အထွတ်အထိပ်တာအိုပုံသဏ္ဌာန်
Vol. 92 Ch. 1282
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရီ၏ ကြွက်သားအားလုံးက အဆက်မပြတ် တုန်ယင်နေသည်။ သူ့သွေးများကလည်း ဆူပွက်နေသည်။ နှလုံးမှာလည်း လျင်မြန်စွာ ခုန်နေလေသည်။ ထို့ကြောင့် သူ့သွေးများက ပုံမှန်ထက် ဆယ်ဆပိုမြန်စွာ စီးဆင်းနေသည်။ ခန္ဓာကိုယ်ထဲတွင် သွေးစီးနှုန်း ပိုမြန်လာလေလေ၊ ဦးနှောက်က ပို၍ကြည်လင်လာလေလေပင်။ ထိုအခါ သူ ပိုလျင်မြန်စွာ တွေးတောနိုင်လာပေသည်။
ကျန်းရီသည် သူ့သွေးက သာမန်မဟုတ်ကြောင်းကို မသိခဲ့ပေ။ သူ့ကိုယ်ထဲတွင် အထက်ဘုံမှ စွမ်းအားကြီး နတ်ဘုရားမျိုးနွယ်တစ်ခု၏ သွေးများ စီးဆင်းနေသည်။ ထိုသွေးက သေရေးရှင်ရေး အချိန်တွင် သူ့ကို အဆဆစ်ထောင်၊ အဆတစ်သောင်း ပိုလျင်မြန်စွာ တွေးတောနိုင်အောင် ကူညီပေးသည်။
ထို့ကြောင့် ကျန်းရီသည် သေရေးရှင်ရေး အခိုက်အတန့်များတွင် အဆင့်တက်နိုင်နေခဲ့ခြင်းဖြစ်သည်။ ရီဖျောင်ဖျောင်က ကျန်းရီအတွက် မည်သည့်အရာမှ ချန်မပေးနိုင်ခဲ့သော်လည်း ကျန်းရီ၏ ကိုယ်ထဲတွင် သူမ၏ နတ်ဘုရားသွေးများ ရှိနေပေသည်။ ထိုသွေးကပင် ကောင်းကင်ကို ဆန့်ကျင်နိုင်သော ဖြစ်တည်မှုတစ်ခု ဖြစ်နေပေပြီ။
ထိုအခိုက်တွင် ကျန်းရီသည် သူ၏ဦးနှောက်က မည်မျှလျင်မြန်စွာ အလုပ်လုပ်နေကြောင်းကို မသိလောက်ပေ။ သူ၏စိတ်ဝိညာဉ်ကလည်း ယခင်ကထက် များစွာပို၍ သန်မာလာသည်။ ထို့ကြောင့် သူ့ဦးနှောက်က ပိုလျင်မြန်စွာ လည်ပတ်နိုင်နေသည်။ ထိုအခြေအနေများအောက်တွင် သူ့အတွေးထဲမှ တစ်စက္ကန့်က သာမန်စက္ကန့်တစ်သောင်းနှင့် ညီမျှသည်။ တစ်နည်းဆိုရလျှင် ထိုအခြေအနေအောက်မှ တစ်နာရီက သာမန်အခြေအနေမှ နာရီတစ်သောင်းနှင့် ညီမျှပေသည်။
ဝှစ်...ဝှစ်...
