ရူးသွပ်သော
Vol. 92 Ch. 1280
ကျန်းရီသည် ကျန်းဧကရာဇ်မြို့တွင် သုံးရက်ဆက်နေပြီးနောက် ပင်လယ်နက်သို့ သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် မည်သည့်ဇနီးမယားကိုမှ မခေါ်ခဲ့ပေ။ ကျန်းရှောင်နူနှင့် သေမင်း၏ သိပ်သည်းပင်လယ်မှ မျိုးနွယ်စုခေါင်းဆောင်များကိုသာ ခေါ်ခဲ့သည်။
ကျန်းရီက ကျန်းရှောင်နူကို ခေါ်ခဲ့ရခြင်းမှာ ကျန်းရှောင်နူသည် မင်္ဂလာအခါအတောအတွင်း အလွန်စိတ်ဓာတ်ကျနေခဲ့၍ဖြစ်သည်။ ကျန်းရှောင်နူ၏ ရင်ထဲမှ ဒွိဟများကို သူသိသည်။ သို့သော် သူ့ရင်ထဲတွင်လည်း ဒွိဟများ ရှိနေပေသည်။ သူ့အတွက် ကျန်းရှောင်နူက ညီမလေးတစ်ယောက်ကဲ့သို့ပင်။ ငယ်စဉ်ကတည်းက သူတို့နှစ်ယောက်သည် မောင်နှမများကဲ့သို့ ကြီးပြင်းခဲ့ရပြီး အချင်းချင်းသာ မှီခိုစရာရှိခဲ့သည်။ ထို့ကြောင့် သူသည် ကျန်းရှောင်နူကို ဇနီးတစ်ယောက်အဖြစ် တွေးမရ ဖြစ်နေခြင်းပင်။
ကျန်းရီသည် ကျန်းရှောင်နူ အလိုရှိသောအရာကို မပေးနိုင်သဖြင့် သူမအပေါ် အစ်ကိုတစ်ယောက်ကဲ့သို့ ပိုချစ်ပေး၊ ပိုဂရုစိုက်ပေးရန်သာ ဆုံးဖြတ်ထားသည်။
ထိုကောင်မလေးက တစ်ယောက်တည်းနေတတ်သူဖြစ်သည်။ သူမသည် အခြားလူများနှင့် အလွယ်တကူ မပေါင်းသင်းမဆက်ဆံနိုင်ပေ။ ကျန်းရီအနားတွင်သာ သူမက စိတ်ရင်းအမှန်ဖြင့် တောက်ပစွာ ပြုံးတတ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကျန်းရီအား မည်သူ့အတွက် ရင်အနာဆုံးနည်းဟု မေးလျှင် ကျန်းရီသည် စုလောရွှယ် သို့မဟုတ် ရီချန်အတွက်ဟု ဖြေမည်မဟုတ်ဘဲ ထိုသနားစရာ အစေခံမလေးအတွက်ဟု ဖြေပေလိမ့်မည်။
ကျန်းရီသည် သေမင်း၏ သိပ်သည်းပင်လယ်သို့ ဝိညာဉ်ဆေးပင်များစွာ ယူသွားသည်။ ဆန်းကြယ်နယ်မြေ၏ အဝင်ဝတွင်လည်း သူ့အတွက် ဝိညာဉ်ဆေးပင်များ သွားရှာပေးသော စွမ်းအားကြီး သိုင်းသမားများကို စောင့်ရန် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို အစောင့်ချခဲ့သေးသည်။ ထိုသိုင်းသမားများ ရောက်လာလျှင် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက် သူတို့ကို သေမင်း၏ သိပ်သည်းပင်လယ်ထဲသို့ လမ်းပြခေါ်၍ ကျန်းရီနှင့် တွေ့ဆုံစေမည်ဖြစ်သည်။
