← Chapters

နတ်ဘုရားအမြုတေ စုစည်းခြင်း

Vol. 92 Ch. 1284

နတ်ဘုရားအမြုတေ စုစည်းခြင်း

Vol. 92 Ch. 1284

“ခင်ဗျားကို ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲအဖြစ် လက်ခံ‌ပေးရမှာလား”

ကျန်းရီ အံ့ဩသွားသည်။ အနက်ရောင်နတ်ဘုရားက မည်သည်ကိုလုပ်ရန် ကြိုးစားနေကြောင်း သူ မသိပေ။ အနက်ရောင်နတ်ဘုရားသည် အဆုံးမဲ့ပင်လယ်နက်ရှိ ဂုဏ်ပုဒ်ရ မိစ္ဆာအရှင်တစ်ပါးဖြစ်သဖြင့် အလွန်မာနကြီးသူတစ်ယောက်ဖြစ်သည်။ သို့သော် သူက လူသားတစ်ယောက်၏ ဝိညာဉ်သားရဲ ဖြစ်လာလိုနေသည်လော။ ကျန်းရီ၏ လက်ရှိစွမ်းအားက အနက်ရောင်နတ်ဘုရား၏ အရှင်သခင်ဖြစ်ရန် အဆင့်မီနေပြီဖြစ်‌သော်လည်း ကျန်းရီသည် ထိုတောင်းဆိုချက်ကြောင့် အံ့အားသင့်နေပေသေးသည်။

ကျန်းရီ မျက်လုံးပင့်၍ မေးလိုက်သည်။

“အထက်ဘုံကို လိုက်မှာလား။ ခင်ဗျားက ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲဖြစ်သွားရင် ကျွန်တော်နဲ့အတူ အထက်ဘုံကို လိုက်နိုင်တယ်လား”

“ဟုတ်ပါတယ်”

ချမ်ချမ်က ဝင်ဖြေသည်။

“ချမ်ချမ်တို့ရဲ့ ဘိုးဘိုးက ဆန်းကြယ်ဧကရာဇ်က သူ့ကို သူ့ရဲ့ဝိညာဉ်သားရဲအနေနဲ့ အထက်ဘုံကို လိုက်ချင်လားဆိုပြီး မေးခဲ့ဖူးတယ်လို့ တစ်ခါပြောပြခဲ့ဖူးပါတယ်။ ဦးလေးဟေး(အနက်ရောင်)က နောက်နေတာ မဟုတ်ပါဘူး။ အရင်တုန်းက ချမ်ချမ် တစ်ခါမှ ရှင့်ကို မတောင်းဆိုခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ရှင် ဦးလေးဟေးကို ကူညီပေးနိုင်လိမ့်မယ်လို့ ချမ်ချမ် မျှော်လင့်ပါတယ်”

ကျန်းရီသည် ချမ်ချမ်ကို ကြည့်လိုက်ပြီး အနက်ရောင်နတ်ဘုရားကို ဆက်ကြည့်ကာ မေးလိုက်သည်။

“အနက်ရောင်နတ်ဘုရား... ခင်ဗျားက ဘာလို့ အထက်ဘုံကို သွားချင်ရတာလဲ”

“လက်စားချေဖို့ပါ”

အနက်ရောင်နတ်ဘုရား၏ မျက်ဝန်းများထဲတွင် အမုန်းတရားများ ထွက်ပေါ်လာသည်။ ထို့နောက် သူ အံ့ကြိတ်ကာ ဆက်ပြောလိုက်သည်။

“ဒီတစ်ခေါက် အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာတွေက မျိုးတုံးလုနီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။ ကျုပ်ရဲ့မျိုးနွယ်က မျိုးတုံးသွားပြီး အရှင်အောင်းလုလည်း သေဆုံးခဲ့ပါတယ်။ ရှင်းမို၊ မြောက်ဘက်ဧကရာဇ်နဲ့ တခြားသူတွေကို သတ်လိုက်ပြီဆိုပေမဲ့ တကယ့်ရန်သူအစစ်အမှန်တွေက တမလွန်ဘုံကပါ။ ကျုပ် ကျန်းဧကရာဇ်နဲ့တူ အထက်ဘုံကိုသွားပြီး တမလွန်ဘုံက သတ္တဝါတွေကို သတ်ပြီးတော့ မိစ္ဆာမျိုးနွယ်အတွက် လက်စားချေချင်ပါတယ်”

“ကျွန်တော်သိပြီ...”

ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အနက်ရောင်နတ်ဘုရားထံတွင် အခြားအကြံအစည်များ ရှိလိမ့်ဦးမည်ဖြစ်ကြောင်း သူတို့နှစ်ယောက်စလုံး သိပေသည်။ သို့သော် ချမ်ချမ်က သူ၏အကူအညီကို တောင်းဆိုနေသဖြင့် ကျန်းရီ သူမကို မျက်နှာသာပေးရပေမည်။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ... ကျုပ် ခင်ဗျားကို ကတိပေးပါတယ်။ ဒါပေမဲ့ အထက်ဘုံကို တက်နေတုန်း မိုးမြေစည်းမျဉ်းတွေက ခင်ဗျားကို တားဆီးလိုက်ရင် ခင်ဗျား ဝိညာဉ်လေတွေရဲ့ သတ်ဖြတ်တာကို ခံရနိုင်တယ်နော်။ အဲ့တော့ ခင်ဗျား စိတ်ကိုပြင်ဆင်ထားမှ ရမယ်”

“ဟုတ်ကဲ့ပါ... ကျေးဇူးအများကြီးတင်ပါတယ် ကျန်းဧကရာဇ်ခင်ဗျာ”

အနက်ရောင်နတ်ဘုရားက အလေးအနက် ဦးညွှတ်ကာ သူ၏ကျေးဇူးတင်မှုကို ပြသလိုက်သည်။ နောက်ဆုံးတွင် ကျန်းရီက ချမ်ချမ်ကို ကြည့်ကာ ပြောလိုက်သည်။

“ချမ်ချမ်... ဒီအတောအတွင်း မင်းတို့နှစ်ယောက်က ဘယ်မှာ ပုန်းနေခဲ့တာလဲ။ ငါထင်ခဲ့တာက... ငါတောင်းပန်ပါတယ် ချမ်ချမ်။ ငါ အလာနောက်ကျသွားခဲ့တယ်။ အရှင်အောင်းလုကို မကာကွယ်နိုင်ခဲ့ဘူး”

“ရှင် တောင်းပန်စရာ မလိုပါဘူး”

ချမ်ချမ်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝေ့တက်လာသည်။ သူမသည် ခေါင်းခါကာ ပြောသည်။

“အဲ့ဒါက မိစ္ဆာမျိုးနွယ်ရဲ့ ကံကြမ္မာပါ။ ကျဆုံးသွားတဲ့သူတွေအတွက် လက်စားချေပေးပြီး ဘိုးဘိုးအောင်းလုရဲ့ နာမည်ကို အာဇာနည်စာရင်းထဲမှာ ထည့်ပြီး ချမ်ချမ်တို့မိစ္ဆာမျိုးနွယ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးတာနဲ့တင် ချမ်ချမ် ရှင့်အပေါ် ပြန်မဆပ်နိုင်လောက်‌အောင် ကျေးဇူးကြွေး တင်နေပါပြီ။ မိစ္ဆာမျိုးနွယ်ကိုယ်စား ချမ်ချမ် ကျန်းဧကရာဇ်ကို ကျေးဇူးတင်ပါတယ်”

ချမ်ချမ်သည် ပြောရင်းဖြင့် ဦးညွှတ်ရန် လုပ်လိုက်ရာ ကျန်းရီက ခပ်သွက်သွက် တားလိုက်သည်။

“ချမ်ချမ်.. မင်း ဘာတွေပြောနေတာလဲ။ အရှင်အောင်းလုက ငါ့ကို အများကြီး ကူညီပေးခဲ့တဲ့သူပါ။ အဲ့ဒါတွေက ငါလုပ်သင့်တဲ့ဟာတွေပါပဲ။ ပြီးတော့... ငါတို့က မိတ်ဆွေတွေမလား၊ အခုလည်းမိတ်ဆွေ၊ နောက်လည်း မိတ်ဆွေတွေပဲ ဆက်ဖြစ်နေမှာပါ။ ငါ့ကို ကျန်းရီလို့ပဲ ခေါ်ပါ”

“အွန်း...”