ကျောက်တုံးလှိုင်း နောက်တစ်လှိုင်းက ကျန်းရီထံသို့ ပျံဝင်လာသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ပြန်ဝင်ထား၍ ပတ်ဝန်းကျင်လေထု၏ လှုပ်ခတ်မှုများ၊ ကျောက်တုံးများ၏ အရှိန်နှင့် ပျံဝင်လာသည့် ထောင့်များကို သိနိုင်နေသည်။
‘အာ... ဒီကျောက်တုံးတွေက လည်ပတ်နေတာလား’
ကျန်းရီသည် ရုတ်တရက် ပြဿနာကြီးတစ်ခုကို သိလိုက်ရသည်။ သူ့ထံသို့ ပျံဝင်လာသော ကျောက်တုံးအားလုံး မွတ်နေသော လည်ပတ်နေသည်။ သာမန်မျက်လုံးနှင့် ကြည့်မည်ဆိုလျှင် သတိပြုမိမည် မဟုတ်ပေ။ ကျန်းရီသည် အစောတွင် ထိုအကြောင်းကို သတိပြုမိခဲ့သော်လည်း များစွာမတွေးတောခဲ့ချေ။ လည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ ကျောက်တုံးများက ကျောက်တုံးများသာ။ ယင်းတွင် မည်သို့ကွာခြားမှုရှိကြောင်းကိုလည်း သူ မသိပေ။
သို့သော် ထိုအခိုက်တွင် ထိုကျောက်တုံးများ၏ လည်ပတ်နေပုံက တစ်တုံးနှင့်တစ်တုံး မတူကြကြောင်း ကျန်းရီ သတိပြုမိလိုက်သည်။ အချို့ကျောက်တုံးများက လက်ဝဲရစ် လည်ပတ်နေသည်။ အချို့က လက်ယာရစ် လည်ပတ်နေသည်။ အချို့မှာ အထက်ရစ် လည်ပတ်နေကြပြီး အခြားကျောက်တုံးများက အောက်ရစ် လည်ပတ်နေကြသည်။ ထို့ပြင် ၎င်းတို့ ပျံဝင်လာသည် ဦးတည်ရာများကလည်း ကွဲပြားကြသည်။ တစ်နေရာတည်းသို့ ဦးတည်နေသော ကျောက်တုံးနှစ်တုံးဟူ၍ မရှိပေ။
ဝုန်း...ဝုန်း...ဝုန်း...
ကျောက်တုံးအားလုံးက ကျန်းရီထံသို့ အဘက်ဘက်မှ ပျံဝင်လာသည်။ ကျန်းရီသည် နတ်ဘုရားဇီဝိန်ခြွေကို အသင့်လုပ်ထားပြီးပြီဖြစ်၍ ကျောက်တုံးကြီးများကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ထောင်ဧကရာဇ်ဒိုင်းကို အသုံးပြု၍ ကျောက်တုံးအချို့ကို ကာလိုက်သည်။ ကျန်ကျောက်တုံးများကိုမူ သူ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်း၊ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်နှင့် ကိုယ်ပိုင်ရုပ်ခန္ဓာက ခံပေလိမ့်မည်။
‘ကျောက်တုံးတွေရဲ့ အနေအထား၊ ဦးတည်ရာနဲ့ လည်ပတ်တဲ့ဘက်တွေက ဆန်းကြယ်တဲ့ ကောင်းကင်အစီအရင်တစ်ခုကို ဖန်တီးနေတာများလား။ ကျောက်တုံးတွေ ပိုများလေလေ၊ ကောင်းကင်အစီအရင်က ပိုကြောက်စရာကောင်းလေလေ ဆိုတာမျိုးပေါ့။ အဲ့ဒါဆိုရင် အဲ့ကျောက်တုံးတွေရဲ့ အမြန်နှုန်းနဲ့ စွမ်းအားကို ရှင်းပြနိုင်သွားလိမ့်မယ်’
ကျန်းရီ၏ ခေါင်းထဲတွင် အခြားအတွေးတစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးမီးနတ်ဘုရားဒိုင်းနှင့် ဝိညာဉ်လေနတ်ဘုရားဒိုင်းများထဲတွင် မြေပုံလမ်းကြောင်းများ ရှိသည်။ အကယ်၍ အတွင်းအားကို ထိုလမ်းကြောင်းများအတိုင်း စီးဆင်းသွားစေလိုက်လျှင် ဆန်းကြယ်သော အစီအရင်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုအခါ အကန့်အသတ်မဲ့သော စွမ်းအားတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျောက်တုံးလှိုင်း နောက်တစ်လှိုင်း ထပ်ရောက်လာသည်။ ကျန်းရီသည် ကျောက်တုံးများ ပျံဝင်လာသော ထောင့်များနှင့် လည်ပတ်ပုံများကို အာရုံစိုက်လိုက်သည်။ ယခင်ကကဲ့သို့ပင် ကျောက်တုံးများက ကွဲပြားကြသည်။ သိသိသာသာ မဟုတ်လျှင်ပင် တစ်တုံးနှင့်တစ်တုံး အနည်းငယ်စီ ကွာခြားကြသည်။
