← Chapters

နတ်ဘုရားအစစ်အမှန် *

Vol. 92 Ch. 1285

နတ်ဘုရားအစစ်အမှန် *

Vol. 92 Ch. 1285

ကြယ်စက်လုံးရှစ်လုံးက အတူစုဝေးကာ လျင်မြန်စွာ လည်ပတ်၍ တဖြည်းဖြည်း ပေါင်းစည်းနေကြသည်။ အစောတွင် ကျဆင်းလာခဲ့သော ကြယ်တာရာစွမ်းအားတန်း သုံးတန်းကလည်း ထိုပေါင်းစည်းမှုဖြစ်စဉ်ကို ကူညီပေးနေသည်။

နှစ်နာရီကြာပြီးနောက် ကြယ်စက်လုံးရှစ်လုံးစလုံး ပျောက်ကွယ်သွားပြီး ကျန်းရီ၏ ဒန်တျန်ထဲတွင် ဧရာမကြယ်စက်လုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။ ထိုကြယ်စက်လုံးက သာမန်ကြယ်စက်လုံးများထက် သုံးဆနီးပါး ပိုကြီးသည်။ ထို့ပြင် များပြားသော စွမ်းအင်ပမာဏလည်း ပါဝင်သည်။ ထိုအခိုက်တွင် ကျန်းရီသည် တစ်စုံတစ်ခုကို သိလိုက်၏။ ထိုဧရာမကြယ်စက်လုံးအတွင်းရှိ စွမ်းအင်က ရွှေရောင်ဖြစ်သည်။

‘ကောင်းကင်စွမ်းအားလား’

ကျန်းရီ စိတ်လှုပ်သွားပြီး စစ်ဆေးကြည့်လိုက်သည်။ ယခင်က ရွှမ်ဧကရာဇ်သည် သူ့ကို ကောင်းကင်စွမ်းအား အနည်းငယ် ပေးခဲ့သည်။ ထိုစွမ်းအားနဲ့ ယခု ကြယ်စက်လုံးကြီးအတွင်းရှိ ရွှေရောင်စွမ်းအင်က တစ်ပုံစံတည်း တူညီသည်။ သို့ဖြစ်ရာ သူက အမှန်ပင် နတ်ဘုရားအမြုတေကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

‘နဝမမြောက်ကြယ်စက်လုံးကတော့ အဲ့ကြယ်စက်လုံးကြီးနဲ့ မပေါင်းစည်းသွားဘူး...’

နဝမမြောက်ကြယ်စက်လုံးက ဧရာမကြယ်စက်လုံးကြီး၏ ပတ်ပတ်လည်တွင် ခပ်ဖြည်းဖြည်း လှည့်ပတ်နေကြောင်း ကျန်းရီ ခံစားလိုက်ရသည်။ ထိုကြယ်စက်လုံးနှစ်လုံးက သဟဇာတကင်းမဲ့ကာ အလွန်မသက်မသာ ဖြစ်နေပုံပင်။ အကယ်၍ နဝမမြောက်ကြယ်စက်လုံးသာ ကျန်ကြယ်စက်လုံးများနှင့် ပေါင်းစည်းခဲ့လျှင် ပို၍ လိုက်လျောညီထွေ ရှိလောက်သည်။ ယခုတွင်မူ ဝိညာဉ်လေများ၏ စွမ်းအားများကို စုပ်ယူနိုင်သော ကြယ်စက်လုံးတစ်လုံးက သီးခြားကျန်ခဲ့သည်။ ယင်းမှာ အတော်လေး ထူးဆန်းပေသည်။

‘အဲ့ဆန်းကြယ်တဲ့ အဘိုးအိုပြောတာကတော့ အမည်မဲ့ကျင့်စဉ်ကို အရင်က ဘယ်သူမှ မကျင့်ကြံခဲ့ဖူးဘူးတဲ့။ အဲ့ကျင့်စဉ်က ပြဿနာရှိနေလို့ နဝမမြောက် ကြယ်စက်လုံးက မပေါင်းစည်းနိုင်ခဲ့တာလား’

ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးနောက် သူ၏နတ်ဘုရားအမြုတေထဲမှ စွမ်းအင်အနည်းငယ်ကို ထုတ်လိုက်သည်။ သူသည် စွမ်းအင်ကို အလွယ်တကူ ထိန်းချုပ်နိုင်ကြောင်း သိလိုက်ရမှ စိတ်အေးသွားသည်။ ထိုရွှေရောင်ကောင်းကင်စွမ်းအားက သူ့သွေးစီးကြောင်းထဲသို့ ဝင်သွားသောအခါ သူ သက်တောင့်သက်သာ ခံစားလိုက်ရသည်။ ထိုစွမ်းအားနှင့်ဆိုလျှင် ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်ကိုပင် လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်လိုက်နိုင်သည်ဟုလည်း သူ ခံစားလိုက်ရသည်။

“ဘယ်လိုတောင် မယုံနိုင်လောက်တဲ့ စွမ်းအင်လဲ... ဘယ်လိုတောင် စွမ်းအားကြီးတဲ့ ကောင်းကင်စွမ်းအားလဲ”

ကျန်းရီသည် ကောင်းကင်စွမ်းအားကို သူ့တစ်ကိုယ်လုံးသို့ ဖြန့်ကျက်ပြီးနောက် ကောင်းကင်စွမ်းအားထဲတွင် ဆန်းကြယ်သောစွမ်းအင်အချို့ပါကြောင်း သိလိုက်ရသည်။ ထိုစွမ်းအင်က သူ့ခန္ဓာကိုယ်ကို စတင်ပြောင်းလဲနေသည်။ ထိုခံစားချက်က အလွန်သက်တောင့်သက်သာ ရှိသည်။ ဆောင်းတွင်းအချိန်တွင် လက်ဖက်ရည်ပူပူလေးတစ်ခွက် သောက်လိုက်ရသလို တစ်ကိုယ်လုံး နွေးထွေးသွားသည်။ အဆုံးပိုင်းရောက်လာသောအခါ ကျန်းရီသည် စွမ်းအားကို စီးဆင်းအောင် လုပ်ရန်ပင် မလိုတော့ပေ။ ကောင်းကင်စွမ်းအားများက သူ့တစ်ကိုယ်လုံးတွင် အလိုလို စီးဆင်းကာ သူ့ခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာတစ်ခုဖြစ်သွားအောင် ပြောင်းလဲပေးနေကြလေသည်။

တစ်ချီပြီးတစ်ချီ... ဆယ်ရက်နှင့်ဆယ်ည ကြာခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်စွမ်းအားများက ကျန်းရီ၏ နတ်ဘုရားအမြုတေထဲသို့ ပြန်ဝင်သွားကြသည်။ ကျန်းရီသည်လည်း ဆန်းကြယ်သောအခြေအနေမှ နိုးထလာသည်။ သူ ကိုယ်အတွင်းပိုင်းကို စူးစမ်းပြီးသောအခါ အံ့အားသင့်သွားသည်။ သူ့နတ်ဘုရားအမြုတေထဲရှိ ကောင်းကင်စွမ်းအား သိပ်မများပေ။ သူ့ခန္ဓာကိုယ်ကို ပြောင်းလဲပြီးသောအခါ ထိုစွမ်းအားအများစု ကုန်သွားခဲ့သည်။

ဂျွတ်...ဂျွတ်...