ချမ်ချမ်က ခေါင်းညိတ်လိုက်ပြီး အားတင်၍ ပြုံးကာ ပြောလိုက်သည်။

“အဲ့တိုက်ပွဲနေ့ မတိုင်ခင်တုန်းက ချမ်ချမ်လည်း တခြားသူတွေနဲ့အတူ သေတဲ့အထိ တိုက်ပွဲဝင်ချင်ခဲ့တာ။ ဒါပေမဲ့ ဦးလေးဟေးက ချမ်ချမ်ကို သတိမေ့သွားအောင်လုပ်ပြီး ဆန်းကြယ်နယ်မြေတစ်ခုထဲကို ခေါ်သွားခဲ့တယ်။ အဲ့ဒါက ဘိုးဘိုးရဲ့ အမိန့်ပဲ”

“ဟူး... သေပြီးတဲ့သူကို အသက်ပြန်မသွင်းနိုင်ဘူး။ ငါ စိတ်မကောင်းပါဘူး ချမ်ချမ်”

ကျန်းရီသည် ချမ်ချမ်ကို အလေးအနက်ကြည့်ကာ ဆက်ပြောသည်။

“အရှင်အောင်းလုက မင်း အသက်ရှင်အောင် လုပ်ခဲ့တာပဲ။ အဲ့တော့ မင်း အပြည့်အဝ ရှင်သန်ရမယ်။ အခုကစပြီး ကျန်းဧကရာဇ်မြို့မှာ နေပါလား။ ငါ မရှိတဲ့အချိန်မှာလည်း ဝမ်ကွမ်းက မင်းကို စောင့်ရှောက်ပေးမှာပါ”

“ရပါတယ်...”

ချမ်ချမ်က ပြတ်သားစွာ ပြောသည်။

“ချမ်ချမ်ရဲ့ အိမ်က အဆုံးမဲ့ပင်လယ်နက်ပါ။ အခု ချမ်ချမ်က မိစ္ဆာမျိုးနွယ်ရဲ့ မဟာဧကရီဖြစ်နေပြီဆိုတော့ ချမ်ချမ် မိစ္ဆာမျိုးနွယ်ကို ကာကွယ်ရမယ်။ ကျန်းရီ... အခု ချမ်ချမ် ပြန်ဖို့ အချိန်ကျပြီ။ ရှင် အထက်ဘုံကို ရောက်ရင် ဂရုစိုက်ပါနော်”

ချမ်ချမ်က ကျန်းရီကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် အပြင်သို့ လျှောက်ထွက်သွားသည်။ ကျန်းရီသည် အနက်‌ရောင်နတ်ဘုရားနှင့် ချမ်ဝမ်ကွမ်းတို့ကိုခေါ်၍ သူမကို လိုက်ပို့သည်။ ထို့နောက် သူ အမိန့်ပေးလိုက်သည်။

“ဝမ်ကွမ်း... လူတချို့ကို ငါ့ရဲ့ အမိန့်ပြားယူပြီး ချမ်ချမ်ကို လမ်းတစ်လျှောက် လိုက်ပို့ပေးဖို့ အမိန့်ပေးလိုက်။ အနက်ရောင်နတ်ဘုရား... အရင်ဆုံး ချမ်ချမ်ကို အဆုံးမဲ့ပင်လယ်နက်ဆီ လိုက်ပို့ပေးလိုက်ပါ။ ကျွန်တော်ကလည်း ပင်လယ်နက်ကို ပြန်သွားပြီး ကျင့်ကြံရဦးမှာပါ။ နောက်နှစ်ဝက်နေမှ ကျွန်တော့်ကို ကျန်းဧကရာဇ်မြို့မှာ လာရှာပါ”

“ဟုတ်ကဲ့ပါ”