ကျန်းရီ စိတ်တက်ကြွသွား၏ ထိုကျောက်တုံးများ၏ ပျံသန်းပုံ၊ လည်ပတ်ပုံထဲတွင် အံ့အားသင့်ဖွယ် တာအိုပုံသဏ္ဌာန်အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအခိုက်တွင် ကျန်းရီသည် ဖြစ်ပျက်နေသော ကိစ္စအားလုံးကို လုံးဝလျစ်လျူရှုလိုက်သည်။ သူသည် မီးနဂါးဓားကိုလည်း မဝှေ့ယမ်းတော့သလို ဝိညာဉ်လေနတ်ဘုရားဒိုင်းထဲသို့လည်း စွမ်းအင် ဆက်မထည့်တော့ပေ။
ထို့နောက် ကျန်းရီ၏ စိတ်ထဲတွင် အလင်းပျောက်လေးများ လင်းလက်လာသည်။ အလင်းပျောက်တစ်ပျောက်က ကျောက်တုံးတစ်တုံးကို ကိုယ်စားပြုသည်။ သူသည် ထိုအလင်းပျောက်များကို ပုံစံအမျိုးမျိုးနှင့် လည်ပတ်စေ၍ လျင်မြန်စွာ ပျံသန်းစေလိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ကျောက်တုံးများ၏ လည်ပတ်ပုံ၊ ပျံသန်းပုံကို တုပဖန်တီးရန် ကြိုးစားလိုက်သည်။ ထိုမှနေ၍ သူ တာအိုပုံသဏ္ဌာန်၏ ဆန်းကြယ်မှုကို သိမြင်နားလည်လိုနေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျောက်တုံးအားလုံး၏ တစ်ဝက်ကျော်လောက်က ကျန်းရီ၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ကျန်ကျောက်တုံးများကို ထောင်ဧကရာဇ်ဒိုင်းက တားလိုက်ခြင်းပင်။ ကျန်းရီသည် ထိုဒိုင်းကို သန့်စင်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ဒိုင်းသည် အလိုလို ရွေ့လျား၍ ပိုင်ရှင်ကို ကာကွယ်ပေးနေပေသည်။ သို့သော် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဖြတ်၍ သူ့ကိုယ်ပေါ်သို့ ကျရောက်လာသော ထိမှန်အားများကြောင့် ဘက်ပေါင်းစုံသို့ လွင့်နေလေသည်။ ထိုတိုက်ခိုက်မှုအချီက သူ့အရိုးများကို ကြေမွှမသွားစေခဲ့ပေ။ သို့သော် အရိုးအချို့က ကျိုးတော့သွားသည်။ သူ့ကိုယ်တွင်းအင်္ဂါများလည်း ဒဏ်ရာရသွားသည်။
“ဖူး...”
ကျန်းရီ သွေးအန်လိုက်၏။ သို့သော် မျက်လုံးတော့ ပြန်မဖွင့်သေးပေ။ ကျန်းရီသည် သူ့ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသော အရာအားလုံးနှင့် သေရေးရှင်ရေးကို မေ့လျော့နေပေပြီ။ သူသည် သူ့စိတ်ထဲရှိ ရာချီသော အလင်းပျောက်များကိုသာ အာရုံစိုက်၍ အပြင်ဘက်မှ ကျောက်တုံးများ၏ လည်ပတ်ပုံ၊ ပျံသန်းပုံများကို တုပဖန်တီးရန် ကြိုးစားနေသည်။ သူသည် ထိုလည်ပတ်ပုံ၊ ပျံသန်းပုံများအတွင်းမှ မိုးမြေနိယာမကို ရှာဖွေလိုနေပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီထံသို့ ကျောက်တုံးလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ပျံဝင်လာနေသည်။ ကျန်းရီသည် ဟိုလွင့်၊ ဒီလွင့်နှင့် ဖြစ်နေသည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်သည်ပင် သူ့သွေးများကြောင့် နီရဲနေပေပြီ။ ယခုတွင် သူ့အရိုးတော်တော်များများနှင့် ကိုယ်တွင်းအင်္ဂါများက အပြင်းအထန် ဒဏ်ရာရနေပြီဖြစ်သည်။ သို့သော် သူ မျက်လုံးပြန်မဖွင့်သေးသလို နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်၍လည်း သူ့ကိုယ်သူ မကာကွယ်သေးပေ။
နောက်ဆုံး လှိုင်းသုံးလှိုင်း...
