ကျန်းဧကရာဇ်
Vol. 92 Ch. 1279
ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်၊ ထူမျိုးနွယ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းကို မှီခိုခဲ့သော ဗာဂျရာအဆင့်အထက် သစ္စာဖောက်များအားလုံး အသတ်ခံရသည်။ ထိုအမိန့်မှာ ကျန်းရီ၏ အမိန့်ဖြစ်သည်။ အမိန့်ကို ထမ်းဆောင်သူများမှာ ထန်မျိုးနွယ်ဝင်များဖြစ်သည်။ ကောင်းကင်တမလွန်ဂိုဏ်းမှ လူအားလုံးလည်း အသတ်ခံရသည်။ တမလွန်တောင်ကလည်း ဖြိုချဖျက်ဆီးခံရသည်။ ပုန်းအောင်းနေခဲ့သော သူတို့၏ ထောက်လှမ်းရေးများလည်း လိုက်လံသတ်ဖြတ်ခံခဲ့ရပေသည်။
နောက်ဆုံးတွင် ကောင်းကင်ကြယ်တာရာနယ်မြေ၏ ကပ်ဘေးကြီ ပြီးဆုံးသွားပေပြီ။ မဟာမိတ်စစ်တပ်၏ ခေါင်းဆောင်က မကောင်းသောသူဖြစ်သွားပြီး လူသားမျိုးနွယ်သစ္စာဖောက် ကျန်းရီက သူရဲကောင်းဖြစ်သွားလေသည်။
ဘဝသည် အမြဲ အံ့အားသင့်ဖွယ်များနှင့် ပြည့်နှက်နေသည်။ မျိုးနွယ်အသီးသီးက ထိုသတင်းကို တမင်ဖြန့်လိုက်သောအခါ ကျန်းရီ၏ ‘သူရဲကောင်းဆန်သောလုပ်ရပ်များ’က ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးသို့ သုံးရက်အတွင်း ပျံ့နှံ့သွားသည်။ အောင်းလု၏ အမည်ဆိုးလည်း ပျက်ပြယ်သွားသည်။ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမိုတို့က လူယုတ်မာများအဖြစ် တံဆိပ်ကပ်ခံရသည်။ ထို့ပြင် ရှင်းပစ်ခံလိုက်ရသော အပြစ်သားကျွန်းမှ မျိုးနွယ်(၁၃)ခုက အာဇာနည်မျိုးနွယ်များ ဖြစ်လာကြသည်။
သမိုင်းကို အနိုင်ရသူကသာ ရေးပေသည်။ ကျန်းရီက အလိုရှိခဲ့သည်ဖြစ်စေ၊ အလိုမရှိခဲ့သည်ဖြစ်စေ ယခုတွင် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ အထွတ်အထိပ်တွင် ရပ်တည်နေနိုင်ပြီဖြစ်သည်။ သူ့အပေါ် မျက်နှာလိုမျက်နှာရလုပ်လိုသူများသည် သူ၏ဂုဏ်သတင်းကို မြှင့်တင်ခဲ့ကြသည်။ သူတို့သည် ဇာတ်လမ်းများကို ပြင်ဆင်၍ ကျန်းရီကို ပို၍သူရဲကောင်းဆန်အောင် လုပ်ကြသည်။ ထိုမှ ကျန်းရီက ပို၍ အထင်ကြီးဖွယ်ကောင်းမည်ဖြစ်သည်။ အချို့မျိုးနွယ်များဆိုလျှင် နိုင်ငံတော်တစ်ခု တည်ထောင်၍ ကျန်းရီကို ဧကရာဇ်အဖြစ် နန်းတင်ရန်ပင် အကြံပေးကြသည်။ သူတို့သည် ကျန်းရီကို ဆန်းကြယ်ဧကရာဇ်ကဲ့သို့ သမိုင်းတွင်မည့် ဧကရာဇ်တစ်ပါး ဖြစ်လာစေလိုနေကြသည်။