ကျန်းရီသည် မျက်လုံးဖွင့်၍ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သည်။ သူ့အရိုးအားလုံးက ကြီးထွားလာကြောင်း သူသိလိုက်ရသည်။ သူ လှုပ်ရှားလိုက်တိုင်း အာကာပြင်က တုန်ခါသွားသည်။ သူ၏ ကြွက်သားတိုင်း၊ အရိုးတိုင်းတွင် စွမ်းအင်တစ်ခု ရှိနေသည်။ ယခုတွင် သူ၏ လက်သီးတစ်ချက်က ဆန်းကြယ်နတ်ဘုရားနန်းတော်ကိုပင် ဖျက်ဆီးနိုင်နေလောက်ပြီဟု သူခံစားနေရပေသည်။

‘နတ်ဘုရားခန္ဓာ... ဒါက နတ်ဘုရားခန္ဓာတစ်ခု မဟုတ်လား’

ကျန်းရီသည် ခပ်မှိန်မှိန်တောက်ပနေသော သူ၏အရေပြားကို ကြည့်၍ စိတ်လှုပ်ရှားသွားသည်။ ကောင်းကင်စွမ်းအားများစွာ ကုန်ဆုံးသွားခဲ့သော်လည်း တန်ပေသည်။ ထိုခန္ဓာကိုယ်သည် ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အဆက်မပြတ် တိုက်ခိုက်မှုများကိုပင် ခံနိုင်လောက်သည်။

ကောင်းကင်စွမ်းအားမရှိလျှင် နတ်ဘုရားခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့မည် မဟုတ်ပေ။ နတ်ဘုရားအမြုတေမရှိလျှင် ကောင်းကင်စွမ်းအား ရှိမည် မဟုတ်။ အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို မသိမြင်မနားလည်ထားလျှင် နတ်ဘုရားအမြုတေကို စုစည်းနိုင်မည်မဟုတ်‌။ ထို့ကြောင့် နတ်ဘုရားဝိညာဉ်၊ နတ်ဘုရားအမြုတေတို့နှင့် ယှဉ်လျှင် နတ်ဘုရားခန္ဓာက ပို၍ ရှားပါးပေသည်။

သို့သော် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို နတ်ဘုရားဝိညာဉ်ဖြစ်သွားအောင် လုပ်ရန်မှာလည်း ထိုက်သင့်သလောက် ခက်ခဲသည်။ ကျန်းရီသည် စိတ်ဝိညာဉ်အားဖြည့် ဝိညာဉ်ဆေးပင်များစွာကို အသုံးပြုခဲ့သည်။ သို့သော် သူ၏စိတ်ဝိညာဉ်က ဆင့်ကဲမပြောင်းလဲသေးပေ။ သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးရှိ ဝိညာဉ်ဆေးပင်များကို စုဆောင်းထားပြီးပြီဖြစ်သည်။

‘ကောင်းကင်စွမ်းအားကို ကျင့်ကြံကြည့်တာပေါ့’

ကျန်းရီသည် ရုတ်တရက် အတွေးတစ်ခုရလိုက်၍ အမည်မဲ့ကျင့်စဉ်ကို နှိုးကာ ကောင်းကင်စွမ်းအားကို ကျင့်ကြံ၍ရနိုင်၊ မရနိုင် ကြည့်လိုက်သည်။ သူ့နတ်ဘုရားအမြုတေထဲတွင် ကောင်းကင်စွမ်းအား အနည်းငယ်သာ ကျန်တော့သည်။ ၎င်းတို့ကို သူ အကုန်သုံးမပစ်ဝံ့ပေ။ ကောင်ကင်စွမ်းအား ကုန်သွားလျှင် သူ အထက်ဘုံ၌ မရှင်သန်နိုင်လောက်ချေ။

‘ငါ ကျင့်ကြံလို့ရတယ်’

