ဆေးများ တိုက်ထားသော်လည်း သူတို့ ပြန်နိုးလာရန် အနည်းဆုံး လေး၊ ငါးရက် လိုပေလိမ့်မည်။ ကျန်းရီသည် အဘိုးအိုပြောခဲ့သော ရွေးချယ်စရာလမ်းများအကြောင်းကို ပေါက်ကြားမသွားစေဝံ့သေးပေ။ ထိုအကြောင်းပေါက်ကြားသွားလျှင် အခြေအနေတစ်ခုလုံး ပရမ်းပတာဖြစ်သွားပေလိမ့်မည်။ တိုက်ပွဲကြီးတစ်ပွဲက ယခုမှ အဆုံးသတ်ရုံ ရှိပေသေးသည်။ မဟာမိတ်စစ်တပ်ကလည်း အဆုံးအရှုံးကြီးခဲ့သည်။ ယခုအခိုက်တွင် အားလုံးက ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့သည် စိတ်ဆင်းရဲစရာ အကြောင်းများကို မကြားနိုင်ကြသေးပေ။
***
“ကျန်းရီ... ပုန်ကန်သူတွေကို ဘယ်လိုလုပ်သင့်လဲ”
ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ စံအိမ်ကြီးတစ်ခုထဲတွင် ထန်ရှန်းကျိက ကျန်းရီထံ လျှောက်သွားပြီး အကြံတောင်းလိုက်သည်။ ထန်ရှန်းကျိ၏ ဒဏ်ရာများက မပြင်းထန်ပေ။ ထို့ပြင် ကျန်းရီသည် ထန်ရှန်းကျိကို ယုံကြည်ပေသေးသည်။ ထန်ရှန်းကျိက အလွန်စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် ကျန်းရီသည် သူ့အား အရာအားလုံးကို စီမံစေခဲ့ခြင်းဖြစ်သည်။
ထန်ရှန်းကျိက အလွန်ဉာဏ်ကောင်းသည်။ သူသည် ကျန်းရီနှင့် အရာအားလုံး လာဆွေးနွေးသည်။ ထိုလူငယ်လေးက ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ မဟာအရှင်သခင်ဖြစ်ကြောင်း သူသိပေသည်။ ကျန်းရီသာ မဟာဧကရာဇ်ဖြစ်လိုလျှင် အားလုံးက လက်ခံကြမည်သာ။ ထို့ကြောင့် ကျန်းရီနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ထားနိုင်လျှင် ထန်မျိုးနွယ်၏ အနာဂတ်က တည်ငြိမ်ဖြောင့်ဖြူးနေပေလိမ့်မည်။
“သတ်ပစ်လိုက်...”
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် တည်ငြိမ်သော မျက်နှာထားဖြင့် အေးစက်စက် အမိန့်ပေးလိုက်သည်။
“ပုန်ကန်တဲ့ မျိုးနွယ်တွေက သိုင်းသမားအကုန်လုံးကို သတ်ပစ်လိုက်။ သက်ကြီးရွယ်အိုတွေ၊ အားနည်းတဲ့သူတွေ၊ မိန်းမတွေနဲ့ ကလေးတွေကို အပြစ်သားကျွန်းဆီ ပို့လိုက်။ သူတို့ရဲ့ မျိုးဆက်တွေက ကျွန်တွေ ဖြစ်လာရမယ်။ ပြီးတော့ ကျွန်တော်တို့ အပြစ်သားကျွန်းမှာ တပ်ချထားဖို့လိုတယ်။ နောက်ထပ် မျိုးနွယ်(၁၃)ခု ထပ်ပေါ်လာမှာမျိုး အဖြစ်ခံလို့ မဖြစ်ဘူး”
“ကောင်းပါပြီ”
ထန်ရှန်းကျိက လက်ဆုပ်၍ အမိန့်နာခံလိုက်သည်။ သူသည် ကျန်းရီ၏ သွေးအေးသော အမိန့်များကို မေးခွန်းမထုတ်ခဲ့ပေ။ မျိုးနွယ်အချို့က လူသားမျိုးနွယ်ကို သစ္စာဖောက်ကာ တမလွန်ဘုံနှင့် ပူးပေါင်းခဲ့သဖြင့် သူတို့ကို အသက်ရှင်လျက်ထားလိုက်လျှင် နောင်တွင် ပြဿနာများ ဖြစ်လာနိုင်သည်။ ကျန်းရီအနေဖြင့် သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများကို မသတ်ခြင်းမှာပင် သက်ညှာခြင်းဖြစ်နေပေပြီ။ ကျန်းရီနေရာတွင် ထန်ရှန်းကျိဆိုလျှင် သူတို့အားလုံးကို သတ်ပစ်လောက်ပေသည်။
“အဘိုးထန်...”