ကျန်းရီတို့သည် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ရင်ဆိုင်ရမည့် အန္တရာယ်အကြောင်းကို လူထုကြား ချမပြခဲ့ပေ။ ထိုအကြောင်းကို သိထားသူမှာ လူနှစ်ဆယ်မပြည့်ချေ။ ထိုလူများသည် ၎င်းအန္တရာယ်၏ ကြီးလေးမှုကို သိ၍ ထိုအကြောင်း အပြင်သို့ မပေါက်ကြားသွားအောင် လျှို့ဝှက်ထားကြသည်။ အနည်းဆုံးတော့ ကောင်းကင်ဘီးလုံးအစီအရင်ကြီး မပျက်စီးသွားခင်အထိ၊ တမလွန်ဘုံမှစစ်တပ် ရောက်မလာခင်အထိ လျှို့ဝှက်ထားရပေမည်။
နိုင်ငံတော် တည်ထောင်ရန်ကိုမူ ကျန်းရီ လုံးဝ စိတ်မဝင်စားပေ။ ကျန်းရီသည် ဧကရာဇ်ဖြစ်လာရန်လည်း ဆန္ဒမရှိချေ။ သူက ဧကရာဇ်ဖြစ်လာလျှင်ပင် ထိုနေရာကို မည်မျှကြာကြာ ထိန်းထားနိုင်ပါမည်နည်း။ သူ နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်လျှင် ဧကရာဇ်အဖြစ် အများဆုံးဆယ်နှစ်သာ နေရပေလိမ့်မည်။
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်တို့နှင့် အခြေအနေကို ဆွေးနွေးပြီးနောက် ကောင်းကင်ကြယ်တာရာနယ်နမိတ် မဟာမိတ်အဖွဲ့ ဖွဲ့ရန် ဆုံးဖြတ်လိုက်သည်။ ထိုအဖွဲ့တွင် ခေါင်းဆောင်ရှိမည် မဟုတ်ဘဲ စီမံရေးမှူးဆယ်ယောက်သာ ထားပေမည်။
ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ သူတော်စင်ဧကရီ၊ ယဉ်ဧကရာဇ်၊ ညဧကရီ၊ ထန်ရှန်းကျိ၊ ရှန်မျိုးနွယ်ခေါင်းဆောင်၊ မိုမျိုးနွယ်ခေါင်းဆောင်နှင့် တိုက်ပွဲဧကရာဇ်အသစ်တို့က စီမံရေးမှူးဆယ်ယောက်အဖြစ် တာဝန်ယူကြမည်။ သူတို့သည် ကိစ္စတိုင်းကို မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။ အရေးကြီးကိစ္စများတွင် ဆုံးဖြတ်ချက်ချနိုင်ရန် အနည်းဆုံး မဲခုနစ်မဲ ရရပေမည်။ ထို့ပြင် ထိုရာထူးဆယ်နေရာကို အစဉ်အဆက် ဆက်ခံခွင့်မရှိပေ။ ထိုရာထူးနေရာကို ရရှိရန် မိမိ၏ စွမ်းဆောင်ရည်ကို ပြသနိုင်ရမည်ဖြစ်သည်။ ထို့ပြင် လူသစ်တစ်ယောက်ကို ခန့်ထားရန်အတွက်လည်း အနည်းဆုံး မဲခုနစ်မဲ ရရန်လိုပေသည်။ သို့သော် ထိုစည်းမျဉ်းများက ယာယီသာဖြစ်သည်။ ဆယ်နှစ်ပြည့်လျှင် အခြေအနေက မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိသေးသည် မဟုတ်လော။ အကယ်၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်သုဉ်းသွားမည်ဆိုလျှင် မဟာမိတ်အဖွဲ့လည်း ပျက်သုဉ်းသွားမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရှီးမျိုးနွယ်မှ မည်သူကမှ စီမံရေးမှူးရာထူးကို မရခဲ့ပေ။ မည်သူကမှလည်း ရှီးမျိုးနွယ်ဝင်တစ်ယောက်ကို စီမံရေးမှူးအဖြစ် ခန့်ထားရန် အကြံမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရှီးမျိုးနွယ်နှင့် ကျန်းရီကြားတွင် အဖုအထစ်ကလေးများ ရှိကြောင်း လူတိုင်း သိထား၍ပင်။ လက်ရှိတွင် မိစ္ဆာဧကရာဇ်အသစ်က အကြောက်တရားဖြင့် နေထိုင်နေရသည်။ ကျန်းရီက ရှီးမျိုးနွယ်အပေါ် လက်စားလာချေမည်ကို သူ ကြောက်ပေသည်။
