← Chapters

မြေဓာတ်တာအိုပုံသဏ္ဌာန်

Vol. 92 Ch. 1281

မြေဓာတ်တာအိုပုံသဏ္ဌာန်

Vol. 92 Ch. 1281

ကျန်းရီက ရူးသွပ်သွားခြင်း မဟုတ်ပေ။ ပခုံးထက်မှ ဖိအားများကြောင့် သူ အလျင်လိုနေခဲ့ခြင်းသာ။ ရှစ်လ ကုန်သွားခဲ့ပေပြီ။ သို့သော် သူ မဟာတာအိုပုံသဏ္ဌာန် နောက်တစ်ခုကို မသိမြင်မနားလည်နိုင်သေးပေ။ ဆယ်နှစ်ဆိုသောအချိန်က ကြာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် အလွန်တိုတောင်းပေသည်။

ထို့ပြင် ကျန်းရီ အထက်ဘုံသို့ ရောက်ပြီးနောက်တွင် မည်သို့ဆက်ဖြစ်မည်ကို မည်သူက ပြောနိုင်ပါသနည်း။ သူက ဆန်းကြယ်ဧကရာဇ် သို့မဟုတ် ရီဖျောင်ဖျောင်ကို ဆယ်နှစ်မပြည့်ခင်အတွင်း မရှာနိုင်ခဲ့လျှင် မည်သို့ လုပ်မည်နည်း။ သူ ရှာနိုင်ခဲ့သော်လည်း သူတို့ထံတွင် မည်သည့်နည်းလမ်းမှ ရှိမနေလျှင်ရော အသို့နည်း။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးရှိ သက်ရှိများ၏ အသက်က ကျန်းရီ၏လက်ထဲတွင် ရှိနေသည်။ သူ့ဇနီးမယားများ၊ မိတ်ဆွေများ၊ ညီနောင်များနှင့် မျိုးနွယ်ဝင်များ၏ အသက်များကလည်း သူ့ခေါင်းအထက်တွင် ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ တွဲလဲခိုနေသည်။ ထို့ကြောင့် သူ့အတွက် အသက်ရူရန်ပင် ခက်ခဲနေပေသည်။

ပြီးခဲ့သော ရှစ်လအတွင်း၌ ကျန်းရီသည် တစ်ညပင် မနားခဲ့ပေ။ သူ့အတွေးထဲတွင် မရေမတွက်နိုင်သော တမလွန်ဘုံစစ်သူကြီးများက ကောင်းကင်ဘီးလုံးအစီအရင်ကို ဖောက်ကာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲသို့ ဝင်၍ သက်ရှိအားလုံးကို သူ့မျက်စိရှေ့မှာပင် သတ်ဖြတ်နေသည့် ပုံရိပ်များနှင့်သာ ပြည့်နှက်နေသည်။ ထိုစစ်သူကြီးများက ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်း၊ မိုယောင်အာ၊ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်း၊ ကျန်းယွင်ဟိုင်နှင့် အခြားသူများကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်နေကြသည်။

ကျန်းရီသည် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲသို့ ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း မဟုတ်ပေ။ ထိုအခိုက်တွင် သူက တစ်စုံတစ်ခုကို နားလည်သွားခြင်းသာ။ ဥက္ကာပျံသတ်ဖြတ်အစီအရင်က သေခြင်းလမ်းကြောင်းတစ်ခု ဖြစ်သည်။ သူ့တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်မရှိလျှင် ထိုလမ်းကြောင်းထဲမှ သူ အသက်ရှင်လျက် ပြန်မထွက်နိုင်လောက်ပေ။ ဆန်းကြယ်ဧကရာဇ်၏ စွမ်းရည်မျိုး မရှိသည့် သာမန်လူများသည်လည်း ရှင်သန်နိုင်မည် မဟုတ်ချေ။

