← Chapters

မီးနဂါးဓား၏ လျှို့ဝှက်ချက်

Vol. 92 Ch. 1278

မီးနဂါးဓား၏ လျှို့ဝှက်ချက်

Vol. 92 Ch. 1278

အစီအရင်ဆင်ရခြင်းမှာ အမှန်ပင် မလွယ်ကူပါချေ။ ထို့ပြင် အစီအရင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို အုပ်မိရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် အဘိုးအိုအား သူတို့၏ရွေးချယ်မှုကို ပြောပြလိုက်သောအခါ အဘိုးအိုက ကျန်းရီကို လိုအပ်သည်များ ချက်ချင်းသွားပြင်ဆင်စေလိုက်သည်။

အစီအရင်အတွက် လိုအပ်သော ကုန်ကြမ်းများက အလွန်ရှုပ်ထွေးကာ အလွန်များပြားသည်။ တော်သေးသည်မှာ ဗုဒ္ဓဧကရာဇ်တို့နှင့် ဆွေးနွေးပြီးနောက် သူတို့၏ မျိုးနွယ်များတွင် လိုအပ်သော ကုန်ကြမ်းအနည်းငယ်စီ ရှိနေကြောင်း သိလိုက်ရခြင်းပင်။ သူတို့၏ မြို့များသို့ ပြန်ရောက်လျှင် ထိုကုန်ကြမ်းကိစ္စက ပြဿနာတစ်ခု မဟုတ်တော့ပေ။

ယခုတွင် အချိန်က အခရာပင်။

ကျန်းရီသည် သူတော်စင်ဧကရီမှလွဲ၍ ကျန်အရေးကြီးပုဂ္ဂိုလ်အားလုံးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ထည့်၍ တောင်ဘက်သို့ အမြန်ဆုံး သွားလိုက်သည်။ နှင်းဒေသထဲမှ ထွက်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်သည်နှင့် သူတို့ မြောက်ဘက်ဧကရာဇ်မြို့သို့ နှစ်ရက်အတွင်း ရောက်သွားမည်ဖြစ်သည်။

မြောက်ဘက်ဧကရာဇ်မြို့တွင် စစ်တပ်တစ်တပ် စုဝေးနေသည်။ ဝူမျိုးနွယ်နှင့် ၎င်း၏လက်အောက်ခံမျိုးနွယ်များမှ သိုင်းသမားအားလုံး အဖမ်းခံရသည်။ ကျန်းရီ ရောက်သွားသောအခါ သူတို့အားလုံးကို ကွပ်မျက်ပစ်ရန် အမိန့်ပေးလိုက်သည်။ ထို့ကြောင့် အဖမ်းခံရသော သိုင်းသမားအားလုံး အသတ်ခံရပြီး သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများက အပြစ်သားကျွန်းသို့ နယ်နှင်ခံလိုက်ရသည်။

ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများသည် လိုအပ်သော ကုန်ကြမ်းများ စုစည်းရန် သူတို့၏ မြို့များသို့ အလျင်အမြန် ပြန်သွားကြသည်။ ကျန်းရီကမူ မြောက်ဘက်ဧကရာဇ်မြို့တွင် ဆက်နေလိုက်သည်။ စစ်တပ်မှာကား တမလွန်တောင်ဆီသို့ ချီတက်သွားသည်။

ကျန်းရီသည် ကောင်းကင်တမလွန်ဂိုဏ်းမှ လူအားလုံးကို သတ်ကာ ထိုနေရာရှိ အစီအရင်အားလုံးကို ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။ ကောင်းကင်တမလွန်ဂိုဏ်းပိုင်သော အရာအားလုံးကို ဖျက်ဆီးပစ်ရပေမည်။