အနက်ရောင်နတ်ဘုရားက အမိန့်နာခံလိုက်သည်။ ချမ်ဝမ်ကွမ်းကလည်း စီစဉ်စရာရှိသည်များကို စီစဉ်လိုက်သည်။ ထို့နောက် ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲဝင်ကာ ထွက်သွားကြလေသည်။

“ဝမ်ကွမ်း... ဘာလို့ အနက်ရောင်နတ်ဘုရားက ငါနဲ့အတူ အထက်ဘုံကို လိုက်ချင်ရတာလဲလို့ မင်းထင်လဲ”

ချမ်ချမ်တို့နှစ်ယောက် တည်နေရာပြောင်းရွှေ့သွားပြီးနောက် ကျန်းရီက ချမ်ဝမ်ကွမ်းဘက်ကလှည့်ကာ မေးလိုက်သည်။ အထက်ဘုံတွင် အဆင့်တက်နိုင်ခြေက ပိုများသော်လည်း အသတ်ခံရနိုင်ခြေလည်း ပိုများသည်။ အဘယ်ကြောင့် အနက်ရောင်နတ်ဘုရားက ချမ်ချမ်ကို မကာကွယ်ဘဲ ကျန်းရီနောက်သို့ လိုက်လိုနေခြင်းနည်း။ တစ်ခုခုတော့ မှားနေပေသည်။

ချမ်ဝမ်ကွမ်းက တည်နေရာပြောင်းရွှေ့အစီအရင်ကို အဓိပ္ပာယ်ပါပါ ကြည့်၍ ပြုံးကာ ပြန်ပြောလိုက်သည်။

“ခေါင်းဆောင်... ချမ်ချမ်က ခေါင်းဆောင်ကို ကြိုက်နေတာဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူက အနက်ရောင်နတ်ဘုရားကို ခေါင်းဆောင်နောက်ကို လိုက်ခိုင်းခဲ့တာ... အဲ့လိုမှ နောက်ကျ သူက ခေါင်းဆောင်ကို အလွယ်တကူ ရှာနိုင်မှာမလား။ ပြီးတော့ အနက်ရောင်နတ်ဘုရားက ခေါင်းဆောင်ရဲ့ နောက်လိုက်ဖြစ်နေပြီဆိုရင် အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာတွေအတွက်လည်း လုံခြုံမှာပဲ”

ဖောင်း...

ကျန်းရီသည် ချမ်ဝမ်ကွမ်းကို ဇက်ပိုးအုပ်လိုက်သည်။ သူ ချမ်ဝမ်ကွမ်းကို အရေးလုပ်မနေတော့ဘဲ ပြင်ဆင်စရာရှိသည်များကို သွားပြင်ဆင်လေသည်။ ထို့နောက် သူသည် ညဧကရီမြို့ဆီ တည်နေရာပြောင်းရွှေ့လိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ ပင်လယ်နက်ထဲ ဝင်လိုက်သည်။

ပင်လယ်နက်မှနေ၍ သေမင်းကုန်းမြေရှိ သက်ရှည်မျိုးနွယ်စုသို့ ရောက်ရန် ကျန်းရီ တစ်ရက်သွားခဲ့ရသည်။ ဆန်းကြယ်နတ်ဘုရားနန်း‌တော်က သက်ရှည်မျိုးနွယ်စု အပြင်ဘက်တွင် ရှိနေသေးသည်။ ကျန်းရှောင်နူကလည်း အခန်းအောင်း ကျင့်ကြံနေဆဲပင်။ သူမသည် သူ အပြင်ထွက်သွားသည်ကို မသိပေ။

