← Chapters

ဝိညာဉ်သားရဲ

Vol. 92 Ch. 1283

ဝိညာဉ်သားရဲ

Vol. 92 Ch. 1283

ဝှစ်...ဝှစ်...

အာကာပြင် လှုပ်ခတ်မှုများက ဆန်းကြယ်နတ်ဘုရားတောင်ကို စောင့်ကြပ်နေကြသော ကျန်မျိုးနွယ်မှ အစောင့်အချို့ကို လန့်သွားစေသည်။ ကြယ်လေးပွင့်အဆင့်၊ ကြယ်ငါးပွင့်အဆင့် သိုင်းသမား ဆယ်ယောက်ကျော်သည် တောင်ပေါ်သို့ အမြန်ဆုံး တက်သွားကြသည်။ သူတို့သည် သွေးချင်းချင်းနီနေသော လူတစ်ယောက်ကို တွေ့လိုက်ကြရ၏။ ထိုလူ၏ မျက်နှာကို တွေ့သောအခါတွင်မူ သူတို့ ကြောက်ရွံ့စွာ ဒူးထောက်၍ အော်ပြောလိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် ကျန်းဧကရာဇ်ခင်ဗျာ”

ကျန်းရီက ထိုလူစုကို ကြည့်၍ လက်ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်ကာ ပြုံးလိုက်သည်။

“ဘာမှ မစိုးရိမ်ပါနဲ့။ သွားကြတော့။ ငါ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အားပြန်ဖြည့်ဖို့လိုတယ်”

“နားလည်ပါပြီ”

ယခုတွင် ကျန်းရီက ယခင်ကဲ့သို့ မဟုတ်တော့ပေ။ ထိုလူရူးသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ပြိုင်ဘက်ကင်းဘုရင် ဖြစ်နေပြီဖြစ်သည်။ သူက တစ်လောကလုံးကို မသိမ်းပိုက်လိုသော်လည်း သူ၏ တိုက်ခိုက်စွမ်းအားမှာ လောကထဲတွင် ပထမပင်။ တိုက်ပွဲဧကရာဇ်အသစ်က စီမံရေးမှူးတစ်ယောက် ဖြစ်လာခြင်းမှာပင် ကျန်းရီက ကျန်ဝူရွှမ်းကို လေးစား၍ဖြစ်သည်။ ထို့ကြောင့် ထိုကျန်မျိုးနွယ်ဝင်အချို့သည် ကျန်းရီကို အလွန်ကြောက်ရွံ့ကြပေသည်။

“နေဦး”

ကျန်မျိုးနွယ်ဝင်များ ပြန်ထွက်မသွားခင်တွင် ကျန်းရီက ရုတ်တရက် တားလိုက်သည်။

“တိုက်ပွဲဧကရာဇ်ကို ဗုဒ္ဓဧကရာဇ်တို့ဆီ သတင်းလှမ်းပို့ ခိုင်းလိုက်ပါ။ ငါက အလွန်ဆုံး နောက်ခြောက်လအတွင်း နတ်ဘုရားအဆင့်ကို တက်တော့မယ်လို့... အားလုံး စိတ်အေးအေးထားပါလို့ ပြောလိုက်ပါ”

ဂျိန်း...

ကျန်မျိုးနွယ်ဝင် သိုင်းသမားဆယ်ယောက်သည် နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ကြရသည်။ နတ်ဘုရားအဆင့်ကို တက်တော့မည်ဟု ပြောသူက ကျန်းရီသာမဟုတ်လျှင် သူတို့သည် ထိုသို့ပြောသူကို ပါးရိုက်၍ စိတ်ကူးယဉ်အိပ်မက်မှ နိုးထရန် ပြောမိပေလိမ့်မည်။ သို့သော် ယခုတွင် သူတို့သည် အသိစိတ်ပြန်ကပ်လာသည်နှင့် ချက်ချင်း ဒူးထောက်၍ အော်ပြောလိုက်ကြသည်။

“ဂုဏ်ပြုပါတယ် ကျန်းဧကရာဇ်ခင်ဗျာ...”