မရေမတွက်နိုင်သော အစီအရင်ကျောက်တုံးများ၊ ကောင်းကင်ကျောက်တုံးများ၊ ကျောက်မီးသွေးများနှင့် အခြားကုန်ကြမ်းများက ချက်ချင်း ရောက်ရှိလာသည်။ ၎င်းကုန်ကြမ်းများသည် ဝူရဲတိုက်ဝန်းထဲရှိ မြေကွက်လပ်တစ်ခုတွင် တောင်ပုံရာပုံ ဖြစ်လာသည်။ ကျန်းရီသည်လည်း ပုံကြမ်းတစ်ပုံဆွဲ၍ ထန်မျိုးနွယ်မှ အတော်ဆုံး လက်မှုပညာရှင်ရာကျော်ကို စုစည်းလိုက်သည်။ ထိုလက်မှုပညာရှင်များက ပုံကြမ်းအတိုင်း ဧရာမဘုံပြာသာဒ်တစ်ခုကို တည်ဆောက်ကြသည်။

ဝူရဲတိုက်ဝန်းတစ်ခုလုံးကိုလည်း ပြန်လည်တည်‌ဆောက်သည်။ ဗုဒ္ဓဧကရာဇ်တို့က ဝူမျိုးနွယ်၏ ရဲတိုက်များကို ဖြိုချကာ အသစ်ပြန်ဆောက်ရန် ပြောခဲ့ခြင်းဖြစ်သည်။ ယခုမှ စ၍ မြောက်ဘက်ဧကရာဇ်မြို့က ကျန်းဧကရာဇ်မြို့ ဖြစ်သွားတော့မည်ဖြစ်သည်။ ဝူရဲတိုက်ဝန်းကလည်း ကျန်းရဲတိုက်ဝန်းဟု အမည်ပြောင်းခံရပေမည်။ ထိုမြို့က ကျန်းရီနှင့် ကျန်းမျိုးနွယ်၏ အပိုင် ဖြစ်သွားပေလိမ့်မည်။

ကျန်းရဲတိုက်ဝန်းက ဆန်းကြယ်ဧကရာဇ်မြို့၏ အကာအကွယ်အစီအရင်များနှင့်ပင် ယှဉ်နိုင်သော စွမ်းအားအကြီးဆုံး အစီအရင်များကို ပိုင်ဆိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားမျိုးနွယ်များကလည်း ကျန်းရဲတိုက်ဝန်းကို ကာကွယ်ရန် သူတို့မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဆီ စေလွှတ်ပေးရပေမည်။

ထိုနတ်ဘုရားတစ်ပိုင်းများက ကျန်းရဲတိုက်ဝန်းသို့ လာရသည်မှာ ကျန်းရီ၏ အိမ်ကို စောင့်ရှောက်ပေးရန် မဟုတ်ပေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ချိပ်ပိတ်မည့် အစီအရင်က ကျန်းရဲတိုက်ဝန်းထဲတွင် အခြေတည်မည်ဖြစ်သည်။ အကယ်၍ ထိုအစီအရင်သာ ဖျက်ဆီးခံလိုက်ရလျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံး အဆုံးသတ်သွားပေလိမ့်မည်။ ထို့ကြောင့် အားလုံးသည် ထိုနေရာသို့ လာ၍ ကောင်းကင်တမလွန်ဂိုဏ်းက အလစ်တိုက်ခိုက်မည့်ရန်ကို ကာကွယ်ရမည်ဖြစ်သည်။

အဘိုးအို၏ ပြောပြချက်အရ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ချိပ်ပိတ်မည့် အစီအရင်ကြီးကို ကောင်းကင်ဘီးလုံးအစီအရင်ဟုခေါ်ကြောင်း သိရသည်။ အစီအရင်၏ အခြေကို ငါးရက်ကြာ တည်ဆောက်ယူရသည်။ ထိုအခြေမှာ ပေတစ်ထောင်မြင့်သော ဘုံပြာသာဒ်ကြီးတစ်ခု ဖြစ်သည်။ ထိုဘုံပြာသာဒ်ကို ကျောက်မီးသွေးများ၊ ကောင်းကင်ကျောက်တုံးများ၊ အစီအရင်ကျောက်တုံးများနှင့် အခြားကုန်ကြမ်းများကို အသုံးပြုကာ တည်‌ဆောက်ထားခြင်းပင်။ ၎င်းကို တည်ဆောက်ရန်အတွက် ကောင်းကင်ကျောက်တုံ သန်းတစ်ထောင် လိုအပ်ခဲ့သည်။ ထို့ပြင် ထိုကောင်းကင်ကျောက်တုံးများနှင့် အခြားအဖိုးတန်ကုန်ကြမ်းများက အချိန်ကြာလာသည်နှင့်အမျှ ယိုယွင်းလာမည်ဖြစ်သည်။ ဆယ်နှစ်ပြည့်လျှင် ၎င်းတို့က ပျက်စီးသွားပြီး အစီအရင်ကြီးကလည်း အသုံးဝင်တော့မည် မဟုတ်ပေ။