ကျန်းရီက စိတ်အေးအေးဖြင့် ဆန်းကြယ်နယ်မြေထဲ ဝင်သွားသည်။ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ မိုယောင်အာနှင့် အခြားသူများကို ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ သူတော်စင်ဧကရီနှင့် ကျန်လူများက စောင့်ရှောက်ပေးနေသည်။ ယခုတွင် ကျန်းဧကရာဇ်မြို့သည် နယ်နမိတ်တစ်ခုလုံးမှ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်များ ရှိရာမြို့တစ်မြို့ ဖြစ်နေပေပြီ။ ကျန်းရီ ကျင့်ကြံနေစဉ်အတောအတွင်း ဗုဒ္ဓဧကရာဇ်က ကျန်းဧကရာဇ်မြို့နှင့် ကောင်းကင်ဘီးလုံးအစီအရင်ကြီးကို သူ့ကိုယ်စား ကာကွယ်ပေးမည်ဖြစ်သည်။
ထို့ပြင် ချမ်ဝမ်ကွမ်းရှိနေလျှင် ကျန်းဧကရာဇ်မြို့၏ အရေးကိစ္စများအတွက် ကျန်းရီ စိတ်ပူရန် မလိုပေ။ ချမ်ဝမ်ကွမ်းက အလွန်အားကိုးရသည်။ ကျန်းမျိုးနွယ်၏ ဒေသလေးခု မဆိုထားနှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခုလုံးကို စီမံရလျှင်ပင် ချမ်ဝမ်ကွမ်းက လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဟူး...ဟူး...
ကျန်းရီသည် ပင်လယ်နက်အလယ်ရှိ ဧရာမရေဝဲကြီးကို ဖြတ်၍ သေမင်း၏ သိပ်သည်းပင်လယ်ထဲ ဝင်သွားလိုက်သည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ယခင်ကလောက် ဆိုးဆိုးဝါးဝါး သက်ရောက်မခံရတော့ပေ။ သူသည် မျိုးနွယ်စုခေါင်းဆောင်များကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ မထုတ်ဘဲ တစ်ကိုယ်တော်သာ သွားလိုက်သည်။ လမ်းတွင် ကျောက်မိစ္ဆာလေးများနှင့် တွေ့သောအခါတွင်လည်း ၎င်းတို့ကို ချက်ချင်း အမှုန့်ဖြစ်သွားအောင် လုပ်နို်ငခဲ့သည်။ သူ့ခန္ဓာကိုယ်က အလွန်သန်မာနေပြီး သူ့အမြန်နှုန်းက အလွန်မြန်နေပေသည်။ ထို့ကြောင့် တစ်ရက်အတွင်းမှာပင် သူ သက်ရှည်မျိုးနွယ်စုဆီသို့ ရောက်သွားသည်။ သူသည် ခရီးဆက်မသွားတော့ဘဲ ထိုမျိုးနွယ်စုတွင်သာ နေ၍ ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
ရွှီး...
ကျန်းရီသည် မျိုးနွယ်စုခေါင်းဆောင်ဆယ်ယောက်ကို ထုတ်၍ တစ်ယောက်ကို ညွှန်ပြကာ ပြောလိုက်သည်။
“လုံယန်... ခင်ဗျားက ဒီကုန်းမြေရဲ့ သူတော်စင်အင်ပါယာအသစ်ပဲ။ ဒါပေမဲ့ ခင်ဗျားအတွက် တော်ဝင်သားရဲတွေရဲ့ သွေးစွမ်းအင် မရှိတော့ဘူး။ လောလောဆယ်တော့ တော်ဝင်သားရဲတွေရဲ့ အရိုးတွေကို အရိုးစွပ်ပြုတ်လုပ်သောက်ပြီးပဲ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်ပါ။ ကျွန်တော့်ဆီမှာလည်း ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို သန်မာစေမယ့် ဝိညာဉ်ဆေးပင်တွေ ရှိပါတယ်။ ပြီးတော့ ခင်ဗျား ပိုသန်မာလာအောင် ကျွန်တော် ခင်ဗျားကို ကျင့်စဉ်တွေ သင်ပေးပါမယ်”