“ကဲ သွားကြတော့”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်ပြီး အားဖြည့်ဆေးလုံးနှစ်လုံး သောက်ကာ မျက်လုံးမှိတ်၍ အားဖြည့်လိုက်သည်။ သိုင်းသမားဆယ်ယောက်ထဲမှ တစ်ယောက်သည် သတင်းသွားပို့ရန် ထွက်သွားပြီး ကျန်သိုင်းသမားများက ဆန်းကြယ်နတ်ဘုရားတောင်ကို ပြန်စောင့်ကြပ်ရန် ပြန်သွားကြသည်။ ငါးမိနစ်နေမှ သူတို့ စိတ်ပြန်တည်ငြိမ်လာသည်။ အစောမှ သတင်းက သူတို့ကို အလွန်တုန်လှုပ်သွားစေခဲ့သည်။ သူတို့သည် ယခုအထိ မယုံနိုင်ကြသေးပေ။

ကျန်းရီက အသက်နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ သို့သော် သူက နတ်ဘုရားအဆင့်ကို တက်တော့မည်လော။

ထိုတိုးတက်နှုန်းက ဆန်းကြယ်ဧကရာဇ်ထက်ပင် ပိုကောင်းသည်။ ဆန်းကြယ်ဧကရာဇ်သည် အသက်သုံးဆယ်ပြည့်မှ ဆန်းကြယ်ဧကရာဇ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်ဖြစ်ပြီးနောက် နှစ်ခုနစ်ဆယ် ဆက်ကျင့်ကြံပြီးမှ နတ်ဘုရားအဆင့်ကို တက်နိုင်ခဲ့သည်။ ကျန်းရီကမူ နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ သို့ပင်လျှင် သူက နတ်ဘုရားအဆင့်ကို တက်တော့မည်လော။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ဆိုရိုးတစ်ခု ရှိသည်။ လူတစ်ယောက်က ဆန်းကြယ်ဧကရာဇ်ကဲ့သို့ ဖြစ်အောင် ကြိုးစားသင့်သည်။ သို့သော် ယခုမှစ၍ ဆိုရိုးက ပြောင်းလဲတော့ပေမည်။ လူတစ်ယောက်က ကျန်းရီကဲ့သို့ ဖြစ်‌အောင် ကြိုးစားသင့်ပေသည်။

သို့သော် အတိတ်တွင် ဆန်းကြယ်ဧကရာဇ်က သူ့အားသူကိုး၍ နတ်ဘုရားအဆင့်ကို တက်လှမ်းခဲ့ခြင်းဖြစ်သည်။ သူမတိုင်ခင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့သူ မရှိခဲ့ပေ။ ကျန်းရီကမူ ယနေ့အခြေအနေသို့ ရောက်လာရန် ဆန်းကြယ်ဧကရာဇ် ချန်ခဲ့သော အရာများစွာအပေါ် မှီခိုခဲ့ရသည်။ ထို့ပြင် သူ့သွေးကြောများထဲ၌လည်း နတ်ဘုရားသွေး စီးဆင်းနေသေးသည်။ ထို့ကြောင့် သူ၏ စွမ်းရည်အစစ်အမှန်က ဆန်းကြယ်ဧကရာဇ်ကို မီသည်ဆိုရုံသာ ရှိလောက်သည်ဟု ဆိုရပေမည်။

နတ်ဘုရားအဆင့်ကို တက်လှမ်းခြင်း... ယင်းမှာ သိုင်းသမားတိုင်း၏ အိပ်မက်ပင်။ သိုင်းသမားများသည် အကြောင်းအမျိုးမျိုးကြောင့် ကျင့်ကြံကြသည်။ အချို့က ကျော်ကြားလိုသည်။ အချို့က ချမ်းသာကြွယ်ဝကာ ကိုယ်လုပ်‌တော်များစွာ ပိုင်ဆိုင်လိုသည်။ အချို့မှာမူ စွမ်းအားကြီးကာ လူများကို အုပ်စိုးလိုသည်။ သို့သော် တစ်ချက်ကိုတော့ မည်သူကမှ မငြင်းနိုင်ပေ။ သိုင်းသမားတိုင်း၏ အကြီးမားဆုံး အိပ်မက်မှာ သိုင်းပညာတာအို၏ အထွတ်အထိပ်အဆင့်သို့ ရောက်ကာ မိုးမြေကို ဖျက်ဆီးနိုင်မည့် စွမ်းအားကို ပိုင်ဆိုင်လာပြီး ထာဝရရှင်သန်နိုင်မည့် နတ်ဘုရားအစစ်အမှန်တစ်ပါး ဖြစ်လာရန် ဖြစ်သည်။

ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ နှစ်တစ်သန်းကျော် သမိုင်းတစ်လျှောက်အတွင်း မရေမတွက်နိုင်သော သိုင်းသမားများနှင့် မရေမတွက်နိုင်သော ပါရမီရှင်များ ထွက်ပေါ်ခဲ့သည်။ သို့သော် ဆန်းကြယ်ဧကရာဇ်မှလွဲ၍ အခြားမည်သူကမှ နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်ခဲ့ချေ။ လူများစွာသည် နှစ်ပေါင်းရာနှင့်ချီအောင် ကျင့်ကြံခဲ့ကြသည်။ သူတို့သည် သေအံ့ဆဲဆဲအချိန်အထိ ထိုနောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ရန် အိပ်မက်မက်ခဲ့ကြသည်။ သို့သော် သမိုင်းတစ်လျှောက်လုံးတွင် အောင်မြင်ခဲ့သူဟူ၍ တစ်ယောက်သာ ရှိခဲ့ဖူးပေသည်။ ယခုတွင်မူ ကျန်းရီသည် အသက်နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း လူသားမျိုးနွယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော လူများသည် ဆန်းကြယ်ဧကရာဇ်မြို့မှနေ၍ ပျံသန်းလာကြသည်။ တိုက်ပွဲဧကရာဇ်အသစ်က စွမ်းအားကြီး သိုင်းပညာရှင်များကို ဦးဆောင်၍ မြန်နိုင်သမျှ အမြန်ဆုံး ပျံသန်းနေသည်။ တိုက်ပွဲဧကရာဇ်အသစ်မှာ ကျန်ထျန်းလဲ၏အဖေဖြစ်သည်။ ကျန်ထျန်းလဲ့ကို သတ်ခဲ့သူမှာ ကျန်းရီပင်။ သို့ဖြစ်၍ တိုက်ပွဲဧကရာဇ်အသစ်က ကျန်းရီအပေါ် ရန်ငြိုးမရှိဟု ဆိုလျှင် လိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအခိုက်တွင် တိုက်ပွဲဧကရာဇ်အသစ်သည် အမုန်းတရားအနည်းငယ်ကိုပင် မခံစားရတော့ချေ။ ထိုအစား သူ့မျက်ဝန်းများထဲတွင် လေးစားမှု၊ စိတ်အေးမှုတို့နှင့် ပြည့်နှက်နေသည်။ ကျန်းရီနှင့် ရန်သူဖြစ်ရန်မှာ ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။ ကျန်ဝူရွှမ်းက ကျန်းရီနှင့် ညီနောင်ဖြစ်နေခြင်းမှာ ကောင်းသောကိစ္စတစ်ခုပင်။ မဟုတ်လျှင် တိုက်ပွဲဧကရာဇ်အသစ်သည် စီမံရေးမှူးတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်မြို့၏ ပိုင်ရှင်ကလည်း ပြောင်းလဲသွားပေလိမ့်မည်။

“ဆန်းကြယ်နတ်ဘုရားတောင်ကို ဝန်းရံထားလိုက်ကြ။ တောင်နားကို ကပ်ဝံ့တဲ့သူတိုင်းကို သတ်ပစ်လိုက်”

တိုက်ပွဲဧကရာဇ်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။ ကျန်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းပညာရှင်များက ဆန်းကြယ်နတ်ဘုရားတောင်ကို ဝန်းရံလိုက်ကြသည်။ တိုက်ပွဲဧကရာဇ်ကမူ ဆန်းကြယ်နတ်ဘုရားတောင်၏ အလယ်နားလောက်ရှိ လေထဲတွင် တင်ပျဉ်ခွေထိုင်နေလိုက်သည်။ သူတို့အားလုံးကို ကျန်းရီကို ကာကွယ်ပေးနေကြခြင်းပင်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်ကို ကျန်မျိုးနွယ်ဝင်များက မသိသော်လည်း တိုက်ပွဲဧကရာဇ်က သိသည်။ သူက စီမံရေးမှူးတစ်ယောက်ဖြစ်သဖြင့် ထိုအကြောင်းကို သိခွင့်ရခဲ့သည်။ ကျန်းရီက နယ်နမိတ်တစ်ခုလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။ ယခု ကျန်းရီက အချိန်တိုအတွင်း နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တော့မည်ဖြစ်ရာ သူတို့ သူ့အပေါ် မျှော်လင့်ချက် ထားခဲ့ခြင်းမှာ မှန်ကန်ခဲ့ပြီဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