“အားလုံးကို ထွက်သွားဖို့ ပြောလိုက်ပါ”

ကျန်းရီသည် ပြင်ဆင်စရာရှိသည်အားလုံးကို ပြင်ဆင်ပြီးနောက် မီးနဂါးဓားထံ အာရုံပို့လွှတ်လိုက်သည်။ အဘိုးအိုက သူ့အား အမိန့်ပေးသည်။ ထို့ကြောင့် ကျန်းရီသည် အားလုံးကို ထွက်သွားခိုင်းလိုက်သည်။ ကျန်းရဲတိုက်ဝန်းတစ်ခုလုံးက ဗလာဖြစ်သွားပေပြီ။ မည်သူကမှလည်း ကောင်းကင်စိတ်အာရုံများ ပို့လွှတ်၍ မစူးစမ်းဝံ့ကြပေ။

ရွှီး...

မီးနဂါးဓားက လင်းလက်လာပြီး အဖြူရောင် ဝိညာဉ်ပုံရိပ်တစ်ခု ပျံထွက်လာသည်။ ဆန်းကြယ်သောအဘိုးအိုက ထပ်မံ ထွက်ပေါ်လာပေပြီ။ ထိုအဘိုးအို၏ ရုပ်ရည်က အလွန်သာမန်ဆန်၍ လူအုပ်ထဲတွင်ဆိုလျှင် မည်သူကမှ သူ့ကို နှစ်ခေါက်ပြန်ကြည့်မည် မဟုတ်ချေ။ သို့သော် သူထံမှ အငွေ့အသက်က သူ့ကို လျှော့တွက်၍ မရကြောင်း ပြောနေပေသည်။

အဘိုးအိုသည် အနက်ရောင်ဘုံပြာသာဒ်ကို ကြည့်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီအစီအရင်အခြေက မဆိုးဘူး။ ဆယ်နှစ်တော့ ခံလောက်မှာပါ”

ဝှစ်...

အဘိုးအိုက သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လေပြေတစ်ချက် တိုက်ခတ်လာပြီး ဘုံပြာသာဒ်ထဲသို့ ဝင်သွားသည်။ ထို့နောက် ဘုံပြာသာဒ်ထဲမှနေ၍ အနက်ရောင်အလင်း စတင် ဖြာထွက်လာသည်။ ယင်းနောက် ဘုံပြာသာဒ်၏ ထိပ်မှနေ၍ ဧရာမ အနက်ရောင်အလင်းတန်းကြီးတစ်တန်းက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ၎င်းအလင်းတန်းကြီးသည် ကောင်းကင်ထက်သို့ ရောက်သည်နှင့် အရပ်မျက်နှာအနှံ့သို့ စတင် ပြန့်ကားသွားသည်။ မကြာခင်မှာပင် စက်ဝိုင်းခြမ်းပုံစံ အလင်းလွှာအကာအရံတစ်ခု ဖြစ်ပေါ်လာလေသည်။

နောက်ဆုံးတွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးကို ထိုအကာအရံကြီးက လွှမ်းခြုံသွားသည်။ နယ်နမိတ်တစ်ခုလုံးအပေါ်တွင် ဧရာမပန်းကန်လုံးကြီးတစ်လုံးကို မှောက်ထားသကဲ့သို့ပင်။ အကာအရံမှ အနက်ရောင်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သို့သော် ဘုံပြာသာဒ်မှနေ၍ အလင်းတန်းမှိန်မှန်လေးများ ဆက်ဖြာထွက်နေသေးသည်။ ယင်းမှာ အလွန်ဆန်းကြယ်ပေသည်။

“ကောင်းပြီ...”