လုံယန်မှာ လုံချူ၏ မြေးဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်များအကြားတွင် သူက အလွန်စွမ်းအားကြီးသည်ဟု မဆိုနိုင်ပေ။ သို့သော် ကျန်းရီက ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်၍ မည်သူကမှ စောဒကမတက်ဝံ့ကြချေ။ ကျန်းရီသည် သူတော်စင်အရှင်၏ ပထမဆက်ခံသူမျိုးဆက်ဖြစ်သည်။ သေမင်း၏ သိပ်သည်းပင်လယ်ထဲတွင် ကျန်းရီ၏ ဩဇာအာဏာက အတုမဲ့ပေသည်။
“ဟုတ်ကဲ့ပါ အရှင်ငယ်”
လုံယန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် ဝိညာဉ်ဆေးပင်များကို ထုတ်၍ လုံယန်အားပေးလိုက်သည်။ ထို့ပြင် ရှေးဟောင်းအသုံးအဆောင်များလည်း ပေးလိုက်သည်။ အခြားမျိုးနွယ်စုခေါင်းဆောင်များကို ခွဲဝေပေးရန်အတွက်လည်း ရှေးဟောင်းအသုံးအဆောင်များ ထပ်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင် သူတော်စင်အင်ပါယာသည် ကျန်းရီနှင့်အတူ အပြင်လောကသို့ လိုက်သွားခဲ့ပြီး နှင်းဒေသတွင် ကျဆုံးခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင် အယောက်နှစ်ဆယ်လည်း ကျဆုံးခဲ့ရသည်။ ထို့ကြောင့် ကျန်းရီသည် အဆုံးမရှိသော အပြစ်ရှိစိတ်ကို ခံစားနေရသည်။ ထို့ကြောင့် သူသည် ဝူရှန်း၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမိုတို့၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်များအတွင်းမှနေ၍ ရှေးဟောင်းအသုံးအဆောင်များ ထုတ်ကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ ရှေးဟောင်းအသုံးအဆောင်များနှင့် ပေါင်း၍ မျိုးနွယ်စုခေါင်းဆောင်များကို ပေးလိုက်ခြင်းဖြစ်သည်။
“သူတော်စင်အင်ပါယာကို နှုတ်ခွန်းဆက်ပါတယ်”
အခြားမျိုးနွယ်စုခေါင်းဆောင်များက လုံယန်ကို ဦးညွှတ်လိုက်ကြသည်။ ကျန်းရီက လက်ဝှေ့ယမ်းလိုက်ရာ လုံယန်သည် သေမင်းကုန်းမြေ၏ အရေးကိစ္စများကို ဆောင်ရွက်ရန် ထွက်သွားလေသည်။ ထို့နောက် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်၍ သက်ရှည်မျိုးနွယ်စုအပြင်ဘက်တွင် ထားလိုက်သည်။ သူသည် သီးခြားကျင့်ကြံရန် ဆုံးဖြတ်ထားသည်။
“ရှောင်နူ... ငါ ကျင့်ကြံနေတုန်း မင်း ပျင်းနေမှာပေါ့။ မင်း ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ စိတ်ကြိုက်ဝင်နိုင်ထွက်နိုင်အောင် ငါ အကာအရံအစီအရင်တစ်ခု ဆင်ပေးထားရမလား”
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်စံအိမ်ထဲတွင် တစ်ယောက်တည်းထိုင်နေသော ကျန်းရှောင်နူကို ကြည့်၍ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“ရပါတယ်...”