သေမင်းကုန်းမြေ၏ သူတော်စင်အင်ပါယာအသစ်က သက်ရှည်မျိုးနွယ်စုတွင် ကျန်းရီကို စောင့်နေသည်။ ကျန်းရီသည် ခေတ္တမျှ မေးမြန်းစုံစမ်းပြီးနောက် ကုန်းမြေပေါ်တွင် အရာအားလုံး အဆင်ပြေနေကြောင်း သိလိုက်ရသည်။ လုံယန်က ဝိညာဉ်ဆေးပင်များနှင့် တော်ဝင်သားရဲအရိုးများကို စွပ်ပြုတ်လုပ်သောက်ခဲ့၍ သူ့အင်အားသည် မျိုးနွယ်စုခေါင်းဆောင်အများစုနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် သေမင်းကုန်းမြေတစ်ခုလုံးကို ပြဿနာမရှိ ထိန်းချုပ်နိုင်သွားပေလိမ့်မည်။ သူ့တွင် အတွင်းအားရှိလာပြီး ကျန်းရီ ချီးမြှင့်ထားသည့် ရှေးဟောင်းအသုံးအဆောင်ကို သန့်စင်လာနိုင်မည်ဆိုလျှင် သူ၏တိုက်ပွဲစွမ်းအားက ပို၍တိုးမြင့်သွားမည်ဖြစ်သည်။

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပြန်သွားလိုက်ပြီး ကျန်းရှောင်နူဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် သူမ၏ သန့်စင်လှပသော မျက်နှာလေးကို ကြည့်ရင် ရင်ထဲတွင် သိမ်မွေ့မှုတစ်ခုကို ခံစားလိုက်ရသည်။ သူမကို ခေတ္တမျှ ကြည့်ပြီးနောက် သူ မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။

ကျန်းရီ စတင်ကျင့်ကြံသောအခါ ကျန်းရှောင်နူ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။ သူမသည် ချိုသာစွာ ပြုံး၍ ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ကျင့်ကြံလိုက်လေသည်။

ကျန်းရီသည် အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားပြီဖြစ်၍ ကျင့်ကြံရာတွင် အလွန်စိတ်အေးလက်အေး ရှိနေသည်။ သို့သော် သူ အချိန်တော့ မဖြုန်းပေ။ သူသည် အာရုံအနည်းငယ်ကို ခွဲထုတ်၍ ဆန်းကြယ်ဧကရာဇ်၏ ပန်းချီကားကို သိမြင်နားလည်နိုင်အောင် ကြိုးစားနေသေးသည်။ စွမ်းအားကြီးတာအိုပုံသဏ္ဌာန် နောက်တစ်ခုကို သိမြင်နားလည်ထားလျှင် အထက်ဘုံ၌ အထောက်အကူ ဖြစ်နိုင်ပေသည်။

အဆတစ်သိန်းပိုမြန်သော ကျင့်ကြံနှုန်းဖြင့် ကျင့်ကြံနေရ၍ အတွင်းအားက ရေပန်းတစ်ခုကဲ့သို့ ထွက်နေသည်။ ကျန်းရီသည် ဝိညာဉ်ဆေးပင်များစွာကို အသုံးပြု၍လည်း စိတ်ဝိညာဉ်ကို အာဟာရပေးသည်။ ထို့ကြောင့် သူ့စိတ်ဝိညာဉ်ကလည်း ဆက်၍သန်မာလာနေပေသည်။

ကျန်းရီ၏ စိတ်နှင့် နှလုံးသားက ဗလာဖြစ်နေသည်။ ဖိအားတစ်ခုမှ ရှိမနေ။ ထိုစိတ်အခြေအနေက ဆန်းကြယ်ဧကရာဇ်၏ ကောင်းကင်ပန်းချီကားကို သိမြင်နားလည်နိုင်ရန် အထောက်အကူပြုသည်။ တစ်လအတွင်းမှာပင် ကျန်းရီသည် ထိုကောင်းကင်ပန်းချီကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားပြီး ၎င်းပန်းချီကားထဲရှိ တာအိုပုံသဏ္ဌာန်အရှိန်အဝါကို ဖမ်းဆုပ်နိုင်ခဲ့သည်။

“ဒါက တကယ့်ကို မဟာတာအိုပုံသဏ္ဌာန်တစ်ခုပဲ။ ဆိုးတာက ထောက်ပံ့အမျိုးအစား တာအိုပုံသဏ္ဌာန်ဖြစ်နေတာပဲ။ ဟင်းလင်းပြင်နှောင့်ယှက်မှုတဲ့လား... အဲ့ဒါက ဘာတန်ဖိုးမှ ရှိပုံမရဘူး၊ တော်တော် အသုံးမကျတဲ့ပုံပဲ”