ဆန်းကြယ်ဧကရာဇ်က ထိုကဲ့သို့သော သေခြင်းလမ်းကြောင်းတစ်ခုကို မဖန်းတီးခဲ့လောက်ပေ။ ထို့ကြောင့် ကျန်းရီသည် ထိုသတ်ဖြတ်အစီအရင်ထဲတွင် အသက်ရှင်နိုင်ရန် အခွင့်အရေးတစ်ခု ရှိလောက်သည်ဟု ယုံကြည်သည်။ ထိုအခွင့်အရေးကို ဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲတွင် ပုန်းအောင်းနေသော တာအိုပုံသဏ္ဌာန်ထဲ၌ တွေ့နိုင်လောက်သည်။ သူသာ ထိုတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားလျှင် ဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲမှနေ၍ အလွယ်တကူ ထွက်သွားနိုင်လောက်ပေသည်။

ထို့ကြောင့် ကျန်းရီသည် အသက်ကိုရင်း၍ စွန့်စားခဲ့ခြင်းဖြစ်သည်။ သူ့တွင် ပြဿနာတစ်ခုရှိသည်။ ယင်းမှာ အန္တရာယ်နှင့် ပိုကြုံရလျှင် သူ၏စွမ်းရည်အစစ်အမှန်ကို ထုတ်ရန် ပိုလွယ်လာခြင်းပင်။ သို့ဖြစ်၍ သေရေးရှင်ရေး အခြေအနေတွင်ဆိုလျှင် သူ တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားနိုင်ခြေ ပိုများပေသည်။ တိတ်တဆိတ်ထိုင်၍ ကောင်းကင်ပန်းချီကားကို ကြည့်နေလျှင် သူ တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် ပိုခက်ပေလိမ့်မည်။ သူ အလွန်သဘောကျသော စိတ်လှုပ်ရှားမှုကို ခံစားနိုင်ရန် သေမင်းခံတွင်းဝတွင် လျှောက်လမ်းရပေမည်။ ထို့ကြောင့် သူသည် တုံ့ဆိုင်းမှုမရှိဘဲ ချောက်နက်ထဲ ခုန်ချလိုက်ခြင်းဖြစ်သည်။

ကျန်းရီက အောင်မြင်သွားနိုင်သလို ကြိုးစားရင်းလည်း သေသွားနိုင်သည်။ သို့သော် သူသည် များစွာမတွေးတောရန် ဆုံးဖြတ်၍ အသက်ကို ထပ်မံ လောင်းကြေးထပ်ခဲ့သည်.

ရွှီး...

အဖြူရောင်အလင်း လက်သွားပြီး ကျန်းရီအရှေ့မှ အရာအားလုံး ဝေဝါးသွားသည်။ ထို့နောက် သူသည် မှောင်မည်းနေသော ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲသို့ ရောက်သွားလေသည်။ သူ့ပတ်ပတ်လည်တွင် မည်သည့်အလင်းရောင်မှ မရှိချေ။ ပတ်ဝန်းကျင်က မှောင်မည်းတိတ်ဆိတ်လွန်းသဖြင့် သူ့ရင်ခုန်သံကိုပင် ပြန်ကြားနေရသည်။ ထိုလမ်းကြောင်းထဲသို့ ရောက်သွားခြင်းက ကျန်းရီက အတော်လေး စိတ်တည်ငြိမ်သွားစေသည်။ သူ့တွင် အခြားလွတ်လမ်း မရှိတော့ပေ။ သေမည်လော သို့မဟုတ် ဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲက စွမ်းအားကြီး တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်အောင်လုပ်၍ အသက်ရှင်လျက် ထွက်သွားမည်လောဟူသည့် ရွေးချယ်စရာနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရတော့ပေမည်။

“ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”

ကျန်းရီသည် နတ်ဘုရားဒိုင်းကို မထုတ်သလို ထောင်ဧကရာဇ်ဒိုင်းကိုလည်း မဆင့်ခေါ်လိုက်ပေ။ ထိုအစား မျက်လုံးမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်သည်။ ထိုအခြေအနေထဲတွင်ဆိုလျှင် သူက ပတ်ဝန်းကျင်ကို ပို၍အာရုံခံနိုင်သည်။ သူသည် ပတ်ပတ်လည်မှ စွမ်းအင်စီးဆင်းမှုကို ခံစား၍ ထိုစွမ်းအင်များအတွင်းရှိ တာအိုပုံသဏ္ဌာန်အရှိန်အဝါကို လေ့လာလိုနေခြင်းပင်။

ဝှစ်...ဝှစ်...