ကျောက်တုံးများက ထူးဆန်း၍ အေးစက်သော သတ္တုတုံးများ ဖြစ်လာသည်။ ၎င်းသတ္တုတုံများက ကြီးသည်ဟု မဆိုနိုင်သော်လည်း ကျောက်တုံးများထက် ဆယ်ဆပိုမြန်ပေသည်။ ယင်းမှာ ၎င်းတို့၏ စွမ်းအားကလည်း ဆယ်ဆပိုအားကောင်းသည်ဆိုသော အဓိပ္ပာယ်ပင်။ အကယ်၍ ကျန်းရီက မျက်လုံးဖွင့်၍ ၎င်းတို့ကို မခုခံလျှင် သူသည် လျှပ်စီးတိုက်ခိုက်မှုထံ ရောက်သည်အထိပင် ရှင်သန်နိုင်လောက်တော့မည် မဟုတ်ပေ။
“ဟားဟားဟား...”
သတ္တုတုံး ဒုတိယလှိုင်းက သူ့ထံသို့ ပျံဝင်လာချိန်တွင် ကျန်းရီ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူသည် မဆင်မခြင် ရယ်မိသဖြင့် ခန္ဓာကိုယ် တုန်ယင်သွားသည်အထိ ချောင်းဆိုးလိုက်ရသည်။ ထို့ပြင် အသည်းခိုက်အောင်လည်း နာကျင်သွားပြီး ထပ်မံ၍ သွေးအန်လိုက်ရသည်။ သို့သော် သူ့မျက်နှာက ရွှင်ပြနေပေသည်။ နောက်ဆုံးတွင် သူသည် ဥက္ကာပျံသတ်ဖြတ်အစီအရင်ကို နားလည်သွားပြီဖြစ်သည်။
“ဒါက တကယ်ကို မြေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုပဲ။ ဒါပေမဲ့ ဒီတာအိုပုံသဏ္ဌာန်က အရမ်းဆန်းကြယ်လွန်းတယ်။ အဲ့ဒါက မိုးမြေရဲ့ မြေဓာတ်စွမ်းအားကို သုံးပြီး ကျောက်တုံးတွေ ဖန်တီးတယ်၊ ပြီးတော့ ကျောက်တုံးတွေကို ပုံစံအမျိုးမျိုး လည်ပတ်အောင်၊ ပျံသန်းတဲ့ ဦးတည်ရာ မတူအောင် ထိန်းချုပ်တာပဲ။ အဲ့ဒါကြောင့် ကျောက်တုံးတွေကြားမှာ ပွတ်အားတွေ၊ ဆွဲအားတွေဖြစ်လာပြီး နောက်ဆုံးကျတော့ အားကောင်းတဲ့ တိုက်ခိုက်စွမ်းအား ဖြစ်ပေါ်လာတာ။ ဒါက သာမန် မြေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခု မဟုတ်လောက်ဘူး။ မြေဓာတ်တာအိုပုံသဏ္ဌာန်တွေက အဲ့လောက်မနက်နဲဘူး။ အဲ့လို စွမ်းအားမျိုးလည်း မရှိဘူး...”