ကျန်းရီသည် အတန်ငယ် စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်သည်။ သူ၏ လက်ရှိအဆင့်တွင် သူ လက်ဝါးတစ်ချက် ရိုက်လိုက်သည်နှင့် အာကာပြင်ထဲတွင် လှုပ်ခတ်မှုများ ဖြစ်သွားစေနိုင်သည်။ ယခုတွင် သူ ရရှိလိုက်သော တာအိုပုံသဏ္ဌာန်၏ အစွမ်းက ထိုအစွမ်းနှင့်ဆင်တူသဖြင့် ထိုတာအိုပုံသဏ္ဌာန်မှာ သူ့အတွက် များစွာအသုံးမဝင်ပေ။

သို့သော် ဘာမှမရသည်ထက် တစ်ခုခုရသည်ကို ပိုကောင်းသည်။

ကျန်းရီသည် ထိုတာအိုပုံသဏ္ဌာန်အရှိန်အဝါကို ဖမ်းဆုပ်နိုင်လိုက်ပြီဖြစ်၍ ယခုမှတော့ လက်လျှော့လိုက်မည် မဟုတ်ပေ။ သူသည် အာရုံအပြည့်အဝ ပြန်စိုက်၍ နောက်လအနည်းငယ်အတွင်း ထိုတာအိုပုံသဏ္ဌာန်ကို အပြည့်အဝ သိမြင်နားလည်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။

သုံးလကြာပြီးနောက် ကျန်းရီ၏ အဋ္ဌမမြောက် ကြယ်စက်လုံးက အဖြူရောင်အလင်းတန်းများ လင်းလက်လာပြီး ပြန့်ကားသွားလိုက်၊ ကျုံ့လာလိုက်နှင့် ဖြစ်နေပေသည်။ တစ်ချိန်တည်းမှာပင် သေမင်းကုန်းမြေအထက်ရှိ ကောင်းကင်မှနေ၍ ကြယ်တာရာစွမ်းအားတန်း သုံးတန်း ကျဆင်းလာပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်သွားသည်။ နောက်ဆုံးတွင် ကျန်းရီ၏ အဋ္ဌမမြောက် ကြယ်စက်လုံးက ပြောင်းလဲသွားပေပြီ။

‘နဝမမြောက် ကြယ်စက်လုံးက မပြည့်သေးဘူး။ အထဲမှာ ဝိညာဉ်လေစွမ်းအင်တွေပဲ ရှိတယ်။ ပြီးတော့ ငါ့ရဲ့ ဒန်တျန်က သူများတွေရဲ့ ဒန်တျန်နဲ့ လုံးဝကွဲပြားတယ်။ ငါက နတ်ဘုရားအမြုတေကို ဘယ်လို စုစည်းရမှာလဲ’

ဆန်းကြယ်သော အဘိုးအိုက ကျန်းရီ၏ အဋ္ဌမမြောက် ကြယ်စက်လုံး ပြောင်းလဲသွားသည်နှင့် ကျန်းရီ၏အတွင်းအားက နတ်ဘုရားအစစ်အမှန်တစ်ပါး၏ အတွင်းအားနှင့် ညီသွားလိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် ယခုတွင် ကျန်းရီ လမ်းပျောက်နေပေသည်။ သူ နတ်ဘုရားအမြုတေကို မစုစည်းနိုင်လျှင် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ချေ။

သို့သော် အဋ္ဌမမြောက် ကြယ်စက်လုံးက အပြည့်အဝ ပြောင်းလဲသွားပြီးနောက် ကျန်းရီ စိတ်အေးသွားသည်။ ကြယ်စက်လုံး ရှစ်လုံးစလုံးက လျင်မြန်စွာ အတူတကွ စုဝေး၍ ပေါင်းစည်းနေသည်။ ကြားတွင် တစ်စုံတစ်ခု မှားမသွားလျှင် ပေါင်းစည်းမှု ပြီးဆုံးသွားသည်နှင့် ကျန်းရီက နတ်ဘုရားအစစ်အမှန်တစ်ပါး၏ နတ်ဘုရားအမြုတေကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

***

All Chapters