ကျန်းရှောင်နူ ပြုံးလိုက်သောအခါ ကြာပန်းလေးတစ်ပွင့် ဖူးပွင့်သွားသကဲ့သို့ပင်။ သူမက ခေါင်းခါကာ ပြန်ပြောသည်။
“သခင်လေးကို မြင်ရရင် ကျွန်မ ပျော်ပါတယ်။ သခင်လေး ကျွန်မအတွက် စိုးရိမ်ဖို့ မလိုပါဘူး... ကိုယ့်ဘာသာ သွားကျင့်ကြံပါ”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ကျန်းရီသည် ကျန်းရှောင်နူကို ဘေးဆောင်သို့ ခေါ်သွားလိုက်၏။ သူ ဆန်းကြယ်ဧကရာဇ်၏ ကောင်းကင်ပန်းချီကားတစ်ချပ်ကို သိမြင်နားလည်ရန် လိုပေသည်။ သူ မလေ့လာရသေးသော် ပန်းချီကား နှစ်ချပ်ရှိသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့က ထိုနှစ်ကားတွင် တစ်ယောက်တစ်ကားစီ သိမြင်နားလည်သွားခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့ကြသည်။ ထို့ကြောင့် ၎င်းပန်းချီကားများထဲတွင် မဟာတာအိုပုံသဏ္ဌာန် ပါကြောင်း ကျန်းရီသိသည်။ သူက ပန်းချီကားတစ်ကားကိုသာ သိမြင်နားလည်ရန် လိုသည်။ ပြီးနောက်တွင် မဟာတာအိုပုံဿဏ္ဌာန်သုံးခုကို မည်သို့ပေါင်းစည်းရမည်ကိုသာ စတင်တွေးတောရတော့မည်ဖြစ်သည်။
ဘေးဆောင်ထဲသို့ ရောက်သောအခါ ကျန်းရှောင်နူက ကျန်းရီနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
“သခင်လေး... ကျွန်မကို အရေးမစိုက်ပါနဲ့။ ကျွန်မလည်း ကြိုးစား ကျင့်ကြံမှာပါ။ ကျွန်မ မင်ရည်တောင်ပံကျင့်စဉ်ရဲ့ စတုတ္ထအဆင့်ကို ရောက်နိုင်အောင် ကြိုးစားမယ်”
“အင်း... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားမပေးပါနဲ့”
ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဖြည်းဖြည်းမှန်မှန်ပဲ ကျင့်ကြံပါ။ ကျင့်ကြံခြင်းဆိုတာ လောလို့ရတဲ့ဟာ မဟုတ်ဘူး”
ကျန်းရှောင်နူက မည်သို့မှ ပြန်မပြောဘဲ ပြုံးသာ ပြုံးပြလိုက်သည်။ နောက်ဆုံးတွင် ကျန်းရီသည် သူမကို တစ်ယောက်တည်း လွှတ်ထားလိုက်ပြီး ကောင်းကင်ပန်းချီကား တစ်ချပ်ကို ကြည့်လိုက်လေသည်။ ရီချန်က ထိုပန်းချီကားမှနေ၍ မဟာတာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းတာအိုပုံသဏ္ဌာန်မှာ ထောက်ပံ့အမျိုးအစားဖြစ်သော အာကာသတာအိုပုံသဏ္ဌာန်ဖြစ်သည်။
ကျန်းရီသည် ထိုတာအိုပုံသဏ္ဌာန်နှင့် ပတ်သတ်၍ ရီချန်ကို များစွာ မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို အမှန်တကယ် သိမြင်နားလည်ရန် ကိုယ်တိုင်လေ့လာဖို့ လိုအပ်သောကြောင့်ပင်။ အကယ်၍ ရီချန်က ကျန်းရီကို ကြိုပြောထားလျှင် ကျန်းရီအတွက် အကူအညီ မဖြစ်ရုံသာမက တာအိုပုံသဏ္ဌာန်ကို မသိမြင်မနားလည်နိုင်သည်အထိ ဖြစ်သွားနိုင်သည်။ ပြည့်နေသော ခွက်ကို ထပ်ဖြည့်၍ မရပါပေ။