“ပြီးတော့ သတ္တုတုံးတွေ... အဲ့ဒါတွေက သတ္တုတောင် မဟုတ်ဘူး။ ကျောက်တုံးတွေက ပုံမှန်ထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုမြန်မြန် လည်ပတ်လာလို့ ကျောက်တုံးတွေထဲက မသန့်စင်တဲ့ဒြပ်တွေက လောင်ကျွမ်းသွားတာ။ အဆမတန် ပူပြင်းတဲ့ အပူချိန်အောက်မှာ ကျောက်တုံးတွေက ပိုမာကြောလာတာပဲ။ သတ္တုဆိုတာ သတ္တုရိုင်းတွေကို သန့်စင်ပြီးမှ ဖြစ်လာတာ။ သတ္တုရိုင်းတွေဆိုတာကလည်း မြေဓာတ်စွမ်းအားပဲ။ ဒါက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတဲ့ တာအိုပုံသဏ္ဌာန်တစ်ခုပဲ”
ကျန်းရီသည် ဝမ်းမြောက်စွာ ရေရွတ်လိုက်သည်။ သူသည် အဘက်ဘက်မှနေ၍ သူ့ထံသို့ ပျံဝင်လာသော သတ္တုတုံးများကို ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ လုံးဝ ကြောက်မနေတော့ပေ။ သူသည် ထောင်ဧကရာဇ်ဒိုင်းကို ပြန်သိမ်းလိုက်ပြီး လက်ဟန်များပြုလုပ်၍ မိုးမြေထဲမှ မြေဓာတ်ကို စုပ်ယူနိုင်သည့် ချိပ်စည်းတစ်ခုကို ဖန်တီးလိုက်သည်။ သူ့လက်ဝါးနှစ်ဘက်က အဝါရောင်အလင်း လင်းလက်လာသည်။ သူက လက်ဝါးနှစ်ဘက်ကို ဘေးတစ်ဘက်စီသို့ ဆန့်တန်းလိုက်ရာ ဧရာမကျောက်တုံးကြီးများ တစ်တုံးပြီး တစ်တုံး ဖြစ်တည်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျောက်တုံးရာကျော် ဖန်တီးပြီးသွားသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။
“ဥက္ကာပျံသတ်ဖြတ်အစီအရင် အောင်မြင်ပြီ”
ရာချီသော ဧရာမကျောက်တုံးကြီးများက ရုတ်ခြည်း ပုံစံအမျိုးမျိုးနှင့် စတင်လည်ပတ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားကြသည်။ ကျန်းရီ၏ ကျောက်တုံးများက ဥက္ကာပျံသတ်ဖြတ်အစီအရင်မှ ကျောက်တုံးများနှင့် ပြောင်းပြန် လည်ပတ်ကြသည်။ ထိုနေရာရှိ ကျောက်တုံးများက ၎င်းတို့ဘာသာ ဆွဲအား ဖန်တီးနိုင်ကြ၏။ ကျန်းရီ၏ ကျောက်တုံးများကလည်း ထိုသို့ လုပ်နိုင်ပေသည်။ ရာချီသော ကျောက်တုံးကြီးများသည် လျင်မြန်စွာ လည်ပတ်ကာ သတ္တုတုံးများထံသို့ ပျံဝင်သွားလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ပုံမှန်ဆိုလျှင် ကျောက်တုံးများက သတ္တုတုံးများကို မယှဉ်နိုင်ပေ။ ၎င်းတို့၏ မာကြောမှုက အလွန်ကွာခြားသည်။ သို့သော် ယခုတွင် ၎င်းတို့ ထိတိုက်သွားသည်မှင့် အရာအားလုံး ပေါက်ကွဲထွက်သွားလေသည်။ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းလည်း အပြင်းအထန် တုန်ခါသွားသည်။ ထို့နောက် ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပလာ၏။ သူ တည်နေရာပြောင်းရွှေ့ခံလိုက်ရပေပြီ။
“ငါ ဆန်းကြယ်ဧကရာဇ် မင်းကို ဂုဏ်ပြုပါတယ်။ မင်းက ငါ့ရဲ့ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန် ဥက္ကာပျံသတ်ဖြတ်အစီအရင်ကို နားလည်သွားပြီပဲ။ မင်းက သေမင်းကုန်းမြေက လူတစ်ယောက်ဆိုရင် ကျေးဇူးပြုပြီးတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲက လူသားတွေကို အန္တရာယ်မပြုပါနဲ့။ တကယ်လို့ မင်းက အပြင်လောက,က လူတစ်ယောက်ဆိုရင် သေမင်းကုန်းမြေက လူတွေကို ကာကွယ်ပေးပါ...”