ကျန်မျိုးနွယ်နှင့် ကျန်းရီတို့၏ ဆက်ဆံရေးကလည်း မကောင်းပေ။ သို့သော် ကျန်ဝူရွှမ်းက ထိုနှစ်ဘက်ကြားတွင် ပေါင်းကူးအဖြစ် ဆောင်ရွက်ပေးသည်။ တိုက်ပွဲဧကရာဇ်ကို မြောက်ဘက်ဧကရာဇ်က သတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်မျိုးနွယ်က ရှင်းမိုကို မထောက်ခံကြောင်း ထင်ရှားပေသည်။ သို့ဖြစ်၍ ကျန်မျိုးနွယ်က ဤတစ်ခေါက်တွင် စီမံရေးမှူးရာထူးတစ်နေရာ ရခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဧကရာဇ်အသစ်ကလည်း အခြေအနေကို ကောင်းကောင်းသိသည်။ သူသည် ထိုရာထူးကို ရသည့်နေ့မှာပင် ကျန်ဝူရွှမ်းကို မျိုးနွယ်ခေါင်းဆောင်ငယ်အဖြစ် ခန့်အပ်ခဲ့သည်။
မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီးနောက်တွင် ယခု နယ်နမိတ်ကို ပိုင်းခြားရမည့်အချိန် ရောက်လာပြီဖြစ်သည်။
တော်ဝင်တိုက်ပွဲကြီးနှစ်ပွဲတွင် ဧကရာဇ်အချို့ ကျဆုံးခဲ့သည်။ မျိုးနွယ်များစွာ၊ ဂိုဏ်းများစွာလည်း ပျက်သုဉ်းခဲ့ရသည်။ ထို့ကြောင့် ယခုတွင် နယ်မြေများစွာက လွတ်နေပြီဖြစ်သည်။ မျိုးနွယ်ကြီးများနှင့် မျိုးနွယ်ငယ်များသည် ထိုနယ်မြေလွတ်များကို ဝံပုလွေချောင်း ချောင်းနေကြသည်။ ကျန်းရီသည် ထိုကိစ္စများတွင် ဝင်မပါလို၍ ထန်ရှန်းကျိ၊ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားစီမံရေးမှူးများကိုသာ ကြည့်၍စီမံရန် တာဝန်ပေးလိုက်သည်။
ကျန်းရီက အရေးမစိုက်သော်လည်း ယခုတွင် ဝူမျိုးနွယ်၏ ဒေသလေးခုက ကျန်းမျိုးနွယ်၏ ဒေသလေးခု ဖြစ်သွားပေပြီ။ သူ ထိုဒေသလေးခုကို လက်ခံလိုက်ရခြင်းမှာ ချမ်မျိုးနွယ်၊ ကျန်မျိုးနွယ်၊ ကျန်းယွင်ဟိုင်တို့နှင့် အခြားလူများက ကောင်းကင်ကြယ်တာရာနယ်မြေမှနေ၍ သူ့နောက်သို့ လိုက်လာခဲ့၍ပင်။ သူသည် ထိုလူများကို နေရာချပေးရန် ဒေသလေးခုကို လက်ခံခဲ့ရသည်။ ထို့နောက်တွင်တော့ ထုံးစံအတိုင်း နေရာခွဲဝေပေးခြင်း လုပ်ငန်းများကို ချမ်ဝမ်ကွမ်းကိုသာ တာဝန်ပေးလိုက်ပြီး သူက ပိုကြီးသော ကိစ္စများကို အာရုံစိုက်လိုက်သည်။
သူ၏ မင်္ဂလာပွဲ...