ကျန်းရီသည် ကောင်းကင်ပန်းချီကားကို အပြည့်အဝ အာရုံစိုက်၍ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အတွင်းအား ကျင့်ကြံပြီး သူ့စိတ်ဝိညာဉ်အတွက် ဝိညာဉ်ဆေးပင်များကို စုပ်ယူလိုက်သည်။ သူက သူ့အတွင်းအားနှင့် သူ့စိတ်ဝိညာဉ်ကို တစ်ပြိုင်တည်း တိုးတက်လာစေလိုနေပေသည်။
ကျန်းရီက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်နိုင်သည်မှာ ကောင်းသောကိစ္စတစ်ခုပင်။ မဟုတ်လျှင် သူသည် ကိစ္စသုံးခုကို တစ်ပြိုင်တည်း လုပ်နိုင်မည် မဟုတ်ဘဲ လမ်းလွဲကာ ချီဖောက်လွှဲဖောက်ပြန်ဖြစ်သွားနိုင်ပေသည်။
“သခင်လေး... ကျွန်မ မင်ရည်တောင်ပံကျင့်စဉ်ရဲ့ စတုတ္ထအဆင့်ကို ရအောင်ကျင့်ပါမယ်။ အဲ့လိုဆို ကျွန်မလည်း နတ်ဘုရားအစစ်အမှန်တစ်ပါးရဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်နိုင်ပြီ။ အဲ့အခါကျ ကျွန်မ သခင်လေးနဲ့အတူ အထက်ဘုံကိုသွားပြီး သခင်မကို ရှာနိုင်ပြီ”
ကျန်းရှောင်နူသည် တီးတိုးရေရွတ်၍ မျက်လုံးများမှိတ်ကာ စတင်ကျင့်ကြံလိုက်လေသည်။
***
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကျန်းရီ၏ အတွင်းအားနှင့် စိတ်ဝိညာဉ်ကလည်း တဖြည်းဖြည်း တိုးတက်လာသည်။ ကျင့်ကြံနှုန်း အဆတစ်သိန်း ပိုမြန်သော ပတ်ဝန်းကျင်တွင် ကျင့်ကြံနေခြင်းဖြစ်ရာ နှစ်ဝက်အတွင်းမှာပင် သူ၏ အဋ္ဌမမြောက်ကြယ်စက်လုံးက တစ်ဝက်ပြည့်သွားသည်။ ထို့ကြောင့် နောက်နှစ်အတွင်း ၎င်းကြယ်စက်လုံးက သေချာပေါက် ပုံစံပြောင်းလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။
ကျန်းရီ၏ စိတ်ဝိညာဉ်ကလည်း အလွန်လျင်မြန်စွာ တိုးတက်နေသည်။ သူ၏ မီးနဂါးဓားလေး၏ အရွယ်က နဂိုကထက် နှစ်ဆဖြစ်သွားပေပြီ။ စိတ်ဝိညာဉ်အတွင်းရှိ စွမ်းအင်ကလည်း တိုးပွားလာသည်။ ဝိညာဉ်ဆေးပင် ဒုတိယအသုတ်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးရှိ ဝိညာဉ်ဆေးပင်များကို ပိုင်ဆိုင်ထားရာ သူ့စိတ်ဝိညာဉ်ကို ပြောင်းလဲအောင် မလုပ်နိုင်သေးလျှင် သူ့ကိုယ်သူ သတ်သေရုံသာ ရှိတော့သည်။
သို့သော်...
ကျန်းရီသည် တာအိုပုံသဏ္ဌာန်ကို မသိမြင်မနားလည်နိုင်သေးပေ။ နှစ်ဝက်ကုန်သွားပြီဖြစ်သော်လည်း တိုးတက်မှုတစ်ခုပင် မရှိသေးချေ။ ထို့ပြင် သူသည် အခက်ခဲဆုံးအပိုင်းဖြစ်သည့် ပေါင်းစည်းမှုကိုလည်း လုပ်ရဦးမည်ဖြစ်သည်။ အချိန်ကုန်လာသည်နှင့်အမျှ ကျန်းရီ ပို၍စိတ်လှုပ်ရှားလာသည်။ သူ စိတ်လှုပ်ရှားလာလေလေ၊ တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် ပိုခက်လာလေလေပင်။ သို့ဖြင့် အဆိုးသံသရာ လည်နေတော့သည်။ ကျန်းရီသည် သူ စိတ်တည်ငြိမ်မှရမည်ဖြစ်ကြောင်း ကောင်းစွာသိသည်။ သို့သော် သူသည် သူ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ပါပေ။
ရှစ်လကြာပြီးနောက်...