ကျန်းရီသည် သူ့ဘယ်ဘက်မှ လေခွင်းသံများကို ကြားလိုက်ရသည်။ ကျောက်တုံးလေးများက သူ့ထံသို့ လျင်မြန်စွာ ပျံဝင်လာကြသည်။ ၎င်းတို့၏ အမြန်နှုန်းက ကျန်းရှောင်နူ၏ အမြန်နှုန်းထက်ပင် ပိုမြန်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းတို့ကို ကျန်းရီဘေးသို့ ရောက်လာကြသည်။ ကျန်းရီသည် ၎င်းတို့ကို လက်သီးဖြင့် မထိုးလိုက်သလို ထောင်ဧကရာဇ်ဒိုင်းကိုလည်း မဆင့်ခေါ်လိုက်ပေ။ ထိုအစား ၎င်းတို့အား သူ၏ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ထိမှန်ခွင့်ပေးလိုက်သည်။ သူသည် စိတ်အ‌နှောင့်အယှက် ဖြစ်သွားမည်စိုး၍ တစ်ချက်ပင် မလှုပ်ဝံ့ပေ။

ကျန်းရီသည် အာရုံအပြည့်အဝ စိုက်၍ သူ့ကို လာရောက်ထိမှန်သော ကျောက်တုံးလေးများထဲမှ တာအိုပုံသဏ္ဌာန်အရှိန်အဝါကို ခံစားလိုက်သည်။ ထိုသတ်ဖြတ်အစီအရင်ထဲရှိ ရှင်သန်နိုင်မည့် အခွင့်အရေးကို သူ ရှာလိုပေသည်။

‘ဒီကျောက်တုံးတွေက သာမန်ကျောက်တုံးတွေထက် ပိုမာတယ်။ ဒါပေမဲ့ ဘာထူးထူးခြားခြားမှတော့ မရှိဘူး။ အဲ့ဒါတွေရဲ့ သက်ရောက်မှုအားက အရမ်းပြင်းထန်နေရတာက အမြန်နှုန်းကြောင့်ပဲ။ ကောင်းကင်အောက်က သိုင်းပညာရပ်တွေအားလုံးကြားမှာ အမြန်ဆုံးပညာရပ်က ချိုးဖျက်ဖို့ အခက်ဆုံးပညာရပ်ပဲ။ ဒီက လျှို့ဝှက်တာအိုပုံသဏ္ဌာန်က စွမ်းအားအကြီးဆုံး လေဓာတ်တာအိုပုံသဏ္ဌာန်များလား။ ဒါပေမဲ့... စွမ်းအားအကြီးဆုံး လေဓာတ်တာအိုပုံသဏ္ဌာန်က ကြယ်ခြောက်ပွင့်အဆင့် ပြစ်ဒဏ်စီရင်လေဓား မဟုတ်ဘူးလား။ အဲ့ဒါက မဟာတာအိုပုံသဏ္ဌာန်မဟုတ်ဘူး’

ကျန်းရီ၏ ‌ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ ဓာတ်တာအိုပုံဏ္ဌာန်များ၏ အမြင့်ဆုံးအဆင့်က ကြယ်ခြောက်ပွင့်အဆင့်သာဖြစ်သည်။ မိုးမြေတာအိုပုံသဏ္ဌာန်များကမူ ကြယ်ကိုးပွင့်အဆင့်အထိ ရောက်နိုင်ကြသည်။ သို့သော် မဟာတာအိုပုံသဏ္ဌာန်များကသာ မိုးမြေစွမ်းအားကို တိုက်ရိုက်ယူသုံးနိုင်သည်။ အကယ်၍ ဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲမှ တာအိုပုံသဏ္ဌာန်က ကြယ်ခြောက်ပွင့်အဆင့်သာရှိလျှင် ကျန်းရီ ထိုလမ်းကြောင်းထဲကို ဝင်လာရခြင်းက အကျိုးမဲ့ ဖြစ်သွားပေလိမ့်မည်။

‘မဟုတ်သေးဘူး...’