သို့သော် တစ်နာရီကြာပြီးနောက် ကျန်းရီသည် စိတ်ပျက်စွာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။ ကောင်းကင်စွမ်းအားကို ကျင့်ကြံရန် အလွန်ခက်ခဲပေသည်။ ၎င်းကို ကျင့်ကြံရခြင်းက သူ အနက်ရောင်အတွင်းအားကို စတင်ကျင့်ကြံခဲ့စဉ်ကနှင့် ဆင်တူသည်။ သူ တစ်နာရီကြာ ကျင့်ကြံခဲ့သော်လည်း ကောင်းကင်စွမ်းအားတန်း အနည်းငယ်ကိုသာ ရရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီ ကောင်းကင်စွမ်းအားကို ကျင့်ကြံနိုင်ခြင်းမှာ သူက အမှန်ပင် နတ်ဘုရားအမြုတေကို ပိုင်ဆိုင်ထားပြီဆိုသော အဓိပ္ပာယ်ပင်။ နဝမမြောက်ကြယ်စက်လုံးက နတ်ဘုရားအမြုတေနှင့် မပေါင်းစည်းခဲ့ခြင်းက သူ၏နတ်ဘုရားအမြုတေ သို့မဟုတ် တိုက်ခိုက်စွမ်းအားတို့အပေါ် သက်ရောက်မှု မရှိခဲ့ချေ။ ထို့ကြောင့် ကျန်းရီသည် များစွာမတွေးတောရန် ဆုံးဖြတ်လိုက်သည်။ ဆန်းကြယ်သော အဘိုးအို နိုးလာမှ သူ ထိုအကြောင်းကို မေးမြန်းနိုင်ပေသည်။

ကျန်းရီသည် သူ့ခန္ဓာကိုယ်ကို နေ့ဝက်မျှ စူးစမ်းပြီး အကြိမ်အနည်းငယ်ထပ်၍ ကျင့်ကြံရန် ကြိုးစားပြီးနောက် အရာအားလုံး ကောင်းကြောင်း အတည်ပြုနိုင်လိုက်သည်။ သူသည် အမည်မဲ့ကျင့်စဉ်ကို သုံး၍ ကောင်းကင်စွမ်းအားကို ဆက်ကျင့်ကြံလိုက်ပြီး ဟင်းလင်းပြင်နှောင့်ယှက်မှု တာအိုပုံသဏ္ဌာန်ကိုလည်း ဆက်လေ့လာနေလိုက်သည်။ ထို့အပြင် စိတ်ဝိညာဉ်အားဖြည့် ဝိညာဉ်ဆေးပင်များကိုလည်း ပိုမြန်မြန် အသုံးပြုနေသည်။

တစ်လကြာပြီးနောက် ကျန်းရီသည် ဟင်းလင်းပြင်‌နှောင့်ယှက်မှု တာအိုပုံသဏ္ဌာန်ကို အောင်အောင်မြင်မြင် သိမြင်နားလည်သွားသည်။ သို့သော် ထိုတာအိုပုံသဏ္ဌာန်က အမှန်ပင် သိပ်အသုံးမဝင်၍ သူ စိတ်ပျက်နေသည်။ ၎င်းသည် တိုက်ပွဲတွင် အာကာပြင်ကို အနှောင့်အယှက်ပြု၍ ကူညီထောက်ပံ့ပေးသည်။ ယင်းမှလွဲ၍ အခြားအသုံးဝင်မှု မရှိပေ။

နှစ်လကြာပြီးနောက် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ မီးနဂါးဓားလေးက ရွှေရောင်အလင်း တောက်ပလာသည်။ နောက်ဆုံးတွင် သူ၏ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲပေပြီ။ ဆန်းကြယ်သော အဘိုးအိုက သူ့ကို မလိမ်ခဲ့ပေ။ သူ၏ စိတ်ဝိညာဉ်က နတ်ဘုရားဝိညာဉ် ဖြစ်သွားသောအခါ သူ့စိတ်ထဲတွင် တံဆိပ်စာအသစ်များ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အမည်မဲ့ကျင့်စဉ်၏ စတုတ္ထအဆင့်ပင်။

စတုတ္ထအဆင့်၏ နိယာမကို နားလည်နိုင်သော မခက်ပေ။ သို့သော် များစွာတော့ မသုံးမဝင်ချေ။ ၎င်းက ကျန်းရီ၏ အမည်မဲ့ကျင့်စဉ် ကျင့်ကြံနှုန်းကို နှစ်ဆဖြစ်သွားစေပြီး ကောင်းကင်စွမ်းအားကို နှစ်ဆပို၍ ထွက်လာစေသည်။

ရွှီး...ရွှီး...