ကျန်းရီသည် ယဉ်ရို့ပင်း၊ ရီချန်နှင့် မိုယောင်အာတို့အတွက် မင်္ဂလာပွဲကြီးတစ်ပွဲ ကျင်းပပေးရန် အကြွေးတင်နေသည်။ ထို့ပြင် စုလောရွှယ်နှင့်လည်း မင်္ဂလာဆောင်ရဦးမည်ဖြစ်သည်။ စုလောရွှမ်၏ စိတ်ဝိညာဉ်ထဲရှိ အဆောင်အဆိပ်ကို မထုတ်ပေးနိုင်သေးသဖြင့် စုလောရွှယ်က မှတ်ဉာဏ်များ ပြန်မရသေးသော်လည်း ကျန်းရီတွင် အချိန်များစွာ မရှိတော့ပေ။ ထို့ကြောင့် ၎င်းကိစ္စများကို အချိန်ဆွဲနေ၍ မဖြစ်ချေ။
ကျန်းရီသည် မင်္ဂလာကိစ္စများကို လုပ်ဆောင်ပြီးသည်နှင့် သေမင်း၏ သိပ်သည်းပင်လယ်သို့ သွား၍ ထိုဆန်းကြယ်နယ်မြေထဲတွင် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည်အထိ ကျင့်ကြံရန် ဆုံးဖြတ်ထားသည်။
နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်လာရေးအတွက် ကျန်းရီ ယုံကြည်မှု သိပ်မရှိပေ။ ထိုအဆင့်သို့ ရောက်ရန် သူ အချိန်မည်မျှ လိုမည်ကို မည်သူမှ သေချာမပြောနိုင်ပေ။ နတ်ဘုရားတစ်ပါး ဖြစ်လာရန် ပထမဦးဆုံး သူ့အတွင်းအားကို နတ်ဘုရားအမြုတေဖြစ်အောင် စုစည်းရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို ဖန်တီးရမည်။ တတိယမှာမူ နတ်ဘုရားဝိညာဉ် စုစည်းရန်ဖြစ်သည်။ ထိုလိုအပ်ချက် သုံးခုကို မလုပ်ဆောင်နိုင်လျှင် နတ်ဘုရားခန္ဓာ ရရှိရန်နှင့် အထက်ဘုံသို့ တက်လှမ်းရန်ကို မေ့လိုက်ရုံသာရှိပေသည်။
ကျန်းရီသည် ဆန်းကြယ်သော အဘိုးအို အိပ်ပျော်မသွားသေးခင်တွင် ပထမလိုအပ်ချက်အတွက် မေးမြန်းခဲ့သည်။ ထိုလိုအပ်ချက်ကို လုပ်ဆောင်နိုင်ရန် လွယ်ကူပုံပေါ်သည်။ သူ့အနေဖြင့် သူ၏အဋ္ဌမကြယ်စက်လုံးကို ပြောင်းလဲသွားအောင် လုပ်၍ သူ့အတွင်းအားကို နတ်ဘုရားအစစ်အမှန်တစ်ပါး၏ အတွင်းအားနှင့် ယှဉ်နိုင်လာအောင် လုပ်ရမည်ဖြစ်သည်။ သေမင်း၏ သိပ်သည်းပင်လယ်ထဲတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲဝင်၍ ကျင့်ကြံမည်ဆိုပါက ကျင့်ကြံနှုန်းက ပုံမှန်ထက် အဆတစ်သန်း ပိုမြန်ပေလိမ့်မည်။ ထို့ကြောင့် သူ အဋ္ဌမကြယ်စက်လုံးကို ပြောင်းလဲရန် အချိန်တစ်နှစ်သာ လိုလောက်ပေသည်။
တတိယလိုအပ်ချက်ဖြစ်သော နတ်ဘုရားဝိညာဉ်ကို ရရှိရန်လည်း လွယ်ကူပေသည်။ မျိုးနွယ်တိုင်းတွင် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော ဝိညာဉ်ဆေးပင်များ မရေမတွက်နိုင်အောင် ရှိပေသည်။ ထိုဆေးပင်များ၏ အကူအညီနှင့်ဆိုလျှင် ကျန်းရီသည် နတ်ဘုရားဝိညာဉ်ကို စုစည်းနိုင်လောက်သည်။ ထို့ပြင် မရေမတွက်နိုင်သော ကြယ်လေးပွင့်အဆင့်၊ ကြယ်ငါးပွင့်အဆင့် သိုင်းသမားများကလည်း ဆန်းကြယ်နယ်မြေအသီးသီးထဲသို့ သွား၍ ကျန်းရီအတွက် ဝိညာဉ်ဆေးပင်များ ထပ်ရှာပေးနေကြသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခုလုံးက သူ့ဘက်တွင် ရှိနေရာ တစ်နှစ်အတွင်းမှာပင် နတ်ဘုရားဝိညာဉ်ကို စုစည်းနိုင်လောက်သည်ဟု ကျန်းရီ ခန့်မှန်းထားသည်။
ဒုတိယလိုအပ်ချက်မှာကား အခက်ဆုံးဖြစ်သည်။ အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို ဖန်တီးနိုင်ရန် မဟာတာအိုပုံသဏ္ဌာန်သုံးခုကို ပေါင်းစည်းရမည်။ ကျန်းရီထံတွင် မိုးကြိုးအမျက်နှင့် နတ်ဘုရားဇီဝိန်ခြွေတို့ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် စတင်ပေါင်းစည်းနိုင်ရန် နောက်ထပ်မဟာတာအိုပုံသဏ္ဌာန်တစ်ခုသာ လိုအပ်တော့သည်။
သို့သော် တာအိုပုံသဏ္ဌာန်များက တိုက်ပွဲစွမ်းရည်များနှင့် ကွဲပြားသည်။ လူတစ်ယောက်သည် ကြိုးစားရုံဖြင့် တာအိုပုံသဏ္ဌာန်များကို မသိမြင်မနားလည်နိုင်ပေ။ ကံကောင်းလျှင် တာအိုပုံသဏ္ဌာန်တစ်ခုကို စက္ကန့်ပိုင်းအတွင်း နားလည်သွားနိုင်သော်လည်း ကံမကောင်းပါက ဆယ်နှစ်၊ နှစ်တစ်ရာ လေ့လာလျှင်လည်း နားလည်နိုင်မည် မဟုတ်ပေ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ကောင်းကင်ပန်းချီကားများ ရှိသည်။ ထို့ကြောင့် ကျန်းရီသည် နောက်ထပ်မဟာတာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ရန် မခက်လောက်ဟု မျှော်လင့်ထားသည်။ အခက်အခဲဆုံးအပိုင်းမှာ ၎င်းတို့ကို ပေါင်းစည်းခြင်းဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းခုနစ်သိန်းကျော်အတွင်း...
ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်တွင် မရေမတွက်နိုင်သော ပါရမီရှင်များ ထွက်ပေါ်ခဲ့သည်။ ခေတ်အလိုက်ရှိ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ ဧကရာဇ်များအားလုံးသည် မယုံနိုင်အောင် ပါရမီထူးကြသူများပင်။ သို့သော် သူတို့ထဲမှ မည်သူက အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသနည်း။ တစ်ယောက်မှ မရှိပေ။ ရှင်းမိုသည်ပင် စိတ်ဝိညာဉ်အရ သန်မာသော်လည်း အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို မဖန်တီးနိုင်ခဲ့ချေ။ ထို့ကြောင့် လွန်ခဲ့သော နှစ်ခုနစ်သိန်းကျော်အတွင်း မည်သူတစ်ယောက်ကမှ နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီတွင် အခွင့်အရေး ရှိပါမည်လော။ ရှိ၏။
အဘယ်ကြောင့်ဆိုသော် ကျန်းရီ၏ သွေးကြောများထဲတွင် ရီဖျောင်ဖျောင်၏သွေးများ စီးဆင်းနေ၍ပင်။ သူက အထက်ဘုံရှိ စွမ်းအားအကြီးဆုံးမျိုးနွယ်တစ်ခုမှ မျိုးဆက်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လူအားလုံးသည် ကျန်းရီအပေါ် မျှော်လင့်ချက်ထားထားကြသည်။ သို့သော် ကျန်းရီက တစ်နှစ်၊ နှစ်နှစ်အတွင်း နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူက အာမခံနိုင်ပါသနည်း။ ကျန်းရီက ဆယ်နှစ်ပြည့်မှ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မည်ဆိုလျှင် အချိန်မီတော့မည် မဟုတ်ပေ။
ထို့ကြောင့် လူများသည် ကျန်းရီထက်ပို၍ စိတ်လှုပ်ရှားနေကြသည်။ ကျန်းရီက မင်္ဂလာပွဲကျင်းပပြီးမှ သွားရောက်ကျင့်ကြံမည်ဟု ဆိုသောအခါ ဗုဒ္ဓဧကရာဇ်တို့သည် အခြေအနေကို တစ်ရက်နှင့်တစ်ည မနားမနေ ဆွေးနွေးကြသည်။ နောက်ဆုံးတွင် မင်္ဂလာပွဲကို ဆယ်ရက်အတွင်း ကျင်းပရန် ဆုံးဖြတ်လိုက်လေတော့သည်။
မရေမတွက်နိုင်သော မျိုးနွယ်များသည် ကျန်းရီအတွက် မင်္ဂလာပွဲ ပြင်ဆင်ပေးကြသည်။ ဆယ်ရက်အတွင်း အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲကြီးတစ်ပွဲ ကျင်းပနိုင်ရန် သူတို့အားလုံး ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည် မဟုတ်ပါလော။
ထိုရက်အနည်းငယ်အတွင်း ကျန်းရီသည် ကျန်းဧကရာဇ်မြို့၏ မြို့ရင်ပြင်ထဲတွင် ကျဆုံးသွားသော သူရဲကောင်းများအတွက် အာဇာနည်ကျောက်တိုင် တည်ဆောက်ပေးရန်လည်း လူများကို အကူအညီတောင်းလိုက်သည်။
အာဇာနည်စာရင်းတွင် သူတော်စင်အင်ပါယာ လုံချူ၏ အမည်က ထိပ်ဆုံးက ဖြစ်သည်။ အောင်းလုက ဒုတိယလိုက်သည်။ စစ်ထူအောင်း၊ လဲ့ပန်းရှန်းနှင့် အခြားအမည်များကိုလည်း မှတ်တမ်းတင်ရေးထိုးခဲ့သည်။ စစ်ပွဲတွင် ကျဆုံးခဲ့သော သိုင်းသမာအားလုံး၏ အမည်များကိုလည်း ရေးထိုးခဲ့သည်။ သူတို့ကို အနာဂတ်မျိုးဆက်များက အမြဲတမ်း အမှတ်ရနေကြမည်ဖြစ်သည်။
ဆယ်ရက်ကြာပြီးနောက်...
ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ သမိုင်းတစ်လျှောက်အတွင်း အကြီးကျယ်အခမ်းနားဆုံး မင်္ဂလာပွဲကြီး စတင်ကျင်းပလေသည်။ နယ်နမိတ်အတွင်းရှိ မျိုးနွယ်ကြီးများအားလုံးမှ မျိုးနွယ်ခေါင်းဆောင်တိုင်း မင်္ဂလာပွဲ တက်ရောက်ကြသည်။ သူတော်စင်ဧကရီသည်ပင် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း နှင်းဒေသမှနေ၍ ကျန်းဧကရာဇ်မြို့သို့ လာရောက်ကာ မင်္ဂလာပွဲတက်သည်။ သတို့သမီးမှာ လေးယောက်ဖြစ်သည်။
စုလောရွှယ်၊ ယဉ်ရို့ပင်း၊ ရီချန်နှင့် မိုယောင်အာ...
ကျန်းရီသည် ဖုန်းလန်၊ ချင်းယွီနှင့် နန်ကုန်းချီလင်းတို့ကိုလည်း လက်ထပ်လိုခဲ့၏။ သို့သော် သူမတို့သုံးယောက်က အလွန်ရင့်ကျက်ကာ သဘောထားကြီးကြသည်။ သူမတို့သည် ကျန်းရီ၏ ကိုယ်လုပ်တော်များအဖြစ်သာ နေမည်ဟု ပြောကြသည်။ ဟူတန်နီမှာမူ ကိုယ်လုပ်တော်ဘွဲ့ပင် မလိုချင်ခဲ့ပေ။ သူမသည် ကျန်းရီဘေးတွင် နေရလျှင် ကျေနပ်ပြီဖြစ်သည်။ ယခုတွင် ကျန်းရီက ကျန်းဧကရာဇ်ဖြစ်နေပြီဖြစ်၍ ဂုဏ်သတင်းထိခိုက်၍ မဖြစ်ပေ။
ကျန်းရီသည် နှစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ပြိုင်ဘက်ကင်းဘုရင် ကျန်းဧကရာဇ် ဖြစ်လာခဲ့သည်။ နယ်နမိတ်ထဲရှိ အလှဆုံး အမျိုးသမီးများကိုလည်း လက်ထပ်ခဲ့သည်။
ဘေးမှလူများ၏ မျက်လုံးများထဲတွင် ကျန်းရီက ဆန်းကြယ်ဧကရာဇ်နှင့်ပင် ယှဉ်နိုင်သော မဟာပုရိသတစ်ယောက်ဖြစ်သည်။ သူ့ဘဝက အထွတ်အထိပ်သို့ ရောက်နေပေပြီ။ သို့သော် ကျန်းရီ၊ ရီချန်နှင့် သူအရင်းနှီးဆုံးလူအချို့ကသာ သူ၏ဘဝခရီးက ယခုမှ အစဖြစ်ကြောင်းကို သိကြပေသည်။
ကျန်းရီသည် သမိုင်းတစ်လျှောက်အတွင်းရှိ အကြီးလေးဆုံး ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းထားရသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ သန်းထောင်ချီသော အသက်များ၏ အလေးချိန်က သူ့ပခုံးထက်တွင် ရှိနေသည်။ လူများသည် သူ၏ ကျော်ကြားမှုနှင့် ဩဇာအာဏာကိုသာ မြင်ကြသည်။ သို့သော် ထိုနေရာသို့ ရောက်လာရန် သူ ဖြတ်သန်းခဲ့ရသော အခက်အခဲများနှင့် နာကျင်မှုများကို မည်သူက နားလည်ပေးနိုင်ပါသနည်း။
***