ကျန်းရီ ခေါင်းခါလိုက်သည်။ လေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုက ထိုမျှကြီးမားသော သတ်ဖြတ်စွမ်းအားကို မပိုင်ဆိုင်နိုင်ပေ။ သူ လမ်းလွဲနေခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် အာရုံအပြည့်အဝစိုက်၍ ပတ်ဝန်းကျင်အခြေအနေကို ထပ်မံ စူးစမ်းလိုက်သည်။ ကျောက်တုံးအချို့က သူ့ထံသို့ ပျံဝင်လာပြီး သူ၏ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ပြင်းထန်စွာ ထိမှန်သွားကြသည်။ ၎င်းတို့သည် ချပ်ဝတ်ကို ထိမှန်သည်နှင့် အမှုန့်ဖြစ်သွားကြသည်။ ကျန်းရီ၏ ခန္ဓာကိုယ်လည်း ယိမ်းယိုင်သွားသည်။ သို့သော် ကျောက်တုံး ပထမလှိုင်းက စွမ်းအားသိပ်မကြီးပေ။ ကျန်းရီကလည်း အလွယ်တကူ ဒဏ်ရာရမည့်သူ မဟုတ်ချေ။

‘အာ... ကျောက်တုံးတွေ ပျောက်သွားပြီ။ အဲ့ကျောက်တုံးတွေက အမှုန့်ဖြစ်သွားတဲ့ပုံပေါ်ပေမဲ့... တကယ်တော့ ပျောက်ကွယ်သွားတာ...’

ကျန်းရီသည် ပြဿနာနောက်တစ်ခုကို သိလိုက်ရသည်။ ကျောက်တုံးများသည် သူ့ခန္ဓာကိုယ်ကို ထိမှန်ပြီးသည်နှင့် ပျောက်ကွယ်သွားကြသည်။ သူသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်မထားလျှင် ထိုအကြောင်းကို သိလိုက်မည် မဟုတ်ပေ။

‘အဲ့ဒါက မြေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုလား။ အဲ့ကျောက်တုံးတွေက မိုးမြေထဲက မြေဓာတ်ကနေပြီး ဖြစ်တည်လာတာလား။ ဒါပေမဲ့ မြေဓာတ်တာအိုပုံသဏ္ဌာန်တွေက ကြယ်ခြောက်ပွင့်အဆင့်ထိပဲ ရောက်နိုင်တာ မဟုတ်ဘူးလား။ မြေဓာတ်တာအိုပုံသဏ္ဌာန်မှာ စွမ်းအားအကြီးဆုံးက ခုခံအမျိုးအစားဖြစ်တဲ့ ပထဝီဒိုင်းမဟုတ်ဘူးလား...’

ကျန်းရီ နားမလည်နိုင်ပေ။ မြေဓာတ်တာအိုပုံသဏ္ဌာန် အများစုက ခုခံအမျိုးအစားများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မြေဓာတ်က လေးလံမှုနှင့် မာကြောမှုကို ကိုယ်စားပြု၍ပင်။ မိုးမြေက အဆုံးမရှိသလို မြေဓာတ်စွမ်းအားကလည်း အဆုံးမရှိပေ။ ထို့ကြောင့် မြေဓာတ်တာအိုပုံသဏ္ဌာန်များက စွမ်းအားအကြီးဆုံး ခုခံအမျိုးအစား တာအိုပုံသဏ္ဌာန်များ ဖြစ်ကြသည်။

‘ဒါက မြေဓာတ်တာအိုပုံသဏ္ဌာန် မဟုတ်လောက်ဘူး’