ကျန်းရီက နတ်ဘုရားဝိညာဉ်ကို စုစည်းပြီးသောအခါ ကောင်းကင်ထက်တွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ထပ်မံ ဖြစ်လာသည်။ လေနှင့်တိမ်များက ရွေ့လျားလာပြီး ကြယ်တာရာစွမ်းအားတန်း ဆယ့်နှစ်တန်း ကျဆင်းလာကာ ကျန်းရီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသည်။ ထိုစွမ်းအားတန်းများသည် သူ၏နတ်ဘုရားအမြုတေထဲ ဝင်မသွားဘဲ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲတွင် စီးဆင်း၍ သူ့ခန္ဓာကိုယ်ကို ဆက်လက်ပြောင်းလဲလိုက်သည်။

“အာ...”

ကျန်းရီ၏ စိတ်ဝိညာဉ်က ရုတ်တရက် အပြင်းအထန် တုန်ယင်လာသည်။ သူသည် ကြယ်တာရာစွမ်းအားတန်း ဆယ့်နှစ်တန်းကိုပင် အာရုံမစိုက်နိုင်တော့ချေ။ သူ့ဦးနှောက်ထဲ၌ ရုတ်တရက် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ မှောင်ပိန်းနေသော ဟင်းလင်းပြင်အထက်တွင် ရွှေရောင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအက်ကြောင်းထဲတွင် မြင့်မြတ်သောအရှိန်အဝါတစ်ခုနှင့် ပြည့်နှက်နေသည်။ မသေမျိုးဘုံတစ်ခု၏ တံခါးတစ်ချပ် ပွင့်လာသကဲ့သို့ပင်။ ကျန်းရီ၏ စိတ်ဝိညာဉ်က ထိုရွှေရောင်အက်ကြောင်းကို ကြိုက်သည့်အချိန်တွင် ဖြတ်သန်း၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှနေ၍ အထက်ဘုံသို့ တက်လှမ်းနိုင်ပုံပင်။

‘နတ်ဘုရားအစစ်အမှန်... နောက်ဆုံးတော့ ငါ နတ်ဘုရားအစစ်အမှန်အဆင့်ကို တက်လှမ်းနိုင်သွားပြီ’

ကျန်းရီသည် မျက်လုံးများဖွင့်၍ ထရပ်လိုက်သည်။ သူ၏ မျက်လုံးများက ရွှေရောင်အလင်း တောက်ပနေပြီး အကန့်အသတ်မရှိ နက်ရှိုင်းနေသည်။ သူသည် မည်သည့်အရှိန်အဝါမှ မထုတ်ဘဲ တိတ်ဆိတ်သာ ရပ်နေသည်။ သို့သော် သူ၏အငွေ့အသက်က နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပေပြီ။

“ငါ တစ်လအတွင်း အထက်ဘုံကို တက်မှဖြစ်မယ်။ မဟုတ်ရင် အဲ့ရွှေတံခါးက ပျောက်ကွယ်သွားလိမ့်မယ်...”

ကျန်းရီသည် သူ့ဘာသာ ရေရွတ်လိုက်၏။ အထက်ဘုံကို တက်လျှင် သူချစ်ရသော အမျိုးသမီးများ၊ သူ၏ညီနောင်များ၊ ကျန်းယွင်ဟိုင်နှင့် အခြားသူများအားလုံးနှင့် ခွဲခွာရမည်ဖြစ်သည်။ ထိုခွဲခွာခြင်းက ထာဝရလည်း ဖြစ်သွားနိုင်သည်။

‘ရှောင်နူက ကျင်ကြံနေတာကနေ နိုးမလာသေးဘူးလား။ ထားလိုက်ပါတော့... အခု ငါ သူ့ကို မနှောင့်ယှက်တာ ကောင်းတယ်။ အထက်ဘုံကို မတက်ခင် ရက်နည်းနည်းလောက် ထပ်စောင့်တာပေါ့’