ကျန်းရီသည် စိတ်ပျက်သော မျက်နှာထားဖြင့် မျက်လုံးဖွင့်လိုက်၏။ ထိုအတိုင်း ဆက်သွားလျှင် သူ အချိန်မီ သိမြင်နားလည်နိုင်မည် မဟုတ်ပေ။ သူ့ခံစားချက်များကို ထိန်းညှိရပေမည်။ သူသည် မျက်လုံးများ မှိတ်ထားဆဲဖြစ်သော ကျန်းရှောင်နူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော် အပြင်သို့ ထွက်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းရီသည် သက်ရှည်မျိုးနွယ်စုမှ မျိုးနွယ်စုခေါင်းဆောင်ကို ခေါ်၍ အကယ်၍ ကျန်းရှောင်နူ အခန်းအောင်းကျင့်ကြံနေရာမှ ထွက်လာပါက သူ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်သွားခြင်းဖြစ်ပြီး မကြာခင်တွင် ပြန်ရောက်လာမည်ဖြစ်ကြောင်း ပြောပြလိုက်ရန် မှာခဲ့သည်။
ထို့နောက် ကျန်းရီသည် တောင်တစ်လုံး၏ အတွင်းအကျဆုံး အပိုင်းသို့ တစ်ယောက်တည်း လမ်းလျှောက်သွားလိုက်သည်။ သူသည် သူ့ရင်ထဲမှ စိတ်ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုများကို အတင်းမေ့ထားသည်။ တဖြည်းဖြည်းဖြင့် သူ တောင်အတွင်းပိုင်းသို့ ရောက်လာသည်။ သူသည် လာခဲ့ရာဘက်ကို မှတ်မထားဘဲ အကွေ့အပတ်ပေါင်းများစွာကို လျှောက်သွားလိုက်သည်။ ရှေ့တွင် လမ်းရှိလျှင် သူ လျှောက်သည်။ သားရဲနှင့်တွေ့လျှင် သတ်ပစ်သည်။
ထိုသို့ဖြင့် ကျန်းရီသည် ဆယ်ရက်ကျော် လျှောက်သွားခဲ့သည်။ နောက်ဆုံးတွင် သူ အလွန်ရင်းနှီးသော နေရာတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာက သူတော်စင်အင်ပါယာမြို့၏ မြောက်ဘက်ရှိ ကမ်းပါးထိပ်တစ်ခုဖြစ်သည်။ ထိုကမ်းပါးအောက်တွင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း ရှိသည်။ သူ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ကျော်သွားလျှင် ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ ရောက်သွားပေလိမ့်မည်။
“ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း၊ ဥက္ကာပျံသတ်ဖြတ်အစီအရင်”
ကျန်းရီသည် မျက်မှောင်ကြုတ်၍ ကမ်းပါးကို ဝန်းရံထားသော တိမ်ဖြူများကို ကြည့်လိုက်သည်။ တစ်နာရီကြာပြီးနောက် သူ့မျက်လုံးများ အရောင်လက်လာသည်။ ထို့နောက် သူ ချောက်နက်ထဲသို့ ခုန်ချလိုက်လေသည်။ အကယ်၍ ထိုအခိုက်တွင် အခြားလူများက သူ့ကို ကြည့်နေခဲ့ပါက သေချာပေါက် ကျန်းရီ ရူးသွပ်သွားပြီးဟု ထင်သွားကြပေလိမ့်မည်။ ဤတစ်ခေါက်တွင် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူမသွားခဲ့ပေ။ လက်ရှိ သူ၏ခုခံနိုင်စွမ်းအရ သူသည် ဥက္ကာပျံသတ်ဖြတ်အစီအရင်၏ နောက်ဆုံးအဆင့်ကို သေချာပေါက် ခံနိုင်မည် မဟုတ်ပါချေ။
***