ကျန်းရီက ခေတ္တမျှ တွေးတောပြီးနောက် ထပ်ပြောသည်။
“မြေအောက်ထဲက ဖုတ်ကောင်တပ်သားတွေ၊ ဖုတ်ကောင်စစ်သူကြီးတွေနဲ့ ဖုတ်ကောင်သားရဲတွေကို ရှင်းပစ်ရမယ်။ သူတို့က ဒီအတိုင်းထားလိုက်ရင် နောက်ကျ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ထားလိုက်ပါတော့လေ... ဖုတ်ကောင်စစ်သူကြီးတချို့က အရမ်းစွမ်းအားကြီးတယ်။ သူတို့ကို သာမန်နတ်ဘုရားတစ်ပိုင်းတွေက ယှဉ်နိုင်မှာ မဟုတ်ဘူး။ မဟာမိတ်စစ်တပ်ကို ဒီမှာပဲ ခဏလောက် အနားယူခိုင်းထားတာပေါ့။ ဗုဒ္ဓဧကရာဇ်တို့ သတိလည်လာမှ အဲ့ကိစ္စတွေကို ဆက်နွေးကြမယ်”
ကောင်းကင်ကြယ်တာရာနယ်နမိတ်သည် အချိန်တစ်ခုအထိ အတော်လေး တည်ငြိမ်နေသည်။ ကောင်းကင်တမလွန်ဂိုဏ်းမှ အကြွင်းအကျန်များက ပြဿနာမရှာခဲ့ပေ။ ထန်ရှန်းကျိတို့က တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်၍ ကောင်းကင်တမလွန်ဂိုဏ်း တည်ရှိသည့် တမလွန်တောင်ကို ဝန်းရံထားစေခဲ့ပြီးဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းများက တောင်ပေါ်တက်၍ ဂိုဏ်းကို ရှင်းပစ်လိုက်ရုံသာ လိုတော့သည်။
လေး၊ ငါးရက် ကြာပြီးနောက် ဗုဒ္ဓဧကရာဇ်၊ သူတော်စင်ဧကရီနှင့် အခြားသူများ စတင် နိုးထလာကြသည်။ သူတို့က စွမ်းအားကြီး သိုင်းပညာရှင်များဖြစ်၍ သူတို့၏ ရုပ်ခန္ဓာများက အလွန်သန်မာကြသည်။ ထို့ကြောင့် သူတို့၏ ဒဏ်ရာပျောက်ကင်းနှုန်းက မြန်ပေသည်။ ကျန်းရီသည် တစ်ရက်ထပ်စောင့်၍ အားလုံးက အနည်းနှင့်အများဆိုသလို အိပ်ရာထဲမှ ထွက်လာနိုင်သောအခါ ဧကရာဇ်အားလုံး၊ သူတော်စင်ဧကရီ၊ အင်ပါယာအားလုံး၊ ထန်ရှန်းကျိနှင့် ရှေးဟောင်းမျိုးနွယ်ခေါင်းဆောင်များကို အစည်းအဝေးခေါ်လိုက်လေသည်။
“တစ်လကြာပြီးရင် တမလွန်ဘုံရဲ့ စစ်တပ် ရောက်လာလိမ့်မယ်။ အဲ့စစ်တပ်မှာ တမလွန်ဘုံစစ်သူကြီး အယောက်တစ်ထောင်လောက် ပါလိမ့်မယ်။ သူတို့အကုန်လုံးက ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ တမလွန်ဘုံစစ်သူကြီးလောက် စွမ်းအားကြီးကြလိမ့်မယ်”
ကျန်းရီသည် အားလုံး စုဝေးပြီးသည်နှင့် စကားပလ္လင်များ ခံမနေတော့ဘဲ လိုရင်းကို တန်းပြောလိုက်သည်။ အားလုံးက ထိုစကားကြောင့် မှင်တက်သွားကြသည်။ ခေတ္တနေပြီးနောက် အားလုံး စိတ်ပြန်တည်ငြိမ်လာသောအခါ သူ ဆက်ပြောသည်။