နေ့ဝက်ကြာပြီးနောက် ဗုဒ္ဓဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ညဧကရီ၊ ထန်ရှန်းကျိနှင့် အခြားသူများအားလုံးက တည်နေရာပြောင်းရွှေ့လာကြသည်။ သူတို့သည် သတင်းရပြီးပြီးချင်း ထွက်လာခဲ့ကြခြင်းပင်။ သတင်းက မှန်၊ မမှန်ကို သူတို့ကိုယ်တိုင် အတည်ပြုလိုနေကြသည်။

ရှစ်လကြာခဲ့ပြီဖြစ်သည်။ တမလွန်ဘုံမှ စစ်တပ်က ရောက်ရှိမလာသေးပေ။ ယင်းမှာ ကောင်းကင်ဘီးလုံးအစီအရင်ကြီးက အလုပ်ဖြစ်သည်ဟူသော အဓိပ္ပာယ်ပင်။

တိုက်ပွဲဧကရာဇ်က မလိမ်ခဲ့ပေ။ ယခုတွင် ကျန်းရီက အဆင့်တက်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်တို့သည် မျှော်လင့်ချက် ရောင်ခြည်တန်းကို မြင်လိုက်ကြရလေသည်။

ဗုဒ္ဓဧကရာဇ်တို့ကလည်း ကျန်းရီကို မနှောင့်ယှက်လိုက်ပေ။ ထိုအစား သူတို့သည် တောင်တစ်ဝက်တွင် တင်ပျဉ်ခွေထိုင်၍ ကျန်းရီ အားဖြည့်ပြီးမည့်အချိန်ကို စောင့်နေလိုက်ကြသည်။ သုံးရက်ကြာပြီးနောက် ကျန်းရီက မျက်လုံးဖွင့်လိုက်သည်။ ထိုအခါ သူတို့အားလုံး တောင်ထိပ်သို့ ပျံတက်သွားလိုက်ကြသည်။

“ကျန်းရီ... ဘာဖြစ်ခဲ့တာလဲ”

ဗုဒ္ဓဧကရာဇ်က မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မေးလိုက်သည်။ ကျန်းရီက ခေါင်းညိတ်ကာ ပြုံး၍ ပြန်ဖြေသည်။

“ကျွန်တော်က အထွတ်အထိပ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားတာပါ။ နတ်ဘုရားဝိညာဉ် စုစည်းနိုင်ဖို့ကတော့ လနည်းနည်းလောက် လိုလိမ့်ဦးမယ်။ နောက်ခြောက်လအတွင်း ကျွန်တော် အဆင့်တက်နိုင်တော့မှာပါ”

“အဲ့ဒါကောင်းတယ်”

ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများအားလုံး၏ မျက်လုံးများ အရောင်လက်သွားကြသည်။ သူတို့သည် ကျန်းရီကို ဆန်းကြယ်ဧကရာဇ်မြို့သို့ ခေါ်သွားလိုက်ကြပြီး ကျန်းဧကရာဇ်မြို့အထိ တည်နေရာပြောင်းရွှေ့လိုက်သည်။ သူတို့က ကျန်းရီကို သေမင်း၏ သိပ်သည်းပင်လယ်သို့ ပြန်မသွားခင် ရက်အနည်းငယ်လောက် အနားယူစေလိုနေကြပေသည်။

ကျန်းရီ လုပ်ရမည့် ကိစ္စသုံးခုတွင် အထွတ်အထိပ်တာအိုပုံသဏ္ဌာန်ကို ဖန်တီးရခြင်း သို့မဟုတ် သိမြင်နားလည်အောင် လုပ်ရခြင်းက အခက်ဆုံးဖြစ်သည်။ ယခုတွင် သူက ထိုကိစ္စကို လုပ်ပြီးသွားပေပြီ။ ကျန်ကိစ္စနှစ်ခုမှာမူ ကြိုးစားမည်ဆိုလျှင် အလွယ်တကူ အောင်မြင်နိုင်ပေသည်။ ထို့ကြောင့် ကျန်းရီသည်လည်း လုံးဝစိတ်အေးနေပြီဖြစ်သည်။ သူသည် စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် အခြားသူများထံ သွား၍ ရက်အ‌တော်ကြာ ပျော်ပါးနေလိုက်သည်။