ကျန်းရီသည် ကျန်းရှောင်နူကို ကြည့်လိုက်သော သူမက အာရုံအားလုံးကို ပိတ်၍ နက်နက်ရှိုင်းရှိုင်း ကျင့်ကြံနေကြောင်း ‌တွေ့လိုက်ရ၏။ ထို့ကြောင့် သူ သူမကို မနှောင့်ယှက်တော့ဘဲ အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သိမ်းလိုက်သည်။ ထိုအခါ လုံယန်က လူတစ်စုကို ဦးဆောင်ကာ သက်ရှည်မျိုးနွယ်စုထဲမှနေ၍ အလျင်အမြန်ထွက်လာသည်။ လုံယန်တို့သည် ကျန်းရီကို တွေ့သောအခါ အလွန်တုန်လှုပ်သွားကြပြီး ခပ်သွက်သွက် ဒူးထောက်၍ ‌အော်ပြောလိုက်ကြသည်။

“အရှင်ငယ် နတ်ဘုရားအစစ်အမှန် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”

“အို့... ခင်ဗျားတို့က ကွဲပြားမှုကို မြင်နိုင်ကြတယ်ပေါ့”

ကျန်းရီက မျက်ခုံးပင့်၍ စိတ်ဝင်တစား မေးလိုက်သည်။

“ကျွန်တော်တို့ မမြင်နိုင်ပါဘူး...”

လုံယန်က သူ၏ဧရာမခေါင်းကြီးကို ခါ၍ ကြောက်ရွံ့စွာ ပြန်ဖြေသည်။

“ဒါပေမဲ့ အခု အရှင်ငယ်က ကျွန်တော်တို့ကို အကြည့်တစ်ချက်နဲ့တင် သတ်ပစ်နိုင်တယ်လို့ ကျွန်တော် ခံစားနေရပါတယ်။ နတ်ဘုရားအစစ်အမှန်တစ်ပါးကလွဲလို့ ဘယ်သူက အဲ့လိုစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မှာပါလဲ”

“အကြည့်တစ်ချက်နဲ့ဟုတ်လား.. ဟားဟားဟား.. အဲ့ဒါကတော့ ပိုတာပဲ။ ဒါပေမဲ့ အခု ကျွန်တော် တကယ်ပဲ နတ်ဘုရားအစစ်အမှန်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ။ ကျွန်တော့်အတွက် သိုင်းသမားတွေကို သတ်ပစ်ဖို့က တကယ်လွယ်ကူသွားပြီ”

ကျန်းရီသည် ခေတ္တမျှ ရယ်လိုက်ပြီး ဒူးတစ်ဘက်ကွေးကာ လေထဲသို့ ခုန်တက်၍ သူတော်စင်အင်ပါယာမြို့ဆီသို့ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ပျံသန်းသွားလေသည်။

နတ်ဘုရားခန္ဓာကို ရပြီးနောက်တွင် ထိုနယ်မြေထဲရှိ မြေဆွဲအားက ကျန်းရီအပေါ် မသက်ရောက်နိုင်တော့ပေ။ ထို့ပြင် သူ့ကိုယ်ထဲ၌ ကောင်းကင်စွမ်းအားလည်း ရှိနေပြီဖြစ်၍ သူ၏အမြန်နှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားပေပြီ။ အသက်တစ်ရှူစာအတွင်းမှာပင် သူက ကောင်းကင်ထဲတွင် အနက်ရောင်အစက်အပျောက်တစ်ခုအဖြစ် ပျောက်ကွယ်သွားသည်။ သူက စကားအနည်းငယ်သာ ချန်ခဲ့သည်။

“လုံယန်.... သေမင်းကုန်းမြေကို ကောင်းကောင်းစောင့်ရှောက်ပြီး ကျွန်တော် ပြန်လာမယ့်အချိန်ကို စောင့်နေပါ”

***

All Chapters