“ကျွန်တော့်ရဲ့ မီးနဂါးဓားထဲမှာ အကြွင်းမဲ့ဆရာသခင်တစ်ပါးရဲ့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ တမလွန်ဘုံစစ်သူကြီး အယောက်တစ်ထောင်နဲ့ ရင်ဆိုင်ဖို့ သူ့ကို အားကိုးလို့မရပါဘူး။ သူ့ရဲ့ စွမ်းအင်က မလုံလောက်ဘူး။ သူက ကျွန်တော့်ကို ရွေးချယ်စရာနှစ်ခု ပေးပါတယ်...”
ကျန်းရီသည် အားလုံးကို လမ်းနှစ်လမ်းအကြောင်း ရှင်းပြလိုက်သည်။ ထို့နောက် ဗုဒ္ဓဧကရာဇ်နှင့် သူတော်စင်ဧကရီတို့ကို ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လမ်းကို ရွေးမလဲဆိုတာကို ဆွေးနွေးကြတာပေါ့။ အစီအရင်ဆင်ဖို့က အချိန်တစ်ခုတော့ ကြာလိမ့်မယ်။ အဲ့တော့ ကျွန်တော်တို့ မြန်မြန် ဆုံးဖြတ်ချက်ချရင် ပိုကောင်းမယ်”
အားလုံးသည် တိတ်ဆိတ်သွားပြီး မျက်မှောင်ကြုတ်ကာ တွေးတောလိုက်ကြသည်။ ထိုလမ်း နှစ်လမ်းလုံးက မကောင်းပေ။
ပထမရွေးချယ်မှုက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို နောက်ထပ်နှစ်တစ်ထောင်လောက် ရှင်သန်စေပေလိမ့်မည်။ ထို့နောက် ဝိညာဉ်စွမ်းအင် ကုန်သွားသောအခါ ပန်းပင်များ၊ မြင်ပင်များ၊ သစ်ပင်များအားလုံးက တဖြည်းဖြည်း ညှိုးခြောက် သေဆုံးသွားမည်ဖြစ်သည်။ ထိုအခါ လူသားမျိုးနွယ်သည်လည်း အစာရေးစာပြတ်ကာ အစာငတ်သေဆုံးပေလိမ့်မည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကလည်း လောကသေကြီးတစ်ခု ဖြစ်သွားပေမည်။
ဒုတိယရွေးချယ်မှုမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ဆယ်နှစ် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဆယ်နှစ်ပြည့်ပြီးနောက်တွင်မူ သူတို့သည် တမလွန်ဘုံ၏ စစ်တပ်ကို ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရပေလိမ့်မည်။ သို့သော် သူတို့ ယှဉ်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် သူတို့အားလုံး သေဆုံးရသာ။ တမလွန်ဘုံစစ်သူကြီးများက သက်ရှိအားလုံးကို အညှာအတာမရှိ သတ်ဖြတ်ပေလိမ့်မည်။
ပထမရွေးချယ်မှုက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို နောက်ထက်နှစ်တစ်ထောင် ရှင်သန်ခွင့်ပေးသည်။ ဒုတိယရွေးချယ်မှုမှာ မျှော်လင့်ချက်တစ်ခု ပေးသည်။ အကယ်၍ ဆယ်နှစ်အတွင်း စွမ်းအားကြီး သိုင်းပညာရှင်အချို့ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံသို့ တက်လှမ်းကာ ထိုဘုံတွင် ဆယ်စုနှစ်တစ်ခု နေထိုင်၍ အမည်တစ်လုံးတွင်သွားအောင် စွမ်းဆောင်နိုင်လျှင် တမလွန်ဘုံစစ်တပ်ကို တားနိုင်လောက်သည်။
“မဟုတ်သေးဘူး...”