အဘိုးအိုက ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် သူ့ဝိညာဉ်ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာသည်။ သူသည် ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ငါ့ရဲ့စွမ်းအင်က ကုန်သလောက်နီးပါး ဖြစ်သွားပြီ။ ငါ နှစ်နည်းနည်းလောက် အိပ်ရမယ်။ အကုန်လုံးအတွက် ငါ့ကို အားကိုးဖို့ မစဉ်းစားနဲ့။ ရှေ့လမ်းခရီးမှာ မင်းကိုယ်မင်းပဲ အားကိုးရမယ်။ တစ်နှစ်အတွင်း နတ်ဘုရားအစစ်အမှန်အဆင့်ကို တက်လှမ်းပြီး အထက်ဘုံကို သွားနိုင်ဖို့ ကြိုးစားပါ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ဘယ်လိုကယ်တင်ရမလဲဆိုတာကိုတော့ မင်း အထက်ဘုံကို ရောက်မှ ကိုယ့်ဘာသာ နည်းလမ်းရှာပေါ့”

“ကျေးဇူးအများကြီးတင်ပါတယ် အဘိုး...”

ကျန်းရီက လက်ဆုပ်၍ ပြောလိုက်သည်။ အဘိုးအိုသည် ခေတ္တ နှုတ်ဆိတ်သွားပြီးမှ ထပ်ပြောသည်။

“ငါ အိပ်တာက ငါးနှစ်လောက် ကြာလိမ့်မယ်။ မင်းမှာ မေးစရာ ရှိသေးရင် အခုမေးတာ ကောင်းလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ကျန်းရီထံတွင် မေးခွန်းများစွာ ရှိသည်။ ယခု အဘိုးအိုက အလွန်ရက်ရောနေရာ ကျန်းရီသည် ကိစ္စအချို့ကို ရှင်းလင်းရန် တွေးလိုက်သည်။ သူ ခေတ္တ တွေးတောပြီးနောက် မေးလိုက်သည်။

“အဘိုး... အမည်မဲ့ကျင့်စဉ်က ဘာလို့ အရမ်းထူးခြားနေရတာပါလဲ။ ကျွန်တော်က အဲ့ကျင့်စဉ်ရဲ့ အဆင့်သုံးကို ကျင့်ကြံပြီးပါပြီ။ ဒါပေမဲ့ ဘာလို့ အဲ့ထက်မြင့်တဲ့ အဆင့်တွေ ရှိသေးတယ်လို့ ခံစားနေရသေးတာပါလဲ”

အဘိုးအိုသည် ကျန်းရီကို အထင်ကြီးစွာ ကြည့်လိုက်သည်။ ထိုမေးခွန်းက မေးခွန်းကောင်းတစ်ခုပင်။ အဘိုးအိုသည် ဝေ့ဝိုက်မနေဘဲ တည့်တိုးဖြေလိုက်သည်။

“အဲ့အမည်မဲ့ကျင့်စဉ်က ငါ ဖန်တီးခဲ့တဲ့ ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုပဲ။ အဲ့ကျင့်စဉ်မှာ စုစုပေါင်း အဆင့်ကိုးဆင့်ရှိတယ်။ မင်း နတ်ဘုရားတစ်ပါး ဖြစ်သွားရင် ကျင့်စဉ်ရဲ့ စတုတ္ထအဆင့်က အလိုလို ထွက်ပေါ်လာပါလိမ့်မယ်...”