ခြောက်လကြာပြီးလျှင် ကျန်းရီက နတ်ဘုရားအဆင့်ကို တက်လှမ်းတော့မည်ဖြစ်သည်။ ဗုဒ္ဓဧကရာဇ်သည် အတိတ်တွင် ဆန်းကြယ်ဧကရာဇ်က စည်းမျဉ်းအချို့ ချန်ခဲ့သည်ဟု ဆိုသည်။ ကျန်းရီသည် အထက်ဘုံသို့ ကြိုက်ရာလူကို ခေါ်သွား၍ မရပေ။ သူက လူများကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ထည့်၍ အတင်းခေါ်သွားမည်ဆိုလျှင်ပင် မိုးမြေ၏ သဘာဝစည်းမျဉ်းများက ထိုလူများကို ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်ပဲ ကျန်ခဲ့စေမည်ဖြစ်သည်။ ထို့ကြောင့်လည်း ဆန်းကြယ်ဧကရာဇ်က သူနှင့်အတူ မည်သူကိုမှ ခေါ်မသွားခဲ့ခြင်းပင်။ နောက်ဆုံးတွင် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၊ ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်တို့ကိုပါ ချန်ထားခဲ့သည်။

တစ်နည်းဆိုရလျှင်...

နှစ်ဝက်ကြာပြီးလျှင် ကျန်းရီက သူချစ်သော ဇနီးမယားများကို နှုတ်ဆက်စကား ဆိုရပေတော့မည်။ အနာဂတ်က မရေမရာပေ။ သူ အထက်ဘုံသို့ ရောက်သွားသည်နှင့် တမလွန်ဘုံမှ စစ်တပ်၏ မရပ်မနား အမဲလိုက်မှုကို ခံရလိမ့်မည်ဟု ဆန်းကြယ်သောအဘိုးအိုက ပြောသည်။ အထက်ဘုံကို တက်နိုင်သူများ အားလုံးသည် သူတို့၏ဘုံများမှ စွမ်းအားအကြီးဆုံး သိုင်းပညာရှင်များသာ။ ထို့ကြောင့် အထက်ဘုံတွင် သူ့ထက်ငါဆိုသလို အပြိုင်အဆိုင်ပေါလှပြီး အန္တရာယ်များကလည်း နေရာအနှံ့တွင် ရှိနေသည်။ နတ်ဘုရားအစစ်အမှန်များကလည်း မရေမတွက်နိုင်အောင်ပင်။ ကျန်းရီသည် သူက ဆန်းကြယ်ဧကရာဇ် သို့မဟုတ် ရီဖျောင်ဖျောင်ကို ရှာတွေ့နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိပေ။ အထက်ဘုံတွင် သူ သေလျှင်လည်း သေသွားနိုင်သည်။ ထို့ကြောင့် ယခုက သူချစ်ရသူများကို တွေ့နိုင်သည့် နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်ကြောင်း သူ သိပေသည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် သူချစ်ရသောမိန်းမများနှင့် အတူကုန်ဆုံးရသည့် စက္ကန့်တိုင်းကို တန်ဖိုးထားခဲ့သည်။ သူသည် အခြားသူများကို မတွေ့ချင်ပေ။ နေ့စဉ်နေ့တိုင်း သူက သူ၏ချစ်သူများကို တောင်များ၊ မြစ်များဆီသို့ ခေါ်၍ ပျော်ပါးနေခဲ့သည်။ ကျန်းမျိုးနွယ်၏ ဒေသလေးခုထဲရှိ အလှပဆုံး နေရာများကို သွားရောက်လည်ပတ်ပြီးသောအခါ သူသည် ချစ်သူတစ်ယောက်လျှင် တစ်ညစီ အလှည့်ကျ အိပ်စက်သည်။

အမျိုးသမီးများကလည်း ရှက်ရွံ့မှုများကို ဘေးဖယ်ကာ ပို၍ပွင့်လင်းလာခဲ့သည်။ ညစဉ်ညတိုင်း သူမတို့သည် ကျန်းရီကို ပြုစုရန် အကောင်းဆုံး ကြိုးစားကြသည်။ သူမတို့က ကျန်းရီနှင့်အတူ အထက်ဘုံသို့ လိုက်မသွားနိုင်ကြောင်း သူမတို့ သိကြသည်။ ထို့ကြောင့် သူမတို့သည် ကျန်းမျိုးဆက် တည်တံ့နိုင်ဖို့ ကျန်းရီအတွက် သားတစ်ယောက်စီ မွေးပေးနိုင်ရန်သာ မျှော်လင့်နေကြသည်။ ထို့ပြင် သားတစ်ယောက် ရှိလာလျှင် သူမတို့အတွက်လည်း မှီခိုရာ ရှိလာမည်ဖြစ်သည်။