ယဉ်အင်ပါယာက ရုတ်တရက် ဝင်ပြောသည်။
“တကယ်လို့ ကျုပ်တို့ ပထမလမ်းကို ရွေးချယ်လိုက်မယ်ဆိုရင် အဆင့်တက်နိုင်ဦးမှာလား။ အဆင့်တက်နိုင်ဦးမယ်ဆိုရင်တော့ ကျုပ်တို့ အဲ့လမ်းကို ရွေးရမှာပဲ။ အဲ့ဒါဆို ကျင့်ကြံဖို့ အချိန်နှစ်တစ်ထောင်ရမယ် မဟုတ်လား”
“အာ...”
ကျန်းရီသည် မီးနဂါးဓားထဲသို့ လျင်မြန်စွာ အာရုံပို့လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် အဘိုးအို၏ စိတ်ဝိညာဉ်အပိုင်းအစက သူ့ကို မရှောင်တော့ဘဲ သူ့ထံ ရှင်းလင်းစွာ အသံပို့လွှတ်လိုက်သည်။
“ဘယ်လိုတောင် ဉာဏ်နည်းတဲ့ အုပ်စုလဲကွာ။ အဲ့လမ်းက သေခြင်းဆီ ဦးတည်တယ်လို့ ငါ ပြောခဲ့ပြီးပြီပဲ။ အပြင်ကသူတွေလည်း ဒီဘုံထဲကို ဝင်လာလို့ မရသလို မင်းတို့လည်း ထွက်သွားလို့ မရဘူး။ အဲ့တော့ ကောင်းကင်ဘုံကို ဘယ်လိုတက်မှာလဲ။ မင်းတို့က ဒီဘုံထဲမှာ တစ်သက်လုံး နေသွားရမှာ။ မင်းတို့ရဲ့မျိုးဆက်တွေကတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ် ပျက်သုဉ်းသွားတာကို ကြည့်ရမှာပေါ့”
“နားလည်ပါပြီ”
ကျန်းရီသည် အလေးအနက် ခေါင်းညိတ်လိုက်ပြီး အားလုံးကို အဘိုးအို၏စကားများ ပြန်ပြောပြလိုက်သည်။ ထို့ကြောင့် အားလုံး ထပ်မံတိတ်ဆိတ်သွားပြန်သည်။
ခေတ္တကြာပြီးနောက် ဗုဒ္ဓဧကရာဇ်၊ သူတော်စင်ဧကရီနှင့် ရွှမ်ဧကရာဇ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ဗုဒ္ဓဧကရာဇ်က လူအချို့ကိုယ်စား ပြောလိုက်သည်။
“ကျန်းရီ... ငါတို့ ဒုတိယလမ်းကို ရွေးမယ်။ ပထမလမ်းကို ရွေးလည်း သေရမှာပဲဆိုတော့ ငါတို့ အခုပဲ သေမယ်။ ဒုတိယမ်းကို ရွေးမယ်ဆိုရင် မျှော်လင့်ချက်ရှိသေးတယ်။ မင်း နတ်ဘုရားအစစ်အမှန်အဆင့်ကို တက်လှမ်းနိုင်ရင် အထက်ဘုံကိုသွားပြီး ဆန်းကြယ်ဧကရာဇ်နဲ့ အရှင်မဖျောင်ဖျောင်ကို သွားရှာလို့ရတယ်။ အနည်းဆုံးတော့ သူတို့က အကြံဉာဏ်ပေးလို့ ရတာပေါ့။ အခု မင်းက အသက်နှစ်ဆယ့်ငါးနှစ်မလား။ မင်းရဲ့ လက်ရှိတိုးတက်နှုန်းနဲ့ဆိုရင် မင်း နတ်ဘုရားအစစ်အမှန်အဆင့်ကို ရောက်ဖို့ ဆယ်နှစ်လောက်ပဲ လိုမှာပါ။ ပြီးရင် မင်း အထက်ဘုံကိုသွားပြီး အကူအညီသွားတောင်းပေါ့။ တမလွန်ဘုံစစ်တပ် မရောက်လာသေးခင် မင်း အချိန်မီ ပြန်ရောက်လာနိုင်လိမ့်မယ်လို့ ငါတို့အားလုံး ယုံကြည်တယ်”
“ဒါက...”
ကျန်းရီ မျက်နှာရှုံ့မဲ့သွားသည်။ အားလုံးက သူ့ကို ယုံကြည်နေကြသော်လည်း သူက သူ့ကိုယ်သူ မယုံကြည်ပေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ သန်းထောင်ချီသော လူများ၏ သေရေး၊ ရှင်ရေးကို ပခုံးထမ်းထားရလျှင် သူ ထိုဖိအားကြောင့် သေသွားနိုင်ပေသည်။
‘ဆန်းကြယ်ဧကရာဇ်နဲ့ ငါ့အမေ...’
သို့သော် ကျန်းရီသည် ထိုနှစ်ယောက်အကြောင်း တွေးမိသောအခါ ရုတ်တရက် ယုံကြည်မှု ပြန်ရှိလာသည်။ ဆန်းကြယ်ဧကရာဇ်၏ စိတ်ဝိညာဉ်က သူသည် သူတော်စင်တစ်သောင်းနယ်နမိတ်တွင် မြို့အရှင်တစ်ပါး ဖြစ်နေသည်ဟု ပြောခဲ့သည်။ ယခုတွင် ဆန်းကြယ်ဧကရာဇ်က အလွန်စွမ်းအားကြီးနေလောက်ပေပြီ။ သူ့လက်အောက်တွင် နတ်ဘုရားများစွာလည်း ရှိလောက်သည်။
ထို့ပြင် ကျန်းရီ၏ အမေက အရေးပါသူတစ်ယောက် ဖြစ်ပုံပေါ်သည်။ မီးနဂါးဓားထဲမှ အဘိုးအိုသည် ရီဖျောင်ဖျောင်က အတော်လေးအင်အားကြီးသော နတ်ဘုရားမျိုးနွယ်တစ်ခုမှဟု ဆိုခဲ့သည်။ အကယ်၍ ကျန်းရီသာ ဆန်းကြယ်ဧကရာဇ်နှင့် ရီဖျောင်ဖျောင်ကို သွားရှာနိုင်မည်ဆိုလျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်အတွက် မျှော်လင့်ချက် ရှိနိုင်လောက်သေးသည်။
သို့ဖြင့် ကျန်းရီသည် ပြတ်သားစွာ ထရပ်ကာ အော်ပြောလိုက်သည်။
“ကောင်းပါပြီ... ကျွန်တော်တို့ ရှင်သန်ခြင်းလမ်းကြောင်းကို ရွေးချယ်ကြမယ်”
***