“အဲ့ကျင့်စဉ်က ဘာတွေ ထူးခြားနေရတာလဲ ဆိုတာကတော့... မင်း သတ္တမအဆင့်နဲ့အထက်ကို ရောက်ပြီဆိုရင် နားလည်လာပါလိမ့်မယ်။ အဲ့အကြောင်းကို အခု ပြောလည်း မင်းနားလည်မှာ မဟုတ်ဘူး။ အရင်တုန်းက အဲ့ကျင့်စဉ်ကို ဘယ်သူမှ မကျင့်ကြံဖူးဘူး။ နိယာမအရတော့ နဝမအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်တဲ့သူက အရမ်းစွမ်းအားကြီးသွားလိမ့်မယ်။ ဘယ်လောက်အထိ စွမ်းအားကြီးမလဲဆိုတာကတော့ မင်းကိုယ်တိုင် သိအောင်လုပ်ရမှာပဲ”

“အာ...”

ကျန်းရီ မျက်လုံးပင့်လိုက်သည်။ သူ အတန်ငယ် ဆွံ့အနေပေသည်။ ထိုကျင့်စဉ်က ယခင်က မည်သူမှ မကျင့်ကြံဖူးသည်လော။ သို့ဆိုလျှင် သူက အစမ်းသပ်ခံ ကြွက်ငယ်တစ်ကောင်အဖြစ် အသုံးချခံရနေခြင်း မဟုတ်လော။ အကယ်၍ ထိုကျင့်စဉ်ကို ကျင့်ကြံရင်း တစ်ခုခုမှားသွားလျှင် မည်သို့လုပ်မည်နည်း။

သို့သော် အဘိုးအိုက ထိုအကြောင်းကို ဆက်ပြောလိုပုံမပေါ်၍ ကျန်းရီ ဆက်မမေးလိုက်တော့ပေ။ ကျန်းရီသည် ထပ်မံတွေးတောကာ သူ အမေးလိုဆုံး မေးခွန်းကို မေးလိုက်သည်။

“အဘိုး... မီးနဂါးဓား၊ မီးဝိညာဉ်ပုလဲနဲ့ ဆန်းကြယ်နတ်ဘုရားဓားက တစ်သားတည်းဖြစ်သွားပြီလား။ ဘာလို့ အဲ့ဒါတွေကို အတူတူ ပေါင်းစည်းနိုင်ရတာလဲ။ ပြီးတော့ မီးနဂါးဓားပေါ်က အကန့်အသတ်အစီအရင်တွေက ပျက်နေသလို ဒါမှမဟုတ် မပြည့်စုံသလိုပဲ။ ဒီလက်နက်ကို ပြန်ပြုပြင်လို့ ရနိုင်သေးလား”

“ဟင်းဟင်း...”

အဘိုးအိုက ရှုပ်ထွေးသော မျက်နှာထားဖြင့် မီးနဂါးဓားကို ကြည့်လိုက်သည်။ အတော်ကြာမှ သူ သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီလက်နက်ကို ပြန်ပြုပြင်လို့ မရဘူး။ တကယ်‌တော့... ဒီလက်နက်က ငါ့ကြောင့် ခုနစ်ပိုင်း ကွဲသွားခဲ့တာ။ ဒီသုံးပိုင်းက ငါ့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစနဲ့အတူ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ရောက်လာခဲ့တာပဲ...”

“ကျန်တဲ့လေးပိုင်းနဲ့ ဓားရဲ့ အသုံးအဆောင်ဝိညာဉ် အစစ်အမှန်ကတော့ တခြားဘုံတွေမှာ တကွဲတပြားစီ ရှိနေကြတယ်။ ဘယ်ဘုံတွေမှာ ရှိနေလဲဆိုတာကိုတော့ ငါလည်း အတိအကျ မသိဘူး။ မင်း အထက်ဘုံကို ရောက်ရင် ရှာချင် ရှာကြည့်ပေါ့။ မင်း တစ်ပိုင်း ရှာတွေ့တိုင်း မင်းရဲ့စွမ်းအားက ဆယ်ဆပိုတိုးလာလိမ့်မယ်...”