ကျန်းရီသည် နှစ်များစွာအတွင်း မိန်းမများနှင့် မရေမတွက်နိုင်အောင် ချစ်ရည်လူးခဲ့သော်လည်း ကလေးတစ်ယောက်ပင် မရခဲ့ပေ။ ယင်းမှာ သူ့ကိုယ်ထဲရှိ နတ်ဘုရားသွေးကြောင့် ဖြစ်နိုင်သည်။ ကျန်းရီသည် ထိုကိစ္စအတွက် စိုးရိမ်ပေသည်။ ထို့ကြောင့် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူ အားသွန်ခွန်စိုက် ကြိုးစားခဲ့သည်။ အားစိုက်၍ ကြိုးစားလျှင် သူ အလိုရှိသည်ကို ရနိုင်လောက်ပေသည်။ သူ့ခန္ဓာကိုယ်က စိတ်သွားတိုင်း ပါနိုင်အောင် သန်မာခဲ့၍လည်း တော်သေးသည်။ မဟုတ်လျှင် သူ လမ်းပင်လျှောက်နိုင်တော့မည် မဟုတ်ချေ။

“ခေါင်းဆောင်... နောက်ဆုံးတော့ ပြန်လာပြီပေါ့”

ရှစ်ရက်ကြာပြီးနောက် ကျန်းရီက ပျားရည်စမ်းခရီးမှနေ၍ ကျန်းဧကရာဇ်မြို့သို့ ပြန်ရောက်လာသည်။ သူသည် နောက်တစ်ရက်တွင် သေမင်း၏ သိပ်သည်းပင်လယ်သို့ ပြန်သွားရန် ပြင်ဆင်ထားသည်။ ချမ်ဝမ်ကွမ်းက ကျန်းရီအနားသို့ ကပ်သွားပြီး သူ့ကို အဝေးသို့ ဆွဲခေါ်သွားကာ တီးတိုးပြောလိုက်သည်။

“ခေါင်းဆောင်... ချမ်ချမ်နဲ့ အနက်ရောင်နတ်ဘုရားတို့ ဒီကို ရောက်နေကြတယ်။ သူတို့က ခေါင်းဆောင်ကို စောင့်နေတာ နှစ်ရက်ရှိသွားပြီ”

“သူတို့က အသက်ရှင်နေတုန်းပဲလား”

ကျန်းရီ အလွန်ဝမ်းမြောက်သွားသည်။ ဆန်းကြယ်သိုင်းမြို့က ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး မိစ္ဆာများအားလုံး အသတ်ခံခဲ့ရသည်။ အောင်းလုသည်ပင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ချမ်ချမ်တို့ကလည်း သေသွားခဲ့ပြီဟုသာ ထင်ထားခဲ့သည်။ သူမတို့ အသက်ရှင်နေလိမ့်ဦးမည်ဟု သူ တစ်ခါမှ မတွေးခဲ့မိပါပေ။

ကျန်းရီသည် ချမ်ဝမ်ကွမ်းနောက်သို့ လိုက်ကာ ဘေးဆောင်တစ်ခုသို့ ခပ်သွက်သွက် သွားလိုက်သည်။ အခန်းထဲတွင် အနက်ရောင်နတ်ဘုရားက အေးစက်စက် ရပ်နေသည်။ သူက သတ်ဖြတ်ယန္တရားတစ်ခုကဲ့သို့ပင်။ အနက်ရောင်နတ်ဘုရားဘေးတွင် ချမ်ချမ်ရှိသည်။ သူမ၏ အစိမ်းရောင်ဆံနွယ်များက လေထဲတွင် ဝဲလွင့်နေသည်။ သူမက အထူးလှပနေပေသည်။

ကျန်းရီက သူမတို့ကို စိတ်ထိခိုက်စွာ ကြည့်လိုက်သည်။ ထိုစဉ် အနက်ရောင်နတ်ဘုရားက ရုတ်တရက် ဒူးထောက်ချကာ ပြောလိုက်လေသည်။

“အနက်ရောင်နတ်ဘုရားက ကျန်းဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်။ ကျန်းဧကရာဇ်ခင်ဗျာ... ကျေးဇူးပြုပြီး ကျုပ်ကို ဧကရာဇ်ရဲ့ ဝိညာဉ်သားရဲအဖြစ် လက်ခံပေးပါ။ ကျုပ် ဧကရာဇ်နဲ့တူ အထက်ဘုံကို လိုက်ချင်ပါတယ်”

***

All Chapters