ကျန်းရီ ခေါင်းခါလိုက်သည်။ အဆင့်အမြင့်ဆုံး မြေဓာတ်တာအိုပုံသဏ္ဌာန်များအားလုံးက ခုခံအမျိုးအစားများသာ။ ၎င်းတို့တွင် ထိုမျှကြီးမားသော တိုက်ခိုက်စွမ်းအား မရှိနိုင်ပေ။ ကျန်းရီ ရှေ့သို့ ဆက်သွားနေသည်။ ကျောက်တုံးများကလည်း သူထံသို့ ဆက်၍ ပျံဝင်လာသည်။ ကျောက်တုံးများကြောင့် သူ့ခန္ဓာကိုယ်က ယိမ်းယိုင်နေသော်လည်း ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းကို မဆင့်ခေါ်သေးပေ။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင်သာ အာရုံစိုက်ထားသည်။ ထိုသတ်ဖြတ်အစီအရင်၏ ဆန်းကြယ်မှုကို သူ သိမြင်နားလည်လိုသည်။ ထို့ကြောင့် သူသည် ခန့်မှန်းချက်များကို သုံးသပ်ဆင်ခြင်လိုက်၊ သက်သေပြရန်ကြိုးစားလိုက်၊ ပယ်ချလိုက်နှင့် အလုပ်များနေပေသည်။

‘အဲ့ဒါက အာကာသတာအိုပုံသဏ္ဌာန်တစ်ခု ဖြစ်နေမလား။ ဒီသတ်ဖြတ်အစီအရင်က အာကာသစွမ်းအားကို သုံးပြီး လျင်မြန်စွမ်းအားကြီးတဲ့ တိုက်ခိုက်စွမ်းအားကို ထုတ်တာလား။ အဲ့ဒါလည်း မဟုတ်လောက်ဘူး။ ပတ်ဝန်းကျင်မှာ ဘာအာကာသစွမ်းအားမှ ရှိမနေဘူး။ အချိန်တာအိုပုံသဏ္ဌာန်များလား။ ကျောက်တုံးတွေ ငါ့ဆီကို ပျံဝင်လာချိန်မှာ အချိန်စီးဆင်းနှုန်းက ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပိုမြန်သွားတာလား။ အဲ့ဒါကြောင့် ကျောက်တုံးတွေက ဒီလောက်မြန်နေရတာလား...’

‘ဒါမှမဟုတ်... အာကာသ၊ လေဓာတ်နဲ့ မြေဓာတ် တာအိုပုံသဏ္ဌာန်သုံးခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းထားတာလား’

ကျန်းရီသည် ကျောက်တုံးလှိုင်း ဆယ်လှိုင်းကို ခံခဲ့ရပြီးပေပြီ။ ယခုတွင် ကျောက်တုံးများက ပိုကြီးကာ၊ ပိုမြန်လာသည်။ အရေအတွက်ကလည်း ပိုများလာသည်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တစ်ခုတည်းဖြင့်သာ ခုခံနေခြင်းဖြစ်ရာ နာကျင်မှုကို တောင့်ခံနိုင်ရန် ပိုခက်ခဲလာပေသည်။ သူ့တစ်ကိုယ်လုံး နာကျင်နေသည်။ သို့သော် သူသည် ထိုနာကျင်မှုများကို လျစ်လျူရှုနိုင်ရန် ကြိုးစားနေသည်။ သူ၏အာရုံက တာအိုပုံသဏ္ဌာန်ကို ရှာဖွေရာတွင်သာ အပြည့်အဝ ရှိနေရန် လိုအပ်ပေသည်။

ဝှစ်...ဝှစ်...

ကျောက်တုံးလှိုင်း နောက်တစ်လှိုင်းက ကျန်းရီထံသို့ ပျံဝင်လာသည်။ ဤတစ်ကြိမ်တွင် ထိမှန်မှု အဟုန်များကြောင့် လွင့်ထွက်သွားသည်။ သူ့ရင်ဘတ်က ဖိအားကို မခံနိုင်တော့သဖြင့် သူ သွေးအန်လိုက်သည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေမှ ထွက်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်နေကြသော ကျောက်တုံးများကို ကြည့်လိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို နားလည်သွားသည်။

‘ဘာအာကာသစွမ်းအား၊ ဘာလေစွမ်းအားမှ မဟုတ်ဘူး။ အချိန်စီးဆင်းနှုန်း မြန်သွားတာလည်း မဟုတ်ဘူး။ မြေစွမ်းအားပဲ ထွက်လာတာ။ ဒါက မြေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုပဲ ဖြစ်ရမယ်’