“မင်း ခုနစ်ပိုင်းလုံးနဲ့ ဓားရဲ့ အသုံးအဆောင်ဝိညာဉ်ကို ရှာနိုင်မယ်ဆိုရင် ဒီဓားက သူ့ရဲ့ မူလပုံစံအစစ်အမှန်ကို ပြလိမ့်မယ်။ ဓားကလည်း စွမ်းအားအပြည့်နဲ့ ဖြစ်သွားမယ်။ ဒီဓားရဲ့ စွမ်းအားက မင်း‌တွေးနိုင်တာထက် အများကြီး ပိုသာတယ်။ အဲ့အချိန်ကျရင် ငါ ဘယ်သူဆိုတာကိုလည်း မင်း သိချင်သိသွားလောက်မှာပေါ့”

“ဗျာ...”

ကျန်းရီ အံ့အားသင့်သွားသည်။ ထိုမီးနဂါးဓားက အပိုင်းလေးပိုင်း လိုနေသေးပြီး ထိုအပိုင်းများက အခြားဘုံများတွင် တကွဲတပြား ဖြစ်နေသည်လော။ ယခုတွင်ပင် ထိုဓားသည် အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ သူသာ ကျန်လေးပိုင်းနှင့် ဓား၏အသုံးအဆောင်ဝိညာဉ်ကို ရှာနိုင်လိုက်လျှင် ဓားသည် မည်မျှ စွမ်းအားကြီးသွားမည်နည်း။ ထို့ပြင် ဤအဘိုးအိုကရော မည်သူနည်း။ သူက မီးနဂါးဓားကဲ့သို့သော စွမ်းအားကြီး နတ်ဘုရားအသုံးအဆောင်တစ်ခု၏ ပိုင်ရှင်ဖြစ်ရာ အထက်ဘုံမှ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ပေသည်။

“ကောင်လေး... ကြိုးစား ကျင့်ကြံပါ”

အဘိုးအို၏ ဝိညာဉ်ပုံရိပ်သည် မီးနဂါးဓားထဲသို့ ပြန်ဝင်၍ ပျောက်ကွယ်သွားသည်။ သူ မပျောက်ကွယ်သွားခင်တွင် နောက်ဆုံးစကား ချန်ခဲ့သည်။

“မင်းက တမလွန်ဘုံနဲ့ ရန်သူဖြစ်ဖို့ ကံကြမ္မာပါလာတယ်။ မင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကယ်တင်ပြီး အသက်ရှင်ချင်ရင် အစွမ်းကုန်ကြိုးစားကျင့်ကြံမှ ရမယ်။ မင်းရဲ့စွမ်းအားက အဆင့်တစ်ခုကို ရောက်ရင် အမည်မဲ့ကျင့်စဉ်ရဲ့ နောက်တစ်ဆင့်က အလိုလို ထွက်ပေါ်လာပါလိမ့်မယ်...”

“မင်း အဆင့်ကိုးဆင့်လုံးကို ကျင့်ကြံနိုင်လိုက်ပြီး မီးနဂါးဓားရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းလေးပိုင်းနဲ့ အသုံးအဆောင်ဝိညာဉ်ကို ရှာနိုင်မယ်ဆိုရင် တမလွန်ဘုံကို တိုက်ခိုက်နိုင်မယ့် စွမ်းအားကို ပိုင်ဆိုင်ရလိမ့်မယ်။ မဟုတ်ရင်တော့... မင်း အသတ်ခံရပြီး အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံရမှာပဲ။ ဒီဓားကလည်း မင်းဆီကနေ အလိုလို ထွက်သွားပြီး နောက်ပိုင်ရှင်အသစ်ကို သွားရှာလိမ့်မယ်”

“ဟုတ်ကဲ့... ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ်”

ကျန်းရီသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၍ ကောင်းကင်ထက်သို့ မော့ကြည့်ကာ အော်ပြောလိုက်သည်။

“ကျွန်တော် ဟင်းလင်းပြင်ကို ဖောက်ပြီး အထက်ဘုံကို တက်ခဲ့ပါမယ်။ အမေ... ကျွန်တော့်ကို စောင့်နေပါ။ မကြာခင် ကျွန်တော် အမေ့ကို လာတွေ့ပါ့မယ်”

***

All Chapters