“ဒီဥက္ကာပျံသတ်ဖြတ်အစီအရင်က အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုပဲ။ အဲ.. ကောင်းကင်ကြယ်တာရာနယ်နမိတ်က အဲ့လိုခေါ်တာပေါ့လေ။ အထက်ဘုံအတွက်ကတော့ ဒီတာအိုပုံသဏ္ဌာန်က သာမန်မြေဓာတ်စည်းမျဉ်းတစ်ခုပဲ။ မင်း ဒီမြေဓာတ်စည်းမျဉ်းကို သိမြင်နားလည်ပြီးရင် နတ်ဘုရားအမြုတေကို စုစည်းနိုင်ပြီ။ မင်းရဲ့ စိတ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီဆိုရင် မင်း အထက်ဘုံကို တက်လှမ်းနိုင်ပြီ”
ကျန်းရီသည် ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။ သူ့မျက်နှာအရှေ့တွင်လည်း အဖြူရောင်အလင်း လင်းလက်နေသည်။ အမြင်များ ကြည်လင်လာသောအခါ သူက ဆန်းကြယ်နတ်ဘုရားတောင်ထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။ သူက တောင်ထိပ်တွင် ရပ်နေသည်။ သူ့နှုတ်ခမ်းစွန်းမှနေ၍ သွေးများ စီးကျနေဆဲဖြစ်သည်။ သို့သော် သူ အရေးမစိုက်ပေ။ သူသည် ဆန်းကြယ်နတ်ဘုရားတောင်ထိပ်တွင် ရပ်ရင်း အတွေးပေါင်းများစွာ တွေးမိလာသည်။
အထက်ပါစကားများကို ဆန်းကြယ်ဧကရာဇ်က ချန်ထားခဲ့ခြင်းဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်သည် ထိုစကားများကို ဥက္ကာပျံသတ်ဖြတ်အစီအရင် ဆင်ခဲ့စဉ်ကတည်းက ချန်ခဲ့ခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် သူက ကျန်းရီကို မှတ်မိပေလိမ့်မည်။ ဥက္ကာပျံသတ်ဖြတ်အစီအရင်က အမှန်ပင် သေခြင်းလမ်းကြောင်းဖြစ်၏။ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးတွင် ၎င်းက စွမ်းအားအကြီးဆုံး အစီအရင်တစ်ခု ဖြစ်နိုင်သည်။ ထို့ပြင် ၎င်းအစီအရင်ထဲ၌ အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခု ရှိနေသည်။
ဆန်းကြယ်ဧကရာဇ်၏ စကားများက ကျန်းရီ၏ ရင်ထဲရှိ မေးခွန်းများစွာကို ဖြေရှင်းပေးခဲ့သည်။ ဓာတ်တာအိုပုံသဏ္ဌာန်များက ကြယ်ခြောက်ပွင့်အဆင့်အထိသာ ရောက်နိုင်သည် မဟုတ်ပေ။ ဓာတ်တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်း၍လည်း အထွတ်အထိပ်တာအိုပုံသဏ္ဌာန်များကို ဖန်တီးနိုင်သည်။ သို့သော် ထိုအထွတ်အထိပ်တာအိုပုံသဏ္ဌာန်များက အထက်ဘုံအတွက်ဆိုလျှင် သာမန်တာအိုပုံသဏ္ဌာန်များသာဖြစ်သည်။ ၎င်းတို့ကို ဓာတ်စည်းမျဉ်းများဟုပင် ခေါ်သည်။ တာအိုပုံသဏ္ဌာန်များ၏ နောက်တစ်ဆင့်က စည်းမျဉ်းများဖြစ်နိုင်သည်။ စည်းမျဉ်းများက အဆင့်ပိုမြင့်နိုင်ပြီး ၎င်းတို့၏ ဖြစ်တည်မှုကပင် မိုးမြေစည်းမျဉ်းများဖြစ်နေခြင်း ဖြစ်လောက်ပေသည်။
“ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ စွမ်းအားအကြီးဆုံး အထွတ်အထိပ်တာအိုပုံသဏ္ဌာန်က အထက်ဘုံမှာဆိုရင် သာမန်စည်းမျဉ်းတစ်ခုလား။ အဲ့လိုဆိုရင် အထက်ဘုံက ဘယ်လောင်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ”
ကျန်းရီသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ လောကကြီးက ကျယ်ပြော၍ အကန့်အသတ်မဲ့ကာ ဆန်းကြယ်မှုများ၊ လျှို့ဝှက်ချက်မှု၊ စိတ်လှုပ်ရှားဖွယ်ရာများ၊ ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်။ သူ ထိုသို့တွေးရင် ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ သူ့နှုတ်ခမ်းစွန်းတွင် သွေးများ ပေနေရာ ထိုအပြုံးက ကျောစိမ့်ဖွယ် ကောင်းပေသည်။
ကျန်းရီသည် ရုတ်တရက် လက်နှစ်ဘက် ဖြန့်ကား၍ အော်ပြောလိုက်သည်။
“အထက်ဘုံ... ငါ့ကို စောင့်နေ။ နောက်နှစ်ဝက်အတွင်း ငါ ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး အထက်ဘုံဆီ တက်လာခဲ့မယ်”
***