ထိုအခိုက်တွင် ကျန်းရီသည် ဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲမှ တာအိုပုံသဏ္ဌာန်က မြေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခု ဖြစ်ရမည်ဟု သေချာသွားသည်။ တာအိုပုံသဏ္ဌာန်တိုင်းသည် ၎င်းတို့၏ သဘာဝစွမ်းအားကိုသာ အသုံးပြုကြမည်သာ။ အာကာသတာအိုပုံသဏ္ဌာန်များက မီးစွမ်းအား၊ ရေစွမ်းအားတို့ကို အသုံးပြုမည် မဟုတ်ပေ။ ယင်းမှာ အဓိပ္ပာယ်လည်း မရှိချေ။ ထို့ကြောင့် ထိုဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲမှ တာအိုပုံသဏ္ဌာန်က မြေဓာတ်တာအိုပုံသဏ္ဌာန်သာ ဖြစ်ရပေမည်။

သို့သော် ပြဿနာမှာ...

စွမ်းအားအကြီးဆုံး ဓာတ်တာအိုပုံသဏ္ဌာန်များသည်ပင် ကြယ်ခြောက်ပွင့်အဆင့်သာ ရှိကြသည်။ ထို့ပြင် ကျန်းရီ သိထားသလောက် စွမ်းအားအကြီးဆုံး မြေဓာတ်တာအိုပုံသဏ္ဌာန်အားလုံးက ခုခံအမျိုးအစားများသာ ဖြစ်သည်။ မြေဓာတ်တာအိုပုံသဏ္ဌာန်များက ဓာတ်တာအိုပုံသဏ္ဌာန်သာဖြစ်သည်။ သို့ဖြစ်ရာ အဘယ်သို့ ၎င်းတို့က မိုးမြေတာအိုပုံသဏ္ဌာန် သို့မဟုတ် မဟာတာအိုပုံသဏ္ဌာန်တို့ကဲ့သို့ ဖြစ်လာနိုင်ပါနည်နည်း။

‘ထားလိုက်တော့... အရင်ဆုံး ဒီမြေဓာတ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်အောင် လုပ်ရမယ်။ ရှင်သန်နိုင်ဖို့က ပိုအရေးကြီးတယ်’

ကျန်းရီ၏ ဘယ်ဘက်လက်က လင်းလက်လာပြီး လက်ထဲတွင် ထောင်ဧကရာဇ်ဒိုင်း ထွက်ပေါ်လာသည်။ သူ့ညာဘက်လက်ထဲတွင်လည်း မီးနဂါးဓား ထွက်ပေါ်လာသည်။ ထို့ပြင် ဝိညာဉ်လေနတ်ဘုရားဒိုင်းလည်း ဖြစ်တည်လာသည်။ တိုက်ခိုက်မှုများက ပို၍ပြင်းထန်လာတော့မည် ဖြစ်သည်။ အစောက အတိုင်းသာ ဆက်သွားပါက သူ တာအိုပုံသဏ္ဌာန်ကို မသိမြင်မနားလည်နိုင်ရုံသာမက သေပင်သေသွားနိုင်သည်။

‘နောက်ထပ် ဆယ်လှိုင်းကျန်သေးတယ်။ ဆယ့်ငါးမိနစ်အတွင်းမှာ ကြောက်စရာကောင်းတဲ့ လျှပ်စီးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲ့အချိန်မတိုင်ခင် ငါ မြေဓာတ်တာအိုပုံသဏ္ဌာန်ကို နားမလည်နိုင်ဘူးဆိုရင် ဒီထဲမှာပဲ ထာဝရအိပ်စက်သွားရလိမ့်မယ်’

ကျန်းရီ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွားသည်။ ထိုအခိုက်တွင် သူသည် သေခြင်းတရားကို တိုက်ခိုက်နေရခြင်းဖြစ်သည်။ သူသည် ခံစစ်ကို တိုးမြှင့်လိုက်ပြီး ဦးနှောက်ကို ဆက်အလုပ်ပေးလိုက်သည်။ ထို့နောက် မျက်လုံးများ ပြန်မှိတ်ကာ ဥက္ကာပျံသတ်ဖြတ်အစီအရင်ထဲရှိ မြေဓာတ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်အောင် ကြိုးစားလိုက်လေတော့သည်။

***

All Chapters